နတ်ဆိုးနန်းတော်၏ အလယ်ဗဟိုတွင် သိုင်းပညာရှင် သုံးရာကျော် တစ်ပြိုင်နက်တည်း သူတို့၏ စွမ်းရည်များကို ထုတ်ဖော်ပြသနိုင်လောက်အောင် ကျယ်ဝန်းသော လေ့ကျင့်ရေးကွင်းကြီး တစ်ခု ရှိသည်။
အတိတ်က နတ်ဆိုး ဆက်ခံသူ ဆယ်ယောက် ပြိုင်ပွဲကိုလည်း ဤနေရာမှာပင် စတင်ခဲ့ခြင်း ဖြစ်သည်။ ဂုဏ် ကျက်သရေကို မျှော်မှန်းပြီး နတ်ဆိုးနန်းတော်သို့ ဝင်ရောက်လာခဲ့ကြသော မရေမတွက်နိုင်သည့် ပါရမီရှင်များက ဤနေရာမှာပင် သွေးမြေကျကာ သေဆုံးခဲ့ကြရ၏။
“ဒီနေရာပါပဲ။ ”
ဘူအွန်ဆောလ်ကို လမ်းပြပေးနေသော ဆင်ဝေါလ်က လေ့ကျင့်ရေးကွင်းကြီးဆီသို့ တက်သွားသည့် လှေကားများကို ညွှန်ပြလိုက်သည်။
“လူငယ်သခင် ဘူ လေ့ကျင့်ရေးကွင်းကြီးပေါ်ကို ရောက်သွားတဲ့အခါ ခင်ဗျားကို စောင့်နေတဲ့သူတွေ ရှိနေလိမ့်မယ်။ ”
ခေါင်းညိတ်ပြပြီး ရှေ့ဆက်သွားမည့် ဘူအွန်ဆောလ်က ရုတ်တရက် မေးလိုက်သည်။
“နတ်ဆိုးနန်းတော်နဲ့ နတ်ဆိုးတံခါး ဆယ်ပေါက်တို့ရဲ့ ဆက်ဆံရေးက ဘယ်လိုမျိုးလဲ။ ”
“ဆက်ဆံရေးဆိုတာက...။ ”
“နတ်ဆိုးတံခါး ဆယ်ပေါက်က သိုင်းဆရာတွေလည်း နတ်ဆိုးနန်းတော်မှာ နေကြတာလား။ ”
ဆင်ဝေါလ်က ခဏတာ မျက်တောင်ခတ်လိုက်ပြီးမှ ပြန်ဖြေသည်။
“ဒါပေါ့။ နတ်ဆိုးနန်းတော်ရဲ့ အဓိကနေရာတွေကို နတ်ဆိုးတံခါး ဆယ်ပေါက်က သိုင်းဆရာတွေကပဲ ရယူထားကြတယ်လို့ ပြောရင် ချဲ့ကားရာ မရောက်ပါဘူး။ ”
“ဒါဆို သူတို့က နတ်ဆိုးတံခါး ဆယ်ပေါက်က လူတွေလား ဒါမှမဟုတ် နတ်ဆိုးနန်းတော်က လူတွေလား။ ”
မေးခွန်း၏ အဓိက ဆိုလိုရင်းကို နားလည်သွားသော ဆင်ဝေါလ်၏ မျက်လုံးများ တောက်ပသွားတော့သည်။
“လောလောဆယ်တော့ သူတို့ကို နတ်ဆိုးနန်းတော်က လူတွေလို့ သတ်မှတ်လို့ ရပါတယ်။ ဒီနေရာမှာ ရာထူးတစ်ခု ယူလိုက်ပြီဆိုရင် သူတို့ရဲ့ မူလဂိုဏ်းက ကိစ္စတွေမှာ ဝင်စွက်ဖက်လို့ မရတော့ဘူးလေ။ ”
“သြော်။ နားလည်ပါပြီ။ ”
ဘူအွန်ဆောလ်က မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။ သူ၏ ကံကြမ္မာက အကွက်ငါးကွက် စမ်းသပ်မှုကို ပြုလုပ်မည့်သူများက နတ်ဆိုးနန်းတော်က လူတွေလား၊ ဒါမှမဟုတ် သက်ဆိုင်ရာ ဂိုဏ်းတွေကနေ စေလွှတ်လိုက်တဲ့ သိုင်းဆရာတွေလား ဆိုသည့်အပေါ်မှာ များစွာ မူတည်နေလိမ့်မည်ဟု ကြိုတင် ခံစားနေရ၏။
တကယ်လို့ အဲဒီလူက မြင်းဖြူ ကျောင်းတော်ကနေ တိုက်ရိုက် စေလွှတ်လိုက်တဲ့ သိုင်းဆရာဆိုရင်တော့ ငါ အသက်ရှင်ဖို့ ခက်ခဲလိမ့်မယ်။
ထိုစဉ် ဆင်ဝေါလ်က လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေ ပေးလိုက်သည်။
“ဒါဆို တိုက်ပွဲမှာ ကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်။ လူငယ်သခင် ဘူ။ ”
ဘူအွန်ဆောလ်က ခေါင်းညိတ်ပြလိုက်ပြီး လေ့ကျင့်ရေးကွင်းကြီးပေါ်သို့ ဖြည်းညှင်းစွာ တက်သွားခဲ့သည်။
တစ်လှမ်း၊ ပြီးတော့ နောက်တစ်လှမ်း...။
