ရက်ပေါင်း ၃၀၀ သာ ကျန်ရှိတော့သည်ဆိုလျှင် အခြေအနေမှာ အလွန်တရာ စိုးရိမ်ဖွယ်ကောင်းသည်။
ရွှီရန်မှာ မမေးဘဲ မနေနိုင်တော့ချေ။
ကျူးယွီဟန်၏ မျက်ဝန်းများမှာ ကျောက်မျက်ရတနာသဖွယ် ပြာလဲ့နေပြီး သူမ၏ လေသံမှာလည်း တိုးညင်းသည်။
“ဟုတ်ပါတယ်... ရက်ပေါင်း ၃၀၀ ပါ”
ညွှန်ကြားရေးမှူးများမှာလည်း အံ့အားသင့်သွားကြပြီး “ရှောင်ယွီဟန်... ရက်ပေါင်း ၃၀၀ ပဲ ကျန်တော့တယ်လို့ နင် တကယ်ပဲ အာရုံခံမိတာလား”
ကျူးယွီဟန်က ခေါင်းလေးကို ငြိမ့်ပြလိုက်ပြီး “ဟုတ်ကဲ့... ရက်ပေါင်း ၃၀၀ တောင် မပြည့်ချင်တော့ပါဘူး”
ဤစကားကို ကြားလိုက်ရသည်နှင့် ညွှန်ကြားရေးမှူးများသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်မိကြပြီး ပြင်းထန်သော ဖိအားများကို ချက်ချင်းပင် ခံစားလိုက်ရသည်။ လေဆင်နှာမောင်း မတိုက်ခတ်မီ အုံ့မှိုင်းလာသော မိုးတိမ်များကဲ့သို့ပင် ထိုဖိအားများမှာ သူတို့၏ ခေါင်းပေါ်သို့ လေးလံစွာ ဖိစီးလာတော့သည်။
ရွှီရန်၏ မျက်ခုံးအစုံမှာလည်း တင်းကျပ်စွာ တွန့်ချိုးသွားသည်။
ရက်ပေါင်း ၃၀၀...
အခြေအနေမှာ အဆပေါင်းများစွာ ပိုမိုဆိုးရွားသွားခဲ့ပြီ ဖြစ်သည်။
အကာအကွယ်ဒိုင်းလွှားပေါ်ရှိ ထိုအပေါက်ငယ်လေးမှတစ်ဆင့် ညစ်ညမ်းမှုများ ကမ္ဘာတစ်ခုလုံးသို့ ပျံ့နှံ့သွားရန် ဆယ်နှစ်ခန့် ကြာလိမ့်မည်ဟု သူ ထင်မှတ်ခဲ့ခြင်းပင်။
ဒါပေမဲ့ ဘယ်သူက ထင်ထားမှာလဲ... ငါ့မှာ အချိန် ရက်ပေါင်း ၃၀၀ ပဲ ကျန်တော့တယ်ဆိုတာကို။ ဒီလောက်တိုတောင်းတဲ့ ရက်ပေါင်း ၃၀၀ အတွင်းမှာ ငါ ဘာတွေများ လုပ်နိုင်ဦးမှာလဲ။ ဘာမှ... ဘာမှ လုပ်နိုင်မှာ မဟုတ်တော့ဘူး။
လက်ရှိတွင် ရွှီရန်၏ သွေးစွမ်းအင်တိုးတက်မှုနှုန်းမှာ တစ်နေ့လျှင် ၆၇၅ မှတ်သာ ရှိပြီး ၎င်းမှာလည်း ကျင့်ကြံခြင်း ရတနာအဆောင်ငယ်နှစ်ခုနှင့် ပတ်လမ်းငယ် ရတနာအဆောင်တို့၏ အကူအညီကြောင့်သာ ဖြစ်သည်။
ဤနှုန်းအတိုင်းဆိုလျှင် ရက်ပေါင်း ၃၀၀ အတွင်း သွေးစွမ်းအင် ၂ သိန်းခန့်သာ တိုးလာမည် ဖြစ်သည်။
ဤ ၁၀ လတာ ကာလအတွင်း၌ သူသည် မွန်မြတ်သော ရွှေရောင်သွေး ၁၀ စက်ခန့်ကို ကျစ်လျစ်အောင် ဖန်တီးနိုင်မည်ဖြစ်ပြီး ၎င်းမှာ သွေးစွမ်းအင် ၁ သိန်းနှင့် ညီမျှသည်။ ကျင့်ကြံမှုအဆင့် တိုးတက်လာသည်နှင့်အမျှ သွေးစွမ်းအင် တိုးနှုန်းကလည်း လိုက်ပါမြင့်တက်လာမည် ဖြစ်သည်။
