ဂိုဂွန်ဖြောင်း၏ သူငယ်အိမ်များ ကျယ်လာပြီး အလင်းစက်ငယ် သောင်းချီတို့ ဖြာထွက်လာတော့သည်။ သူက သူ၏ အတွင်းအားကို အမြင့်ဆုံးအထိ မြှင့်တင်လိုက်ခြင်း ဖြစ်သည်။
“ပဉ္စမအကွက်......။ ”
သူ၏ မျက်ဝန်းများမှ ပြင်းထန်သော အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်သည်နှင့်အမျှ သူ၏ လက်ထဲရှိ အဖြူရောင်မြင်း နှင်တံက သက်ရှိမြွေတစ်ကောင်ကဲ့သို့ တွန့်လိမ်လှုပ်ရှားလာတော့သည်။
“အဖြူရောင် နတ်ဆိုး ဝိညာဉ်မြွေ။ ”
မြင်းဖြူ နှင်တံကြာပွတ်က သက်ရှိသတ္တဝါတစ်ကောင်ကဲ့သို့ တွန့်လိမ်ကာ ဘူအွန်ဆောလ်ထံသို့ ပျံသန်းလာခဲ့သည်။ သွေး မထွက်မချင်း ဘယ်တော့မှ ရပ်တန့်မည် မဟုတ်သော မြင်းဖြူ နှင်တံ၏ အန္တိမ သတ်ဖြတ်ကွက်ကို ထုတ်ဖော်လိုက်ခြင်း ဖြစ်၏။
ငါ ဒါကို ရှောင်လို့ မရဘူး။
ဘူအွန်ဆောလ်က ၎င်းကို အလိုအလျောက် သိမြင်လိုက်သည်။ ဖြည်းညှင်းစွာ တိုးဝင်လာနေသော မြင်းဖြူ နှင်တံ၏ နည်းစနစ်ကို ရှောင်တိမ်း၍ မရနိုင်ကြောင်းနှင့် ၎င်းကို ကာကွယ်ရန်အတွက် မျက်နှာချင်းဆိုင် ရင်ဆိုင်ရမည် ဖြစ်ကြောင်းကို သူ သိနေသည်။ တကယ်လို့ သူသာ ကျရှုံးခဲ့မည်ဆိုလျှင် သူ၏ လည်ပင်းက နှစ်ပိုင်း ပြတ်သွားလိမ့်မည်။
ရှဲ...။
နောက်ဆုံးတွင် ဘူအွန်ဆောလ်၏ ခါးမှ သံဓားကို ဆွဲထုတ်လိုက်တော့သည်။ ယခုအချိန်တွင် သူ အသုံးပြုနိုင်သော အကြီးကျယ်ဆုံး ဓားနည်းဗျူဟာ နှစ်ခု။ ဆာဝူးနှင့်အတူ အချိန်ဖြုန်းရင်း သူ၏ ကိုယ်ပိုင် ခန္ဓာကိုယ်ဖြင့် သင်ယူခဲ့ရသော လက်တွေ့ တိုက်ခိုက်ရေး နည်းစနစ်နှင့် ချွန်းအွန်းဂွမ် သူ့ကို သင်ကြားပေးခဲ့သော တုနှိုင်းမဲ့ မိုးကြိုးလျှပ်စီး။
ဝုန်း...။
ဘူအွန်ဆောလ်၏ သူငယ်အိမ်များမှ အပြာရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
“မိုးကြိုးနဲ့ လျှပ်စီး.....။ ”
ကာကွယ်ခြင်းနှင့် တန်ပြန်တိုက်ခိုက်ခြင်းများတွင် အထူးကျွမ်းကျင်သော ဆာဝူး၏ လက်တွေ့တိုက်ခိုက်ရေး နည်းစနစ်က ထိုသတ်ဖြတ်ကွက်ကို ဘယ်တော့မှ ကာကွယ်နိုင်မည် မဟုတ်ပေ။ သူက ချွန်းအွန်းဂွမ်၏ သတ်ဖြတ်ခြင်း ဓားဖြစ်သော တုနှိုင်းမဲ့ မိုးကြိုးလျှပ်စီး ကို ထုတ်ဖော်တော့မည် ဖြစ်သည်။
ဝှစ်...။
သူ၏ အတွင်းအားကို မြှင့်တင်လိုက်သည်နှင့်အမျှ ဘူအွန်ဆောလ်၏ ဝတ်ရုံစွန်းများက တလူလူ လွင့်ခါလာတော့သည်။ တစ်ချိန်တည်းမှာပင် သူ ဆွဲထုတ်ထားသော သံဓားကလည်း စစ်မှန်သော စွမ်းအင်ကို တုံ့ပြန်သည့်အနေဖြင့် ယခုလေးတင် ဖမ်းမိထားသော ငါးတစ်ကောင်ကဲ့သို့ တဆတ်ဆတ် တုန်ခါ လှုပ်ရှားလာ၏။
