ရန်ရှောက်ထျန်း ပြန်ရောက်လာသည့်ညမှာပင် အပြင်မှာသွားရောက်လေ့ကျင့်နေသော သားရဲနတ်ဘုရား၏သားတော် ချန်ကျီဖန့်ပြန်ရောက်လာသည့်သတင်းမှာ တပည့်များကြားတွင် ပျံ့နှံ့ သွားတော့သည်။
သားရဲနတ်ဘုရား၏သားတော် ချန်ကျီဖန့်မှာချန်ဆန်းခြောက်ပါးထဲမှ တစ်ဦးဖြစ်ပြီး ရန်ထျန်း ရဲ ကဲ့သို့ပင် ဝေဖန်မှုအခံရဆုံးသော အမာခံတပည့်များထဲမှတစ်ဦး ဖြစ်လေသည်။
ချန်ကျီဖန့်၏ အစွမ်းမှာ အလွန်တရာကြီးမားလှပေသည်၊ သူနှင့် ရန်ထျန်းရဲတို့ အကြိမ်အနည်း ငယ် တိုက်ခိုက်ခဲ့ဖူးသော်လည်း မည်သူကမှအနိုင်အရှုံးမခွဲနိုင်ခဲ့ကြကြောင်း ကောလာဟလများ ရှိလေသည်။
ဤအချက်တစ်ခုတည်းတင်ပင် ချန်ကျီဖန့်၏အစွမ်းမှာ မည်မျှကြီးမားကြောင်း ပြသနေလေ သည်။
အချို့က ရန်ထျန်းရဲမှာ ချန်ဆန်းခြောက်ပါး၏ ခေါင်းဆောင် ဖြစ်လာရခြင်းမှာ သူ၏ အစွမ်းက ချန်ကျီဖန့်ထက် သာလွန်နေ၍ မဟုတ်ဘဲ ရန်ထျန်းရဲမှာ ချန်ဆန်းအရှင်သခင်၏ နတ်ဘုရားပင်လယ် ကမ္ဘာ နတ်ဘုရားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသောကြောင့်သာ ဖြစ်သည်ဟု ပြောကြလေသည်။
သို့သော် အခြားသူများကမူ ရန်ထျန်းရဲ၏အစွမ်းမှာ အမှန်တကယ်တွင် ချန်ကျီဖန့်ထက် တစ်ဆင့် ပို၍မြင့်မားကြောင်းနှင့် အကယ်၍အသေအလဲ တိုက်ခိုက်မည်ဆိုပါက ချန်ကျီဖန့်မှာ သေချာပေါက် သေဆုံးသွားလိမ့်မည်ဟု ဆိုကြလေသည်။
မည်သို့ပင်ဆိုစေကာမူ ချန်ကျီဖန့်၏ ကြီးမားသော အစွမ်းမှာမူ သံသယဖြစ်ဖွယ် မရှိပေ။
ချန်ကျီဖန့် ပြန်ရောက်လာသည့်ညမှာပင် ကျန်းချန်ချန်နှင့် မင်းသမီးဝမ်နင်းတို့မှာ ရန်ရှောက် ထျန်းကို လာရှာကြလေသည်။
"မောင်လေးရန်ပြန်လာပြီပေါ့" ဟု ကျန်းချန်ချန်က ရန်ရှောက်ထျန်း၏ ဘယ်ဘက်တွင် ထိုင်ကာ ပြုံးလျက်ပြောလိုက်သည်။
ယခုအကြိမ် ရန်ရှောက်ထျန်းပြန်လာသောအခါ ပုံမှန်အားဖြင့် တိတ်ဆိတ်နေတတ်သော စီနီယာအစ်မကျန်းမှာ ပို၍ တက်ကြွလာသည်ကို သူ သတိပြုမိလိုက်သည်။
တက်ကြွနေသော စီနီယာအစ်မကျန်းမှာ ပို၍ပင် လှပနေတော့သည်။
စီနီယာအစ်မကျန်းနှင့် နှိုင်းယှဉ်ပါက မင်းသမီးဝမ်နင်း၏ ရန်ရှောက်ထျန်းအပေါ် ကြည့်သော အကြည့်မှာပြင်းပြနေဆဲ ဖြစ်လေသည်။
"မောင်လေးက ငါတို့ကိုထားခဲ့ပြီး အပြင်မှာသွားလေ့ကျင့်တယ်နော်။ ငါတို့က မောင်လေး အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်မှာ စိုးလို့လား"
သူမ၏ အသံမှာအလွန်တရာနူးညံ့လှသဖြင့် လူတစ်ယောက်၏နှလုံးသားကို ယားကျိကျိ ဖြစ်စေနိုင်လေသည်။
ရန်ရှောက်ထျန်းက ပြုံးလိုက်ပြီး
"ဒီခရီးစဉ်က အန္တရာယ်များလို့စီနီယာအစ်မတို့စိတ်ပူမှာစိုးလို့မပြောခဲ့တာပါ" ဟု ပြောလိုက် သည်။