လေ့ကျင့်ရေးကွင်းကြီးနှင့် နီးကပ်လာသည်နှင့်အမျှ ဤနေရာတွင် ဖြစ်ပျက်ခဲ့သည့် အမှတ်တရများက ပြန်လည် ပေါ်ထွက်လာတော့သည်။ ကစဉ့်ကလျား ဖြစ်နေသော မြင်ကွင်းထဲတွင် ကြေကွဲဖွယ်ရာ သေဆုံးသွားခဲ့ကြသည့် ကလေးငယ်များ။ ထိုနေ့ကတော့ ဘူအွန်ဆောလ် တစ်ယောက်တည်းသာ အသက်ရှင် ကျန်ရစ်ခဲ့သည်။
ဒီနေ့လည်း ငါ အသက်ရှင်ရမယ်။
ဘုန်း။
လေ့ကျင့်ရေးကွင်းကြီးပေါ်သို့ ရောက်ရှိသွားသည့်အခါ စင်မြင့်ငယ်တစ်ခုနှင့် စားပွဲတစ်လုံးကို ပြင်ဆင်ထားပြီး လူလေးယောက်က စားပွဲပေါ်တွင် တစ်တန်းတည်း ထိုင်နေကြသည်။
“အဟမ်း...။ ”
ထိုအထဲမှ အလယ်တွင် မတ်တပ်ရပ်နေသော အဘိုးအိုတစ်ယောက်က လည်ချောင်းဟန့်လိုက်ပြီး ဘူအွန်ဆောလ်ကို စကားပြောလိုက်သည်။
“မင်းက နန်ယာ ပွဲကြည့်စင်ကနေ လာတဲ့ နတ်ဆိုး ဆက်ခံသူ တစ်ယောက်လား။ ”
ထိုအဘိုးအို၏ အသွင်အပြင်မှာ အလွန် ပိန်လှီပြီး ထူးခြားမှု မရှိသော်လည်း သူ၏ မျက်ဝန်းများမှာမူ အရာအားလုံးကို လွှမ်းမိုးနိုင်လောက်သည့် အရှိန်အဝါမျိုး ရှိနေသည်။
“ကျွန်တော်က နန်ယာ ပွဲကြည့်စင်ရဲ့ တပည့် ဘူအွန်ဆောလ်ပါ။ ”
ဘူအွန်ဆောလ်က ရိုသေစွာ လက်ယှက်ပြီး ဦးညွှတ်လိုက်သည့်အခါ အဘိုးအိုက ခေါင်းညိတ်ပြလိုက်၏။
“ဒီအဘိုးကြီးက ဂေါ့ဂ်ယိုဘုံပါ။ အကြီးအကဲများ စံအိမ်ရဲ့ နောက်ဘက်အခန်းတွေမှာ နေထိုင်ပါတယ်။ ဒီနေ့ မင်းရဲ့ စမ်းသပ်မှုကို ကြီးကြပ်ဖို့ ရောက်လာတာပါ။ ”
သူက သူ့ကိုယ်သူ နောက်ဘက်အခန်းတွေမှာ နေတဲ့ အဘိုးကြီးတစ်ယောက်လို့ မိတ်ဆက်ခဲ့ပေမဲ့ သူဟာ ယခင်ခေတ်က ကောင်းကင်ကို တုန်လှုပ်စေတဲ့ သွေးလက်ဝါးလို့ လူသိများခဲ့ပြီး ယန်ကွမ်း သိုင်းလောက တစ်ခုလုံးကို ထိတ်လန့်တုန်လှုပ်စေခဲ့တဲ့ သိုင်းဆရာကြီး တစ်ယောက် ဖြစ်သည်။ သို့သော် ထိုအချက်ကို လုံးဝ မသိရှိသော ဘူအွန်ဆောလ်ကတော့ ရိုသေစွာဖြင့် ခေါင်းငုံ့နေခဲ့ရုံသာ ဖြစ်၏။
ထို့နောက် ဂေါ့ဂ်ယိုဘုံက သူ၏ ဘယ်ဘက်မှ လူလတ်ပိုင်း အမျိုးသားကို ညွှန်ပြလိုက်သည်။
“ဒါက အဓိက နန်းတော်မှာ လျှို့ဝှက်တပ်ဖွဲ့ကို တာဝန်ယူထားတဲ့ ခန်းမသခင် ယူဝူးဆွန်းပဲ။ ”
ယူဝူးဆွန်း၏ ခါးတွင် သာမန် ဓားရှည်တစ်လက်ထက် သုံးလက်မခန့် ပိုရှည်ပြီး လက်မဝက်ခန့် ပိုကျဉ်းသော ဓားတစ်လက်ကို ချိတ်ဆွဲထားသည်။ သူက မီး မိုး ဓားဂိုဏ်းမှ သိုင်းဆရာတစ်ယောက်ဖြစ်ကြောင်း သိသာလှ၏။
“ခန်းမသခင် ယူ။ ”
ဘူအွန်ဆောလ်က ခေါင်းငုံ့ကာ အရိုအသေပေးလိုက်သော်လည်း ယူဝူးဆွန်းက သူ့ကို အေးစက်သော မျက်လုံးများဖြင့်သာ စိုက်ကြည့်နေခဲ့သည်။
“ဒါက ဘွန်ဂတ်ရဲ့ ကိုယ်ထင်ပြ ခန်းမကို ဦးဆောင်နေတဲ့ ခန်းမသခင် နွန်းဂတ်ပဲ။ သူကလည်း မင်းလိုပဲ နန်ယာ ပွဲကြည့်စင်က လာတာပါ။ ”
ဂေါ့ဂ်ယိုဘုံ ညွှန်ပြလိုက်သည့် နေရာတွင် ပညာရှင် ဝတ်စုံကို ဝတ်ဆင်ထားပြီး တောင့်တင်းသော ခန္ဓာကိုယ်ရှိသည့် အမျိုးသားတစ်ယောက်က သိမ်မွေ့စွာ ပြုံးနေသည်။
