ရှေးဟောင်းမိစ္ဆာစစ်မြေပြင်တွင် မိုးကြိုးကိုးလွှာနတ်ဘုရားလျှပ်စီးရေရှိကြောင်း သိလိုက် ရသောအခါ ရန်ရှောက်ထျန်းသည် မျှော်လင့်ချက်အလင်းရောင်တစ်ခုကို ခံစားလိုက်ရသည်။
အကယ်၍ ၎င်းမှာအမှန်ပင်ဖြစ်ပါက သူသည်နောင်တစ်ချိန်တွင် ရှေးဟောင်းမိစ္ဆာစစ်မြေပြင် သို့ သေချာပေါက်ဝင်ရောက်ရပေမည်။
"သခင်လေး... အကယ်၍သခင်လေးကဒီမိုးကြိုးကိုးလွှာနတ်ဘုရားလျှပ်စီးရေကို လိုအပ် တယ်ဆိုရင် ဒါကို ယူလိုက်ပါ" ဟု အမှောင်နဂါးက ရိုသေစွာ လျှောက်တင်လိုက်သည်။
ရန်ရှောက်ထျန်းက စဉ်းစားလိုက်ပြီး
"ကျုပ်က မကြာသေးခင်ကမှ မိုးကြိုးကိုးလွှာနတ်ဘုရားလျှပ်စီးရေ အမြောက်အမြား လိုအပ် နေတာအမှန်ပဲ။ ဒါပေမဲ့ဒီလိုပဲ၊ ကျုပ်ခင်ဗျားဆီကနေ အလကားတော့မယူပါဘူး။ ကျုပ်ခင်ဗျားကို ခြောက်ဆင့်မိုးကြိုးနတ်ဘုရားလျှပ်စီးရေတစ်ထောင်ပြန်ပေးမယ်၊ ဘယ်လိုလဲ" ဟု ပြောလိုက်သည်။
အမှောင်နဂါးမှာ သူ၏ လက်အောက်ငယ်သားဖြစ်သော်လည်း သူ၏လက်အောက်ငယ်သား ထံမှ ပစ္စည်းများကို အလကားယူရန် သူဆန္ဒမရှိပေ။
ထို့နောက် သူသည် ခြောက်ဆင့်မိုးကြိုးနတ်ဘုရားလျှပ်စီးရေတစ်ထောင်ကို ထုတ်ယူကာ အမှောင်နဂါးကို ပေးလိုက်လေသည်။
ရန်ရှောက်ထျန်းတွင် ခြောက်ဆင့်မိုးကြိုးနတ်ဘုရားလျှပ်စီးရေ အမြောက်အမြား ရှိလိမ့် မည်ဟု အမှောင်နဂါးမမျှော်လင့်ထားခဲ့သဖြင့် အံ့အားသင့်သွားတော့သည်။
"ကျေးဇူးတင်ပါတယ် သခင်လေး" ဟု သူက လက်အုပ်ချီကာ ပြောလိုက်သည်။
"နောင်ကျရင် ကျုပ်ကို သခင်လေး လို့ပဲ ခေါ်ပါ" ဟု ရန်ရှောက်ထျန်းက ပြောလိုက်သည်။
"သခင်" ဆိုသည့် ခေါ်ဝေါ်ပုံမှာ နားဝင်ရတာ ခက်လှပေသည်။
အမှောင်နဂါးက ခေါင်းညိတ် နာခံလိုက်လေသည်။
ထို့နောက်တွင် ရန်ရှောက်ထျန်းသည် ပြန်လည်မွေးဖွားခြင်းဆေးလုံး အလုံးတစ်ဆယ်ကို ထုတ်ယူကာ အမှောင်နဂါးကို ပေးလိုက်ပြန်သည်။
ပြန်လည်မွေးဖွားခြင်း ဆေးလုံးမှာ အဆင့် (၇) ကုသဆေးလုံးဖြစ်ပြီး သက်စောင့်ဆေးလုံး သို့မဟုတ် သက်ရှည်ဆေးလုံးများထက် ပို၍အစွမ်းထက်လေသည်။
