အဆိပ်နဂါးနန်းတော်၏ရတနာများမှာ အမှန်တကယ်ပင်များပြားလှပေရာ ရန်ရှောက်ထျန်း မှာ အလွန်တရာဝမ်းမြောက်စွာဖြင့် ရွှေ့ပြောင်းနေတော့သည်။
နတ်ဘုရားအဆင့်ဆေးလုံးများမရှိနေခြင်းကသာ အနည်းငယ်နှမြောစရာကောင်းလှပေ သည်။
ရန်ရှောက်ထျန်းသည် ရတနာများကိုရွှေ့ပြောင်းနေစဉ်မှာပင် ဆေးနံ့သာအိုးဘိုးဘေးကို အကူညီခေါ် ရန်မမေ့ခဲ့ပေ။
ဆေးနံ့သာအိုးဘိုးဘေးသည်လည်း အလွန်တရာဝမ်းမြောက်စွာဖြင့် ထိုအရာများကိုစုပ်ယူ နေတော့သည်။
အဆိပ်နဂါးနန်းတော်မှာ ဖော်ယွမ်အင်ပါယာရှိအကြီးဆုံးဂိုဏ်းကြီးနှစ်ခုထဲမှ တစ်ခုဖြစ်ပြီး နှစ်သန်းပေါင်းများစွာသောအမွေအနှစ်များရှိနေခဲ့ရာ ၎င်း၏ဘဏ္ဍာတိုက်အတွင်းရှိ ပစ္စည်းများမှာ ဟွန်ချွမ်ဂိတ်၏ဂူဗိမာန်တစ်ခုတည်းနှင့်မနှိုင်းယှဉ်နိုင်ပေ၊ အကြောင်းမှာ ဟွန်ချွမ်ဂိတ်ဂူဗိမာန်မှာ ၎င်း၏ ဂိုဏ်းခွဲတစ်ခုမျှသာ ဖြစ်သောကြောင့်ပင်။
အဆိပ်နဂါးနန်းတော်ဘဏ္ဍာတိုက်တစ်ခုတည်းမှာပင် ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်တုံး တစ်သိန်းကျော်ရှိနေလေသည်။ ၎င်းမှာဟွန်ချွမ်ဂိတ်ဂူဗိမာန်ရှိ ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်တုံး များထက် အဆပေါင်းများစွာပိုများလေသည်။
မကြာသေးမီက ရန်ရှောက်ထျန်းသည် တွင်းနက်ကြီးပျံသန်းရေးယာဉ်ကို မောင်းနှင်ရန် အတွက် ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်တုံးများကိုအသုံးပြုနေခဲ့ရာ ထိပ်တန်းအဆင့်ဝိညာဉ် ကျောက်တုံးများမှာ အလွန်လျင်မြန်စွာကုန်ဆုံးနေခဲ့သဖြင့် မလောက်ငမည်ကို သူစိုးရိမ်နေခဲ့ခြင်း ဖြစ်လေသည်။ သို့သော်ယခုအခါတွင်မူ ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်တုံး တစ်သိန်းကျော်မှာ သူ၏လက်စွပ်အိတ်ကပ်ထဲသို့ ရောက်ရှိလာခဲ့လေပြီ။
ဟွန်ချွမ်ဂိတ်ဌာနချုပ်၏ ဘဏ္ဍာတိုက်မှာမူပို၍ပင်အံ့အားသင့်စရာကောင်းသော အရာများ ရှိနေရပေမည်။
နောင်တွင် သူသည်ဟွန်ချွမ်ဂိတ်ဌာနချုပ်ကို သေချာပေါက်ရှာဖွေရမည် ဖြစ်လေသည်။ သူသာ ဟွန်ချွမ်ဂိတ်ဌာနချုပ်ဘဏ္ဍာတိုက်ကို ရွှေ့ပြောင်းလိုက်မည်ဆိုပါက ယန်ဖျင်မှာ သေချာ ပေါက် သွေးအန်ပြီး သေသွားနိုင်လေသည်။