“ခန်းမသခင် နွန်းဂတ်။ ”
“တွေ့ရတာ ဝမ်းသာပါတယ်။ ဒီမှာ မင်းအကြောင်း ကြားရလွန်းလို့ နားတောင် အူနေပြီ။ ”
သူက တောက်ပစွာ ပြုံးလိုက်ရင်း အံ့ဩချီးကျူးသည့် အမူအရာဖြင့် ခေါင်းညိတ်လိုက်၏။
“ဘွန်ဂတ်ကတော့ တကယ်ကို ထူးချွန်တဲ့ တပည့်တစ်ယောက်ကို ရှာတွေ့ခဲ့တာပဲ။ ”
“ဒါကတော့ ဘွန်ဂတ်ရဲ့ နဂါးနက် တပ်ဖွဲ့ကို တာဝန်ယူထားတဲ့ ခေါင်းဆောင် ဂိုဂွန်ဖြောင်းပဲ။ ”
အစွန်ဆုံးမှာ ထိုင်နေသော ဂိုဂွန်ဖြောင်း၏ ခါးတွင် ကြေမွနေသော စိန်ပွင့်များဖြင့် ပြုလုပ်ထားသကဲ့သို့ တောက်ပနေသည့် ကြာပွတ် နှင်တံတစ်ချောင်းကို ချည်နှောင်ထားသည်။ သူက မြင်းဖြူ ကျောင်းတော်မှ သိုင်းဆရာတစ်ယောက် ဖြစ်သည်။
“ခေါင်းဆောင် ဂို။ ”
ဘူအွန်ဆောလ်က ခေါင်းငုံ့ကာ အရိုအသေပေးလိုက်သော်လည်း ဂိုဂွန်ဖြောင်းမှာ သူ့ကို တစ်ချက်ကလေးပင် လှည့်မကြည့်ဘဲ ထိုင်နေခဲ့သည်။
“ကဲ...။ ဒါဆို ဖြည်းဖြည်းချင်း စတင်ကြရအောင်။ ”
ဂေါ့ဂ်ယိုဘုံက ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။
“ဒီကိစ္စကို မြင်းဖြူ ကျောင်းတော်နဲ့ မီး မိုး ဓားဂိုဏ်းတို့ရဲ့ တောင်းဆိုချက်အရ စတင်ခဲ့တာပါ။ မြင်းဖြူ ကျောင်းတော်က နတ်ဆိုး ဆက်ခံသူ ဆယ်ယောက်အတွက် အရည်အချင်းတွေကို အကဲဖြတ်ချင်ပြီး မီး မိုး ဓားဂိုဏ်းကတော့ လက်ခံနိုင်စရာ မရှိတဲ့ အထူးအခွင့်အရေးတွေ ရှိနေတယ်လို့ စွပ်စွဲထားတယ်။ ”
“ဒါက စွပ်စွဲတာ မဟုတ်ဘူး။ အမှန်တရားပဲ။ အဲဒီကလေးက ငါတို့ဂိုဏ်းရဲ့ တပည့် မဟုတ်ဘဲနဲ့ တုနှိုင်းမဲ့ မိုးကြိုးလျှပ်စီး ပညာရပ်ကို သင်ယူထားတယ်။ ”
ယူဝူးဆွန်း၏ စကားကြောင့် ဂေါ့ဂ်ယိုဘုံက ခေါင်းခါယမ်းလိုက်သည်။
“ဒီနေ့ လုပ်မယ့် ကိစ္စတွေအတွက် အကြောင်းပြချက်တွေကို မငြင်းခုံကြပါနဲ့တော့။ တကယ်လို့ ဒါက လုပ်ကို လုပ်ရမယ့် ကိစ္စဆိုရင် လုပ်ရမှာပဲလေ။ ”
သူ၏ စကားများတွင် မီး မိုး ဓားဂိုဏ်း၏ ခေါင်းမာမှုကို ပြစ်တင်ဝေဖန်မှုများ ပါဝင်နေသည်။
“ငါ ထပ်မေးမယ်။ တကယ်လို့ သူက ဒီ စမ်းသပ်မှုကို အောင်မြင်ရင် တုနှိုင်းမဲ့ မိုးကြိုးလျှပ်စီး ပညာရပ်ကို သင်ယူခဲ့တဲ့အတွက် ဘာပြစ်ဒဏ်မှ မချမှတ်ဘူးဆိုတာ သဘောတူလား။ ”
“မှန်ပါတယ်။ ”
ယူဝူးဆွန်းက သဘောတူလိုက်သည့်အခါ သူက ဂိုဂွန်ဖြောင်းကို ကြည့်လိုက်ပြန်သည်။
“ငါ မေးမယ်။ တကယ်လို့ သူက ဒီစမ်းသပ်မှုကို အောင်မြင်ရင် မြင်းဖြူ ကျောင်းတော်က ဒီကလေးကို နောင်မှာ ဘာအတွက်မှ တာဝန်မယူခိုင်းတော့ဘူးဆိုတာ သေချာလား။ ”
ဂိုဂွန်ဖြောင်းက အဆင်သင့် ပြန်ဖြေလိုက်သည့်အခါ ဂေါ့ဂ်ယိုဘုံက ခေါင်းညိတ်လိုက်သည်။
“ဒါဆိုရင် စမ်းသပ်မှုကို စတင်လိုက်ကြရအောင်။ ”
ထိုစကားကြောင့် ထိုင်နေသော ဂိုဂွန်ဖြောင်းက လေ့ကျင့်ရေးစင်မြင့်၏ အရှေ့ဘက်သို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။