အဆင့် (၇) ကုသဆေးလုံးမှာ အမှောင်နဂါးအတွက်သိပ်ပြီး အရေးမပါသော်လည်း ရန်ရှောက်ထျန်းထုတ်ပေးလိုက်သော ပြန်လည်မွေးဖွားခြင်းဆေးလုံး ဆယ်လုံးမှာဒုတိယမြောက် ကောင်းကင်ဘုံအဆင့်ဆေးလုံးများဖြစ်နေလေသည်။
ပထမမြောက် ကောင်းကင်ဘုံအဆင့်ဆေးလုံးများကိုပင် ဤကမ္ဘာပေါ်တွင် ရှာဖွေရန်ခက်ခဲ လှသည်ကို ရန်ရှောက်ထျန်းကဒုတိယမြောက်ကောင်းကင်ဘုံအဆင့်ဆေးလုံး အလုံးတစ်ဆယ်ကို တစ်ပြိုင်နက်တည်း ထုတ်ပေးလိုက်သည်တဲ့လား။
အမှောင်နဂါးမှာ အလွန်တရာ အံ့အားသင့်သွားတော့သည်။
သူတို့၏ သခင်လေးတွင်ဘယ်လိုလုပ်ပြီး ဒုတိယမြောက်ကောင်းကင်ဘုံအဆင့် ပြန်လည် မွေးဖွားခြင်း ဆေးလုံးတွေအများကြီး ရှိနေရတာလဲ။
အမှောင်နဂါး၏ မျက်နှာအမူအရာကိုမြင်သောအခါ ရန်ရှောက်ထျန်းက သူ ဘာတွေး နေသလဲဆိုသည်ကို သိလိုက်သဖြင့်
"ကျုပ်ဆီမှာ ဒုတိယမြောက်ကောင်းကင်ဘုံအဆင့်ဆေးလုံးတွေဘယ်လိုလုပ်ပြီး ဒီလောက် အထိ ရှိနေရသလဲဆိုတာကို နောင်ကျရင် ခင်ဗျားသိလာပါလိမ့်မယ်" ဟု ပြောလိုက်သည်။
အမှောင်နဂါးက ခေါင်းညိတ်ပြလိုက်ပြီးနောက် မြေပြင်ပေါ်တွင် တင်ပလ္လင်ခွေ ထိုင်လိုက်ကာ ဒုတိယမြောက် ကောင်းကင်ဘုံအဆင့်ပြန်လည်မွေးဖွားခြင်း ဆေးလုံးတစ်လုံးနှင့် ခြောက်ဆင့်မိုးကြိုး နတ်ဘုရား လျှပ်စီးရေတစ်ငုံကိုမျိုချလိုက်ပြီး ဒဏ်ရာများကိုကုသရန်အတွက် သူ၏ကျင့်စဉ်ကို လည်ပတ်လိုက်တော့သည်။
ကောင်းကင်မှာ တဖြည်းဖြည်း လင်းလက်လာခဲ့သည်။
ဒုတိယမြောက် ကောင်းကင်ဘုံအဆင့်ပြန်လည်မွေးဖွားခြင်းဆေးလုံးနှင့် ခြောက်ဆင့်မိုး ကြိုးနတ်ဘုရားလျှပ်စီးရေကိုသန့်စင်ပြီးနောက် အမှောင်နဂါး၏မျက်နှာမှာ နောက်ဆုံး၌အသွေး အသားအရောင်ပြန်တက်လာခဲ့လေသည်။ သူ၏ ဒဏ်ရာများမှာ လုံးဝမပျောက်ကင်းသေးသော် လည်း အတော်အတန် ပြန်လည်သက်သာလာခဲ့လေပြီ။
အမှောင်နဂါး၏ဒဏ်ရာများ ပြန်လည်သက်သာလာသည်ကို မြင်သောအခါ ရန်ရှောက်ထျန်း သည် သူနှင့်အတူခရီးဆက်ခဲ့လေသည်။
"သခင်လေး... ကျွန်တော်တို့ အခုဘယ်ကို သွားမှာလဲ" ဟု အမှောင်နဂါးက ရန်ရှောက်ထျန်း၏ နောက်ကနေ လိုက်ရင်း မေးလိုက်သည်။
