သူတို့ရှေ့ရှိ သတ္တဝါကြီးမှာ အလောင်းမိစ္ဆာတစ်ကောင် ဖြစ်လေသည်။
အလောင်းတစ်ဝက်၊ တစ္ဆေတစ်ဝက်ဖြစ်နေသော သတ္တဝါဖြစ်လေသည်။
ဟွန်ချွမ်မိစ္ဆာဂိုဏ်း၏အလောင်းမိစ္ဆာများမှာ မသေနိုင်သောသေမင်း၏ မသေနိုင်သော စစ်သည်များကဲ့သို့ပင်သတ်ရန် အလွန်တရာခက်ခဲလှပေသည်။
သို့သော် အလောင်းမိစ္ဆာမှာနောက်တစ်ကြိမ်တိုက်ခိုက်လာသည်ကိုမြင်သောအခါ ရန်ရှောက် ထျန်းသည် သူ၏ထာဝရနတ်ဘုရားခန္ဓာကိုယ်စွမ်းအားကိုအသက်သွင်းလိုက်ပြီး နောက်ထပ် တိုက်ခိုက်မှုတစ်ခု ပြုလုပ်လိုက်ပြန်လေသည်။
“ဘုန်း...”
ဤဧကရာဇ်အဆင့် အလောင်းမိစ္ဆာမှာလွင့်ထွက်သွားပြီး လေထဲမှာပင်အချိန်သဲမှုန်များ အဖြစ်သို့ ပြောင်းလဲသွားကာ ကောင်းကင်နှင့်မြေကြီးကြားမှ လုံးဝပျောက်ကွယ်သွားတော့သည်။
၎င်းကို မြင်လိုက်ရသောအခါ အမှောင်နဂါးမှာမအံသြဘဲမနေနိုင်တော့ပါဘဲ
"သခင်လေးရဲ့ ထာဝရနတ်ဘုရားခန္ဓာကိုယ်က တကယ်ကိုပြိုင်ဘက်ကင်းပါပဲ" ဟု အာမေ ဍိတ်သံဖြင့် ပြောလိုက်သည်။
ရန်ရှောက်ထျန်းက ရယ်မောလိုက်ပြီး
"အနည်းဆုံးတော့ အဲဒါကခင်ဗျားလိုစွမ်းအားရှင်ကိုမသတ်နိုင်သေးပါဘူး" ဟု ပြန်၍ ပြော လိုက်သည်။
မည်သို့ပင်ဆိုစေကာမူ သူသည်အမှောင်နဂါးကိုလက်သီးဖြင့် အကြိမ်အနည်းငယ်ထိုးခဲ့ဖူး သည် မဟုတ်ပါလော။
အမှောင်နဂါးမှာ အလိုက်တသိဖြင့် ခါးသက်စွာ ပြုံးလိုက်မိသည်။
သို့သော် ရန်ရှောက်ထျန်း၏ ကျင့်ကြံမှုအဆင့်မှာနိမ့်နေသေးသဖြင့် ထာဝရနတ်ဘုရား ခန္ဓာကိုယ်၏စွမ်းအားကို အပြည့်အဝမထုတ်နိုင်သေးကြောင်းကိုလည်း သူသိထားလေသည်၊ အကယ်၍ ရန်ရှောက်ထျန်းသာ စိန့်အဆင့်သို့အောင်မြင်စွာတက်လှမ်းနိုင်မည်ဆိုပါက သူသည် ထာဝရနတ်ဘုရားခန္ဓာကိုယ်၏စွမ်းအားကို တောင့်ခံနိုင်ဦးမလားဆိုသည်မှာ ပြောရန်ခက်ခဲလှ ပေသည်။
သူတို့နှစ်ဦးမှာ ရှေ့သို့ ဆက်လက် ပျံသန်းသွားကြလေသည်။
အမှောင်နဂါး၏တစ်ကိုယ်လုံးမှ အမှောင်စွမ်းအားများထွက်ပေါ်လာပြီး ပို၍ပြင်းထန်လာ သော ဟွန်ချွမ်မိစ္ဆာချီစွမ်းအင်များကိုပိတ်ဆို့ရန်အတွက် အမှောင်အတားအဆီးတစ်ခုကို ပြုလုပ် လိုက်လေသည်။