“ သိုင်းကွက် ငါးကွက်။”
သူက လေ့ကျင့်ရေးစင်မြင့်၏ အလယ်ဗဟိုတွင် ရပ်နေသော ဘူအွန်ဆောလ်ကို ပြောလိုက်သည်။
“မင်းသာ သိုင်းကွက် ငါးကွက်လောက်ကို ကာကွယ်နိုင်ရင် အကုန်ပြီးသွားလိမ့်မယ်။ ”
“နားလည်ပါပြီ။ ”
ဘူအွန်ဆောလ်က ပြန်ဖြေလိုက်သည့်အခါ ဂိုဂွန်ဖြောင်းက အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။
ရှဲ...။
ထို့နောက် သူ၏ ခါးတွင် ပတ်ထားသော အဖြူရောင်မြင်း နှင်တံ ကြာပွတ်က သက်ရှိမြွေတစ်ကောင်ကဲ့သို့ သူ၏ လက်ဖျံကို ရစ်ပတ်သွားတော့သည်။ သူက မိမိ၏ ဆန္ဒအတိုင်း နှင်တံကို လွတ်လပ်စွာ အသုံးပြုနိုင်သည့် စိတ်ဖြင့် ထိန်းချုပ်သော နှင်တံနယ်ပယ်ကို ထုတ်ဖော်ပြသနေခြင်း ဖြစ်သည်။
“မင်းရဲ့ လက်နက်ကို ထုတ်လိုက်။ ”
“အချိန်တန်ရင် ကျွန်တော် ထုတ်လိုက်ပါ့မယ်။ ”
“ဟမ့်။ ”
ဂိုဂွန်ဖြောင်းက နန်ယာ ပွဲကြည့်စင်၏ သိုင်းပညာများက လက်နက်ကို အားမကိုးကြောင်း သတိရသွားပြီး ခေါင်းညိတ်လိုက်သည်။
“မင်း သဘောအတိုင်း လုပ်ပါ။ ”
“ဒါဆိုရင် ခင်ဗျားဆီကနေ သင်ယူပါ့မယ်။ ”
ရိုသေစွာ လက်ယှက်ထားသော ဘူအွန်ဆောလ်က သူ၏ ခန္ဓာကိုယ်ကို ဖြည်းညှင်းစွာ နှိမ့်ချလိုက်သည်။ အပြစ်အနာအဆာကင်းသော အနေအထား ဖြစ်သော်လည်း ဂိုဂွန်ဖြောင်း၏ အမြင်တွင်မူ ထိပ်တန်း လျှို့ဝှက်သိုင်းကို မသင်ယူရသေးသော လူသစ်တစ်ယောက်၏ လှုပ်ရှားမှုအဖြစ်သာ မြင်နေရသည်။
ဟင်း...။
ဂိုဂွန်ဖြောင်း အဖြူရောင် မြင်း နှင်တံ ကြာပွတ်ကို ငုံ့ကြည့်ရင်း စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ စမ်းသပ်မှုဟု ခေါ်သော်လည်း သူနှင့် ဘူအွန်ဆောလ်၏ အရည်အချင်း ကွာဟချက်မှာ လူကြီးနှင့် ကလေးကဲ့သို့ပင် ဖြစ်နေသည်။
မဟုတ်ဘူး။ ဒီထက်တောင် ပိုပြီး ကွာဟနေသေးသည်။
ငါ ဘာလုပ်နေလဲဆိုတာ ငါ့ကိုယ်ငါတောင် မသိတော့ဘူး။
ဂိုဂွန်ဖြောင်းက မြင်းဖြူ ကျောင်းတော်မှ ထိပ်တန်း သိုင်းဆရာများထဲမှ တစ်ယောက်ဖြစ်ပြီး နတ်ဆိုးနန်းတော်က သူ့ကို နဂါးနက် တပ်ဖွဲ့ကို ဦးဆောင်ရန်အတွက် စောစီးစွာ ခေါ်ယူထားခြင်း ဖြစ်သည်။
ကျောင်းတော် သခင်ရဲ့ အမိန့်ဆိုပေမဲ့လည်း...။
သူ၏ ရင်ထဲတွင် ထောင်းထောင်းထနေသော မကျေနပ်မှုများကို သူ မဖုံးကွယ်နိုင်ခဲ့ပေ။ ဂိုဂွန်ဖြောင်းက သိုင်းလောကတစ်ခုလုံးမှာတောင် နာမည်ကျော်ကြားသော သိုင်းဆရာတစ်ယောက် ဖြစ်သည်။ သို့ပါလျက် ယခုအခါတွင် သူက လူသစ်လေးတစ်ယောက်ကို ရင်ဆိုင်နေရသည် မဟုတ်ပါလား။
“ဒါဆိုရင် စလိုက်ကြရအောင်။ ”
အဖြူရောင်မြင်း နှင်တံ ကြာပွတ်ကို ကိုင်ဆောင်ထားသော ဂိုဂွန်ဖြောင်းက အဝေးတွင် ထိုင်နေသော နွန်းဂတ်ကို ကြည့်ရင်း မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။