ရန်ရှောက်ထျန်းနှင့် ဆေးနံ့သာအိုးတို့၏ အားစိုက်ထုတ်မှုအောက်တွင် အဆိပ်နဂါးနန်းတော် ၏ ဧရာမဘဏ္ဍာတိုက်ကြီးမှာ နောက်ဆုံး၌အားလုံး ပြောင်သလင်းခါသွားခဲ့လေပြီ။
ထို့နောက် ရန်ရှောက်ထျန်းသည် ကိုယ်ပျောက်လိုက်ပြီး သူလာခဲ့သောလမ်းအတိုင်း ပြန် လှည့်လာခဲ့လိုက်သည်။
မူလနန်းတော်သို့ ပြန်ရောက်သောအခါ အမှောင်နဂါး၊ အဆိပ်နဂါးနန်းတော် နန်းတော်သခင် နှင့် ရှေးဟောင်းဘိုးဘေးအုပ်စုတစ်စုမှာ မနက်ဖြန်ယင်လေဂိုဏ်းကို တိုက်ခိုက်မည့်အကြောင်း ဆွေးနွေးနေကြဆဲ ဖြစ်သည်ကိုတွေ့လိုက်ရသည်။
"ယင်လေဂိုဏ်းမှာ ရှေးဟောင်း နတ်ဘုရားလက်နက်တစ်ခု ရှိတယ်လို့ ကျွန်တော် ကြားတယ်၊ အဲဒါက ဟွန်ချွမ်မိစ္ဆာဂိုဏ်းရဲ့ ပစ္စည်းပဲ။ အကယ်၍ ကျွန်တော်တို့ ယင်လေဂိုဏ်းကို ဖျက်ဆီးပြီး အဲဒီ ရှေးဟောင်း နတ်ဘုရားလက်နက်ကိုရလိုက်မယ်ဆိုရင် ကျွန်တော်တို့အဆိပ်နဂါးနန်းတော်ရဲ့အစွမ်း က သေချာပေါက် အများကြီးတိုးတက်လာမှာပဲ" ဟု ရှေးဟောင်းဘိုးဘေး တစ်ဦးကပျော်ရွှင်စွာ ရယ်မောရင်း ပြောလိုက်သည်။
"ယင်လေဂိုဏ်းမှာ အဲဒီတုန်းက ဟွန်ချွမ်မိစ္ဆာဂိုဏ်းဘဏ္ဍာတိုက်ရဲ့မြေပုံရှိနေတာပါ၊ အကယ် ၍ ကျွန်တော်တို့သာ အဲဒီဟွန်ချွမ်မိစ္ဆာဂိုဏ်းဘဏ္ဍာတိုက်ကိုရှာတွေ့မယ်ဆိုရင် ကျွန်တော်တို့ အဆိပ်နဂါးနန်းတော်မှာမရေမတွက်နိုင်တဲ့ ကောင်းကင်နဲ့မြေကြီးရတနာတွေရှိလာမှာပဲ" ဟု နောက် ထပ် ရှေးဟောင်းဘိုးဘေးတစ်ဦးကလည်း ပြုံးလျက်ပြောလိုက်သည်။
အဆိပ်နဂါးနန်းတော်၏ ရှေးဟောင်းဘိုးဘေးတစ်ဦးချင်းစီမှာ မနက်ဖြန်တွင်ယင်လေဂိုဏ်း ကိုဖျက်ဆီးပြီးနောက် မရေမတွက်နိုင်သောရတနာများရရှိမည့် ပျော်ရွှင်မှုများအတွင်း နစ်မြုပ်နေကြ လေသည်။
အမှောင်နဂါး၏ မျက်လုံးများမှာလည်း ယင်လေဂိုဏ်း၏ရှေးဟောင်းနတ်ဘုရားလက်နက် ကို တွေးမိသောအခါ စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေတော့သည်။
သူသည် ယင်လေဂိုဏ်း၏ထိုရှေးဟောင်းနတ်ဘုရားလက်နက်ကို မက်မောနေခဲ့သည်မှာ နှစ်ပေါင်းများစွာရှိနေပြီ ဖြစ်လေသည်။ မနက်ဖြန်တွင်မူ သူသည် ၎င်းကို သေချာပေါက်ရရှိရပေမည်။