လမ်းတောက်လျှောက်တွင် သူတို့နှစ်ဦးမှာ နောက်ထပ်အလောင်းမိစ္ဆာ အမြောက်အမြားနှင့် ကြုံတွေ့ခဲ့ရသည်။
ဤအလောင်းမိစ္ဆာများမှာအားမနည်းကြပေ၊ အနည်းဆုံးတော့ သူတို့အားလုံးမှာ ဧကရာဇ် အဆင့်တွင် ရှိကြပြီး အချို့မှာစိန့်အဆင့်တွင်ပင် ရှိကြလေသည်။
ရန်ရှောက်ထျန်းနှင့် အမှောင်နဂါးတို့ဟွန်ချွမ်မိစ္ဆာဂိုဏ်း၏ အနက်ရှိုင်းဆုံးနေရာသို့ ရောက်ရှိ သောအခါ နတ်ဘုရားအဆင့် အလောင်းမိစ္ဆာတစ်ကောင်နှင့်ပင် ကြုံတွေ့ခဲ့ရလေသည်။
နတ်ဘုရားအဆင့်အလောင်းမိစ္ဆာကိုသတ်ရန်အတွက် အမှောင်နဂါးပင်လျှင် အတော်လေး အားထုတ်ခဲ့ရလေသည်။
ဟွန်ချွမ်မိစ္ဆာဂိုဏ်း၏ အနက်ရှိုင်းဆုံးနေရာသို့ရောက်ရှိသောအခါ ဤနေရာရှိ အဆောက် အအုံများမှာ ကောင်းမွန်စွာကျန်ရှိနေဆဲဖြစ်ပြီးမြင့်မားကာ ခန့်ညားထည်ဝါသောနန်းတော်များကို မြင်တွေ့ရသည်၊ သို့သော်အချိန်၏တိုက်စားမှုကိုခံခဲ့ရသဖြင့် ဤနန်းတော်များမှာ သူတို့၏ နတ်ဘုရားအရှိန်အဝါများ ပျောက်ဆုံးနေပြီး မှေးမှိန်ကာ အသက်မဲ့နေတော့သည်။
သေမင်းချီစွမ်းအင်များမှာ ထိုနေရာတစ်ခုလုံးတွင် ဖုံးလွှမ်းနေလေသည်။
ခြောက်သွေ့မှု၊ လူသူကင်းမဲ့မှုနှင့် ပုပ်သိုးမှုများက လွှမ်းမိုးနေလေသည်။
လူတစ်ရပ်ကျော်မြင့်မားသော ပေါင်းပင်များကြားတွင် အမျိုးမျိုးသောအဆိပ်ရှိ သတ္တဝါများ နှင့် သေဆုံးနေသောအရာများ ပုန်းအောင်းနေကြလေသည်။
"ရှေ့က နန်းတော်က ဟိုတုန်းက ဟွန်ချွမ်မိစ္ဆာဂိုဏ်းရဲ့ ပင်မခန်းမဆောင်ပဲ" ဟု အမှောင်နဂါးက ရှေ့သို့ လက်ညှိုးညွှန်ကာ ပြောလိုက်သည်။
"ပင်မခန်းမဆောင်ရဲ့ အလွန်မှာတော့ ဟွန်ချွမ်မိစ္ဆာဂိုဏ်းရဲ့ အဆက်ဆက်သော ဘိုးဘေးတွေ ကျင့်ကြံခဲ့တဲ့ ဂူဗိမာန်တွေ ရှိပါတယ်"
"အဲဒီနောက်မှာတော့ ဟွန်ချွမ်မိစ္ဆာဂိုဏ်းရဲ့ တားမြစ်နယ်မြေ ရှိပါတယ်"
"တားမြစ်နယ်မြေရဲ့ အောက်ခြေမှာတော့ အလောင်းမြစ် ရှိပါတယ်"
ရန်ရှောက်ထျန်းက ခေါင်းညိတ်ပြလိုက်သည်။