ရန်ရှောက်ထျန်းက သူမကိုထည့်သွင်းစဉ်းစားပေးသည်ဟု ကြားလိုက်ရသဖြင့် မင်းသမီးဝမ် နင်း၏ နှလုံးသားမှာကြည်နူးသွားတော့သည်။
သူတို့ သုံးယောက်မှာ စကားစမြည် ပြောဖြစ်ကြလေသည်။
စကားပြောနေစဉ်အတွင်း ထိုအမျိုးသမီးနှစ်ဦးမှာရန်ထျန်းရဲအကြောင်းကို ပြောဖြစ်ကြ သည်။
"ရန်ထျန်းရဲက နောက်ထပ်တစ်ကြိမ်မိုးကောင်းကင်ကိုးလွှာကံကြမ္မာမိုးကြိုးဘေးဒုက္ခကို လှုပ်ခတ်နိုင်ခဲ့ပြီး တစ်ဆယ့်တစ် ခုမြောက် မိုးကောင်းကင်ကိုးလွှာကံကြမ္မာကို ကျင့်ကြံနိုင်ခဲ့လိမ့်မယ် လို့ ငါ မထင်ထားခဲ့ဘူး" ဟု ကျန်းချန်ချန်က လေးနက်သော မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။
"အခု နတ်ဘုရားနယ်မြေတပည့်တွေအားလုံးက ရန်ထျန်းရဲတစ်ဆယ့်တစ် ခုမြောက် မိုးကောင်းကင်ကိုးလွှာကံကြမ္မာကိုကျင့်ကြံနိုင်တဲ့အကြောင်းကိုပဲ ဆွေးနွေးနေကြတာ" ဟု မင်းသမီးဝမ်နင်းကလည်း လေးလံသော စိတ်နှလုံးဖြင့် ပြောလိုက်သည်။
ရန်ထျန်းရဲ ပို၍အစွမ်းထက်လာလေလေ ရန်ရှောက်ထျန်းအတွက် ပို၍ အခြေအနေ မကောင်း လေလေ ဖြစ်ရပေမည်။
ထို့အပြင် ရန်ထျန်းရဲမှာ ရန်ရှောက်ထျန်းအပေါ် အလွန်အမင်းမနှစ်မြို့မှု ရှိနေသည်ဖြစ်ရာ အကယ်၍ ရန်ရှောက်ထျန်းသာ နတ်ဘုရားနယ်မြေ မဟာပြိုင်ပွဲတွင်ရန်ထျန်းရဲနှင့် တွေ့ဆုံမည်ဆိုပါ က ရန်ထျန်းရဲမှာ သေချာပေါက်ပြင်းပြင်းထန်ထန် တိုက်ခိုက်ပေလိမ့်မည်။
"ဒီ ရန်ထျန်းရဲက မိုးကောင်းကင်ကိုးလွှာကံကြမ္မာ တစ်ဆယ့်တစ်ခုကို ကျင့်ကြံနိုင်တယ်ဆို တာ သူ့ရဲ့ ပါရမီကတကယ်ကို အံ့မခန်းပါပဲ" ဟု ရန်ရှောက်ထျန်းက ခေါင်းညိတ်ပြလိုက်သည်။
မိုးကောင်းကင်ကိုးလွှာကံကြမ္မာ တစ်ဆယ့်တစ်ခုဆိုသည်မှာ မည်သည့်ခေတ်အခါမှာပဲဖြစ် ဖြစ် အလွန်တရာ တောက်ပသောအရာတစ်ခု ဖြစ်လေသည်။
လွန်ခဲ့သော နှစ်ပေါင်းတစ်သိန်းအတွင်းမှာ ဤရန်ထျန်းရဲတစ်ဦးတည်းသာလျှင် မိုးကောင်း ကင်ကိုးလွှာကံကြမ္မာ တစ်ဆယ့်တစ်ခုကို ကျင့်ကြံနိုင်ခဲ့ခြင်း ဖြစ်လေသည်။
"ချန်ကျီဖန့် လည်း အခုလေးတင် ပြန်ရောက်လာတယ်" ဟု ကျန်းချန်ချန်က ပြောလိုက်သည်။
"သူက အခုအကြိမ်မှာ သားရဲနတ်ဘုရားတောင်ထဲကို သွားရောက်လေ့ကျင့်ခဲ့ပြီး ကြီးမားတဲ့ ကံကောင်းမှုတစ်ခုနဲ့ ကြုံခဲ့ရလို့ သူ့ရဲ့ အစွမ်းက အံ့မခန်း တိုးတက်လာခဲ့တယ်လို့ ငါ ကြားတယ်"
"ဒီလူက အရမ်းကို မောက်မာပြီး ရိုင်းစိုင်းတတ်တယ်၊ ဘယ်သူ့ကိုမှ မျက်စိထဲ မထည့်ဘူး၊ ရန်ထျန်းရဲကိုတောင် သူ ဂရုမစိုက်ဘူး"
ရန်ရှောက်ထျန်းက ခေါင်းညိတ်ပြလိုက်သည်။