ရန်ရှောက်ထျန်းသည် ခန်းမအတွင်းရှိပျော်ရွှင်စွာရယ်မောနေကြသော အဆိပ်နဂါးနန်း တော်မှ ပညာရှင်များကိုကြည့်ကာ အေးစက်စွာရယ်မောလိုက်လေသည်။
သူသည် ဆက်လက်၍ကိုယ်ပျောက်မနေတော့ပါဘဲ သူ၏ပုံရိပ်ကို ဖော်ပြလိုက်ကာ ချက်ချင်းပင်"ဆေးနံ့သာအိုးဘိုးဘေး" ဟုလည်း ဟစ်အော်လိုက်လေသည်။
"ဆေးနံ့သာအိုး" ဟု ဟစ်အော်လိုက်သောအသံတစ်ခုတည်းကပင် အဆိပ်နဂါးနန်းတော်၏ တိတ်ဆိတ်နေသော ညကိုဖြိုခွဲလိုက်လေပြီ။
ပျော်ရွှင်မှု၊ ဝမ်းမြောက်မှုနှင့် စိတ်လှုပ်ရှားမှုများအတွင်း နစ်မြုပ်နေကြသော အမှောင်နဂါးနှင့် အဆိပ်နဂါးနန်းတော်ရှေးဟောင်းဘိုးဘေးအားလုံးတို့မှာ ထိုအသံကြောင့်ထိတ်လန့်သွားကြပြီး အပြင်သို့ ပျံထွက်လာကြတော့သည်။
နန်းတော်အပြင်ဘက်သို့ ပျံထွက်လာသည်နှင့်တစ်ပြိုင်နက် အလွန်တရာကြီးမားလှသော နတ်ဘုရားအိုးကြီးတစ်လုံးပျံသန်းနေသည်ကိုမြင်လိုက်ရသည်။
ထိုအလွန်တရာ ကြီးမားလှသောနတ်ဘုရားအိုးကြီးမှာ ညကောင်းကင်ယံကိုပင် ဖုံးအုပ်ထား ပြီး အဆုံးအစမဲ့သော ရွှေရောင်မီးလျှံများကို ထုတ်လွှတ်နေလေသည်။
အမှောင်နဂါးနန်းတော်၏ ထောင့်တိုင်းများမှာ လင်းထိန်သွားတော့သည်။
ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားအရှိန်အဝါများမှာ အမှောင်နဂါးနန်းတော်တစ်ခု လုံးသို့ ပျံ့နှံ့သွားတော့သည်။
အဆိပ်နဂါးနန်းတော်ရှိ တပည့်သန်းပေါင်းတစ်ဆယ်ကျော်မှာ ထိုဖိအား၏အရှိန်အဝါ ကြောင့်အသက်ရှူကျပ်သွားကြတော့သည်။
အမှောင်နဂါးနှင့် အဆိပ်နဂါးနန်းတော်ရှေးဟောင်းဘိုးဘေးအားလုံးပင်လျှင် သူတို့၏ ခန္ဓာကိုယ်များမှာလေးလံသွားပြီး ရှေးဟောင်းနတ်ဘုရားတောင်ကြီးတစ်ခုက သူတို့ကိုဖိထားသည့် အလား ခံစားလိုက်ရသည်။
အမှောင်နဂါးနှင့် တခြားသူများမှာ အလွန်အမင်း ထိတ်လန့်သွားကြတော့သည်။
ဒါ ဘယ်လို နတ်ဘုရားအိုးမျိုးလဲ။
ချန်ဆန်းတိုက်ကြီးပေါ်တွင် ဤကဲ့သို့ပြိုင်ဘက်ကင်းပြီး မယှဉ်နိုင်သော ဧရာမနတ်ဘုရားအိုး ကြီးတစ်လုံး ဘယ်တုန်းက ပေါ်လာခဲ့တာလဲ။