ဒဏ္ဍာရီများအရ ထာဝရကောင်းကင်ခေါင်းတလားမှာ အလောင်းမြစ်ကနေ မြစ်ဖျားခံလာ ခြင်းဖြစ်သည်၊ ဟွန်ချွမ်မိစ္ဆာဂိုဏ်း၏ တည်ထောင်သူဘိုးဘေးကြီးသည် အလောင်းမြစ်အတွင်း၌ ထာဝရကောင်းကင်ခေါင်းတလားကိုရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းကိုရယူကာ ဟွန်ချွမ်နတ်ဘုရားကျင့်စဉ် ကို ကျင့်ကြံခဲ့ပြီး ဟွန်ချွမ်မိစ္ဆာဂိုဏ်းကို တည်ထောင်ခဲ့ခြင်း ဖြစ်လေသည်။
ဟွန်ချွမ်ဘိုးဘေးကြီး၏ ဂူဗိမာန်မှာအလောင်းမြစ်၏ဘေးတွင်ရှိနေသည်၊ ဟွန်ချွမ်ဘိုး ဘေးကြီး၏ဂူဗိမာန်အတွင်း၌ ထာဝရကောင်းကင်ခေါင်းတလားကိုသန့်စင်သည့် နည်းလမ်း ရှိနေနိုင် သဖြင့် သူသည်နောင်တွင် အလောင်းမြစ်အတွင်းသို့ ဝင်ရောက်ရပေမည်။
သူတို့နှစ်ဦးမှာ ဟွန်ချွမ်တားမြစ်နယ်မြေဆီသို့ ပျံသန်းသွားကြလေသည်။
အနက်ရှိုင်းဆုံးနေရာရှိ နန်းတော်များမှာ အတော်အတန် ကောင်းမွန်စွာကျန်ရှိနေဆဲဖြစ်သော် လည်း အများစုမှာ ထိပ်တန်း ဓားချီစွမ်းအင်များကြောင့် အစိတ်စိတ်အမြွှာမြွှာ ပြတ်တောက်နေခဲ့လေ သည်။
အခြားသော နန်းတော်များမှာမူ လုံးဝပျောက်ကွယ်သွားခဲ့ပြီး မြေပြင်ပေါ်တွင်ကြောက်မက် ဖွယ်ကောင်းကာ အောက်ခြေမမြင်နိုင်သော လက်သီးအရွယ်အစားအပေါက်ကြီးများ ကျန်ရှိနေခဲ့ လေသည်။
ဟိုတုန်းက ဟွန်ချွမ်မိစ္ဆာဂိုဏ်းမှာ ဖြစ်ပွားခဲ့သောတိုက်ပွဲမှာ မည်မျှအထိကမ္ဘာပျက်မတတ် ပြင်းထန်ခဲ့သလဲဆိုတာကို ခန့်မှန်းကြည့်နိုင်လေသည်။
"နဂါးအိုကြီး... ခင်ဗျားဟိုတုန်းက ဟွန်ချွမ်မိစ္ဆာဂိုဏ်းမှာဖြစ်ခဲ့တဲ့ တိုက်ပွဲအကြောင်းကို သိလား" ဟု ရန်ရှောက်ထျန်းက မနေနိုင်ဘဲ မေးလိုက်မိသည်။
အမှောင်နဂါးက ခေါင်းခါပြလိုက်သည်။
"အဲဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး ကွဲလွဲနေတဲ့သတင်းတွေအများကြီးရှိပါတယ်၊ အချို့က ချန်ဆန်းအရှင်သခင်ကိုယ်တိုင်လုပ်ခဲ့တာလို့ ပြောကြပြီး၊ အချို့ကတော့ မသေနိုင်သော သေမင်းနတ် ဘုရားနဲ့ ယှဉ်လို့မရတဲ့ ငရဲနတ်ဘုရားတို့ လုပ်ခဲ့တာလို့ ပြောကြပါတယ်"
၎င်းအကြောင်းကို ပြောပြီးနောက် သူက ဆက်ပြောလိုက်သည်။
