ထိုလူသည် မျက်လုံးများကိုဖွင့်ကြည့်လိုက်ရာ အသက်တစ်ဆယ့်ငါး၊ တစ်ဆယ့်ခြောက် နှစ်အရွယ်လူငယ်လေးတစ်ဦးကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားတော့သည်။
"သခင်လေး... သခင်လေးကကျွန်တော့်ကို ကယ်တင်ခဲ့တာလား" ဟု သူက ပတ်ဝန်းကျင်ကို ထူးဆန်းစွာ ကြည့်ရင်းမေးလိုက်သည်။
ရန်ရှောက်ထျန်းက ခေါင်းညိတ်ပြလိုက်သည်။
"ကျွန်တော်ကယင်လေဂိုဏ်းကချီဟွေ့ပါ၊ သခင်လေးကျွန်တော့်ကိုကယ်တင်ပေးခဲ့တဲ့ အတွက်ကျေးဇူးအများကြီးတင်ပါတယ်" ဟု ထိုလူကကျေးဇူးတင်သောမျက်နှာအမူအရာဖြင့် လက်အုပ်ချီကာပြောလိုက်သည်။
"ခင်ဗျားက ယင်လေဂိုဏ်းကလား"
ရန်ရှောက်ထျန်းမှာ လန့်သွားတော့သည်။
"ဟုတ်ပါတယ်"
ချီဟွေ့က ပြုံးလိုက်ပြီး
"သခင်လေးရဲ့ နာမည်ကို သိပါရစေ"
"ချန်ဆန်းစံအိမ်တော်က၊ ရန်ရှောက်ထျန်းပါ"
ရန်ရှောက်ထျန်းက ခဏမျှစဉ်းစားလိုက်ပြီးနောက် မနက်ဖြန်တွင်ယင်လေဂိုဏ်းသို့ သွား မည်ဖြစ်ရာ သူ၏နာမည်ကို ပြောပြရန်ဆုံးဖြတ်လိုက်လေသည်။
သူ့ရှေ့ရှိ လူငယ်လေးမှာချန်ဆန်းစံအိမ်တော်မှ ရန်ရှောက်ထျန်းဖြစ်ကြောင်း ကြားလိုက်ရ သောအခါ ချီဟွေ့မှာ အလွန်အမင်းတုန်လှုပ်သွားပြီး အမြန်ပင်ထရပ်လိုက်ကာ
"သခင်လေး... သခင်လေးက ဧကရာဇ်သုံးထောင် ရန်နတ်ဘုရားပဲ"
တစ်ဖက်လူ၏ တုံ့ပြန်မှုကိုမြင်သောအခါ ရန်ရှောက်ထျန်းက ပြုံးလိုက်ပြီး
"ကျွန်တော် ရန်ရှောက်ထျန်းပါ"
ဧကရာဇ်သုံးထောင်ရန်နတ်ဘုရားဆိုသည့်နာမည်မှာ ဖော်ယွမ်အင်ပါယာရှိ ယင်လေဂိုဏ်း တပည့်များအထိပင် ပြန့်နှံ့သွားပုံရလေသည်။
ချီဟွေ့သည် သူ့ရှေ့ရှိလူငယ်လေးမှာ ဧကရာဇ်သုံးထောင်ရန်နတ်ဘုရားဖြစ်ကြောင်း သိလိုက် ရသဖြင့် အလွန်အမင်းစိတ်လှုပ်ရှားသွားပြီး အနည်းငယ်ပင်ပျာယာခတ်သွားတော့သည်။
"ရန်နတ်ဘုရား စီနီယာကို ဒီနေရာမှာ တွေ့ရလိမ့်မယ်လို့ ကျွန်တော်တစ်ခါမှမမျှော်လင့်ထား ခဲ့ဘူး"
"မဟုတ်ဘူး... ရန်နတ်ဘုရား သခင်လေးပါ၊ ကျွန်တော် တောင်းပန်ပါတယ်"
သူသည် စိတ်လှုပ်ရှားလွန်းသဖြင့် စကားများပင် ထစ်အကုန်တော့သည်။
ရန်ရှောက်ထျန်း၏ ခန့်မှန်းချက်မှာ မှန်ကန်လေသည်။ သူ၏ဧကရာဇ်သုံးထောင် ရန်နတ် ဘုရား ဆိုသည့်နာမည်မှာ ချန်ဆန်းတိုက်ကြီးတစ်ခုလုံးသို့ ပျံ့နှံ့နေသည်မှာ ကြာပြီဖြစ်လေသည်။