အမှောင်နဂါးနှင့် တခြားသူများထိတ်လန့်နေစဉ်မှာပင် ဆေးနံ့သာအိုးဘိုးဘေးသည် ပြိုင်ဘက် ကင်းသောစွမ်းအားများကိုသယ်ဆောင်ကာ ခေတ်အဆက်ဆက်ကို ဖျက်ဆီးနိုင်သည့် အဟုန်ဖြင့် အမှောင်နဂါးနှင့်တခြားသူများဆီသို့ ချက်ချင်းဆိုသလို အရှိန်အဟုန်ဖြင့်ဆင်းသက်တိုးဝင် လာ တော့သည်။
အမှောင်နဂါးနှင့် တခြားသူများမှာ ကြောက်လန့်တကြား ဖြစ်သွားကြသည်။
ချက်ချင်းဆိုသလိုပင် အမှောင်နဂါးမှာဟိန်းဟောက်လိုက်ပြီး သူ၏အမှောင်နဂါးခန္ဓာကိုယ် အဖြစ်ပြောင်းလဲလိုက်ရာ ပေပေါင်းသောင်းချီရှည်လျားသော အမှောင်နဂါးကြီး ဖြစ်သွားတော့သည်၊ သူ၏တစ်ကိုယ်လုံးမှ ပြင်းထန်သောအမှောင်စွမ်းအားများနှင့် နဂါးစွမ်းအားများတို့ပေါက်ကွဲထွက် လာလေတော့သည်။
ဧရာမ နဂါးခြေသည်းကြီးတစ်ခုမှာ တောင်ကြီးတစ်လုံးကဲ့သို့ ဆေးနံ့သာအိုးဆီသို့ ပြင်းထန် စွာ ရိုက်ချလိုက်လေသည်။
"အမှောင်နဂါး ကောင်းကင်ခွဲချက်"
အမှောင်နဂါးက ထိုသို့ဟိန်းဟောက်ပြီးရိုက်ချလိုက်သည်။
အဆိပ်နဂါးနန်းတော် နန်းတော်သခင်နှင့်ရှေးဟောင်းဘိုးဘေးအုပ်စုမှာလည်း သူတို့၏ ကြောက်ရွံ့မှုများကြားမှ ရူးသွပ်စွာတိုက်ခိုက်လိုက်ကြသည်၊ အားလုံးက သူတို့၏ နတ်ဘုရားနယ်မြေ လက်နက်များကို ပထမဆုံးအကြိမ်ထုတ်ယူကာ ဆေးနံ့သာအိုးဘိုးဘေးဆီသို့ အစွမ်းကုန်ပစ်လွှတ် လိုက်ကြလေသည်။
သို့သော် ထိုစဉ်ကတွင်းနက်ကြီးအရှင်သခင်နှင့် မသေနိုင်သောသေမင်းနတ်ဘုရားတို့ပင်လျှင် ဆေးနံ့သာအိုး၏ တိုက်ခိုက်မှုအရှိန်အဝါကိုမတောင့်ခံနိုင်ခဲ့ကြရာ အမှောင်နဂါးနှင့်ဤအဆိပ်နဂါး နန်းတော် ရှေးဟောင်းဘိုးဘေးများမှာမူ ပြောနေစရာပင် မလိုတော့ပေ။
“ဘုန်း...”
အမှောင်နဂါးနှင့် အဆိပ်နဂါးနန်းတော်ရှေးဟောင်းဘိုးဘေးများ၏ တိုက်ခိုက်မှုများမှာ ကမ္ဘာပျက်မတတ်ပြင်းထန်လှသော်လည်း ဆေးနံ့သာအိုး၏ခန္ဓာကိုယ်ကို ထိမှန်သွားသောအခါ မည်သည့်သက်ရောက်မှုမျှမရှိခဲ့ပေ၊ ဆေးနံ့သာအိုး၏ အလင်းရောင်များမှာ တောက်ပနေဆဲဖြစ်ပြီး သူ၏ ရွှေရောင်မီးလျှံများမှာလည်း တောက်လောင်နေဆဲဖြစ်ကာ သူ၏ဖျက်ဆီးခြင်းအရှိန်အဟုန် မှာလည်း လျော့ကျမသွားခဲ့ပေ။
