ရန်ရှောက်ထျန်းနှင့် အမှောင်နဂါးတို့သည် ဂူဗိမာန်ဆီသို့ အရှိန်အဟုန်ဖြင့်ပျံသန်းသွားကြ လေသည်။
သို့သော် ဂူဗိမာန်ဆီသို့ ချဉ်းကပ်လာသည်နှင့်အမျှ အမှောင်နဂါးမှာ အလောင်းမြစ်အတွင်းရှိ အပြောင်းအလဲများကို မျက်ခြေမပြတ်စောင့်ကြည့်နေပြီး အလောင်းမြစ်အတွင်းရှိ ကြောက်မက် ဖွယ်ကောင်းသော တည်ရှိမှုများကို သတိထားနေလေသည်။
ဂူဗိမာန်၏ အဝင်ဝသို့ရောက်သောအခါ တံခါးမှာတင်းကျပ်စွာ ပိတ်ထားသည်ကို တွေ့ရသည်၊ တံခါးပေါ်တွင် ထွင်းထုထားသော ရူးန်းအမှတ်အသားများမှာ နှစ်ပေါင်းသန်းချီ ကြာမြင့်ခဲ့သော်လည်း လင်းလက်နေဆဲ ဖြစ်လေသည်။
ဂူဗိမာန်တစ်ခုလုံးကို သာမန်သံထည်များဖြင့်ပြုလုပ်ထားခြင်းမဟုတ်ပါဘဲ ဧရာမသားရဲကြီး များ၏အရိုးများဖြင့် ပြုလုပ်ထားခြင်းဖြစ်ရာ ၎င်းမှာအံ့အားသင့်ဖွယ်ကောင်းသော သေမင်းချီစွမ်း အင်များကို ထုတ်လွှတ်နေလေသည်။
သေမင်းချီစွမ်းအင်များ လိမ့်တက်နေပြီး စူးရှသောအော်ဟစ်သံများကိုလည်း သဲ့သဲ့ကြားနေ ရလေသည်။
သေချာပေါက်ပင် ဤသေမင်းချီစွမ်းအင်များမှာ အသိဉာဏ် ရှိနေပြီ ဖြစ်လေသည်။
ရန်ရှောက်ထျန်းမှာ အံ့အားသင့်သွားပြီး ဤသေမင်းချီစွမ်းအင်များက အသိဉာဏ်ရှိနေရ လောက်အောင် ဤအရိုးများမှာ ဘယ်လိုသားရဲကြီးတွေရဲ့ အရိုးများဖြစ်မလဲဟု တွေးမိသွားသည်။
"ဒါတွေက ဟိုတုန်းကဟွန်ချွမ်ဘိုးဘေးကြီးသတ်ခဲ့တဲ့ အလောင်းမြစ်ထဲကအလောင်းသားရဲ ကြီးတွေရဲ့ အရိုးတွေဖြစ်ရမယ်၊ သူကဒီဂူဗိမာန်ကိုတည်ဆောက်ဖို့အတွက် အဲဒီအရိုးတွေကို သုံးခဲ့တာပဲ" ဟု အမှောင်နဂါးက လေးနက်သော မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။
"ဒီသေမင်းချီစွမ်းအင်တွေက အသိဉာဏ်ရှိနေပြီ၊ ဒါကအရမ်းကိုအနှောင့်အယှက် ဖြစ်စရာပဲ"
သူ့ကဲ့သို့ ပညာရှင်ပင်လျှင် အနှောင့်အယှက်ဖြစ်စရာဟု ပြောလိုက်သည်ဆိုပါက ဤသေမင်း ချီစွမ်းအင်မှာ မည်မျှအထိကြောက်စရာကောင်းကြောင်း ပြသနေလေသည်။