သူသည် ရန်ရှောက်ထျန်း မည်သူမည်ဝါဖြစ်ကြောင်းကို ဘာမှမသိသေးပေ။
"ဟွန်ချွမ်မိစ္ဆာဂိုဏ်း အပျက်အစီးတွေဆီကို သွားမှာပါ" ဟု ရန်ရှောက်ထျန်းက ပြန်ပြောလိုက် သည်။
ယခုအခါ သူသည်ထာဝရကောင်းကင်ခေါင်းတလားကိုသန့်စင်သည့်နည်းလမ်းကို ရှာဖွေရန် နှင့် တစ်ချိန်တည်းမှာပင် ကောင်းကင်ကံကြမ္မာနတ်ဘုရားကျောက်တုံးများ ထပ်မံရှာတွေ့နိုင်မလား ဆိုသည်ကို သိရှိရန်အတွက် ဟွန်ချွမ်မိစ္ဆာဂိုဏ်း အပျက်အစီးများဆီသို့ အမြန်သွားရန် လိုအပ်နေခြင်း ဖြစ်လေသည်။
ရန်ရှောက်ထျန်းက ဟွန်ချွမ်မိစ္ဆာဂိုဏ်း အပျက်အစီးများဆီသို့ သွားမည်ဟု ပြောလိုက်သဖြင့် အမှောင်နဂါးမှာ အံ့အားသင့်သွားတော့သည်။
သူသည် ဟွန်ချွမ်မိစ္ဆာဂိုဏ်းအပျက်အစီးများအကြောင်းကို အနည်းငယ်သိထားပြီး ၎င်းတို့မှာ တစ်နှစ်ပတ်လုံး ဟွန်ချွမ်မိစ္ဆာချီစွမ်းအင်များဖြင့်ဖုံးအုပ်နေကြောင်းနှင့် ဟွန်ချွမ်မိစ္ဆာဂိုဏ်း အပျက် အစီးများအတွင်း၌ ကြောက်မက်ဖွယ်ကောင်းသောအလောင်းတစ္ဆေများစွာရှိနေသဖြင့် အလွန် အမင်း အန္တရာယ်များကြောင်း သိထားလေသည်။
"ဟွန်ချွမ်မိစ္ဆာဂိုဏ်း အပျက်အစီးတွေကအန္တရာယ်များပါတယ်။ သခင်လေး ဘာဖြစ်လို့ ဟွန်ချွမ်မိစ္ဆာဂိုဏ်းထဲကို ဝင်ချင်ရတာလဲဆိုတာ မေးလို့ရမလား" ဟု အမှောင်နဂါးက စပ်စုလိုစိတ်ဖြင့် မေးလိုက်သည်။
"ကျုပ် ထာဝရကောင်းကင်ခေါင်းတလားကိုရခဲ့တယ်၊ အဲဒါကိုသန့်စင်တဲ့နည်းလမ်းကို သွားရှာမလို့ပါ" ဟု ရန်ရှောက်ထျန်းက ဖုံးကွယ်မထားဘဲ ပြောလိုက်သည်။
ထာဝရကောင်းကင်ခေါင်းတလား ဟုတ်လား။
၎င်းကို ကြားလိုက်ရသောအခါ အမှောင်နဂါးမှာ အကြီးအကျယ် တုန်လှုပ်သွားတော့သည်။
သူတို့၏ သခင်လေးသည် အဆိုးရွားဆုံးနှင့်အကြောက်မက်ဖွယ်အကောင်းဆုံး ရှေးဟောင်း နတ်ဘုရားရတနာဖြစ်သော ထာဝရကောင်းကင်ခေါင်းတလားကို အမှန်တကယ် ရရှိခဲ့သည်တဲ့လား။