ချန်ဆန်းတိုက်ကြီးပေါ်ရှိ စူပါဂိုဏ်းများမှတပည့်အမြောက်အမြားမှာ သူ့ကို အလွန်အမင်း အားကျလေးစားနေကြလေသည်။
ယခုအခါ စူပါဂိုဏ်းများနှင့် မိသားစုများမှတပည့်များစွာသည် ရန်ရှောက်ထျန်းကိုတစ်ခါမျှ ဖြစ်စေ တွေ့ဆုံရန်အတွက် တောင်တန်းနှင့်မြစ်များကိုဖြတ်ကျော်ကာ ချန်ဆန်းစံအိမ်တော်အထိ သွားရောက်ချင်နေကြလေသည်။
တစ်ဖက်လူ၏ စိတ်လှုပ်ရှားမှုကိုမြင်သောအခါ ရန်ရှောက်ထျန်းကပြုံးလိုက်ပြီး
"ခင်ဗျား ယင်လေဂိုဏ်းကိုပြန်မှာလား။ ကျွန်တော်မနက်ဖြန်ယင်လေဂိုဏ်းကိုလာဖို့ စီစဉ် ထားတယ်"
ရန်ရှောက်ထျန်းသည် မနက်ဖြန်တွင် သူတို့၏ယင်လေဂိုဏ်းသို့လာမည်ဟု ကြားလိုက်ရ သဖြင့် ချီဟွေ့မှာပို၍ပင်စိတ်လှုပ်ရှားပြီးဝမ်းသာသွားတော့သည်။
"ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ကျွန်တော်လည်း ယင်လေဂိုဏ်းကို ပြန်မှာပါ"
ရန်ရှောက်ထျန်းက တစ်ဖက်လူကိုထိုင်ခိုင်းလိုက်ပြီးနောက် အရက်တစ်ဘူးထုတ်ပေးလိုက် လေသည်။
ချီဟွေ့သည် သူ၏လက်ကိုသူ၏အဝတ်အစားတွင် အမြန်သုတ်လိုက်ပြီးနောက် ရိုသေလေး စားစွာနှင့် စိတ်လှုပ်ရှားစွာဖြင့် ယူလိုက်ကာ ရန်ရှောက်ထျန်းကို ဦးညွှတ်ပြီး ကျေးဇူးတင်ရန် မမေ့ပေ။
"သိပ်ပြီး အားနာမနေပါနဲ့"
ရန်ရှောက်ထျန်းက ပြုံးလိုက်ပြီး ထိုသူနှင့် ပေါ့ပေါ့ပါးပါး စကားစမြည် ပြောလိုက်လေသည်။
ရန်ရှောက်ထျန်းက အားမနာရန်ပြောသော်လည်း ထိုသူမှာအလွန်အမင်းအားနာနေပြီး စိတ်လှုပ်ရှားနေဆဲ ဖြစ်ကာ ရန်ရှောက်ထျန်းကို အားကျသောအကြည့်များဖြင့် ကြည့်နေတော့သည်။
စကားပြောရင်းနှင့် သူတို့နှစ်ဦးမှာ တဖြည်းဖြည်း ပို၍ ရင်းနှီးလာကြသည်။
"ရန်နတ်ဘုရားသခင်လေးက ကျွန်တော်တို့ယင်လေဂိုဏ်းကို ဘာကိစ္စနဲ့ကြွလာတာ လဲဆိုတာ မေးလို့ရမလား" ဟု ချီဟွေ့က ရိုသေလေးစားစွာဖြင့် ဂရုတစိုက် မေးလိုက်သည်။
"ခင်ဗျားတို့ရဲ့ ရှေးဟောင်းဘိုးဘေးကြီးတိန့်ဖုန်းနဲ့ဆွေးနွေးစရာလေးရှိလို့ပါ" ဟု ရန်ရှောက် ထျန်းက ဖုံးကွယ်မထားဘဲ ပြောလိုက်သည်။
လက်ရှိ ယင်လေဂိုဏ်း၏အစွမ်းအထက်ဆုံး ရှေးဟောင်းဘိုးဘေးကြီးမှာတိန့်ဖုန်း ဖြစ်ပြီး သူသည် အသက်အရှည်ဆုံးလည်းဖြစ်ရာ ထာဝရကောင်းကင်ခေါင်းတလားအကြောင်း တစ်ခုခု သိနိုင်မည်ဟု သူ ထင်လေသည်။
ချီဟွေ့မှာလန့်သွားပြီး