ရန်ရှောက်ထျန်းသည် သူ၏ထာဝရနတ်ဘုရားခန္ဓာကိုယ်စွမ်းအားကို အသက်သွင်းရန် ကြိုးစားလိုက်ပြီး သူ၏ လက်သီးများဖြင့် ထိုးနှက်လိုက်လေသည်။
ချက်ချင်းဆိုသလိုပင် အချိန်စွမ်းအားများမှာ လိမ့်တက်နေသော သေမင်းချီစွမ်းအင်များ အတွင်းသို့ စီးဝင်သွားတော့သည်။
စူးရှသော အော်ဟစ်သံများ ထွက်ပေါ်လာသည်။
ရန်ရှောက်ထျန်း အံ့သြသွားသည်မှာ သူ၏အချိန်စွမ်းအားများက လိမ့်တက်နေသော သေမင်းချီစွမ်းအင်များကို အနည်းငယ်မျှသာမှေးမှိန်သွားစေနိုင်ပြီး လုံးဝဝါးမြိုပစ်နိုင်ခြင်း မရှိခြင်း ဖြစ်လေသည်။
ထို့အပြင် ရန်ရှောက်ထျန်း၏တိုက်ခိုက်မှုကြောင့် မူလကတည်ငြိမ်နေသော ဂူဗိမာန်၏ အလင်းရောင်မှာ အဆက်မပြတ်တုန်ယင်သွားပြီး သေမင်းချီစွမ်းအင်များမှာ တောမီးအလား တစ်ဟုန်ထိုး ထွက်ပေါ်လာကာ ရန်ရှောက်ထျန်းနှင့် အမှောင်နဂါးဆီသို့ ဦးတည်လာတော့သည်။
ရန်ရှောက်ထျန်းမှာ လန့်သွားသဖြင့် အမှောင်နဂါးနှင့်အတူ မြေအောက်အဝင်ဝအထိ အမြန် ဆုတ်ခွာခဲ့ရာ ထိုအခါမှသာဂူဗိမာန်မှထွက်ပေါ်လာသော သေမင်းချီစွမ်းအင်များ ရပ်တန့်သွားတော့ သည်။
ဟွန်ချွမ်ဘိုးဘေးကြီး၏ဂူဗိမာန်မှာ ဘာဖြစ်လို့လုံးဝမပျက်မစီးဘဲ ကျန်ရှိနေရသလဲဆိုတာ မဆန်းတော့ပေ၊ တစ်စုံတစ်ယောက်က ဤမြေအောက်အလောင်းမြစ်အတွင်းသို့ ဝင်ရောက်နိုင်ခဲ့ လျှင်ပင် ဟွန်ချွမ်ဘိုးဘေးကြီး၏ဂူဗိမာန်အတွင်းသို့ဝင်ရောက်ရန်မှာ အလွန်တရာ ခက်ခဲလှပေ လိမ့်မည်။
ဘာမှ မတတ်နိုင်သဖြင့် ရန်ရှောက်ထျန်းသည် အမှောင်နဂါးကိုအပြင်မှာ စောင့်ခိုင်းလိုက်ပြီး ဆေးနံ့သာအိုးဘိုးဘေးကို သူ၏ အလင်းကာကွယ်မှုဖြင့် စောင့်ရှောက်ခိုင်းကာ ဂူဗိမာန်၏ အဝင်ဝသို့ နောက်တစ်ကြိမ် ချဉ်းကပ်လိုက်ပြန်လေသည်။
ရန်ရှောက်ထျန်းသည် သူ၏လက်ဝါးများကိုတံခါးပေါ်သို့တင်လိုက်ကာ တံခါးကို ဝါးမြို နိုင်မလား သိရှိရန်အတွက် ထာဝရနတ်ဘုရားခန္ဓာကိုယ်စွမ်းအားကို လည်ပတ်လိုက်လေသည်။