“တုနှိုင်းမဲ့။ ”
မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော တိုက်ပွဲဝင် ကြွေးကြော်သံနှင့်အတူ ဘူအွန်ဆောလ်က လေထုကို ခွဲဟကာ တိုးဝင်လာနေသော အဖြူရောင် နတ်ဆိုး ဝိညာဉ်မြွေ ကို အင်အားအပြည့်ဖြင့် ခုတ်ချလိုက်တော့သည်။
ဘုန်း။
ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ပဲ့တင်ထပ်သွားပြီးချိန်တွင် ဖြစ်သည်။
“ဖူး။ ”
ဘူအွန်ဆောလ်က သွေးတစ်ပွက်ကို ပန်းထုတ်လိုက်ရကာ ကျန်းပေါင်း ဒါဇင်ချီ အဝေးသို့ လွင့်စင်သွားတော့သည်။ သူက အဖြူရောင် နတ်ဆိုး ဝိညာဉ်မြွေ ကို သူ၏ ခွန်အားရှိသမျှဖြင့် ကာကွယ်ခဲ့သော်လည်း သူတို့နှစ်ယောက်ကြားရှိ အတွင်းအား ကွာဟချက်မှာ အလွန်ကြီးမားလွန်းလှသဖြင့် ထိုအင်အားကို သူ မခံနိုင်ခဲ့ပေ။
ဘုန်း...။
လေ့ကျင့်ရေးကွင်း၏ အစွန်းဘက်သို့ လွင့်စင်သွားသော ဘူအွန်ဆောလ်၏ ခန္ဓာကိုယ်က တုံးတိတိ အသံနှင့်အတူ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။
“အဟွတ်...။ ”
ဂိုဂွန်ဖြောင်း၏ အတွင်းအားကြောင့် သူ၏ အသက်စွမ်းအင်များ ဖရိုဖရဲ ဖြစ်သွားကာ သူ၏ ကလီစာများ အားလုံး နေရာရွေ့သွားခဲ့သည်။ ဓားကို ကိုင်ထားခဲ့သော လက်ကောက်ဝတ်မှာ အဆစ်လွဲသွားပြီး အားပျော့စွာ တွဲလောင်းကျနေကာ သူ၏ ပါးစပ်မှ သွေးခဲများကို ဆက်တိုက် ထွေးထုတ်နေရ၏။
သွေးများ ထွေးထုတ်နေရသည့်တိုင် ဘူအွန်ဆောလ်က ကျိုးပဲ့နေသော သံဓားကို တုတ်ကောက်သဖွယ် အသုံးပြုကာ သူ့ကိုယ်သူ မတ်တပ်ရပ်နိုင်ရန် ကြိုးစားလိုက်သည်။ သူ၏ တိုက်ပွဲဝင်လို စိတ်မှာ အနည်းငယ်မျှ လျော့ကျသွားခြင်း မရှိသေးပေ။
ဒီကောင်လေးကတော့...။
သူ့ကို ကြည့်ရင်း ဂိုဂွန်ဖြောင်းက သူ၏ အရေပြားပေါ်ရှိ ကြက်သီးမွေးညင်းများ ထသွားသည်ကို ခံစားလိုက်ရသည်။
တကယ်လို့ ဒီနေ့သာ သူ့ကို ငါ မရှင်းလင်းနိုင်ခဲ့ရင် ဒါက ဆောင်းဦးရာသီ တစ်ထောင်တိုင်တိုင် ငါ့ကို ခြောက်လှန့်နေမယ့် နောင်တတစ်ခု ဖြစ်လာလိမ့်မယ်။
ထိုလူငယ်လေးက မြင်းဖြူ ကျောင်းတော်၏ ကြီးမားသော ရန်သူတော်ကြီး ဖြစ်လာလိမ့်မည်ကို အလိုအလျောက် သိမြင်လိုက်ရသည့်အခါ သူက နှုတ်ခမ်းကို ကိုက်လိုက်ပြီး နောက်ထပ် နည်းစနစ်တစ်ခုကို ထုတ်ဖော်ရန် ပြင်လိုက်စဉ်မှာပင် ဖြစ်သည်။
“စမ်းသပ်မှု ပြီးဆုံးသွားပါပြီ။ ”
စားပွဲတွင် တစ်ချိန်လုံး သပ်ရပ်စွာ ထိုင်နေခဲ့သော နွန်းဂတ်က ယခုအခါ ဂိုဂွန်ဖြောင်း၏ အရှေ့တွင် ခပ်ရေးရေး အပြုံးတစ်ခုနှင့် မတ်တပ်ရပ်နေကာ သူ၏ လမ်းကြောင်းကို ပိတ်ဆို့ထားလိုက်သည်။