"မသေနိုင်သော သေမင်းနတ်ဘုရားနဲ့ယှဉ်လို့မရတဲ့ ငရဲနတ်ဘုရားတို့က အစွမ်းထက်ကြပေ မယ့် သူတို့နှစ်ယောက် ပူးပေါင်းရင်တောင် ဟွန်ချွမ်မိစ္ဆာဂိုဏ်းကို ဖျက်ဆီးနိုင်မှာ မဟုတ်ပါဘူး"
ဟိုတုန်းက ဟွန်ချွမ်မိစ္ဆာဂိုဏ်းမှာ ချန်ဆန်းတိုက်ကြီးပေါ်ရှိ ပထမဆုံး မိစ္ဆာဂိုဏ်း ဖြစ်ခဲ့သည်၊ ၎င်းမှာ မည်မျှအထိအစွမ်းထက်ခဲ့သလဲဆိုလျှင် မသေနိုင်သောသေမင်းနတ်ဘုရားနှင့် ယှဉ်လို့မ ရသော ငဲရဲနတ်ဘုရားတို့က ဘယ်လိုလုပ်ပြီး ဖျက်ဆီးနိုင်မှာလဲ။
ဟွန်ချွမ်သရဲဘုရင်နှင့် ကောင်းကင်တုန်ခါဓားနတ်ဘုရားတို့နှစ်ယောက်တည်းတင်ပင် မသေနိုင်သော သေမင်းနတ်ဘုရားနှင့် ယှဉ်လို့မရသော ငရဲနတ်ဘုရားတို့ထက် အားမနည်းလှပေ။
"ဒါပေမဲ့ ဒါဟာ ချန်ဆန်းအရှင်သခင်လုပ်ခဲ့တာလည်းမဖြစ်နိုင်ပါဘူး" ဟု အမှောင်နဂါးက ထပ်လောင်းပြောကြားလိုက်သည်။
"ဒီနန်းတော်တွေ ပျက်စီးနေပုံအရဆိုရင် ဒါဟာ ချန်ဆန်းအရှင်သခင် ဒါမှမဟုတ် မိုးပြာရောင် ဝက်ဝံတို့ လုပ်ခဲ့တာ မဟုတ်ပါဘူး"
ဤနေရာတွင် သူက ပြောလိုက်သည်။
"အချို့ကတော့ ဒါဟာဓားပေါင်းတစ်သောင်းတိုက်ကြီးက ပညာရှင်တွေ လုပ်ခဲ့တာလို့ သံသယရှိနေကြပါတယ်"
"ဓားပေါင်းတစ်သောင်းတိုက်ကြီးဟုတ်လား"
ရန်ရှောက်ထျန်းမှာ အံ့အားသင့်သွားတော့သည်။
ထုံထျန်းနတ်ဘုရားဂိုဏ်း၏ ဌာနချုပ်မှာ ဓားပေါင်းတစ်သောင်းတိုက်ကြီးတွင် ရှိလေသည်။
"ဒါပေမဲ့ ဒါတွေအားလုံးက ခန့်မှန်းချက်တွေပါပဲ၊ ဟိုတုန်းက ဘာဖြစ်ခဲ့သလဲဆိုတာ ဘယ်သူမှ မသိပါဘူး" ဟု အမှောင်နဂါးက ပြောလိုက်သည်။
"အကယ်၍ ဟွန်ချွမ်သရဲဘုရင်ကိုပြန်လည်အသက်သွင်းနိုင်မယ်ဆိုရင်တော့ ဟိုတုန်းက ဘယ်သူလုပ်ခဲ့သလဲဆိုတာ ငါတို့ သိနိုင်ပါလိမ့်မယ်"
အဲဒီတိုက်ပွဲမှာ ကောင်းကင်တုန်ခါဓားနတ်ဘုရား သေဆုံးသွားခဲ့သည်။
ဟွန်ချွမ်သရဲဘုရင်မှာမူ ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီး သေလူတစ်ဝက်ဖြစ်သွားခဲ့ကာ ထာဝရ ကောင်းကင်ခေါင်းတလား၏ အကူအညီဖြင့် ထွက်ပြေးနိုင်ခဲ့ခြင်းဖြစ်လေသည်။
ကျူးလွန်သူမှာ မည်မျှအထိကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်နေ ရမည် နည်း။