ရန်ရှောက်ထျန်း ဝမ်းသာသွားသည်မှာထာဝရနတ်ဘုရားခန္ဓာကိုယ် စွမ်းအားအောက်တွင် တံခါးမှာ တစ်စစီဝါးမြိုခံနေရခြင်းဖြစ်လေသည်၊ အရှိန်မှာ အလွန်နှေးသော်လည်း ဤနှုန်းအတိုင်း ဆိုလျှင် အလွန်ဆုံးလက်ဖက်ရည်တစ်ခွက်သောက်စာ အချိန်အတွင်းမှာပင် လုံးဝဝါးမြိုခံရပေ လိမ့်မည်။
ရန်ရှောက်ထျန်း ဂူဗိမာန်တံခါးကို ဆက်တိုက်ဝါးမြိုနေစဉ်မှာပင် မသေနိုင်သော သေမင်းနတ်ဘုရားနှင့် ငရဲနတ်ဘုရား၏သားတော်ယန်ဖျင်တို့မှာလည်း ဟွန်ချွမ်မိစ္ဆာဂိုဏ်း၏ ပင်မခန်းမဆောင်သို့ ရောက်ရှိလာကြပြီ ဖြစ်လေသည်။
မသေနိုင်သော သေမင်းနတ်ဘုရားသည် အဆုံးထိရောက်ရှိသွားသော ကြောက်မက်ဖွယ် လက်သီးစွမ်းအားကိုကြည့်ကာ သူ၏အမူအရာကင်းမဲ့သောမျက်နှာတွင် အနည်းငယ်မျှ လှုပ်ခတ် သွားမှု ရှိနေလေသည်။
"ဟိုတုန်းက ပထမဆုံးမိစ္ဆာဂိုဏ်းဖြစ်ခဲ့ပေမယ့် အခုတော့ဒီလိုမျိုး ဖြစ်သွားရတာ နှမြောစ ရာပဲ" ဟု ငရဲနတ်ဘုရား၏သားတော် ယန်ဖျင် ကလည်း ဟွန်ချွမ်မိစ္ဆာဂိုဏ်း၏ ပင်မခန်းမဆောင်ကို ကြည့်ကာ သက်ပြင်းချလိုက်လေသည်။
ဟွန်ချွမ်မိစ္ဆာဂိုဏ်း ပျက်စီးသွားစဉ်က သူသည်နတ်ဘုရားအဆင့်သို့ အောင်မြင်စွာ တက်လှမ်း ခါစသာ ရှိသေးသည်။
ဟိုတုန်းက ဟွန်ချွမ်မိစ္ဆာဂိုဏ်းပျက်စီးသွားသည့် သတင်းပြန့်နှံ့သွားသောအခါ ချန်ဆန်းတိုက် ကြီးပေါ်တွင် အကြီးအကျယ် တုန်လှုပ်မှုများ ဖြစ်ပေါ်ခဲ့လေသည်။
"ဒါဟာ အောင်နိုင်သူက ဘုရင်ဖြစ်ပြီး၊ ရှုံးနိမ့်သူက ဓားပြဖြစ်ရတာပါပဲ" ဟု မသေနိုင်သော သေမင်းက အေးစက်စွာ ပြောလိုက်ပြီး သူ၏မျက်လုံးများမှာအေးစက်သော အမူအရာများ ပြန်လည်ဝင်ရောက်လာကာ တခြားသူများနှင့်အတူ ဟွန်ချွမ်တားမြစ်နယ်မြေဆီသို့ ဆက်လက် ပျံသန်းသွားလေသည်။
တားမြစ်နယ်မြေ၏ မြေအောက်တွင်ရန်ရှောက်ထျန်း၏အချိန်စွမ်းအားများအောက်၌ ဂူဗိမာန်တံခါးမှာ နောက်ဆုံး၌ ဝါးမြိုခံလိုက်ရလေပြီ။
ဂူဗိမာန်တံခါးရှိ ဧရာမအပေါက်ကြီးကိုကြည့်ကာ ရန်ရှောက်ထျန်းမှာ ဝမ်းသာသွားပြီး အတွင်းသို့ ချက်ချင်း ဝင်ရောက်လိုက်လေသည်။
ဂူဗိမာန်အတွင်း၌ သေမင်းချီစွမ်းအင်များမှာ ပို၍ပင်ပြင်းထန်လှပေသည်။