“အဲဒီလို မဟုတ်ဘူးလား။ သူရဲကောင်း ဂို။ ”
ဂိုဂွန်ဖြောင်းက စကားတစ်ခွန်းမျှ မပြောနိုင်တော့ချေ။ မုန်တိုင်းတစ်ခုကဲ့သို့ ပေါက်ကွဲထွက်လာသော သတ်ဖြတ်လိုသည့် အရှိန်အဝါများက နွန်းဂတ်၏ ခန္ဓာကိုယ်မှ ဖြာထွက်လာနေသည်။
ဒီကောင်ကတော့...။
“တကယ်လို့ ခင်ဗျားတို့က သဘောတူညီချက်ကို မလိုက်နာဘူးဆိုရင် ငါတို့ ပွဲကြည့်စင်ကလည်း အခုချိန်အထိ နတ်ဆိုးနန်းတော်နဲ့ လုပ်ထားတဲ့ ကတိကဝတ်တွေကို လိုက်နာဖို့ လိုအပ်မယ်လို့ မမြင်တော့ဘူး။ ”
နွန်းဂတ်၏ စကားကြောင့် ဂေါ့ဂ်ယိုဘုံက ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“အကွက်ငါးကွက် ကတိကဝတ်က အခု ပြည့်စုံသွားပြီ ဖြစ်တဲ့အတွက်...။ ”
“ခဏနေဦး။ ”
ထိုစဉ် တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ယူဝူးဆွန်းက ကြားဖြတ် ပြောလိုက်သည်။
“အဲဒီကောင်လေးက ငါတို့ဂိုဏ်းရဲ့ ဓား နည်းဗျူဟာကို ထပ်သုံးသွားတယ်။ ”
သူက အလွန်မနှစ်မြို့ဖွယ်ကောင်းသော မျက်နှာထားဖြင့် ဘူအွန်ဆောလ်ကို လက်ညှိုးထိုးပြလိုက်သည့်အခါ နွန်းဂတ်က ခပ်ဖွဖွ ပြုံးလိုက်သည်။
“ဒီစမ်းသပ်မှုမှာ တုနှိုင်းမဲ့ မိုးကြိုးလျှပ်စီးကို မသုံးရဘူးလို့ သဘောတူထားတာ ရှိလို့လား။ ”
“ဟမ့်။ ”
နွန်းဂတ်က ပြုံးလျက် ပြောလိုက်သည့်အခါ ယူဝူးဆွန်းမှာ ဆက်ပြောစရာ စကားမရှိတော့သဖြင့် အခြား ပြဿနာတစ်ခုကို ရှာလိုက်သည်။
“အဲဒီကောင်လေးက နန်ယာ ပွဲကြည့်စင်က တပည့်လား။ ဒါမှမဟုတ် ငါတို့ဂိုဏ်းက တပည့်လား။ ”
“သေချာတာပေါ့။ သူက နန်ယာ ပွဲကြည့်စင်က တပည့်လေ။ သူရဲကောင်း ချွန်းရဲ့ အလင်းပွင့်မှုကို တိုက်တိုက်ဆိုင်ဆိုင် ဆက်ခံခွင့် ရခဲ့သူပေါ့။ ”
ယူဝူးဆွန်း၏ ကန့်ကွက်မှုကို ကြိုတင် ခန့်မှန်းထားသော နွန်းဂတ်က ကောက်ကျစ်သော မြေခွေးတစ်ကောင်ကဲ့သို့ ချောမွေ့စွာ ဖြေကြားလိုက်သည်။
“ကြည့်စမ်းပါ။ အဲဒီကောင်လေး ထုတ်ပြသွားတဲ့ တုနှိုင်းမဲ့ မိုးကြိုးလျှပ်စီး ကိုလေ။ သူရဲကောင်း ချွန်း ကိုယ်တိုင်သာ မြင်ခဲ့မယ်ဆိုရင် ဝမ်းသာလွန်းလို့ သူ့ဒူးကို သူ ပုတ်မိလိမ့်မယ်။ ”
“မင်းက အခု ငါတို့ဂိုဏ်း တစ်ခုလုံးကို သရော်နေတာလား။ ”
“သရော်တာလား။ လုံးဝ မဟုတ်ပါဘူး။ ”
နွန်းဂတ်က ပြုံးဖြီးဖြီး လုပ်လိုက်ပြီး ဂိုဂွန်ဖြောင်းကို လက်ညှိုးထိုးပြလိုက်သည်။
“ခုလေးတင် ခန်းမသခင် ဂို က မြင်းဖြူ နှင်တံ သိုင်းပညာရဲ့ အထွတ်အထိပ်လို့ ခေါ်လို့ရတဲ့ အဖြူရောင် နတ်ဆိုး ဝိညာဉ်မြွေ သိုင်းကွက်ကို ထုတ်သုံးသွားခဲ့တယ်။ ပြီးတော့ အဲဒီကောင်လေးက အဲဒါကို သူရဲကောင်း ချွန်းရဲ့ အန္တိမ သိုင်းပညာနဲ့ ကာကွယ်လိုက်တာ မဟုတ်ဘူးလား။ ”