"သခင်လေး... ထာဝရကောင်းကင်ခေါင်းတလားရဲ့စွမ်းအားက အလွန်တရာဆိုးရွားလှပါ တယ်။ အမှားအယွင်း အနည်းငယ်ရှိတာနဲ့ အပြန်အလှန် တိုက်ခိုက်ခြင်းကို ခံရနိုင်ပါတယ်။ ဟိုတုန်းက ဟွန်ချွမ်မိစ္ဆာဂိုဏ်းမှာ မရေမတွက်နိုင်တဲ့ပညာရှင်တွေရှိခဲ့ပေမယ့် ထာဝရကောင်းကင်ခေါင်းတလား ကို ထိန်းချုပ်နိုင်သူနှစ်ယောက်ပဲ ရှိခဲ့တာပါ" ဟု အမှောင်နဂါးက လေးနက်သော မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။
"တစ်ယောက်က ဟွန်ချွမ်သရဲဘုရင်ဖြစ်ပြီး၊ နောက်တစ်ယောက်ကကောင်းကင်တုန်ခါ ဓားနတ်ဘုရားပါ"
ရန်ရှောက်ထျန်းက ခေါင်းညိတ်ပြလိုက်သည်။
ထာဝရကောင်းကင်ခေါင်းတလားကို ရရှိပြီးနောက်တွင် သူသည်၎င်းနှင့် ပတ်သက်သော စာအုပ်များစွာကို ဖတ်ရှုခဲ့ရာ ဟွန်ချွမ်သရဲဘုရင်နှင့် ကောင်းကင်တုန်ခါဓားနတ်ဘုရားတို့မှာ ထိုစဉ်က ဟွန်ချွမ်မိစ္ဆာဂိုဏ်း၏ အစွမ်းအထက်ဆုံးရှေးဟောင်းဘိုးဘေးကြီးများဖြစ်ကြောင်း သိထားလေ သည်။
အထူးသဖြင့် ဟွန်ချွမ်သရဲဘုရင် မှာ အလွန်တရာအစွမ်းထက်လှပြီး ကြောက်မက်ဖွယ် ကောင်းသော မိစ္ဆာကျော်ကြားမှု ရှိခဲ့သူ ဖြစ်လေသည်။
ထာဝရကောင်းကင်ခေါင်းတလားအတွင်း၌ မြှုပ်နှံထားသူမှာလည်း ဟွန်ချွမ်သရဲဘုရင် ပင် ဖြစ်လေသည်။
ဟွန်ချွမ်သရဲဘုရင်ကို သရဲအားလုံး၏ ဘုရင်အဖြစ်လည်း လူသိများလေသည်။
"စိတ်မပူပါနဲ့၊ ကျုပ်မှာဆေးနံ့သာအိုးဘိုးဘေးရှိနေသရွေ့ ထာဝရကောင်းကင်ခေါင်းတလားရဲ့ မိစ္ဆာစွမ်းအားတွေက ကျုပ်ကို ဘာမှ မလုပ်နိုင်ပါဘူး" ဟု ရန်ရှောက်ထျန်းက ပြောလိုက်သည်။
ထို့အပြင် သူ၏ထာဝရနတ်ဘုရားခန္ဓာကိုယ်မှာလည်း စတင်ဖြစ်ပေါ်နေပြီဖြစ်ပြီး သူသည် ဟွန်ယွမ်ကောင်းကင်ကံကြမ္မာကိုပင်ကျင့်ကြံထားသူဖြစ်လေသည်။ ထာဝရကောင်းကင်ခေါင်း တလား၏ မိစ္ဆာစွမ်းအားများက သူ့ကို ဝါးမြိုရန်မှာ လွယ်ကူလှသည် မဟုတ်ပေ။
၎င်းကို ကြားလိုက်ရသောအခါ အမှောင်နဂါးမှာ စိတ်အေးသွားခဲ့လေသည်။
သို့သော် ရန်ရှောက်ထျန်းက ဆေးနံ့သာအိုးအကြောင်းကို ပြောလိုက်ရုံမျှဖြင့်ပင် သူ၏ နှလုံးသားမှာ တုန်ယင်နေဆဲ ဖြစ်လေသည်။
ရန်ရှောက်ထျန်းသည် တွင်းနက်ကြီးပျံသန်းရေးအာကာသယာဉ်ကို ထုတ်ယူလိုက်ပြီး သူတို့ နှစ်ဦးမှာ ဟွန်ချွမ်မိစ္ဆာဂိုဏ်း အပျက်အစီးများဆီသို့ ပျံသန်းသွားကြတော့သည်။