သို့သော် ဆေးနံ့သာအိုး၏အလင်းကာကွယ်မှုအောက်တွင် ရန်ရှောက်ထျန်းမှာ ဂူဗိမာန် အတွင်း၌ လွတ်လပ်စွာ သွားလာနိုင်လေသည်။
ဂူဗိမာန်အတွင်းရှိ ဟင်းလင်းပြင်မှာ သူ ထင်ထားသည်ထက် ပို၍ ကြီးမားလှပေသည်။
ရှေ့ခန်းမ တစ်ခုတည်းတင်ပင် မီတာ ထောင်ပေါင်းများစွာ ကျယ်ဝန်းလေသည်။
ရန်ရှောက်ထျန်းသည် ခဏမျှလှည့်ပတ်ကြည့်ရှုသော်လည်း အသုံးဝင်သောအရာ ဘာမှ မတွေ့ရှိသဖြင့် နောက်ဖေးဘက်သို့ ဦးတည်သွားလေသည်။
နောက်ဖေးဘက်တွင်မူ အမှန်တကယ်ပင်မြင့်မားသော ဧရာမသစ်ပင်ကြီးတစ်ပင် ရှိနေလေ သည်။
ဤဧရာမ သစ်ပင်ကြီးမှာ တစ်ခုလုံးအရိုးများဖြင့်ပြုလုပ်ထားခြင်းဖြစ်ပြီး ၎င်း၏ အကိုင်း အခက်များမှာလည်း အရိုးများပင်ဖြစ်လေသည်၊ ထိုအကိုင်းအခက်များပေါ်တွင် အသီးပေါင်း တစ်ဒါ ဇင်ကျော် တွဲလောင်းကျနေလေသည်။
ဤအသီးပေါင်း တစ်ဒါဇင်ကျော်မှာ အံ့အားသင့်ဖွယ်ကောင်းသော သေမင်းချီစွမ်းအင်များကို ထုတ်လွှတ်နေသော်လည်း သူတို့၏မျက်နှာပြင်များမှာမူ နတ်ဘုရားအလင်းရောင်များဖြင့် လင်းလက် နေလေသည်။
"ဒါ ဘာလဲ" ဟု ရန်ရှောက်ထျန်းက အံ့အားသင့်စွာ မေးလိုက်မိသည်။
"သေမင်း နတ်ဘုရားသစ်ပင် ပဲ" ဟု ဆေးနံ့သာအိုးဘိုးဘေးက ပြောလိုက်သည်။
သေမင်း နတ်ဘုရားသစ်ပင် ဟုတ်လား။
သူ့ရှေ့ရှိ သစ်ပင်မှာ အမှန်တကယ်ပင်မိစ္ဆာဂိုဏ်း၏အမြင့်မြတ်ဆုံး ရတနာ ဖြစ်သော သေမင်း နတ်ဘုရားသစ်ပင် ဖြစ်နေလေသည်။
"ဆေးနံ့သာအိုးဘိုးဘေး... ဒီသေမင်းနတ်ဘုရားသစ်ပင်ကိုယူသွားလို့ရမယ့် နည်းလမ်း ရှိမလား" ဟု ရန်ရှောက်ထျန်းက မေးလိုက်သည်။
အကယ်၍ ဤသေမင်းနတ်ဘုရားသစ်ပင်သာ မသေနိုင်သောသေမင်းနတ်ဘုရား သို့မဟုတ် ယှဉ်လို့မရသောငရဲနတ်ဘုရားတို့ကဲ့သို့ မိစ္ဆာဂိုဏ်းပညာရှင်များ၏လက်ထဲသို့ ရောက်သွားမည်ဆို ပါက သူတို့၏အစွမ်းမှာအံ့အားသင့်ဖွယ်ကောင်းသောအဆင့်သို့ တက်လှမ်းသွားပေလိမ့်မည်၊ ထို့ကြောင့် ဤသေမင်း နတ်ဘုရားသစ်ပင်ကို သေချာပေါက် ချန်ထားခဲ့လို့ မဖြစ်ပေ။