သူတို့၏ တိုက်ခိုက်မှုများမှာဆေးနံ့သာအိုးကို အနည်းငယ်မျှပင်မလှုပ်ခါနိုင်သည်ကို မြင်လိုက် ရသောအခါ အမှောင်နဂါး၏မျက်နှာအမူအရာမှာ အကြီးအကျယ်ပြောင်းလဲသွားတော့သည်၊ သူသည်ရှေးဟောင်းမိစ္ဆာစစ်မြေပြင်တွင် နှစ်ပေါင်းများစွာတိုက်ခိုက်ခဲ့ပြီး အစွမ်းထက်သော တည်ရှိမှု အမျိုးမျိုးကိုမြင်ဖူးသော်လည်း ဤမျှလောက်အထိထူးဆန်းသောနတ်ဘုရားအိုးကြီးမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
"ဆုတ်ကြ"
သူသည် ချက်ချင်းတုံ့ပြန်လိုက်ပြီး စူးရှစွာဟိန်းဟောက်အမိန့်ပေးလိုက်သည်။
သူ၏ တစ်ကိုယ်လုံးရှိအမှောင်စွမ်းအားများနှင့်နဂါးစွမ်းအားများမှာ ဆူနာမီလှိုင်းကြီး များကဲ့သို့ ကောင်းကင်ယံသို့လိမ့်တက်သွားပြီး တစ်ချိန်တည်းမှာပင် သူသည်လေဟာနယ်အလွှာ များကိုဖောက်ထွက်ကာ ထွက်ပြေးရန်အတွက် သူ၏အစွမ်းကုန်ခွန်အားကိုအသုံးပြုလိုက် လေ သည်။
အဆိပ်နဂါးနန်းတော် နန်းတော်သခင်နှင့်ရှေးဟောင်းဘိုးဘေးအုပ်စုမှာလည်း ရူးသွပ်စွာ ထွက်ပြေးသည့် နည်းလမ်းများကိုအသုံးပြုကာ လွတ်မြောက်ရန်ကြိုးစားကြတော့သည်၊ အချို့မှာ သူတို့၏အရှိန်ကိုမြှင့်တင်ရန်နှင့် ဆေးနံ့သာအိုး၏ဖျက်ဆီးခြင်းတိုက်ခိုက်မှုမှ လွတ်မြောက်ရန် အတွက် သူတို့၏ချီစွမ်းအင်နှင့်သက်စောင့်အားကိုလောင်ကျွမ်းစေသော တားမြစ်ကျင့်စဉ်များ ကိုပင် အသုံးပြုခဲ့ကြလေသည်။
သို့သော် အမှောင်နဂါးလေဟာနယ်ကိုဖြတ်ကျော်လိုက်သည်နှင့် တစ်ပြိုင်နက်ဆေးနံ့သာအိုး ဘိုး ဘေးမှာ လျင်မြန်သောအရှိန်အဟုန်ဖြင့် သူ့ဆီသို့တိုက်ရိုက်ကျဆင်းလာခဲ့လေပြီ။
“ဝူး...”
ဆေးနံ့သာအိုး ကျဆင်းလာသောလေဟာနယ်ဟင်းလင်းပြင်မှာ ပြင်းထန်စွာတုန်ခါ သွားပြီး ကြောက်မက်ဖွယ်ကောင်းသော အာကာသစွမ်းအားများက အမှောင်နဂါးကိုလေဟာနယ်၏ အနက်ရှိုင်းဆုံးနေရာမှ ပြန်လည်ဆွဲယူညှစ်ထုတ်လိုက်လေသည်။
အမှောင်နဂါး အာကာသလေဟာနယ်ထဲမှပြန်လည်ပြုတ်ကျလာသည်နှင့်တစ်ပြိုင်နက် ဆေးနံ့သာအိုးမှာ သူ၏ဦးခေါင်းအထက်ဆီမှအရှိန်အဟုန်ဖြင့်ကျဆင်းလာသည်ကို မြင်လိုက်ရတော့ သည်။
အဆိပ်နဂါးနန်းတော်ရှိ ရှေးဟောင်းဘိုးဘေးအားလုံးမှာ သူတို့၏အမြင်အာရုံများ မှောင်မိုက် သွားသကဲ့သို့ ခံစားလိုက်ရသည်။
“ဝုန်း...”