မကြာမီ သူတို့နှစ်ဦးမှာဟွန်ချွမ်မိစ္ဆာဂိုဏ်း၏ပင်မခန်းမဆောင်ဆီသို့ ရောက်ရှိလာခဲ့ကြသည်။
ပင်မခန်းမဆောင်မှာ ခန့်ညားထည်ဝါလှသော်လည်း ယခုအခါတွင်မူတစ်ဝက်မှာ ပြိုကျပျက် စီးနေပြီ ဖြစ်လေသည်။
ကြောက်မက်ဖွယ်ကောင်းသော လက်သီးစွမ်းအားမှာ ပင်မခန်းမဆောင်ကို ဖောက်ထွက် သွားခဲ့ပြီး တားမြစ်နယ်မြေအထိ တောက်လျှောက်ရောက်ရှိသွားခဲ့လေသည်။
ရန်ရှောက်ထျန်းသည် ပင်မခန်းမဆောင်အတွင်းသို့ဆင်းသက်လိုက်ရာ အတွင်း၌ဟွန်ချွမ် မိစ္ဆာချီစွမ်းအင်များမှာပင်လယ်ပြင်ကြီးကဲ့သို့လှိုင်းထနေပြီး ထိုမိစ္ဆာချီစွမ်းအင်များကြားမှ ခန်းမ အတွင်းရှိ ကျောက်တိုင်များပေါ်တွင်ထွင်းထုထားသောမိစ္ဆာနတ်ဘုရားများကို မြင်တွေ့နိုင်လေ သည်။
ရန်ရှောက်ထျန်းသည် ခဏမျှလှည့်ပတ်ကြည့်ရှုသော်လည်း အသုံးဝင်သောအရာ ဘာမှ မတွေ့ရှိသဖြင့် အမှောင်နဂါးနှင့်အတူ တားမြစ်နယ်မြေဆီသို့ ဆက်လက်ပျံသန်းသွားလေသည်။
သူတို့နှစ်ဦး ဟွန်ချွမ်မိစ္ဆာဂိုဏ်း၏တားမြစ်နယ်မြေဆီသို့ ပျံသန်းသွားနေစဉ်မှာပင် ဟွန်ချွမ် မိစ္ဆာဂိုဏ်း အပျက်အစီးများ၏အပြင်ဘက်တွင်ပုံရိပ်အချို့ပေါ်ထွက်လာခဲ့သည်၊ ၎င်းတို့မှာအခြားသူ မဟုတ်ဘဲ မသေနိုင်သောသေမင်းနတ်ဘုရား၊ ငရဲနတ်ဘုရား၏သားတော်ယန်ဖျင်၊ အလောင်းမိစ္ဆာ၊ သွေးမိစ္ဆာနှင့် မိစ္ဆာဗုဒ္ဓတို့ ဖြစ်ကြလေသည်။
ထိုသူများအပြင် ဖန့်မိသားစုမှဖန့်ထျန်းဓားနတ်ဘုရားလည်း ပါဝင်လေသည်။
သို့သော် ဖန့်မိသားစုမှ ဓားကိုးမှာမူ ပါဝင်မလာခဲ့ပေ။
မသေနိုင်သော သေမင်းနတ်ဘုရားနှင့် ငရဲနတ်ဘုရား၏သားတော်ယန်ဖျင်တို့မှာ ဟိုတုန်းက ဟွန်ချွမ်ဘိုးဘေးကြီးသန့်စင်ခဲ့သော ဟွန်ချွမ်နတ်ဘုရားဆေးလုံးကို ရှာဖွေရန်အတွက် ရောက်လာကြ ခြင်း ဖြစ်လေသည်။
မသေနိုင်သော သေမင်းနတ်ဘုရားနှင့်တခြားသူများမှာ ဟွန်ချွမ်မိစ္ဆာချီစွမ်းအင်များကို တိုက်ရိုက်ဖောက်ထွက်ကာ အပျက်အစီးများအတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။