“ဒါဆို ဘာဖြစ်လဲ။ ”
“ဒါဆို ဘာဖြစ်လဲဆိုတာ ဘာကို ဆိုလိုတာလဲ။ အဲဒါက မီး မိုး ဓားဂိုဏ်းရဲ့ ခွဲထွက် ဓား နည်းဗျူဟာတစ်ခုက မြင်းဖြူကျောင်းတော်ရဲ့ ထိပ်တန်း လျှို့ဝှက်သိုင်းကို လွှမ်းမိုးနိုင်ခဲ့တယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား။ ”
စစ်မှန်သော ပညာရှင်တစ်ယောက်ကဲ့သို့ပင် နွန်းဂတ်၏ လျှာသည် ချောမွေ့စွာ လှုပ်ရှားနေ၏။
“မီး မိုး ဓားဂိုဏ်းက ခွဲထွက် နည်းစနစ် တစ်ခုနဲ့တင် မြင်းဖြူကျောင်းတော်ရဲ့ အန္တိမ သိုင်းပညာကို လွှမ်းမိုးနိုင်ခဲ့တယ်။ တကယ်လို့ ဒီလို ကောလာဟလမျိုးသာ ပြန့်သွားရင် သိုင်းလောကက လူတွေက မီး မိုး ဓားဂိုဏ်းကို လေးစားကြမလား။ ဒါမှမဟုတ် သရော်ကြမလား။ ”
ထိုအချိန်တွင် ယူဝူးဆွန်းနှင့် ဂိုဂွန်ဖြောင်းတို့၏ မျက်နှာထားများမှာ သိသိသာသာ ပြောင်းလဲသွားတော့သည်။ ထို ဂိုဏ်းနှစ်ခုမှာ အလွန်ရင်းနှီးသော ဆက်ဆံရေး ရှိကြပြီး သူတို့က ဤအခွင့်အရေးကို အသုံးချကာ သူတို့၏ မျက်စိစူးစရာ ဖြစ်နေသော ဘူအွန်ဆောလ်ကို ရှင်းလင်းပစ်ရန် ရည်ရွယ်ခဲ့ကြခြင်း ဖြစ်သည်။
သို့သော် နောက်ဆုံးတွင် မြင်းဖြူကျောင်းတော်နှင့် မီး မိုး ဓားဂိုဏ်းတို့၏ အန္တိမ သိုင်းပညာများ အချင်းချင်း ထိပ်တိုက်တွေ့ဆုံခဲ့ကြပြီး အနိုင်အရှုံးပင် ဆုံးဖြတ်ပြီးသား ဖြစ်သွားခဲ့သည်။ ၎င်းမှာ ဂိုဏ်းနှစ်ခုလုံး လုံးဝ မလိုလားခဲ့သော ရလဒ်ဖြစ်သည်မှာ သေချာလှ၏။
“ဒါက...။ ”
ဂိုဂွန်ဖြောင်းက စကားထစ်ငေါ့နေစဉ် ယူဝူးဆွန်းက အေးစက်စွာ ပြောလိုက်သည်။
“ဒါက အဓိက နန်းတော်အတွင်းက လူနည်းစုပဲ သိတဲ့ လျှို့ဝှက် စမ်းသပ်မှု တစ်ခုပဲ။ ဒီအချက်ကို အပြင်လူတွေ လုံးဝ မသိစေရဘူး။ ”
“သြော်...။ နားလည်ပါပြီ။ ”
နွန်းဂတ်က ယိမ်းထိုးနေသော်လည်း မတ်မတ်ရပ်နေဆဲဖြစ်သော ဘူအွန်ဆောလ်ထံသို့ ဖြည်းညှင်းစွာ ချဉ်းကပ်သွားပြီး သူ့ကို တွဲကူလိုက်သည်။ ထို့နောက် သူက လေးနက်သော အသံဖြင့် ကြွေးကြော်လိုက်၏။
“ဒါဆို ငါ ထပ်မေးမယ်။ သဘောတူညီချက်ကို ဒီအတိုင်းပဲ လိုက်နာမှာလား။ ”
ဂေါ့ဂယိုဘုံက ယူဝူးဆွန်းနှင့် ဂိုဂွန်ဖြောင်းတို့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။
“သေချာတာပေါ့။ ”
“ဒါဆို အကြီးအကဲ ဂေါ့ က နောက်တစ်ကြိမ်လောက် ထပ်ပြီး အတည်ပြုပေးပါဦး။ ”
“အင်း။ ”