အားလုံးကို ခြုံငုံတွက်ချက်ကြည့်ပါက သွေးစွမ်းအင် ၄ သိန်းခန့်သာ ထပ်မံတိုးပွားနိုင်ပါလိမ့်မည်။ တစ်နည်းအားဖြင့်ဆိုသော် ရက်ပေါင်း ၃၀၀ ကုန်ဆုံးပြီးနောက်တွင် ရွှီရန်သည် သွေးစွမ်းအင် ၅ သိန်းရှိသော တောင်တန်းအဆင့် ကျင့်ကြံသူ အလယ်အလတ်အဆင့်သို့သာ ရောက်ရှိဦးမည် ဖြစ်သည်။
သူ၏ တိုက်ခိုက်ရေးပါရမီနှင့် ဝှက်ဖဲအမျိုးမျိုးကြောင့် တိုက်ခိုက်နိုင်စွမ်းမှာ အဆမတန် မြင့်မားနေမည်ဖြစ်သော်လည်း အခြေခံအင်အားချင်း ယှဉ်မည်ဆိုပါကမူ နတ်ဘုရားတစ်ပါးကို အပြတ်အသတ် ချေမှုန်းနိုင်စွမ်း ရှိဦးမည်မဟုတ်ပေ။ ကိုယ်ဖျောက်အတတ်နှင့် ဖျက်ဆီးခြင်းတံဆိပ် တို့ကို အသုံးပြုမည်ဆိုလျှင်တောင် သူ၏ကန့်သတ်ချက်မှာ သွေးစွမ်းအင် ၅ သန်းရှိသော ယွဲ့အဆင့် သားရဲတစ်ကောင်ကို တိတ်တဆိတ် လုပ်ကြံသတ်ဖြတ်နိုင်ရုံသာ ရှိသေးသည်။
“မလုံလောက်သေးဘူး။ ငါ့ကိုယ်ငါ ပိုပြီး တိုးတက်အောင်လုပ်ဖို့ ဒါမှမဟုတ် ညစ်ညမ်းမှုတွေ ပျံ့နှံ့တာကို နှေးကွေးသွားအောင်လုပ်ဖို့ နည်းလမ်းတစ်ခုခု ရှာရမယ်”
အနာဂတ်တွင် သူသည် အနှိုင်းမဲ့သူတစ်ဦး ဖြစ်လာမည်ကို ရွှီရန် ယုံကြည်ချက်ရှိသော်လည်း အတော်ဆုံး ကစားသမားတစ်ဦးတောင်မှ ပစ္စည်းများစုံအောင် ရှာဖွေရန် ကြီးထွားချိန်တစ်ခု လိုအပ်သည်။
အကယ်၍ သူ့ကို ၃ နှစ်ခန့် အချိန်ပေး၍ ကြီးထွားခွင့်ပြုမည်ဆိုလျှင် သူ၏ သွေးစွမ်းအင်မှာ ၂ သန်းအထိ ရောက်ရှိသွားနိုင်သည်။ နတ်ဘုရားအဆင့် စွမ်းရည်များသည်လည်း စတုတ္ထအဆင့်သို့ ရောက်ရှိသွားမည်ဖြစ်ပြီး ကိုယ်ဖျောက်အတတ်၊ ဖျက်ဆီးခြင်းတံဆိပ်များအပြင် အသင်းဖော်များ၏ အကူအညီနှင့်ပါဆိုပါက နတ်ဘုရားများကို အပြည့်အဝ သတ်ဖြတ်နိုင်မည် ဖြစ်သည်။
သို့သော် ရက်ပေါင်း ၃၀၀ ဆိုသည်မှာမူ မဖြစ်နိုင်ပေ။ ဖွံ့ဖြိုးတိုးတက်ရန် အချိန်မှာ အလွန်တိုတောင်းလွန်းနေသည်။ ရွှီရန်အနေဖြင့် အခြေအနေ၏ အရေးကြီးပုံကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရသည်။
သားရဲမိစ္ဆာအုပ်စုများက ရုတ်တရက် အရှိန်မြှင့်လာခြင်းမှာ သူ့ကို ဖိအားများ ပေးလာစေသည်။ ဝတ္ထုလောကထဲတွင်မူ ဇာတ်လိုက်က သန်မာလာသည်နှင့်အမျှ မိစ္ဆာများကလည်း
တဖြည်းဖြည်း သန်မာလာတတ်ကြပြီး အစွမ်းအထက်ဆုံး မိစ္ဆာကြီးများက ချက်ချင်း ထမတိုက်ဘဲ ဇာတ်လိုက် အဆင့်တက်ရန်အတွက် လက်ပါးစေများကိုသာ အရင်လွှတ်တတ်ကြခြင်း ဖြစ်သည်။ ဇာတ်လိုက်က အနှိုင်းမဲ့သူ ဖြစ်လာသည်အထိပင်။