"သခင်လေးရန်က ကျွန်တော်တို့ရှေးဟောင်းဘိုးဘေးကြီးကိုတွေ့ချင်တာလား"
သူက တုံ့ဆိုင်းသွားပြီး
"သခင်လေးရန် မသိသေးတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ ကျွန်တော်တို့ရှေးဟောင်းဘိုး ဘေးကြီးက ထာဝရကောင်းကင်သင်္ချိုင်းကနေပြန်လာကတည်းက လွန်ခဲ့တဲ့ နှစ်နှစ်လုံးလုံး တံခါးပိတ် ကျင့်ကြံနေတာပါ"
"တခြားဂိုဏ်းတွေက ရှေးဟောင်းဘိုးဘေး အမြောက်အမြားလာရောက်ကြပေမယ့် ဘယ်သူ မှ သူ့ကို မတွေ့နိုင်ခဲ့ကြဘူး"
ရန်ရှောက်ထျန်းမှာ အံ့အားသင့်သွားတော့သည်။
လွန်ခဲ့သော နှစ်နှစ်ကထာဝရကောင်းကင်သင်္ချိုင်းမှပြန်လာကတည်းက တံခါးပိတ်ကျင့်ကြံ နေခဲ့သည်တဲ့လား။
လွန်ခဲ့သော နှစ်နှစ်ကထာဝရကောင်းကင်သင်္ချိုင်းအတွင်းသို့ ပထမဆုံးဝင်ရောက်စဉ်က ကြုံတွေ့ခဲ့ရသော ယင်လေဂိုဏ်းမှ ပညာရှင်များကို သူ မနေနိုင်ဘဲ သတိရသွားတော့သည်။
ဒါဆို တိန့်ဖုန်းက အဲဒီအချိန်ကတည်းက တံခါးပိတ်ကျင့်ကြံနေတာပေါ့။
ရန်ရှောက်ထျန်းသည် ထိုမေးခွန်းကို ဆက်မတွေးတော့ဘဲ တစ်ဖက်လူ၏ ခန္ဓာကိုယ်အတွင်းရှိ ရေခဲအဆိပ်အကြောင်းကို ပြောင်းလဲမေးလိုက်လေသည်။
ရန်ရှောက်ထျန်းက ရေခဲအဆိပ်အကြောင်းမေးသည်ကိုကြားသောအခါ ချီဟွေ့က
"အဲဒါ အဆိပ်နဂါးနန်းတော်ကလူတွေလုပ်တာပါ၊ မနေ့တစ်နေ့က ကျွန်တော်ဆေးဖက်ဝင် အပင်တွေရှာဖို့အတွက် မရေရာတဲ့တောင်ကြားထဲကိုဝင်သွားတုန်းက အဆိပ်နဂါးနန်းတော်က တပည့်တွေနဲ့ ကြုံခဲ့တာပါ"
"အဲဒီ အဆိပ်နဂါးနန်းတော်က တပည့်တွေက အရမ်းယုတ်မာပြီးအရှက်မရှိကြဘူး၊ သူတို့က ကျွန်တော့်ကို နောက်ကနေချောင်းမြောင်းတိုက်ခိုက်ခဲ့ကြတာ။ အဲလိုသာမဟုတ်ရင် ကျိုးမော်နဲ့ တခြားနှစ်ယောက်က ကျွန်တော့်ရဲ့ ပြိုင်ဘက်
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ဤအကြောင်းကို ပြောသောအခါ သူသည် အလွန်အမင်း ဒေါသထွက်နေလေသည်။
အဆိပ်နဂါးနန်းတော်နှင့် ယင်လေဂိုဏ်းတို့မှာ ဖော်ယွမ်အင်ပါယာရှိအစွမ်းအထက်ဆုံး စူပါဂိုဏ်းကြီး နှစ်ခု ဖြစ်သော်လည်း ထိုနှစ်ဖွဲ့မှာ မျိုးဆက်ပေါင်းများစွာ ရန်ငြိုးထားခဲ့ကြပြီး သူတို့၏ တပည့်များမှာလည်း မကြာခဏဆိုသလို သွေးထွက်သံယို တိုက်ပွဲများ ဖြစ်ပွားလေ့ရှိကြလေသည်။
ချီဟွေ့က ခဏမျှတုံ့ဆိုင်းသွားပြီးနောက်