နွန်းဂတ်၏ တောင်းဆိုမှုကြောင့် ဂေါ့ဂ်ယိုဘုံက ညည်းညူသံ တစ်ချက်ပြုလိုက်ပြီးနောက် ကျယ်လောင်သော အသံဖြင့် ပြောလိုက်သည်။
“ဒီနေ့က စပြီး နန်ယာ ပွဲကြည့်စင်ရဲ့ တပည့် ဘူအွန်ဆောလ်ကို နတ်ဆိုး ဆက်ခံသူ ဆယ်ယောက်ထဲက တစ်ယောက်အဖြစ် နောက်တစ်ကြိမ် ထပ်မံ အတည်ပြုလိုက်ပြီ။ သူ့ကို ဓား အသုံးပြုခွင့် ပိတ်ပင်ထားတာကိုလည်း ရုပ်သိမ်းပေးလိုက်ပြီ။ ”
“ကျေးဇူးတင်ပါတယ်။ ”
နွန်းဂတ်က လေးစားမှု ပြသသည့်အနေဖြင့် လက်နှစ်ဖက်ကို ယှက်လိုက်ပြီးနောက် ဘူအွန်ဆောလ်ကို ကြည့်လိုက်သည်။
“မင်း ပင်ပန်းသွားပြီ။ ”
ထို့နောက် သူက အဆုံးအစမရှိ သာယာညင်သာသော အသံဖြင့် ပြောလိုက်သည်။
“နန်ယာ ပွဲကြည့်စင်ရဲ့ တပည့်တစ်ယောက်အနေနဲ့ မင်းက ရှက်စရာကောင်းတဲ့ အချက် တစ်ချက်ကလေးတောင် မပြသခဲ့ဘူး။ ”
“...။ ”
ဘူအွန်ဆောလ်၏ မျက်လုံးများ ကျယ်ကျယ်ပွင့်နေဆဲ ဖြစ်သော်လည်း သူ ပြန်မဖြေနိုင်ခဲ့ပေ။ သူ၏ ကလီစာများမှာ နေရာရွေ့နေပြီဖြစ်ပြီး သူ၏ အသက်စွမ်းအင်များမှာလည်း ပေါက်ကွဲကာ လိမ်ယှက်နေခဲ့ပြီ ဖြစ်သည်။ သို့သော် စမ်းသပ်မှု မပြီးဆုံးမချင်း သူက အစွမ်းကုန် ကြိုးစားကာ မတ်မတ်ရပ်နေခဲ့ခြင်း ဖြစ်၏။
နွန်းဂတ်က ပြုံးလျက်ပင် ဂုဏ်ယူနေသော အမူအရာဖြင့် ထပ်ပြောသည်။
“အားလုံး ပြီးသွားပါပြီ။ မင်း လဲကျလို့ ရပါပြီ။ ”
သူ့စကား ဆုံးသည်နှင့် တစ်ပြိုင်နက်တွင် ဖြစ်သည်။
ဘူအွန်ဆောလ်က နွန်းဂတ်၏ ရင်ခွင်ထဲသို့ လဲကျသွားတော့သည်။
ကျီ... ကျီ... ကျီ...။
ငှက်ကလေးများ၏ အော်မြည်သံကြောင့် ဘူအွန်ဆောလ်၏ မျက်လုံးများ ပွင့်လာတော့သည်။
သူက အလျင်စလို ထိုင်လိုက်ရာ နူးညံ့သော စောင်တစ်ထည်ပါရှိသည့် ကုတင်တစ်လုံးပေါ်တွင် ရောက်နေကြောင်း တွေ့လိုက်ရသည်။ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည့်အခါ အဆင့်မြင့် ပရိဘောဂများဖြင့် အလှဆင်ထားသော ဇိမ်ခံအခန်းတစ်ခု၏ မြင်ကွင်းကို တွေ့လိုက်ရ၏။
ငါ ဘယ်ရောက်နေတာလဲ။
ဘူအွန်ဆောလ်က ကုတင်ပေါ်မှ ဖြည်းညှင်းစွာ ဆင်းလိုက်သည့်အခါ ကမ္ဘာကြီးတစ်ခုလုံး လည်ထွက်နေသကဲ့သို့ မူးဝေလာသည်ကို ခံစားလိုက်ရသည်။
“အ့ါ။ ”
ဘူအွန်ဆောလ်က နားထင်ကို ဖိကာ တိုးတိုးလေး ညည်းတွားလိုက်မိသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ သွေးများ အကုန် စုပ်ထုတ်ခံလိုက်ရသကဲ့သို့ အားနည်းနေပြီး လှုပ်ရှားလိုက်တိုင်း သူ၏ ကြွက်သားများက နာကျင်စွာ အော်ဟစ်နေကြ၏။ သုံးရက် သုံးညတိတိ တုတ်ဖြင့် ရိုက်နှက်ခံထားရသကဲ့သို့ ခံစားနေရသည်။
“ငါ သေချာပေါက်...။ ”