သို့သော် လက်တွေ့ကမ္ဘာမှာတော့ ထိုသို့မဟုတ်ပါပေ။ အမြင့်မြတ်ဆုံး နတ်ဘုရားသည် အပြာရောင်ဂြိုလ်၏ အသက်သွေးကြောဖြစ်သော နွေဦးပုံဆောင်ခဲဆီ တိုက်ရိုက် ဦးတည်နေခြင်းပင်။
အစွမ်းထက်လှသော အရင်းအနှီးကို အသုံးချကာ အပြာရောင်ဂြိုလ်၏ အကာအကွယ်ဒိုင်းလွှားကို ဖျက်ဆီးလိုက်ခြင်းမှာ ရန်သူကို အသက်ရှူချောင်ခွင့် အခိုက်အတန့်မျှပင် မပေးလိုသောကြောင့်ပင်။
ထိုအမြင့်မြတ်ဆုံး နတ်ဘုရားဆိုသူမှာ ပြတ်သားမှုနှင့် ရက်စက်ကြမ်းကြုတ်မှုအပိုင်းတွင်မူ ၎င်း၏ဘွဲ့နာမည်နှင့် လိုက်ဖက်လှသည်ဟု ဆိုရပေမည်။
အချိန်ဆွဲနေပါက အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်သဖြင့် သူတို့သည် ခြောက်ခြားဖွယ်
ကောင်းသော အိပ်မက်ဆိုး ကလဲ့စားချေမိခင်၊ အဆောင်တံဆိပ် ရန်ငြိုးဖွဲ့နတ်ဘုရားနှင့် ဂျယ်လီငါး ရန်ငြိုးဖွဲ့နတ်ဘုရားကဲ့သို့သော ကြောက်မက်ဖွယ် စက်ယန္တရား သတ္တဝါဆိုးများကို စေလွှတ်ခဲ့ခြင်းပင်။
၎င်းတို့ ပိုင်ဆိုင်ထားသော နတ်ပေးစွမ်းရည်များအရ အခြားဂြိုလ်တစ်လုံးတွင် အဆင့်မြင့် နတ်ဘုရားများ ဖြစ်ကြမည်မှာ သေချာသော်လည်း ယခုမူ ၎င်းတို့၏ ကျင့်ကြံမှုများကို စွန့်လွှတ်ကာ ထာဝရပျက်သုဉ်းမည့် အန္တရာယ်ကို ရင်ဆိုင်ရင်း အပြာရောင်ဂြိုလ်ပေါ်တွင် အသစ်မှ ပြန်လည်စတင်ရန် ဆုံးဖြတ်ခဲ့ကြသည်။
အမြင့်မြတ်ဆုံး နတ်ဘုရားမှာ အလွန်ပင် ရက်စက်လှ၏။ သူ၏ နောက်လိုက်များအပေါ်တွင် ရက်စက်သလို ရန်သူအပေါ်တွင်မူ ပို၍ပင် ရက်စက်သည်။
အကယ်၍ ရက်ပေါင်း ၃၀၀ အကြာတွင် ၎င်းသည် အပြာရောင်ဂြိုလ်ပေါ်သို့ အမှန်တကယ် ဆင်းသက်လာခဲ့ပါက ထိုအချိန်မှာ ကမ္ဘာကြီး ချက်ချင်းပျက်သုဉ်းမည့် အချိန်ပင်။ ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားအဆင့် မိစ္ဆာသတ္တဝါကို မည်သူမျှ တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။
ရွှီရန်အနေဖြင့် ဖျက်ဆီးခြင်းကပ်ဘေးအလင်းစွမ်းရည်ကို ပိုင်ဆိုင်ထားသော်လည်း အမြင့်မြတ်ဆုံး နတ်ဘုရားကိုမူ သတ်ဖြတ်နိုင်ရန် မလွယ်ကူလှချေ။ အဘယ်ကြောင့်ဆိုသော် ယွဲ့အဆင့်ထက် မြင့်မားသော အဆင့်များတွင် အဆင့်နိမ့်နတ်ဘုရား၊ အဆင့်မြင့်နတ်ဘုရား ဟူ၍ ကွာခြားချက်များမှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ပင် ကွာဟလှသောကြောင့်ပင်။ ၎င်း၏ ဘွဲ့နာမည်ကို ကြည့်ရုံဖြင့်ပင် အမြင့်မြတ်ဆုံး နတ်ဘုရား၏ အဆင့်အတန်းကို ခန့်မှန်းကြည့်နိုင်သည်။
၎င်းကို ချက်ချင်းလက်ငင်း သတ်ဖြတ်နိုင်ရန်အတွက် အဆောင်တံဆိပ်ပေါင်း ၅ သန်းခန့်ကို ကျွေးရန် လိုအပ်ပေလိမ့်မည်။