ခဏချင်းအတွင်းမှာပင် အမှောင်နဂါးနှင့်အဆိပ်နဂါးနန်းတော်မှနတ်ဘုရားအဆင့် ပညာရှင် ဒါဇင်ပေါင်းများစွာမှာလည်း မြေပြင်ပေါ်သို့ ရိုက်ချခြင်းကို ခံလိုက်ကြရတော့သည်။
ယခင်က ရှိနေခဲ့သောနန်းတော်နှင့်တောင်တန်းများသည်ပင် မည်သည့်သံသယမျှမရှိဘဲ ပေါက်ကွဲ ပျက်စီးသွားခဲ့လေတော့သည်။
ယခင်က ရှိနေခဲ့သောနန်းတော်သာမက ပတ်ဝန်းကျင်ရှိတောင်တန်းပေါင်း သောင်းချီမှာ လည်း အားလုံးပေါက်ကွဲသွားခဲ့လေပြီ။
အဆိပ်နဂါးနန်းတော်ရှိ တပည့်များအားလုံးမှာ ဘာဖြစ်နေသလဲဆိုတာကိုပင် နားမလည်နိုင် သေးခင်မှာပင် ဆေးနံ့သာအိုး၏ဆွဲငင်နိုင်သောစွမ်းအားအရှိန်အဝါများကြောင့် သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြတော့သည်။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများမှာဆက်လက်ပျံ့နှံ့သွားခဲ့ပြီး အဆိပ်နဂါးနန်း တော်ရှိ အခြားသောတောင်တန်းများနှင့်နန်းတော်များမှာလည်း အဆက်မပြတ်ပြိုကျပျက်စီးသွား ခဲ့လေသည်။
အဆိပ်နဂါးနန်းတော်မှာကျယ်ပြောလှပြီး တောင်တန်းနှင့်နန်းတော်ပေါင်းများစွာ ရှိသော် လည်း ဆေးနံ့သာအိုး၏တစ်ချက်တည်းသောတိုက်ခိုက်မှုကြောင့် အဆိပ်နဂါးနန်းတော်၏တစ်ဝက် မှာ ပျောက်ကွယ်သွားခဲ့လေပြီ။
အဝေးမှ ကြည့်မည်ဆိုပါက အဆိပ်နဂါးနန်းတော်၏တစ်ဝက်မှာ ကြောက်မက်ဖွယ်ကောင်း သော တွင်းနက်ကြီး တစ်ခုဖြစ်သွားခဲ့လေပြီ။
ရန်ရှောက်ထျန်းသည် ဆေးနံ့သာအိုး၏စွမ်းအားကိုယခင်က မြင်ဖူးသော်လည်း ဆေးနံ့သာအိုး၏ ဤဖျက်ဆီးခြင်း တိုက်ခိုက်မှုကြောင့် အံ့အားသင့်နေဆဲ ဖြစ်လေသည်။
ဆေးနံ့သာအိုးသည် သူ၏တိုက်ခိုက်မှုအပြီးတွင် သူ၏အရွယ်အစားမှာသေးငယ်သွားကာ ရန်ရှောက်ထျန်း၏ လက်ဝါးပေါ်သို့ ပြန်လည်ရောက်ရှိလာခဲ့တော့သည်။
ရန်ရှောက်ထျန်းသည် တွင်းနက်ကြီး၏အလယ်သို့ပျံသန်းသွားရာ အမှောင်နဂါးမှာ တွင်းနက် ကြီး၏အောက်ခြေတွင်လဲလျောင်းနေပြီး သူ၏အရေပြားများမှာလည်းဆုတ်ပြဲကာ အသားများလန် ထွက်နေသည်ကိုတွေ့လိုက်ရသည်၊ သူသည်သွေးများကိုမရပ်မနား အန်ထုတ်နေသော်လည်း သေဆုံးခြင်းမရှိသေးပေ။ သူသည် ပြင်းထန်စွာ ဒဏ်ရာရရှိထားခြင်း ဖြစ်လေသည်။
ဆေးနံ့သာအိုး၏ ဤမျှလောက်အထိဖျက်ဆီးခြင်းစွမ်းအားကြီးမားသော တိုက်ခိုက်မှုကို ခံရပြီးမှ ပြင်းထန်စွာဒဏ်ရာရရုံသာရှိနေခြင်းက အမှောင်နဂါး၏အစွမ်းမှာ မည်မျှအထိကြီးမား ကြောင်း ပြသနေလေသည်။