လမ်းတောက်လျှောက်တွင် အလောင်းမိစ္ဆာများနှင့်ကြုံတွေ့ရသောအခါ သူတို့သည် လက်သီး သို့မဟုတ် လက်ဝါးဖြင့် တစ်ချက်တည်း ရိုက်ခွဲပစ်လိုက်ကြလေသည်။
"အဆိပ်နဂါးနန်းတော် အဖြစ်အပျက်နဲ့ပတ်သက်ပြီး ခင်ဗျားဘယ်လို ထင်လဲ" ဟု မသေနိုင် သော သေမင်းနတ်ဘုရားက ရုတ်တရက် မေးလိုက်သည်။
"အဲဒါ သေချာပေါက်အဲဒီကောင်လေးလက်ချက်ပဲ ဖြစ်ရမယ်" ဟု ထိုသို့ပြောပြီးယန်ဖျင်၏ မျက်နှာမှာ မှောင်မိုက်နေတော့သည်။
"အဆိပ်နဂါးနန်းတော်ရဲ့ ဘဏ္ဍာတိုက်ကိုလည်း အဲဒီကောင်လေးက ပြောင်သလင်းခါအောင် လုပ်သွားတယ်လို့ ကျွန်တော်ကြားတယ်"
သူသည် ဟွန်ချွမ်ဂိတ်၏ပြောင်သလင်းခါသွားသောဂူဗိမာန်ဘဏ္ဍာတိုက်ကို မနေနိုင်ဘဲ သတိရသွားပြီး သူ၏ မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ လက်သွားတော့သည်။
"အဲဒီကောင်လေးက ငါတို့ရဲ့အစီအစဉ်တွေကို အမြဲတမ်းနှောင့်ယှက်နေတာပဲ၊ ငါ သူ့ကို တကယ်ပဲ အကျိတ်အနယ်သတ်ပစ်ချင်လိုက်တာ" ဟု အလောင်းမိစ္ဆာက ဒေါသတကြီး ပြောလိုက် သည်။
"နတ်အိမ်တော်ဘက်က အခြေအနေကောဘယ်လိုလဲ" ဟု မသေနိုင်သော သေမင်းနတ် ဘုရားက မေးလိုက်သည်။
လွန်ခဲ့သော ရက်များက သူတို့သည်နတ်အိမ်တော်ကို အနီးကပ်စောင့်ကြည့်ရန်အတွက် လူများကို ဆက်တိုက် စေလွှတ်ထားခဲ့ခြင်း ဖြစ်လေသည်။
"ရန်မိသားစုဝင်တွေက အခုရက်ပိုင်းနတ်အိမ်တော်ထဲမှာပဲနေနေကြပြီး အပြင်မထွက် ကြဘူး" ဟု သွေးမိစ္ဆာက ခေါင်းခါပြလိုက်သည်။
"အစောင့်အချို့ပဲ ပစ္စည်းဝယ်ဖို့အတွက် အပြင်ထွက်ကြတာပါ"
ထို့ကြောင့် သူတို့သည် ရန်မိသားစုဝင်များကိုတိုက်ခိုက်ရန်အတွက်အခွင့်အရေး မရရှိခဲ့ကြ ပေ။
"ရန်မိသားစုဝင်တွေ အပြင်မထွက်ဘူးဆိုရင်လည်း ဒီအစောင့်တွေကိုပဲ ပစ်မှတ်ထားလိုက်" ဟု မသေနိုင်သော သေမင်းနတ်ဘုရားကအမိန့်ပေးလိုက်ပြီးသူ၏မျက်နှာမှာ ကြောက်မက်ဖွယ် ကောင်းနေတော့သည်။
"နတ်အိမ်တော်ထဲမှာရှိနေတဲ့ လူတိုင်းကိုနေ့တိုင်းကြောက်ရွံ့မှုတွေနဲ့ နေထိုင်သွားစေချင် တယ်"
အလောင်းမိစ္ဆာနှင့် တခြားသူများက ခေါင်းညိတ်နာခံလိုက်ကြသည်။