နန်ယာ ပွဲကြည့်စင်ရဲ့ မျက်နှာကို ထောက်ထားတဲ့ အနေနဲ့ ငါ သူ့ကို စတုတ္ထအကွက်အထိ အလွတ်ပေးလိုက်မယ်။ ပြီးတော့ ပဉ္စမအကွက်ရောက်ရင် သူ့ရဲ့ လက်နှစ်ဖက်လုံးကို ဖြတ်ပစ်လိုက်မယ်။
မြင်းဖြူ ကျောင်းတော်သခင်၏ မူလအမိန့်မှာ ဘူအွန်ဆောလ်၏ ခေါင်းကို ယူရန် ဖြစ်သည်။ သို့သော် နတ်ဆိုးနန်းတော်တွင် ခေါင်းဆောင်ရာထူးကို ရယူထားသော သူ့လို လူတစ်ယောက်အနေဖြင့် နာမည် မရှိသော လူသစ်လေးတစ်ယောက်၏ ခေါင်းကို ဖြတ်ယူရခြင်းက သူ၏ ဂုဏ်သိက္ခာကို အလွန်အမင်း ထိခိုက်စေလွန်းလှသည်။
လက်နှစ်ဖက် မရှိဘဲ အသက်ရှင်နေရတာက သေတာထက် ပိုပြီး နာကျင်ရလိမ့်မယ်။ ကျောင်းတော် သခင်ကလည်း သေချာပေါက် နားလည်ပေးမှာပါ။
စိတ်ပိုင်းဖြတ်လိုက်ပြီးနောက် ဂိုဂွန်ဖြောင်းက နှင်တံကို ခပ်ဖွဖွ ဆန့်ထုတ်လိုက်ပြီး ပထမဆုံး အကွက်ကို စတင်လိုက်တော့သည်။
ဘူအွန်ဆောလ်၏ မျက်လုံးများ လက်ဖျပ်သွားသည်။
မြန်ဆန်တဲ့ ဓား နည်းဗျူဟာလား။
ဝှီး...။
ထိုအချိန်တွင် လေကို ခွဲထွက်သွားသည့် ကြီးမားသော အသံတစ်ခုနှင့်အတူ လျင်မြန်သော အရာတစ်ခုက ဘူအွန်ဆောလ်၏ မျက်ခုံးနှစ်ခုကြားသို့ တိုးဝင်လာခဲ့သည်။
အ့ါ။
ရှောင်တိမ်းနိုင်ရန်အတွက် သူက ခန္ဓာကိုယ်ကို အစွမ်းကုန် လိမ်လိုက်သော်လည်း ဖြန်းခနဲ အသံနှင့်အတူ ဘူအွန်ဆောလ်၏ ပါးပြင်မှာ ပြဲဟသွားတော့သည်။
တောက်...။
ပြဲဟသွားသော ပါးပြင်မှ သွေးများ ပန်းထွက်လာသည်။ တကယ်လို့ သူသာ ဒန်ချွန်းထံမှ လက်တွေ့တိုက်ခိုက်ရေး နည်းစနစ်၏ အခြေခံများကို မသင်ယူခဲ့ရဘဲ လှုပ်ရှားမှုကို မခန့်မှန်းနိုင်ခဲ့လျှင် ၎င်းကို ဘယ်တော့မှ ရှောင်တိမ်းနိုင်မည် မဟုတ်ပေ။
“ပထမအကွက်၊ အဖြူရောင် နတ်ဆိုးက နှလုံးသားကို ဆုပ်ကိုင်ခြင်း။ ”
ဂိုဂွန်ဖြောင်းက တိုးတိုးလေး ရေရွတ်လိုက်သည်။ ပထမအကွက်ကို တိတိကျကျ ရေတွက်နိုင်ရန်အတွက် သူက အကွက်ကို ထုတ်သုံးပြီးမှ နာမည်ကို ပြောလိုက်ခြင်း ဖြစ်သည်။
သူက အခြေခံတွေကို ကောင်းကောင်း နားလည်ထားပုံရတယ်။
ခေါင်းညိတ်လိုက်ပြီး ဂိုဂွန်ဖြောင်းက အဖြူရောင်မြင်း နှင်တံ ကြာပွတ်ကို ကိုင်ထားသော လက်ဖဝါးကို ဖြန့်လိုက်သည်။
ဖောင်း။
တစ်ချိန်တည်းမှာပင် သူ၏ လက်ထဲရှိ အဖြူရောင်မြင်း နှင်တံ ကြာပွတ်က အလင်းတန်း ငါးခုအဖြစ် ပြောင်းလဲသွားပြီး ဘူအွန်ဆောလ်ကို ဆွဲဖမ်းတော့မည့်အလား သူ၏ ခန္ဓာကိုယ်ဆီသို့ တိုးဝင်လာခဲ့သည်။
အကုန်လုံးက အတုအယောင်တွေချည်းပဲ။
သားရဲ လမ်းစဉ်ကို နက်နက်ရှိုင်းရှိုင်း ကျွမ်းကျင်ထားပြီးဖြစ်သော ဘူအွန်ဆောလ်က နှင်တံ ကြာပွတ်အရိပ် ငါးခုလုံးမှာ အတုအယောင်များ ဖြစ်ကြောင်းကို ထိုးထွင်းသိမြင်နေခဲ့သည်။
အပေါ်မှာ။
မြေပြင်မှ တက်လာသော သတ်ဖြတ်လိုသည့် အရှိန်အဝါကို ခံစားလိုက်ရသည့်အခါ ဘူအွန်ဆောလ်က သူ၏ ခန္ဓာကိုယ်ကို နောက်သို့ ပစ်ချလိုက်သည်။
ဖျင်း။
တစ်ချိန်တည်းမှာပင် မြင်းဖြူ နှင်တံ ကြာပွတ်၏ အလင်းတန်းတစ်ခုက ဘူအွန်ဆောလ်၏ နှာခေါင်းထိပ်ကို ပွတ်တိုက်သွားပြီး မြေပြင်ထဲသို့ စိုက်ဝင်သွားတော့သည်။