ရက်ပေါင်း ၃၀၀ အတွင်း အဆောင်တံဆိပ် ၅ သန်း ပြုလုပ်ရန်လား တစ်နေ့လျှင် အဆောင်တံဆိပ်ပေါင်း ၁၇,၀၀၀ ခန့် ပြုလုပ်ရမည်ဖြစ်ရာ ၎င်းမှာ လုံးဝ မဖြစ်နိုင်သော အချက်ပင်။
ချက်ချင်းလက်ငင်း ထွင်းထုခြင်းစွမ်းရည်ကို ပိုင်ဆိုင်ထားသည့်တိုင်အောင် ဤပမာဏမှာ လက်တွေ့မကျလှပေ။
“လောလောဆယ်တော့... အမြင့်မြတ်ဆုံး နတ်ဘုရားက နဂါးပျံကိုစီးပြီး ငါတို့မျက်စိရှေ့အထိ ရောက်နေပြီလို့ ပြောရမယ်”
“သူ့ရဲ့ အားသာချက်က အနန္တအတိုင်းအတာအထိ ကြီးမားနေတယ်။ သူ့ကို အချိန်အကြာကြီး တားဆီးထားနိုင်တဲ့ အကာအကွယ်ဒိုင်းလွှားကလည်း အခုတော့ အပေါက်ဖြစ်သွားပြီဆိုတော့။ နောက်ထပ် ရက်ပေါင်း ၃၀၀ အတွင်းမှာ သူက ကမ္ဘာကြီးကို စိတ်ကြိုက် ဖျက်ဆီးနိုင်တော့မှာပဲ”
“ငါတို့အနေနဲ့ ညစ်ညမ်းမှုတွေ ပျံ့နှံ့တာကို နှေးကွေးသွားစေမယ့် နည်းလမ်းတစ်ခုခုကို သေချာပေါက် ရှာဖွေရမယ်... အချိန်ကို ပိုပြီး ဆွဲထားနိုင်လေလေ။ အခြေအနေကို ပြောင်းပြန်လှန်နိုင်မယ့် အခွင့်အရေး ပိုများလေလေပဲ။ အကောင်းဆုံးကတော့ ၃ နှစ်လောက်အထိ အချိန်ဆွဲထားနိုင်ဖို့ပါပဲ”
အခြေအနေမှာ အလွန်တရာ စိုးရိမ်ဖွယ် ကောင်းသည်။
လက်ရှိတွင် ကျင့်သုံးနိုင်သည့် နည်းဗျူဟာမှာ တစ်ခုတည်းသာ ရှိသည်။
၎င်းမှာ အချိန်ဆွဲရန်ပင်။ မည်သို့ပင်ဖြစ်စေ အတတ်နိုင်ဆုံး အချိန်ဆွဲထားရန်သာ ဖြစ်သည်။
ကြီးမြတ်သော ဆန္ဒတစ်ထောင်နှင့် နှစ်ပေါင်းထောင်သောင်းချီ အမတစွမ်းရည်ပိုင်ရှင် စီနီယာကြီး နှစ်ဦးမှာ အပြာရောင်ဂြိုလ်ကို အခိုင်အမာ ကာကွယ်ရန် ရည်ရွယ်ခဲ့ကြသည်။ သို့သော် မမျှော်လင့်ဘဲ ၁၈၀ နှစ်တာ ကာလအတွင်း လူသားများထဲမှ နတ်ဘုရားတစ်ပါးမျှ ထွက်ပေါ်မလာခဲ့ဘဲ အကာအကွယ်ဒိုင်းလွှားမှာလည်း ပျက်စီးသွားခဲ့ရသည်။
အလွန်ပင် အရှက်ရဖွယ် ကောင်းသည်။
ရွှီရန်မှာ သူ့နဖူးကို လက်ချောင်းဖြင့် အသာအယာ သုတ်လိုက်မိသည်။ သို့သော် မည်သို့ အချိန်ဆွဲရမည်ဆိုသည့် နည်းလမ်းမှာ လမ်းစပင် မရှိသေးချေ။ သူသည် ခေါင်းကို ခါယမ်းလိုက်မိသည်။
“အချိန်ယူပြီး လမ်းစရှာရမယ်။ အချိန်ဆွဲနိုင်မယ့် နည်းလမ်းကို ရှာဖွေရင်းနဲ့ တစ်ဖက်ကလည်း ရွှေရောင်သွေးတွေကို ရအောင်ယူရမယ်။ အချိန်ကိုလည်း ဆွဲထားနိုင်မယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ပိုသန်မာအောင် လုပ်နိုင်မယ်ဆိုမှသာ အခွင့်အရေးတစ်ခု ရှိလာနိုင်မှာပဲ...”