"ဒီသေမင်း နတ်ဘုရားသစ်ပင်က ဟိုတုန်းက နဂါးနတ်ဘုရားသစ်ပင် လိုပဲ ဂူဗိမာန်တစ်ခုလုံးရဲ့ စွမ်းအားနဲ့ဆက်နွှယ်နေတာ၊ ဒါကြောင့် ဒါကိုယူသွားဖို့ခက်တယ်" ဟု ဆေးနံ့သာအိုးက ပြောလိုက် သည်။
"ဒါကို ယူသွားဖို့ဆိုရင် မိုးကြိုးကိုးလွှာနတ်ဘုရား လျှပ်စီးရေ ကုန်ဆုံးရလိမ့်မယ်"
ရန်ရှောက်ထျန်းက မျက်မှောင်ကြုတ်လိုက်လေသည်။
"ဒါပေမဲ့ မင်းစိတ်မပူပါနဲ့၊ တခြားဘယ်သူမှလည်း ဒီသေမင်းနတ်ဘုရားသစ်ပင်ကို ယူသွားနိုင်မှာ မဟုတ်ဘူး" ဟု ဆေးနံ့သာအိုးဘိုးဘေးက ထပ်လောင်းပြောကြားလိုက်သည်။
ရန်ရှောက်ထျန်းက ခေါင်းညိတ်ပြလိုက်ပြီး အထက်သို့ခုန်တက်ကာ သေမင်းနတ်ဘုရား အသီး တစ်ဒါဇင်ကျော်စလုံးကို ခူးယူလိုက်လေသည်။
ဤသေမင်းနတ်ဘုရားအသီး တစ်ဒါဇင်ကျော်အတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော သေမင်းချီစွမ်းအင်များပါရှိနေသည်၊ သူသည် ၎င်းတို့ကို မသန့်စင်နိုင်သော်လည်း ယခု ယူသွားခြင်းက နောင်တွင် အသုံးဝင်နိုင်လေသည်။
နတ်ဘုရားအသီးအားလုံးကို သိမ်းဆည်းပြီးနောက် ရန်ရှောက်ထျန်းသည် သူ၏ ထာဝရ နတ်ဘုရားခန္ဓာကိုယ်စွမ်းအားကိုအသုံးပြုကာ ဤသေမင်းနတ်ဘုရားသစ်ပင်ကို ဖျက်ဆီးနိုင်မလား ကြိုးစားကြည့်သော်လည်း သူ၏ ထာဝရနတ်ဘုရားခန္ဓာကိုယ်စွမ်းအားမှာ သစ်ပင်၏ပင်စည်သို့ ထိတွေ့လိုက်သည်နှင့် သစ်ပင်၏ စွမ်းအားကြောင့် လွင့်စင်သွားခဲ့လေသည်။
သေချာပေါက်ပင် သေမင်းနတ်ဘုရားသစ်ပင်မှာ ဂူဗိမာန်၏စွမ်းအားနှင့် ဆက်နွှယ်နေပြီး သူ၏ လက်ရှိအစွမ်းဖြင့် ၎င်းကို ဖျက်ဆီးနိုင်ခြင်း မရှိပေ။
ဘာမှ မတတ်နိုင်သဖြင့် ရန်ရှောက်ထျန်းသည် ထာဝရကောင်းကင်ခေါင်းတလားကို သန့်စင်သည့် နည်းလမ်းကိုရှာဖွေရန်အတွက် အတွင်းဘက်သို့ ဆက်လက်လျှောက်လှမ်းခဲ့လေသည်။
ခဏအကြာတွင် သူသည် နန်းတော်တစ်ခုသို့ ရောက်ရှိလာခဲ့သည်။
နန်းတော်အတွင်း၌ မရေမတွက်နိုင်သော စာအုပ်များကို စနစ်တကျ စီထားလေသည်။
အံ့သြစရာကောင်းသည်မှာ ဤစာအုပ်များမှာ သေမင်းချီစွမ်းအင်များ၏ တိုက်စားမှုကို နှစ်ပေါင်းများစွာ ခံခဲ့ရသော်လည်း မပျက်မစီးဘဲ ကျန်ရှိနေခြင်း ဖြစ်လေသည်။