“ဒုတိယအကွက်။ အဖြူရောင် နတ်ဆိုးက ဝိညာဉ်ကို ခေါ်ယူခြင်း။ ”
တိုးတိုးလေး ရေရွတ်လိုက်သော ဂိုဂွန်ဖြောင်းက ဘူအွန်ဆောလ် အောင်မြင်စွာ ရှောင်တိမ်းသွားနိုင်သည်ကို ကြည့်ရင်း စိတ်ထဲမှ ခေါင်းညိတ်လိုက်သည်။
သူက သားရဲ လမ်းစဉ်ကို သေချာပေါက် သင်ယူထားတာပဲ။
ဘူအွန်ဆောလ်က ဒုတိယအကွက်ကိုတောင် လွယ်လွယ်ကူကူ ရှောင်တိမ်းသွားနိုင်သည့်အခါ သူ၏ မျက်ခုံးများ ပင့်တက်သွားတော့သည်။
ငါ သူ့ကို နည်းနည်းလောက် ဖိအားပေးလိုက်ရမလား။
ဒီတစ်ကြိမ်တွင် ဂိုဂွန်ဖြောင်းက နှင်တံကို ကိုင်ထားသော လက်ကို ဖြန့်လိုက်ပြီး သူ၏ လက်ဖဝါးကို ပြသလိုက်သည်။
“အခုကစပြီး မင်း သတိထားတာ အကောင်းဆုံးပဲ။ ”
တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် ယခုတစ်ကြိမ်တွင်မူ အကွက်၏ နာမည်ကို အရင်ဆုံး အော်ဟစ်လိုက်သည်။ ဘူအွန်ဆောလ်အနေဖြင့် ၎င်းကို ဘေးကင်းစွာ ရှောင်တိမ်းနိုင်မည် မဟုတ်ကြောင်း သူ ယုံကြည်နေခဲ့သည်။
“တတိယအကွက်။ အဖြူရောင် နတ်ဆိုးရဲ့ ဖရိုဖရဲ အရိပ်များ။ ”
ဘူအွန်ဆောလ်က ကောင်းကင်မှ မိုးရွာချသကဲ့သို့ ကျဆင်းလာသော ရာနှင့်ချီသည့် နှင်တံအရိပ်များ၏ စိတ်ကူးယဉ် ပုံရိပ်များကို ခံစားလိုက်ရသည်။ ကျဆင်းလာသော နှင်တံအရိပ်များကို ဘယ်လိုပဲ ကြည့်ကြည့် ဘယ်ဟာက အစစ်ဖြစ်ပြီး ဘယ်ဟာက အတုအယောင်လဲဆိုတာကို ခွဲခြားနိုင်စွမ်း မရှိတော့ပေ။
တကယ်လို့ ငါ ခွဲခြားမသိနိုင်ဘူးဆိုရင် အားလုံးကို ရှောင်တိမ်းရလိမ့်မယ်။
နေရာအနှံ့မှ ကျဆင်းလာနိုင်သည့် အဆုံးမရှိသော နှင်တံအရိပ်များ။
မြွေပေါင်း ရာချီသကဲ့သို့ တွန့်လိမ်လှုပ်ရှားကာ ကျဆင်းလာနေသော နှင်တံအရိပ်များကို ကြည့်ရင်း ဘူအွန်ဆောလ်က သူ၏ အတွင်းအားများကို အစွမ်းကုန် မြှင့်တင်လိုက်တော့သည်။
ရှုး...။
ဘူအွန်ဆောလ်၏ အရိပ်ထဲမှ မြူခိုးများ ထွက်ပေါ်လာသကဲ့သို့ ခံစားရပြီး မကြာမီမှာပင် သူ၏ ခန္ဓာကိုယ်မှာလည်း ဝေဝါးသွားတော့သည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်မှ ကျဆင်းလာသော ရာနှင့်ချီသည့် နှင်တံများက သူ၏ ခန္ဓာကိုယ်ကို ပွတ်တိုက်သွားကြသည်။
ဝုန်း။
ဖြတ်သန်းသွားသော မုန်တိုင်းတစ်ခုကဲ့သို့ အသံနှင့်အတူ လေ့ကျင့်ရေးစင်မြင့် တစ်ခုလုံး ပြည့်နှက်နေခဲ့သော နှင်တံအရိပ်များမှာ ဆေးကြောခံလိုက်ရသကဲ့သို့ ပျောက်ကွယ်သွားတော့သည်။
“တော်တော် အံ့ဩစရာပဲ။ ”
ဂိုဂွန်ဖြောင်းက သူ၏ အံ့အားသင့်နေသော အမူအရာကို မဖုံးကွယ်နိုင်တော့ချေ။ ဘူအွန်ဆောလ်က အဖြူရောင် နတ်ဆိုးရဲ့ ဖရိုဖရဲ အရိပ်များ တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ခဲ့မည်ဆိုလျှင်တောင် ပြင်းထန်သော ဒဏ်ရာတစ်ခု ရရှိလိမ့်မည်ဟု သူ ထင်ထားခဲ့သည်။ သို့သော် သူ၏ အဝတ်အစားများ စုတ်ပြတ်သတ်သွားသည်မှလွဲ၍ ဘူအွန်ဆောလ်မှာ အသက်အန္တရာယ်ရှိသော ဒဏ်ရာ တစ်ချက်ကလေးမျှ မရှိဘဲ ပုံမှန်အတိုင်း ရပ်နေခဲ့သည်။