ကုတင်ပေါ်တွင် ကွေးကွေးလေး ထိုင်ရင်း ဘူအွန်ဆောလ် မျက်မှောင်ကြုတ်လိုက်မိသည်။ ဘယ်လောက်ပဲ ပြန်စဉ်းစားကြည့်ဖို့ ကြိုးစားပေမဲ့ နဂါးနက် တပ်ဖွဲ့ ခေါင်းဆောင် ဂိုဂွန်ဖြောင်း၏ နောက်ဆုံး သတ်ဖြတ်ကွက်ကို တုနှိုင်းမဲ့ မိုးကြိုးလျှပ်စီး နဲ့ ပြန်လည် တုံ့ပြန်ခဲ့သည့် အချိန်အထိသာ သူ မှတ်မိတော့သည်။
အဲဒီတုန်းက ငါ ပြင်းထန်တဲ့ အတွင်းဒဏ်ရာတွေ ရသွားခဲ့တာပဲ။
သူ၏ ခန္ဓာကိုယ် အခြေအနေ ဆိုးရွားနေသည်ကို ခံစားမိသည့်အတွက် ဘူအွန်ဆောလ်က အလိုအလျောက်ပင် စွမ်းအင်များကို စတင် လှည့်ပတ်လိုက်တော့သည်။
စွမ်းအင်များကို စတင် လှည့်ပတ်လိုက်သည်နှင့် ဘူအွန်ဆောလ်က ထူးဆန်းသော တုန်ခါမှုတစ်ခုကို ခံစားလိုက်ရပြီး တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိသွားသည်။
ဒါ ဘာကြီးလဲ။
သူ အောက်ပိုင်း ချက်အောက်တွင် စုဆောင်းထားသော စစ်မှန်သည့် စွမ်းအင်များကို ပြောင်းပြန် အန္တိမ ကျင့်စဥ်ဖြင့် သူ၏ ခြေလက် လေးဖက်နှင့် သွေးကြောပေါင်း တစ်ရာဆီသို့ ပျံ့နှံ့စေရန် ကြိုးစားလိုက်သော်လည်း သူ၏ ခန္ဓာကိုယ်အတွင်း၌ စစ်မှန်သော စွမ်းအင် လမ်းကြောင်းများစွာ လှုပ်ရှားနေပြီးသား ဖြစ်နေသည်ကို သူ တွေ့လိုက်ရသည်။
ဒါက နာကျင်မှုကို ဖြစ်စေတဲ့ အကြောင်းရင်းပဲ။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အားနည်းနေပြီး ကြွက်သားများ နာကျင်နေရခြင်း၏ အကြောင်းရင်းမှာ သူ သတိလစ်နေစဉ်အတွင်း သူ၏ ခန္ဓာကိုယ်ထဲတွင် အစွမ်းထက်သော စစ်မှန်သည့် စွမ်းအင်တစ်ခု ဖြစ်ပေါ်လာခဲ့ခြင်းကြောင့် ဖြစ်သည်။
မင်းရဲ့ ချက်အောက်မှာ သိုင်းဆရာတစ်ယောက်အနေနဲ့ ဆယ်နှစ်ကျော် ပြင်းပြင်းထန်ထန် လေ့ကျင့်မှ ရနိုင်မယ့် အတွင်းအားတွေ ရှိနေပြီ။
သံတံခါး တောင်ထွတ်တွင် ဟော့ဂွမ်ဂန်နှင့် ပထမဆုံး တွေ့ဆုံစဉ်က ကြားခဲ့ရသော စကားများကို ရုတ်တရက် သတိရသွားသည်။
ဒါ့အပြင် အဲဒါက စစ်မှန်တဲ့ စွမ်းအင် အခြေအနေမှာ ရှိနေတယ်။ တကယ်လို့ ငုပ်လျှိုးနေတဲ့ သွေးကြောအဆစ် တစ်ခုသာ ပွင့်သွားရင် မင်းရဲ့ အတွင်းအားတွေက မျက်စိတစ်မှိတ်အတွင်း တိုးပွားလာလိမ့်မယ်။
ငါ့ရဲ့ ငုပ်လျှိုးနေတဲ့ သွေးကြောအဆစ်တွေ ပွင့်သွားပြီပဲ။
ဘူအွန်ဆောလ်၏ အသက်စွမ်းအင်များက မြင်းဖြူ နှင်တံ ကြာပွတ် သိုင်းကြောင့် အကြိမ်ကြိမ် တုန်လှုပ်သွားခဲ့ရသည်။ ပြောင်းပြန် အန္တိမ ကျင့်စဥ်က သူ၏ အသက်စွမ်းအင်များကို ကုသပေးလိုက်သည်နှင့်အမျှ သူ၏ ငုပ်လျှိုးနေတဲ့ သွေးကြောအဆစ် များ ပွင့်လာခဲ့ခြင်း ဖြစ်သည်။
ရှုး...။