သို့သော် ရန်ရှောက်ထျန်းမှာမအံ့သြမိပေ၊ အမှောင်နဂါးမှာလွန်ခဲ့သော နှစ်ပေါင်းတစ်သိန်း ကျော်ကတည်းက ဖော်ယွမ်အင်ပါယာတွင် နံပါတ်တစ်ပညာရှင် ဖြစ်ခဲ့သူမဟုတ်ပါလော။
အမှောင်နဂါးသည် ရန်ရှောက်ထျန်းချဉ်းကပ်လာသည်ကိုကြည့်ကာ သူ၏မျက်နှာမှာ အကြီး အကျယ် ပြောင်းလဲသွားတော့သည်။
"မင်း ဘယ်သူလဲ" ဟု အမှောင်နဂါးက အံ့သြဒေါသဖြစ်စွာ မေးလိုက်သည်။
"ကျုပ် ဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး" ဟု ရန်ရှောက်ထျန်းက ခေါင်းခါကာ ပြောလိုက် သည်။
မည်သို့ပင်ဆိုစေကာမူ အမှောင်နဂါးမှာ သေလူတစ်ယောက် ဖြစ်နေပြီ မဟုတ်ပါလော။
"ဘာဖြစ်လို့လဲ။ မင်း ဘာလိုချင်တာလဲ"
အမှောင်နဂါးသည် ရန်ရှောက်ထျန်း၏လက်ထဲရှိ ဆေးနံ့သာအိုးကိုကြည့်ကာ ကြောက်လန့် တကြား ဆုတ်ခွာသွားတော့သည်။
ရန်ရှောက်ထျန်း၏ နှလုံးသားမှာလှုပ်ခတ်သွားသည်၊ သူသည်ယခုအခါ ဧကရာဇ်အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ရာ သူ၏လက်ရှိဝိညာဉ်စွမ်းအားဖြင့် စတုတ္ထမြောက် အစေခံ တစ်ဦးကို သိမ်းသွင်းနိုင်ပြီ ဖြစ်လေသည်။ သူ့ရှေ့ရှိ အမှောင်နဂါးမှာ အမှောင်နဂါးတစ်ကောင်ဖြစ်ပြီး အကယ်၍ သူသာသိမ်းသွင်းနိုင်မည်ဆိုပါက သူ၏ဘေးတွင် ပြိုင်ဘက်ကင်းသော ပညာရှင်တစ်ဦး ရှိလာမည် ဖြစ်လေသည်။
မည်သို့ပင်ဆိုစေကာမူ မိုးကြိုးကိုးလွှာနတ်ဘုရားလျှပ်စီးရေမှာ နောက်ဆုံးတွင် ကုန်ဆုံးသွား ပေလိမ့်မည်၊ သူသည် ဆေးနံ့သာအိုးကို အမြဲတမ်းအားကိုးနေလို့လည်းမရသေးပေ။
ဒါ့အပြင် အမှောင်နဂါးကိုသတ်ရန်အတွက် မိုးကြိုးကိုးလွှာနတ်ဘုရားလျှပ်စီးရေ အနည်းဆုံး နောက်ထပ် နှစ်ငုံခန့်ကုန်ဆုံးပေလိမ့်မည်၊ သူ၏လက်ထဲတွင်လည်း မိုးကြိုးကိုးလွှာနတ်ဘုရား လျှပ်စီးရေအများကြီး မကျန်တော့ပေ။
ထို့ကြောင့် အကယ်၍သူသာအမှောင်နဂါးကိုသိမ်းသွင်းနိုင်မည်ဆိုပါက ၎င်းမှာ ပို၍ကောင်း မွန်ပေလိမ့်မည်။
"ဒါက ထိန်းချုပ်ဆေးလုံးပဲ၊ အကယ်၍ မင်းဒါကိုမျိုချမယ်ဆိုရင် မင်းရဲ့အသက်ကို ကျုပ် ချမ်းသာပေးလိုက်မယ်"
ရန်ရှောက်ထျန်းက ဆေးလုံးတစ်လုံးကို ထုတ်ယူကာ အမှောင်နဂါးဆီသို့ ပစ်ပေးလိုက်လေ သည်။
အမှောင်နဂါးသည် ဆေးလုံးကိုယူလိုက်ပြီးနောက် ရုတ်တရက်ကျယ်လောင်စွာ ရယ်မော လိုက်တော့သည်၊ သူ၏ရယ်သံမှာလှောင်ပြောင်မှုများနှင့်မောက်မာမှုများဖြင့် ပြည့်နှက်နေတော့ သည်။
"ကလေး... မင်းတစ်ယောက်တည်းနဲ့ငါလိုနဂါးကိုသိမ်းသွင်းနိုင်မယ်လို့ထင်နေတာလား။ မင်းကိုယ်မင်း ချန်ဆန်းအရှင်သခင်လို့ ထင်နေတာများလား"
***