“ဟူး... ဟူး...။ ”
ဘူအွန်ဆောလ်က အသက်ကို လုရှူနေရသည်။ သူက အတွင်းအားများကို အစွမ်းကုန် မြှင့်တင်ခဲ့ပြီး သူနှင့် မရင်းနှီးသေးသော အန္တိမ အရိပ်မဲ့ ကိုယ်ဖော့ပညာကို လက်တွေ့တိုက်ပွဲတွင် ပထမဆုံးအကြိမ်အဖြစ် အသုံးပြုခဲ့ခြင်း ဖြစ်သည်။
တကယ်လို့ သူက အဲဒီအကွက်နောက်မှာ ဆက်တိုက် တိုက်ခိုက်မယ့် နောက်ဆက်တွဲ အကွက်တစ်ခုကိုသာ သုံးခဲ့မယ်ဆိုရင်။
ဘူအွန်ဆောလ်၏ နဖူးမှ ချွေးသီးချွေးပေါက်များမှာ မိုးရေများကဲ့သို့ စီးကျလာသည်။
ငါ ချက်ချင်း သေလောက်တဲ့ ဒဏ်ရာ ရသွားလိမ့်မယ်။
ဘူအွန်ဆောလ်က အန္တိမ အရိပ်မဲ့ ကိုယ်ဖော့ပညာ ကို ကြယ်သုံးပွင့် အဆင့်သာ သင်ယူထားရသေးသည်။ သို့သော်ငြားလည်း သူ အဖြူရောင် နတ်ဆိုးရဲ့ ဖရိုဖရဲ အရိပ်များကို ရှောင်တိမ်းနိုင်ခဲ့သည့် အကြောင်းရင်း နှစ်ချက် ရှိသည်။
ပထမအချက်မှာ ဂိုဂွန်ဖြောင်းက သူ၏ အစွမ်းကုန်ကို အသုံးမပြုခဲ့ခြင်း ဖြစ်ပြီး ဒုတိယအချက်မှာ ပထမအကွက်ကို အသုံးပြုပြီးသည်နှင့် သူ၏ လက်ကို ချက်ချင်း ရပ်တန့်လိုက်ခြင်းကြောင့် ဖြစ်သည်။
ဒါ အဆင်မပြေဘူး။ သာမန် အကွက်တွေနဲ့ဆိုရင် ခက်ခဲလိမ့်မယ်။
ဂိုဂွန်ဖြောင်းကလည်း အလွန်အမင်း အံ့အားသင့်သွားခဲ့သည်။ ဘူအွန်ဆောလ်က သူ ထင်ထားသည်ထက် ပိုမို ထူးချွန်သော အရည်အချင်းများကို ပိုင်ဆိုင်ထားသည်။ တကယ်လို့ သူက ဂရုမစိုက်ဘဲ စတုတ္ထအကွက်ကို ကျော်ဖြတ်ခွင့် ပေးလိုက်မည်ဆိုလျှင် သူ၏ လက်နှစ်ဖက်ကို ဖြတ်ပစ်နိုင်မည် မဟုတ်ပေ။
တခြား ရွေးချယ်စရာ မရှိတော့ဘူး။
ယခုတစ်ကြိမ်တွင် ဂိုဂွန်ဖြောင်းက သူ၏ လက်မောင်းကို လေထဲသို့ ဖြည်းညှင်းစွာ မြှောက်လိုက်သည်။
“စတုတ္ထအကွက်၊ အဖြူရောင် နတ်ဆိုးရဲ့ နှလုံးသား တိုက်ခိုက်မှု။ ”
ဝုန်း...။
ချက်ချင်းပင် နေရာအနှံ့မှ ကြီးမားသော အရှိန်အဝါကြီးတစ်ခု စီးဝင်လာတော့သည်။ ထိုလှုပ်ရှားမှုကို မြင်လိုက်ရသည့်အခါ ဘူအွန်ဆောလ်၏ မျက်နှာထားမှာ ပထမဆုံးအကြိမ်အဖြစ် ပြောင်းလဲသွားခဲ့သည်။
ငါ အဲဒီ အကွက်ကို မဖတ်နိုင်ဘူး။
ဒန်ချွန်းထံမှ လက်တွေ့တိုက်ခိုက်ရေး နည်းစနစ်၏ အခြေခံများကို သင်ယူပြီးနောက် ဘူအွန်ဆောလ်က အကွက်များကို အတိုင်းအတာတစ်ခုအထိ ခန့်မှန်းနိုင်ခဲ့သည်။ သို့သော် ဂိုဂွန်ဖြောင်း၏ လက်ရှိ အနေအထားမှာ တိုက်ခိုက်မည့် အရိပ်အယောင် လုံးဝ မပြသနေပေ။
တကယ်လို့ ငါ တိုက်ခိုက်မှုကို မခံစားနိုင်ဘူးဆိုရင် ငါ သေရလိမ့်မယ်။
အန္တရာယ်ကြုံနေရသည့် အချိန်တွင် ဘူအွန်ဆောလ်သည် တားမြစ်ခန်းမ တွင် သူ ဖတ်ရှုခဲ့သော နန်ယာ၏ တစ်ခုတည်းသော သိုင်း လျှို့ဝှက်စာအုပ်ကို သတိရသွားသည်။