ရန်ရှောက်ထျန်းက တွင်းနက်ကြီး ပျံသန်းရေးအာကာသယာဉ်၏အရှိန်အဝါကို ထိန်းချုပ် ထားသော်လည်း အမှောင်နဂါးမှာမူ ၎င်း၏စွမ်းအားကို အာရုံခံမိနေဆဲ ဖြစ်လေသည်။
ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးများဖြင့် မောင်းနှင်နေသော တွင်းနက်ကြီးပျံသန်းရေး အာကာသယာဉ်မှာ တိမ်တိုက်များနှင့်လှိုင်းတံပိုးများကိုဖြတ်ကျော်ကာ ဟွန်ချွမ်မိစ္ဆာဂိုဏ်းဆီသို့ တဖြည်းဖြည်း နီးကပ်လာခဲ့လေသည်။
အာကာသယာဉ်အတွင်း၌ ရန်ရှောက်ထျန်းသည် ကောင်းကင်ကံကြမ္မာနတ်ဘုရားကျောက် တုံး လေးတုံးကိုထုတ်ယူကာ ကျင့်ကြံလေတော့သည်။
မကြာမီမှာပင် သူသည်ကောင်းကင်ကံကြမ္မာနတ်ဘုရားကျောက်တုံးလေးတုံးအတွင်း ပါရှိ သော စွမ်းအင်များကို အပြည့်အဝမျိုချလိုက်လေသည်။
ကောင်းကင်ကံကြမ္မာနတ်ဘုရားကျောက်တုံးလေးတုံး၏စွမ်းအင်များကို မျိုချပြီးနောက် သူ၏ နတ်ဘုရားပင်လယ်ကမ္ဘာမှာ ပို၍တောက်ပလာပြီး ခိုင်မာလာခဲ့လေသည်။
သို့သော် ဒုတိယမြောက်ဟွန်ယွမ်ကောင်းကင်ကံကြမ္မာကို ခံနိုင်ရည်ရှိရန်အတွက်မူ အနည်း ငယ် လိုအပ်နေဆဲဖြစ်လေသည်။
ဘာမှ မတတ်နိုင်သဖြင့် ရန်ရှောက်ထျန်းသည် သူ၏ကျင့်ကြံမှုမှတစ်ဆင့် သူ၏နတ်ဘုရား ပင်လယ်ကမ္ဘာကိုတစ်ဆင့်ပြီးတစ်ဆင့် ဖြည်းဖြည်းချင်းခိုင်မာအောင်လုပ်ရန်သာ တတ်နိုင်တော့ သည်။
သို့သော် ကျင့်ကြံမှုမှတစ်ဆင့်နတ်ဘုရားပင်လယ်ကမ္ဘာကိုခိုင်မာအောင် လုပ်ခြင်းမှာ အလွန်တရာနှေးကွေးလှပေသည်။ ရန်ရှောက်ထျန်းရက်အနည်းငယ်ကြာ ကျင့်ကြံခဲ့သော်လည်း သူ၏ နတ်ဘုရားပင်လယ်ကမ္ဘာမှာ မည်သည့်ပြောင်းလဲမှုမျှ မရှိခဲ့ပေ။
အကယ်၍ ဤအတိုင်းသာကျင့်ကြံနေမည်ဆိုပါက ဒုတိယမြောက် ဟွန်ယွမ်ကောင်းကင်ကံ ကြမ္မာကို ခံနိုင်ရည်ရှိရန်အတွက် အနည်းဆုံးနောက်ထပ်တစ်နှစ်ခန့် ကြာမြင့်ပေလိမ့်မည်။
ထို့ကြောင့် ဒုတိယမြောက်ဟွန်ယွမ်ကောင်းကင်ကံကြမ္မာကို အချိန်တိုအတွင်းကျင့်ကြံနိုင် ရန်အတွက် သူသည်ကောင်းကင်ကံကြမ္မာနတ်ဘုရားကျောက်တုံးများကို ဆက်လက်ရှာဖွေရန် လိုအပ်နေဆဲ ဖြစ်လေသည်။