သူ၏ စွမ်းအင် လှည့်ပတ်မှု နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားသည့်အခါ ဘူအွန်ဆောလ်၏ နဖူးမှ အဖြူရောင် ရေနွေးငွေ့များ ထွက်ပေါ်လာတော့သည်။
သူ၏ လည်ပင်း သွေးကြောအဆစ်မှနေ၍ အလယ်ဗဟို သွေးကြောအဆစ်အထိ စုဆောင်းထားသော စစ်မှန်သည့် စွမ်းအင်များကို သူ၏ ခြေလက် လေးဖက်နှင့် သွေးကြောပေါင်း တစ်ရာဆီသို့ ပျံ့နှံ့စေပြီးနောက် ဘူအွန်ဆောလ် မျက်လုံးပွင့်လာခဲ့သည်။
တစ်ခါမှ ဒဏ်ရာ မရခဲ့ဖူးသူ တစ်ယောက်ကဲ့သို့ တောက်ပသော အလင်းတန်းတစ်ခုက သူ၏ သူငယ်အိမ်များတွင် လက်ဖျပ်သွား၏။
ဖောင်း...။
တစ်ချိန်တည်းမှာပင် သန်းနှင့်ချီသော အနီရောင် အလင်းစက်လေးများက ဘူအွန်ဆောလ်၏ သူငယ်အိမ်များအတွင်း ထွက်ပေါ်လာသည်။
ပြောင်းပြန် အန္တိမ မီး အလင်းတန်း။
ပြောင်းပြန် အန္တိမ ကျင့်စဥ်၏ တတိယအလွှာသို့ ရောက်ရှိသွားသည့်အခါ ပေါ်ပေါက်လာတတ်သော ဖြစ်စဉ်တစ်ခု ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။
ကျွိ...။
ထိုစဉ် တံခါးပွင့်လာပြီး အစိမ်းရောင် ဝတ်ရုံဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်က လက်ဖက်ရည် ပန်းကန်လုံး တင်ထားသော ဗန်းတစ်ချပ်ကို ကိုင်ဆောင်ကာ ဝင်လာခဲ့သည်။
“အာ။ ”
ဘူအွန်ဆောလ် ကုတင်ပေါ်တွင် ထိုင်နေသည်ကို မြင်လိုက်ရသည့်အခါ သူမ၏ မျက်လုံးများ ကျယ်လာတော့သည်။
“နိုးလာပြီပဲ။ ”
ထိုအမျိုးသမီးက သတိထားကာ ချဉ်းကပ်လာရင်း ပြောလိုက်သည်။
“ခန္ဓာကိုယ် အခြေအနေ ဘယ်လိုနေလဲ။ ”
“ဒါ ဘယ်နေရာလဲ။ ”
ထိုအမျိုးသမီးက ဗန်းကို စားပွဲပေါ်တွင် တင်လိုက်ပြီး ပြောသည်။
“ဒါက ဂျစ်မာဟွန်း ပါ။ ”
“ဂျစ်မာဟွန်း။ ”
“အဲဒါ အကြီးအကဲ စံအိမ်က သခင်ကြီး နေထိုင်တဲ့ နေရာပါ။ ”
အကြီးအကဲ။
ဘူအွန်ဆောလ် မျက်မှောင်ကြုတ်လိုက်မိသည်။ သူ့ကို ကုသပေးရန် ရည်ရွယ်ချက်သာဆိုလျှင် ဆေးဘုရင် ခန်းမတွင်သာ ထားခဲ့လို့ ရပါသည်။ သူ လဲကျသွားပြီးနောက် အကြီးအကဲ၏ စံအိမ်သို့ အဘယ်ကြောင့် ခေါ်ဆောင်လာရသနည်း။
“ကျွန်တော် ဒီမှာ ရှိနေတာ ဘယ်လောက်ကြာပြီလဲ။ ”
“ဒီနေ့ဆို သုံးရက်မြောက်နေ့ပါပဲ။ ”
ဘူအွန်ဆောလ်၏ မျက်လုံးများ ရေပြင်ကဲ့သို့ လှိုင်းထသွားသည်။ သူက ခဏတာမျှသာ သတိလစ်သွားသည်ဟု ထင်မှတ်ထားခဲ့သော်လည်း အချိန်များစွာ ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဘူအွန်ဆောလ် စကားစလိုက်သည်။
“ပြီးတော့ ခင်ဗျားက...။ ”
“ကျွန်မ နာမည်က ဂျင်ဆောလ် ပါ၊ အကြီးအကဲကို အလုပ်အကျွေး ပြုစုနေသူပါ။ ”