အမှန်အတိုင်း ပြောရလျှင် ရွှီရန်သာ အချိန်ရခဲ့မည်ဆိုပါက ဥပမာ ဆယ်နှစ်ခန့် အချိန်ရခဲ့မည်ဆိုလျှင် သူ၏ သွေးစွမ်းအင်မှာ ၁၀ သန်းအထိ ရှိလာနိုင်သည်။ သွေးစွမ်းအင် ၁၀ သန်းနှင့်ဆိုလျှင် သူသည် အရာရာကို လွှမ်းမိုးချုပ်ကိုင်နိုင်ပေလိမ့်မည်။ ထိုအခါမျိုးတွင် အမြင့်မြတ်ဆုံး နတ်ဘုရားနှင့် ထိပ်တိုက်တွေ့လျှင်ပင် သူ ကြောက်ရွံ့နေတော့မည် မဟုတ်ပေ။
သို့သော် ပြဿနာမှာ အချိန်အလုံအလောက် မရှိခြင်းပင်။ တကယ်ကို ခေါင်းခဲစရာ ကောင်းသည်။
ရွှီရန်၏ အမူအရာ ပြောင်းလဲသွားသည်ကို သတိပြုမိသော ညွှန်ကြားရေးမှူး ချန်ချီက သူ၏ပုခုံးကို ပုတ်လိုက်ရင်း “မပူပါနဲ့ ကောင်းကင်ဘုံ ထိပ်သီးနန်းဆောင်က နည်းလမ်းတစ်ခုခု ရှာမှာပါ။ မင်းတို့ ကြီးထွားလာဖို့အတွက် အချိန်ရအောင် ငါတို့ အစွမ်းကုန် ကြိုးစားပေးပါ့မယ်။ ငါတို့ ဟွာရှလူမျိုးတွေက ကျူးကျော်စစ်နဲ့ စစ်မီးဒဏ်ကို နှစ်ပေါင်း ၂၀၀ တိုင်တိုင် ကြံ့ကြံ့ခံခဲ့တာပဲဟာ။ ဒါမျိုးတွေကို ကြောက်နေစရာလား”
“ငါတို့ ဒါထက် ခက်ခဲတဲ့ အချိန်တွေကိုတောင် ဖြတ်ကျော်ခဲ့တာပဲ... အဆိုးဆုံး အခြေအနေရောက်ရင်တော့ ကောင်းကင်ဘုံကို ပြုပြင်ဖို့အတွက် ထူးခြားတဲ့ နည်းလမ်းတွေကို သုံးရမှာပေါ့”
ရွှီရန်မှာ အနည်းငယ် အံ့အားသင့်သွားပြီး “ကျင့်ကြံသူ အုပ်စုလိုက်ကို ယဇ်ပူဇော်ရမယ့် နည်းလမ်းလား”
ညွှန်ကြားရေးမှူးမှာ အံ့အားသင့်သွားကာ “မင်း... အဲဒါကို သိနေတာလား”
ရွှီရန်က ခေါင်းညိတ်ပြလိုက်ရင်း “တခြား နည်းလမ်းတွေကို ဖြစ်နိုင်သမျှ အရင်စမ်းကြည့်ကြပါဦး...” ဟု ပြောလိုက်သည်။
ကောင်းကင်ဘုံ ထိပ်သီးနန်းဆောင်၏ နည်းလမ်းများအရဆိုလျှင် ပေးဆပ်ရမည့် တန်ဖိုးမှာ အလွန်တရာ ကြီးမားပေလိမ့်မည်။
ညွှန်ကြားရေးမှူးက စကားလမ်းကြောင်း လွှဲလိုက်သည်။
“ကဲ... စိတ်မပူနဲ့တော့ အရင်ဆုံး ထမင်းသွားစားကြရအောင် မနက်ခင်း တစ်လျှောက်လုံး ပင်ပန်းလာကြပြီ မဟုတ်လား”
***