"အဆိပ်နဂါးနန်းတော်ရဲ့ ရှေးဟောင်းဘိုးဘေးအမှောင်နဂါးက ရှေးဟောင်းမိစ္ဆာစစ်မြေပြင် ကနေပြန်ရောက်လာပြီလို့ ကျွန်တော်ကြားတယ်။ မကြာသေးခင်ကအဆိပ်နဂါးနန်းတော်က တပည့် တွေက အရမ်းကိုမောက်မာနေကြတယ်" ဟု ပြောလိုက်သည်။
ရန်ရှောက်ထျန်းမှာ တုန်လှုပ်သွားပြီး
"အမှောင်နဂါး"
လွန်ခဲ့သော နှစ်တစ်သန်းအတွင်း ချန်ဆန်းတိုက်ကြီးတွင် အံ့မခန်းပါရမီရှင်များစွာ ပေါ်ထွက် ခဲ့လေသည်။
နတ်ဘုရားများ၏ အရှင်သခင်သည် တစ်ဦးဖြစ်လေသည်။
အမှောင်နဂါးသည်လည်း သေချာပေါက် တစ်ဦးဖြစ်လေသည်။
အမှောင်နဂါးသည် နတ်ဘုရားများ၏အရှင်သခင်မပေါ်မီ လွန်ခဲ့သောနှစ်တစ်သိန်းကျော် ကတည်းက ပြိုင်ဘက်ကင်းပညာရှင်တစ်ဦးဖြစ်ခဲ့လေသည်။ ထိုအချိန်ကသူသည်ဖော်ယွမ်အင် ပါယာတွင် ထိပ်တန်းပညာရှင်တစ်ဦး ဖြစ်ခဲ့လေသည်။
သို့သော် ထိုနောက်ပိုင်းတွင် အမှောင်နဂါးသည်ရှေးဟောင်းမိစ္ဆာစစ်မြေပြင်သို့ ဝင်ရောက် သွားခဲ့ပြီး မည်သည့်သတင်းမျှမကြားရတော့ပေ။
သူ သေဆုံးခြင်းမရှိဘဲ ယခုအချိန်တွင်မှ ရှေးဟောင်းမိစ္ဆာစစ်မြေပြင်ကနေ ပြန်လာလိမ့်မည် ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ချီဟွေ့က စိုးရိမ်သောပုံစံဖြင့်
"ဒါကို ကျွန်တော့်ဆရာဆီကကြားခဲ့တာပါ၊ အမှောင်နဂါးကမနေ့တစ်နေ့ကမှ ရှေးဟောင်း မိစ္ဆာစစ်မြေပြင်ကနေ ပြန်ရောက်လာတာလို့ သူကပြောပါတယ်"
အမှောင်နဂါး ပြန်ရောက်လာခြင်းမှာ ယင်လေဂိုဏ်းအတွက် သေချာပေါက်သတင်းကောင်း မဟုတ်ပေ။
အကယ်၍ အမှောင်နဂါးသာယင်လေဂိုဏ်းကိုတိုက်ခိုက်မည်ဆိုပါက ယင်လေဂိုဏ်းရှိ မည်သူမျှ သူ၏အရှိန်အဝါကိုတောင့်ခံနိုင်မည်မဟုတ်ပေ၊ သူတို့၏ရှေးဟောင်းဘိုးဘေးကြီး တိန့်ဖုန်း ပင်လျှင် ချွင်းချက်မဟုတ်ပေ။
ထို့နောက် ချီဟွေ့သည် ရန်ရှောက်ထျန်းကိုယင်လေဂိုဏ်းနှင့် အဆိပ်နဂါးနန်းတော်တို့၏ သမိုင်းဝင် အဖြစ်အပျက်များစွာကို ပြောပြခဲ့လေသည်။
ထိုအခါမှသာ ချီဟွေ့၏ဆရာမှာ ယခုလက်ရှိယင်လေဂိုဏ်း၏ဂိုဏ်းချုပ်ဖြစ်ကြောင်း ရန်ရှောက်ထျန်း သိသွားခဲ့လေသည်။
သူတို့နှစ်ဦး စကားပြောနေကြစဉ်မှာပင် ရုတ်တရက်အဝေးမှလေကိုခွဲလာသော အသံများ ထွက်ပေါ်လာပြီး ပုံရိပ်လေးခု သူတို့ရှေ့သို့ ဆင်းသက်လာခဲ့လေသည်။
ရောက်လာသူများကိုမြင်သောအခါ ချီဟွေ့ကဒေါသတကြီးဖြင့်