ရန်ရှောက်ထျန်းက ရှေ့သို့သွားကာ ၎င်းတို့ကိုအကြမ်းဖျင်း လှန်လှောကြည့်လိုက်သည်၊ ၎င်းတို့မှာ ဟွန်ချွမ်မိစ္ဆာဂိုဏ်း၏ နတ်ဘုရားစွမ်းရည်များနှင့် ဓားသိုင်းများဖြစ်သလို ဟွန်ချွမ်ဘိုးဘေး ကြီး ချန်ထားခဲ့သော လက်ရေးမှတ်စုများစွာလည်း ပါဝင်လေသည်။
၎င်းကို မြင်သောအခါ ရန်ရှောက်ထျန်းသည် ဤစာအုပ်အားလုံးကို ယူလိုက်ပြီး နောင်တွင် ဖတ်ရှုရန် ဆုံးဖြတ်လိုက်လေသည်။
ထို့နောက်တွင် ရန်ရှောက်ထျန်းသည် ဟွန်ချွမ်ဘိုးဘေးကြီး၏ ဆေးဖော်စပ်ခန်းကိုလည်း ရှာတွေ့ခဲ့လေသည်။
ဆေးဖော်စပ်ခန်းအတွင်း၌ သေမင်းချီစွမ်းအင်များ ထွက်ပေါ်နေသော ဧရာမ အိုးကြီးတစ်လုံး ရှိနေပြီး ၎င်း၏ ကိုယ်ထည်ပေါ်တွင် အလောင်းမြစ်တစ်ခုကို ထွင်းထုထားလေသည်။
၎င်းမှာ ချန်ဆန်းတိုက်ကြီး၏ ကြီးကျယ်သော နတ်ဘုရားအိုး လေးလုံးထဲမှ တစ်လုံးဖြစ်သော ဟွန်ချွမ် အလောင်းမြစ် အိုးကြီး ဖြစ်ပုံရလေသည်။
ရန်ရှောက်ထျန်းသည် ၎င်းကိုသန့်စင်ရန်မကြိုးစားသေးဘဲ ဟွန်ချွမ်အလောင်းမြစ်အိုးကြီး ကိုသာ ယူလိုက်လေသည်။
ဆေးဖော်စပ်ခန်းအတွင်း၌ ဆေးဖော်စပ်နည်းစာအုပ်များစွာလည်းရှိနေသဖြင့် ရန်ရှောက် ထျန်းက ၎င်းတို့ကိုပါယူသွားခဲ့လေသည်။
ရန်ရှောက်ထျန်းသည် ဂူဗိမာန်အတွင်း၌ ကောင်းကင်ကံကြမ္မာနတ်ဘုရားကျောက်တုံးကို ဆက်လက် ရှာဖွေနေတော့သည်။
ယခုအကြိမ် ဟွန်ချွမ်မိစ္ဆာဂိုဏ်းအပျက်အစီးများအတွင်းသို့ သူဝင်လာရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ကောင်းကင်ကံကြမ္မာ နတ်ဘုရားကျောက်တုံးအတွက်ပင် ဖြစ်လေသည်။
သို့သော် ရန်ရှောက်ထျန်းသည် ဂူဗိမာန်၏ထောင့်တိုင်းကို ရှာဖွေသော်လည်း ကောင်းကင်ကံ ကြမ္မာ နတ်ဘုရားကျောက်တုံးကို ရှာမတွေ့ခဲ့ပေ။
ကောင်းကင်ကံကြမ္မာ နတ်ဘုရားကျောက်တုံးက ဒီမှာ မရှိတာလား။
ရန်ရှောက်ထျန်း ဇဝေဇဝါဖြစ်နေစဉ်မှာပင် ရုတ်တရက်ဂူဗိမာန်၏ အပြင်ဘက်မှ မိုးကြိုးသံ ကဲ့သို့ ဟိန်းဟောက်သံနှင့်အတူ အမှောင်နဂါး၏ဒေါသတကြီးဟိန်းဟောက်သံ ထွက်ပေါ်လာတော့ သည်။