ကံကောင်းစွာဖြင့် ရက်အနည်းငယ်ကြာပြီးနောက် သူတို့နှစ်ဦးမှာဟွန်ချွမ်မိစ္ဆာဂိုဏ်းဆီသို့ နောက်ဆုံး၌ ရောက်ရှိလာခဲ့လေသည်။
ယခင်က ဟွန်ချွမ်မိစ္ဆာဂိုဏ်းမှာ ချန်ဆန်းတိုက်ကြီးပေါ်ရှိ ပထမဆုံးမိစ္ဆာဂိုဏ်းဖြစ်ခဲ့ပြီး ယခုလက်ရှိ ယင်လေဂိုဏ်းနှင့် အဆိပ်နဂါးနန်းတော်တို့ထက် အဆပေါင်းများစွာ ပို၍ အစွမ်းထက်ကာ အလွန်တရာစည်ကားခဲ့ပြီး နတ်ဘုရားပေါင်းတစ်သောင်း ဦးညွှတ်ရလောက်အောင်ပင် ကျော်ကြားခဲ့ လေသည်။
သို့သော် ယခုအခါတွင်မူ အဆုံးအစမဲ့သော အပျက်အစီးများသာ ကျန်ရှိတော့သည်။
သူတို့နှစ်ဦး ရောက်လာသောအခါ ကောင်းကင်မှာအနည်းငယ် မှောင်နေပြီဖြစ်ပြီး နမိတ်မ ကောင်းသောကျီးကန်းများ၏အော်ဟစ်သံများကို တစ်ခါတစ်ရံကြားနေရကာ ရံဖန်ရံခါထွက်ပေါ် လာသော ထူးဆန်းသောအော်ဟစ်သံများမှာ ကျောချမ်းစရာပင်ကောင်းလှပေသည်။
ကောင်းကင်မှာ လုံးဝမမှောင်သေးသော်လည်း ဟွန်ချွမ်မိစ္ဆာဂိုဏ်း အပျက်အစီးများ တစ်ခုလုံးမှာ မွဲပြာဝါရောင်မြူခိုးများဖြင့်ဖုံးအုပ်နေသည်၊ ၎င်းမှာဟွန်ချွမ်မိစ္ဆာချီစွမ်းအင်ပင် ဖြစ်လေ သည်။
သူတို့နှစ်ဦး အပျက်အစီးများ၏အပြင်ဘက်တွင်ရပ်နေကြသော်လည်း ဟွန်ချွမ်မိစ္ဆာချီစွမ်း အင်မှ ထွက်ပေါ်လာသော အလောင်းပုပ်နံ့မှာ ပျို့အန်ချင်စရာ ကောင်းလှပေသည်။
ဒဏ္ဍာရီများအရ ဟွန်ချွမ်မိစ္ဆာဂိုဏ်း၏အောက်ခြေတွင် ဧရာမအလောင်းမြစ်ကြီး တစ်ခု ရှိနေပြီး ဤအလောင်းပုပ်နံ့မှာ ထိုမြစ်မှထွက်ပေါ်လာခြင်း ဖြစ်လေသည်။
"နဂါးအိုကြီး... ခင်ဗျားရဲ့ဒဏ်ရာတွေ ဘယ်လိုလဲသက်သာရဲ့လား။ ခင်ဗျားဝင်နိုင်ပါ့မလား" ဟု ရန်ရှောက်ထျန်းက အမှောင်နဂါးကို မေးလိုက်သည်။
"သခင်လေး... ကျွန်တော့်ဒဏ်ရာတွေက ပြဿနာမရှိတော့ပါဘူး၊ ကျွန်တော် ဝင်နိုင်ပါတယ်" ဟု အမှောင်နဂါးက အမြန်လျှောက်တင်လိုက်သည်။