"ကျိုးမော်" ဟု အော်ဟစ်လိုက်လေသည်။
ရောက်လာသူများမှာ သူ့ကိုချောင်းမြောင်းတိုက်ခိုက်ခဲ့သော ကျိုးမော်နှင့် အဆိပ်နဂါးနန်း တော်မှ တခြားတပည့်များ ဖြစ်ကြလေသည်။
သို့သော် မရေရာတဲ့ တောင်ကြားတွင် သူတို့ သုံးယောက်သာ ရှိခဲ့သော်လည်း ယခုအခါတွင်မူ အသက်လတ်ပိုင်း အမျိုးသားတစ်ဦး ထပ်တိုးလာခဲ့လေသည်။
ထိုအမျိုးသားကို မြင်သောအခါ ချီဟွေ့၏မျက်နှာအမူအရာမှာ ပြောင်းလဲသွားတော့သည်၊ အကြောင်းမှာ ထိုအမျိုးသားမှာအဆိပ်နဂါးနန်းတော်၏လက်ရှိအဓိကတပည့်ဖြစ်သူ ဝူကျင်း ဖြစ်သောကြောင့်ပင်။
"ဟား …ဟား…ဟာ... ချီဟွေ့၊ မင်း ဒီလောက်မြန်မြန်ထွက်ပြေးနိုင်လိမ့်မယ်လို့ ငါ တို့မထင်ထားခဲ့ဘူး၊ ဒါပေမဲ့ဒီနေ့တော့ မင်းလွတ်မှာမဟုတ်တော့ဘူး" ဟု ကျိုးမော်က ရောက်လာပြီး နောက် ချီဟွေ့ကို ကြည့်ကာ လှောင်ပြုံးဖြင့် ပြောလိုက်သည်။
"ဒီကောင်လေးက ရေခဲအဆိပ်ကိုဖယ်ရှားလိုက်ပြီလား" ဟု အဆိပ်နဂါးနန်းတော် တပည့် တစ်ဦးက ချီဟွေ့၏ပုံစံကိုကြည့်ကာ ထူးဆန်းသောမျက်နှာအမူအရာဖြင့် ပြောလိုက်ပြီး ရန်ရှောက် ထျန်းကို ကြည့်ကာ
"ဒီကောင်လေးက မင်းရဲ့ ရေခဲအဆိပ်ကို ဖယ်ရှားပေးလိုက်တာလား" ဟု မေးလိုက်သည်။
ဝူကျင်းက ရန်ရှောက်ထျန်းကိုတစ်ချက်ကြည့်လိုက်ရာ အသက်တစ်ဆယ့်ငါး၊ တစ်ဆယ့် ခြောက်နှစ်အရွယ် ကောင်လေးတစ်ဦးသာဖြစ်ကြောင်းမြင်လိုက်ရသဖြင့် ဂရုမစိုက်တော့ဘဲ ကျိုးမော်နှင့် တခြားသူများကို
"မင်းတို့ သုံးယောက် ဒီကောင်လေးကို သွားကိုင်လိုက်" ဟု ပြောလိုက်သည်။
"ငါက ချီဟွေ့ကို ကိုင်တွယ်မယ်"
သူက ပြောပြောဆိုဆိုနှင့် သူ၏ဓားရှည်ကိုလှုပ်ယမ်းလိုက်ပြီး ချီဟွေ့ဆီသို့ထိုးလိုက်လေ သည်။
တစ်ချိန်တည်းမှာပင် ကျိုးမော်နှင့်တခြားသုံးယောက်မှာ ရန်ရှောက်ထျန်းကို တိုက်ခိုက်လိုက် ကြလေသည်။
ဝူကျင်းမှာ ဧကရာဇ်အဆင့်သတ္တမအလွှာတွင်ရှိပြီး ကျိုးမော်နှင့် တခြားသုံးယောက်မှာ လည်း အားမနည်းဘဲ ဧကရာဇ်အဆင့် ပထမအလွှာတွင် ရှိကြလေသည်။
ရန်ရှောက်ထျန်းသည် ကျိုးမော်နှင့် တခြားသုံးယောက် တိုက်ခိုက်လာသည်ကို မြင်သောအခါ လှည့်တောင်မကြည့်ဘဲ "ထွက်သွားစမ်း" ဟု အော်ဟစ်လိုက်လေသည်။
ထွက်သွားစမ်း။
ချက်ချင်းဆိုသလိုပင် ထိုအသံမှာနတ်ဘုရားမိုးကြိုးသံများ ပေါက်ကွဲသွားသည့်အလား ဖြစ်သွားတော့သည်။