သားရဲ လမ်းစဉ် ဆိုတာ အရာအားလုံးကို စွမ်းဆောင်နိုင်တာ မဟုတ်ဘူး။ အာရုံခံစားမှု သက်သက်နဲ့ လှုပ်ရှားတာက သားရဲတွေ လုပ်တဲ့အလုပ်ပဲ။ သိုင်းဆရာတစ်ယောက်က နည်းနည်း ပိုပြီး တွေး ရမယ်။ လိုအပ်တဲ့ အချိန်မှာမှ အာရုံခံစားမှုတွေကို မြှင့်တင်ပါ။
ထိုကဗျာပိုဒ်များကို သတိရလိုက်ပြီး ဘူအွန်ဆောလ်က သူ၏ မျက်လုံးများကို မှိတ်လိုက်သည်။ ပြီးတော့ ယခုအချိန်အထိ သော့ခတ်ထားခဲ့သော သားရဲ လမ်းစဉ်၏ အာရုံခံစားမှုများကို အမြင့်ဆုံးအထိ တွန်းပို့လိုက်တော့သည်။
ဒါပဲလေ။
ထိုအချိန်တွင် ဘူအွန်ဆောလ်၏ မျက်လုံးများ ကျယ်ကျယ်ပွင့်သွားတော့သည်။ တစ်ချိန်တည်းမှာပင် အပေါ်ဘက်မှနေ၍ သူ၏ ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်ရောက်လာသော ထက်မြက်သည့် နှင်တံအရိပ်၏ စိတ်ကူးယဉ်ပုံရိပ်တစ်ခုကို သူ မြင်လိုက်ရသည်။
ဖောက်။
ထိုအချိန်တွင် ဂိုဂွန်ဖြောင်း ထုတ်လွှတ်လိုက်သော နှင်တံက ဘူအွန်ဆောလ်၏ ခြေထောက်အောက်ရှိ မြေပြင်တွင် စိုက်ဝင်သွားခဲ့သည်။ ပုံရိပ်ကို မြင်လိုက်ရသည့် အခိုက်အတန့်မှာပင် ဘူအွန်ဆောလ်က အလိုအလျောက် နောက်သို့ တစ်လှမ်း ဆုတ်လိုက်မိခြင်း ဖြစ်သည်။
သူ ရှောင်သွားတာလား။ အဖြူရောင် နတ်ဆိုးရဲ့ နှလုံးသား တိုက်ခိုက်မှုကိုလေ။
ဂိုဂွန်ဖြောင်း၏ မျက်လုံးများမှာ ပန်းကန်ပြားကြီးများကဲ့သို့ ကျယ်လာတော့သည်။ အဖြူရောင် နတ်ဆိုးရဲ့ နှလုံးသား တိုက်ခိုက်မှု ဆိုသည်မှာ လက်ရှိ သိုင်းလောကတွင် မည်သူမျှနီးပါး အသုံးမပြုနိုင်သော အတုအယောင် ဓားနည်းဗျူဟာ၏ ထူးခြားသော အသုံးချမှုတစ်ခုဖြစ်သည့် လျှို့ဝှက် သတ်ဖြတ်ကွက်တစ်ခု ဖြစ်သည်။
မြင်းဖြူ ကျောင်းတော်တွင်ပင် ဤနည်းစနစ်ကို ရှောင်တိမ်းနိုင်သော သိုင်းဆရာများ ရှားပါးလှသည်ကို သိုင်းပညာကို သေချာ မသင်ယူရသေးသော လူသစ်လေးတစ်ယောက်က ရှောင်တိမ်းသွားသည်တဲ့လား။
သြော်။ အဲဒါကြောင့်ကိုး။
ထိုအချိန်မှသာ ဂိုဂွန်ဖြောင်းသည် မိမိမြေးအတွက် ကလဲ့စားချေမည့် မြင်းဖြူ ကျောင်းတော်သခင်၏ အစီအစဉ်တွင် မီး မိုး ဓားဂိုဏ်းကပါ အဘယ်ကြောင့် ပူးပေါင်းပါဝင်လာသနည်းဆိုသည်ကို နားလည်သွားတော့သည်။ ၎င်းတို့က ဤမျှ ထူးချွန်သော တုနှိုင်းမဲ့ သိုင်းပါရမီရှင်လေး နန်ယာ ပွဲကြည့်စင်၏ စစ်မှန်သော အမွေအနှစ်များကို ဆက်ခံသွားမည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။
ပြဿနာရဲ့ အမြစ်ကို ကြိုတင်ပြီး ဖယ်ရှားပစ်ရမယ်။
ဘူအွန်ဆောလ် မည်မျှ ထူးချွန်သော ပါရမီရှင်တစ်ယောက် ဖြစ်ကြောင်းကို ကိုယ်တိုင် မျက်မြင်တွေ့ရှိလိုက်ရသော ဂိုဂွန်ဖြောင်း။ သူ၏ ခန္ဓာကိုယ်အနှံ့တွင် မီးတောက် ရာပေါင်းများစွာ တောက်လောင်လာသကဲ့သို့ ခံစားလိုက်ရသည်။
နောက်ဆုံးတွင်မူ သူက ဘူအွန်ဆောလ်၏ လက်နှစ်ဖက်ကိုသာမက သူ၏ အသက်ကိုပါ ရယူရန် ဆုံးဖြတ်လိုက်တော့သည်။
အပိုင်း ၃၉ ပြီး၏။
***