အစေခံမလေး တစ်ယောက်အတွက် သူမ၏ အမူအရာနှင့် စကားပြောဆိုပုံမှာ ထက်မြက်လှပြီး သူမ၏ အသွင်အပြင်မှာလည်း မြင့်မြတ်လှသည်။ သူမ၏ မျက်ဝန်းများမှ ထက်မြက်သော အရိပ်အယောင်များ ဖြာထွက်နေသည့်အတွက် သူမက အတွင်းအားကိုပင် သင်ယူထားပုံရ၏။
ဘယ်လိုပဲ ကြည့်ကြည့် သူမက အောက်ခြေ အလုပ်တွေကို လုပ်တဲ့ အမျိုးသမီးနဲ့ မတူဘူး။
နတ်ဆိုးနန်းတော်၏ ခေါင်းဆောင်များကို အလုပ်အကျွေး ပြုစုသူများမှာ သိုင်းပညာ သင်ယူထားသော ထူးချွန်သည့် ပုဂ္ဂိုလ်များချည်းသာ ဖြစ်ကြသည်။ ထို့အပြင် အကြီးအကဲကဲ့သို့ အရေးကြီးသော ပုဂ္ဂိုလ်တစ်ယောက်ကို ပြုစုစောင့်ရှောက်သူကို သာမန် အစေခံမလေးဟု မခေါ်ဆိုနိုင်ပေ။ သူမတို့က မြင့်မားသော ရာထူးတစ်ခုကို ရယူထားကြသူများ ဖြစ်သည်။
သို့သော် သိုင်းလောက၏ အကြောင်းအရာများကို လုံးဝ နားမလည်သော ဘူအွန်ဆောလ်ကတော့ သူမကို သာမန် အစေခံတစ်ဦးဟုသာ ထင်မှတ်နေခဲ့သည်။
“ပြောစရာ တစ်ခုခု ရှိလို့လား။ ”
သူမက ခေါင်းကို အနည်းငယ် ငုံ့လိုက်သည့်အခါ ဘူအွန်ဆောလ်က မေးလိုက်သည်။
“ကျွန်တော် ဘာလို့ ဒီကို ရောက်နေတာလဲ။ ”
“လူငယ်သခင်လေးကို သေချာ ဂရုစိုက်ဖို့ပဲ ကျွန်မကို အမိန့်ပေးထားတာပါ။ ”
အဲဒီလိုလား။
အခြေအနေကို ခပ်ရေးရေး နားလည်သွားသော ဘူအွန်ဆောလ်က မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။
ဒီ စမ်းသပ်မှုက နတ်ဆိုးနန်းတော် အတွင်းက လူနည်းစုပဲ သိတဲ့ ကိစ္စတစ်ခုပဲ။
စမ်းသပ်မှုကို ကြီးကြပ်ခဲ့သော ဂေါ့ဂ်ယိုဘုံက အကြီးအကဲ စံအိမ်မှ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။ တစ်နည်းအားဖြင့် ဤစမ်းသပ်မှုကို အကြီးအကဲ စံအိမ်၏ ဦးဆောင်မှုအောက်တွင် ရှင်းလင်းစွာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ဘူအွန်ဆောလ် ဒဏ်ရာရသွားသည့်အခါ သူ့ကို ဤနေရာတွင် လျှို့ဝှက်စွာ ကုသပေးခဲ့ခြင်း ဖြစ်ပုံရသည်။
“သခင်မလေး ဂျင်ဆန်ဟွာ။ ”
သက်ကြီးရွယ်အို အမျိုးသမီးတစ်ယောက်၏ အသံက တံခါးအပြင်ဘက်မှ ပဲ့တင်ထပ်လာသည်။
“လူငယ်သခင်ကို အတွင်းခန်းမဆီ ခေါ်လာဖို့ အကြီးအကဲက တောင်းဆိုထားပါတယ်။ ”
ထိုစကားကြောင့် ဂျင်ဆောလ်က အသံနိမ့်နိမ့်ဖြင့် ပြန်ဖြေလိုက်သည်။
“နားလည်ပါပြီ။ ”
ထို့နောက် သူမက ဘူအွန်ဆောလ်ကို ရိုသေစွာ ပြောလိုက်၏။
“ကျွန်မ နောက်ကို လိုက်ခဲ့ပေးပါ။ ”
“ဘယ်ကို သွားမှာလဲ။ ”
ဘူအွန်ဆောလ်က မေးလိုက်သည့်အခါ ဂျင်ဆောလ်က တိုးတိုးလေး ပြောသည်။
“အကြီးအကဲ ရှိတဲ့ နေရာကိုပါ။ ”
အပိုင်း ၄၀ ပြီး၏။