ကျိုးမော်နှင့် တခြားသုံးယောက်သာမက ဝူကျင်းပင်လျှင် ထိုအသံ၏စွမ်းအားလှိုင်းဂယက် ရယ်ကြောင့် တစ်ပြိုင်နက်တည်း လွင့်ထွက်သွားတော့သည်။
သူတို့ လေးဦးစလုံးမှာ ဖျက်ဆီးခြင်းစွမ်းအားတစ်ခုဖြင့် အတိုက်ခံလိုက်ရသည့်အလား ရှေးဟောင်းသစ်ပင်များကိုပင်တိုက်မိလို့သွားပြီးနောက် အဝေးရှိမြေပြင်ပေါ်သို့ ပြုတ်ကျသွားကာ သဲများနှင့် ကျောက်တုံးများပင် လွင့်စင်သွားတော့သည်။
သူတို့ လေးဦးမှာလဲလျောင်းနေကြပြီး သူတို့၏ဝတ်စုံများမှာလည်း လုံးဝပျက်စီးနေကာ သူတို့၏ မျက်နှာများမှာ ထိတ်လန့်မှုများဖြင့်ပြည့်နှက်နေပြီး သေဆုံးသွားကြလေပြီသာဖြစ်တော့ သည်။
ချီဟွေ့သည် ရန်ရှောက်ထျန်းနှင့်ပတ်သက်သောဇာတ်လမ်းအမျိုးမျိုးကို ကြားဖူးထားလေပြီး သူ၏ ကြောက်မက်ဖွယ်တိုက်ခိုက်ရေးစွမ်းအားကို သိထားသော်လည်း ရန်ရှောက်ထျန်းက ဝူကျင်းနှင့် တခြားသုံးယောက်ကို အော်ဟစ်အမိန့်ပေးရုံမျှဖြင့်သတ်ပစ်လိုက်နိုင်သည်ကို ကိုယ်တိုင်မြင်လိုက် ရသောအခါ ထိတ်လန့်သွားဆဲ ဖြစ်လေတော့သည်။
ထိတ်လန့်သွားပြီးနောက်တွင် ချီဟွေ့၏ ရန်ရှောက်ထျန်းအပေါ် အားကျလေးစားမှုမှာလည်း ပို၍ပင် ပြင်းထန်လာတော့သည်။
ထို့နောက် ချီဟွေ့သည် ဝူကျင်းနှင့် တခြားသုံးယောက်၏ အလောင်းများကို ရှင်းလင်းလိုက်ပြီး
"ရန်နတ်ဘုရား သခင်လေး... ဒီနေရာကအကြာကြီးနေဖို့မသင့်တော်ဘူး။ ကျွန်တော်တို့ အခုပဲ ထွက်သွားကြရင် ဘယ်လိုလဲ" ဟု ပြောလိုက်သည်။
"ကောင်းပြီ"ဟုဆိုကာ ရန်ရှောက်ထျန်းက ခေါင်းညိတ်ပြလိုက်သည်။
ထို့ကြောင့် သူတို့နှစ်ဦးမှာ မဆိုင်းမတွဘဲ ယင်လေဂိုဏ်းဆီသို့အမြန်ထွက်ခွာသွားကြ တော့ သည်။
မိုးလင်းခါနီးတွင် သူတို့နှစ်ဦးမှာ နောက်ဆုံး၌ ယင်လေဂိုဏ်းသို့ ရောက်ရှိလာခဲ့လေသည်။
ထိုအချိန်တွင် အဆိပ်နဂါးနန်းတော်သည်လည်း ဝူကျင်းနှင့်ကျိုးမော်တို့ ပျောက်ဆုံးသွား သည့် သတင်းကို ရရှိခဲ့လေသည်။
အကယ်၍ သာမန်တပည့်များပျောက်ဆုံးသွားခြင်းဖြစ်ပါက ပြဿနာမရှိသော်လည်း ဝူကျင်း နှင့်ကျိုးမော်တို့မှာ သာမန်တပည့်များမဟုတ်ကြပေ။ ဝူကျင်းမှာအဆိပ်နဂါးနန်းတော်၏ အဓိက တပည့်ဖြစ်ပြီး အဆိပ်နဂါးနန်းတော်နန်းတော်သခင်၏ တိုက်ရိုက်တပည့်လည်းဖြစ်လေသည်။
***