ရန်ရှောက်ထျန်းသည် ဂူဗိမာန်အတွင်းမှ အရှိန်အဟုန်ဖြင့် ပြေးထွက်လာခဲ့လေသည်။
ဂူဗိမာန်၏ အပြင်ဘက်သို့ပြေးထွက်လာသည်နှင့်တစ်ပြိုင်နက် မသေနိုင်သော သေမင်းနတ် ဘုရားနှင့် ငရဲနတ်ဘုရား၏သားတော် ယန်ဖျင် တို့၏ ပုံရိပ်များကို မြင်လိုက်ရတော့ သည်။
အမှောင်နဂါးမှာမူ အလောင်းမိစ္ဆာ၊ သွေးမိစ္ဆာ၊ မိစ္ဆာဗုဒ္ဓ နှင့် ဖန့်ထျန်းဓားနတ်ဘုရား တို့၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံနေရလေသည်။
အမှောင်နဂါး၏ အစွမ်းမှာ လုံးဝပြန်လည်သက်သာခြင်း မရှိသေးသည့်အပြင် အလောင်း မိစ္ဆာလေးဦး၏ ပူးပေါင်းတိုက်ခိုက်မှုကိုခံနေရသဖြင့် အမှောင်နဂါးမှာ တစ်ဆင့်ပြီးတစ်ဆင့် ဆုတ်ခွာ နေရလေသည်။
မသေနိုင်သော သေမင်းနတ်ဘုရားနှင့် ငရဲနတ်ဘုရား၏သားတော် ယန်ဖျင် တို့မှာ တိုက်ပွဲကို စောင့်ကြည့်နေကြသော်လည်း ရန်ရှောက်ထျန်းသည် ဟွန်ချွမ်ဘိုးဘေးကြီး၏ ဂူဗိမာန်အတွင်းမှ ပြေးထွက်လာသည်ကိုမြင်လိုက်ရသောအခါ နှစ်ယောက်စလုံးအကြီးအကျယ် တုန်လှုပ်သွား ကြတော့သည်။
"ရန်ရှောက်ထျန်း" ဟု မသေနိုင်သောသေမင်းနတ်ဘုရားနှင့် ယန်ဖျင်တို့ တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။
“တောက်...”
“ဘယ်နေရာသွားသွား ဒီကောင်လေးနဲ့ ဘာလို့ လာတိုးနေရတာလဲ။”
ရန်ရှောက်ထျန်းကို မြင်လိုက်ရသောအခါ မသေနိုင်သောသေမင်းနတ်ဘုရားမှာ အလောင်း မြစ်ကြီးကိုပင် ဆွဲဖြဲပစ်ချင်လောက်အောင် ဒေါသထွက်သွားတော့သည်။
မသေနိုင်သော သေမင်းနတ်ဘုရားနှင့် ယန်ဖျင်တို့၏အော်ဟစ်သံကို ကြားလိုက်ရသောအခါ အမှောင်နဂါးကို ဝိုင်းရံနေသောအလောင်းမိစ္ဆာများမှာ သူတို့၏နှလုံးသားများ မနေနိုင်ဘဲ တုန်ယင် သွားကြပြီး ကြောက်လန့်တကြားဖြင့် တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်ကြလေသည်။
ထိုအခိုက် ရန်ရှောက်ထျန်းက"ဆေးနံ့သာအိုး"ဟု ဟိန်းဟောက်လိုက်ရာ သူ၏ အော်ဟစ်သံ မှာ အလောင်းမြစ်ကြီးကိုပင် တုန်ခါသွားစေတော့သည်။
***