မသေနိုင်သော သေမင်းနတ်ဘုရားနှင့် တခြားသူများဟွန်ချွမ်တားမြစ်နယ်မြေဆီသို့ ချဉ်းကပ် လာချိန်မှာပင် ရန်ရှောက်ထျန်းနှင့်အမှောင်နဂါးတို့မှာ နောက်ဆုံး၌ဟွန်ချွမ်တားမြစ်နယ်မြေသို့ ရောက်ရှိလာခဲ့ကြပြီ ဖြစ်လေသည်။
ဟိုတုန်းက ဟွန်ချွမ်တားမြစ်နယ်မြေ၏ တားမြစ်ချက်မှာကြောက်မက်ဖွယ် ကောင်းလှ သော်လည်း ထိုတိုက်ပွဲအပြီးတွင်တားမြစ်ချက်များမှာပျက်စီးသွားခဲ့ပြီဖြစ်ရာ ရန်ရှောက်ထျန်းနှင့် အမှောင်နဂါးတို့မှာတားမြစ်နယ်မြေကို အလွယ်တကူဖြတ်ကျော်ကာ တားမြစ်နယ်မြေ၏ မြေအောက်ဧရိယာသို့ ရောက်ရှိလာခဲ့ကြလေသည်။
တားမြစ်နယ်မြေ၏ မြေအောက်သို့ဝင်ရောက်လိုက်သည်နှင့် ကြောက်မက်ဖွယ်ကောင်း သော သေမင်းချီစွမ်းအင်များမှာ ဆူနာမီလှိုင်းကြီးတစ်ခုကဲ့သို့ လိမ့်တက်လာတော့သည်။
ရန်ရှောက်ထျန်းကြည့်လိုက်ရာ ထိုသေမင်းချီစွမ်းအင်များ၏အဆုံးတွင် မြေပြင်ကို ဖြတ်သန်း စီးဆင်းနေသော ဧရာမအလောင်းမြစ်ကြီးတစ်ခုကို မြင်လိုက်ရသည်၊ မြစ်ရေများမှာ အဆက်မပြတ် စီးဆင်းနေပြီး အလွန်တရာ ဆိုးရွားလှသော အနံ့ဆိုးများကို ထုတ်လွှတ်နေလေသည်။
"သခင်လေး... သတိထားပါ" ဟု အမှောင်နဂါးက သတိပေးလိုက်သည်။
အဘယ်ကြောင့်ဆိုသော် သူသည်မြေအောက်ဟင်းလင်းပြင်အတွင်း၌ အလွန်အမင်း အန္တရာယ်ရှိသော အရှိန်အဝါအချို့ကို အာရုံခံမိသောကြောင့် ဖြစ်လေသည်။
ဤအလွန်အမင်း အန္တရာယ်ရှိသော အရှိန်အဝါများမှာအလောင်းမြစ်အတွင်း၌ ပုန်းအောင်း နေကြခြင်း ဖြစ်လေသည်။
ရန်ရှောက်ထျန်းက ခေါင်းညိတ်ပြလိုက်ပြီး သူ၏ထာဝရနတ်ဘုရားခန္ဓာကိုယ် စွမ်းအားကို အထွတ်အထိပ်သို့ အသက်သွင်းလိုက်ကာ သူ၏ခန္ဓာကိုယ်တစ်ဝိုက်တွင် အချိန်စွမ်းအားများ အဆက်မပြတ် လည်ပတ်နေစေပြီးနောက် ဟွန်ချွမ်ဘိုးဘေးကြီး၏ဂူဗိမာန်ကို ရှာဖွေရန်အတွက် ရှေ့သို့ လှမ်းတက်လိုက်လေသည်။
ခဏမျှ ရှာဖွေပြီးနောက် ရန်ရှောက်ထျန်းသည် အလောင်းမြစ်၏ ဘေးတွင် ရပ်တည်နေသော ဧရာမ နန်းတော်ကြီးတစ်ခုကို မြင်တွေ့လိုက်ရသည်။
၎င်းမှာ ဟွန်ချွမ်ဘိုးဘေးကြီး၏ ဂူဗိမာန် ဖြစ်ရပေမည်။
***