လမ်းတောက်လျှောက်တွင် ခြောက်ဆင့်မိုးကြိုးနတ်ဘုရားလျှပ်စီးရေနှင့် ပြန်လည်မွေး ဖွားခြင်းဆေးလုံးများကို ဆက်တိုက်မျိုချခဲ့ပြီးနောက် သူ၏ဒဏ်ရာများမှာတစ်ဝက်ကျော် ပြန်လည် သက်သာလာခဲ့ပြီဖြစ်လေသည်။ ဟွန်ချွမ်မိစ္ဆာချီစွမ်းအင်မှာ အစွမ်းထက်သော်လည်း သူ၏အစွမ်း ဖြင့်ဆိုလျှင် လုံးဝဝင်ရောက်နိုင်လေသည်။
"ကောင်းပြီ... သွားကြစို့"
ရန်ရှောက်ထျန်း၏ပုံရိပ်မှာလှုပ်ရှားသွားပြီး ဟွန်ချွမ်မိစ္ဆာချီစွမ်းအင်အလွှာများကို ဖောက် ထွက်သွားခဲ့လေသည်။ သူသည်နတ်ဘုရားမီးတောက်သုံးမျိုးကိုဆင့်ခေါ်ခြင်းမပြုဘဲ သူ၏ ထာဝရ နတ်ဘုရားခန္ဓာကိုယ်စွမ်းအားကိုသာအသက်သွင်းလိုက်လေသည်။ ချက်ချင်းဆိုသလိုပင် သူ၏ အနားသို့ ချဉ်းကပ်လာသော ဟွန်ချွမ်မိစ္ဆာချီစွမ်းအင်များမှာ အချိန်သဲမှုန်များအဖြစ်သို့ ပြောင်းလဲ သွားကြတော့သည်။
ရန်ရှောက်ထျန်း၏ နောက်ကနေလိုက်လာသောအမှောင်နဂါးမှာ ဤမြင်ကွင်းကို မြင်လိုက် ရသောအခါ အလွန်တရာအံ့အားသင့်သွားတော့သည်။
သူတို့နှစ်ဦးမှာ ဟွန်ချွမ်မိစ္ဆာဂိုဏ်း၏ရှေ့မျက်နှာစာဆီသို့ ဆက်လက်ပျံသန်းသွားကြလေ သည်။
ဟွန်ချွမ်မိစ္ဆာချီစွမ်းအင်များဖုံးအုပ်နေခြင်းကြောင့် အမြင်အာရုံမှာပိတ်ဆို့နေပြီး ရန်ရှောက် ထျန်းမှာ ရှေ့မီတာရာဂဏန်းအနည်းငယ်ကိုသာ မြင်နိုင်လေသည်။
သူတို့နှစ်ဦး ဝင်ရောက်ပြီးမကြာမီမှာပင် ထူးဆန်းသောအော်ဟစ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ဧရာမပုံရိပ်တစ်ခုမှာ ရန်ရှောက်ထျန်းဆီသို့ ခုန်အုပ်လိုက်လေသည်။
ရန်ရှောက်ထျန်းက ပျံသန်းနေရင်းကြားမှ လက်သီးဖြင့်တစ်ချက်ပြန်လည်ထိုးလိုက်ရာ တစ်ဖက်လူမှာ အဝေးရှိပျက်စီးနေသောတံတိုင်းတစ်ခုဆီသို့လွင့်ထွက်သွားပြီး တိုက်မိသွားလေ တော့သည်။
တိုက်ခိုက်သူမှာ မီတာဆယ်ဂဏန်းခန့်မြင့်မားသောသတ္တဝါကြီးတစ်ကောင်ဖြစ်ပြီး ပုပ်သိုး နေသော အရည်များဖြင့်ဖုံးအုပ်နေကာ အလွန်တရာအရုပ်ဆိုးလှပေသည်။
ရန်ရှောက်ထျန်း၏ လက်သီးချက်ကိုခံလိုက်ရသော်လည်း ဤသတ္တဝါကြီးမှာပေါက်ကွဲသွား ခြင်း မရှိဘဲ ရန်ရှောက်ထျန်းဆီသို့ နောက်တစ်ကြိမ် ထပ်မံ ခုန်အုပ်လိုက်ပြန်လေသည်။
***