သူသည်လည်း ဤချန်ကျီဖန့် အကြောင်းကို ကြားဖူးထားလေသည်။
ချန်ဆန်းစံအိမ်တော်တွင် လူပြောအများဆုံးသူများမှာ ရန်ထျန်းရဲနှင့် ဤချန်ကျီဖန့် တို့ပင် ဖြစ်ကြလေသည်။
သတ်ဖြတ်ခြင်းသားတော် မုန့်ပိုင်မှာ ချန်ဆန်းခြောက်ပါးထဲမှ တစ်ဦးဖြစ်သော်လည်း သူသည် အောက်ခြေမှာသာရှိပြီး ရန်ထျန်းရဲနှင့် ချန်ကျီဖန့်တို့နှင့်နှိုင်းယှဉ်ပါက အလွန်တရာ ကွာခြားလှ ပေသည်။
"ဒီလူက အရမ်းကို ရွံစရာကောင်းတာ" ဟု မင်းသမီးဝမ်နင်းကလည်း ချန်ကျီဖန့်အကြောင်း ပြောလိုက်သောအခါ မနှစ်မြို့သောပုံစံဖြင့် ပြောလိုက်သည်။
သူမသည် ချန်ကျီဖန့်ကို နတ်ဘုရားပေါင်းတစ်သောင်း အင်ပါယာ၏နန်းတွင်းစားသောက်ပွဲ တစ်ခုတွင်တွေ့ဖူးခဲ့ပြီး ချန်ကျီဖန့်က သူမကိုကြည့်သောအကြည့်မှာ ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်ကဲ့သို့ ဖြစ်နေသဖြင့် သူမ တစ်ကိုယ်လုံး နေရထိုင်ရ ခက်ခဲခဲ့ရလေသည်။
"မောင်လေးရန်... အခု မောင်လေးရဲ့ ကျင့်ကြံမှုအခြေအနေက ဘယ်လိုလဲ" ဟု ကျန်းချန်ချန် က ရန်ရှောက်ထျန်းကို မနေနိုင်ဘဲ မေးလိုက်မိသည်။
ဝမ်နင်းကလည်း ရန်ရှောက်ထျန်းကို စပ်စုလိုစိတ်ဖြင့် ကြည့်လိုက်သည်။
ချန်ဆန်းကျောင်းတော် မဟာပြိုင်ပွဲတုန်းက ရန်ရှောက်ထျန်းနှင့် ကျန်းချန်ချန်တို့၏ တိုက်ပွဲမှာ အမှန်တကယ်ပင် ကမ္ဘာပျက်မတတ် ပြင်းထန်ခဲ့လေသည်။
သို့သော် ရန်ရှောက်ထျန်းဧကရာဇ်အဆင့်သို့အောင်မြင်စွာ တက်လှမ်းပြီးကတည်းက မည်သူမျှ သူ တိုက်ခိုက်သည်ကို မမြင်ဖူးကြသေးပေ။
လူတိုင်းမှာ ရန်ရှောက်ထျန်း၏အစွမ်းနှင့်ပတ်သက်ပြီး ဝေဝါးသော ခန့်မှန်းချက်များသာ ရှိကြ လေသည်။
"အဆင်ပြေပါတယ်" ဟု ရန်ရှောက်ထျန်းက အမျိုးသမီးနှစ်ဦး၏ စပ်စုလိုစိတ်ကို မြင်သော အခါ ပြုံးလျက် ပြောလိုက်သည်။
"ကျွန်တော်ဧကရာဇ်အဆင့် ဒုတိယအလွှာကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပါပြီ"
"ဘာ... ဧကရာဇ်အဆင့်ဒုတိယအလွှာဟုတ်လား"
ကျန်းချန်ချန်နှင့် ဝမ်နင်းတို့မှာအကြီးအကျယ်တုန်လှုပ်သွားကြပြီး နှစ်ယောက်စလုံး ရန်ရှောက်ထျန်းကို မယုံကြည်နိုင်စွာ ကြည့်နေကြတော့သည်။
သူတို့၏ မောင်လေးရန်က အပြင်မှာသွားရောက်လေ့ကျင့်ပြီး ပြန်လာသောအခါ ဧကရာဇ် အဆင့် ဒုတိယအလွှာသို့ တက်လှမ်းသွားသည်တဲ့လား။
"ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ ကျင့်ကြံမှုအရှိန်က နှေးနေသေးတယ်လို့ ထင်မိတယ်" ဟု ရန်ရှောက်ထျန်းက ပြောလိုက်သည်။
အမျိုးသမီးနှစ်ဦးမှာ ဆွံ့အသွားကြတော့သည်။
ဒီအရှိန်ကို နှေးနေသေးတယ်လို့ သူက ထင်နေတာလား။
သူတို့မှာ ဧကရာဇ်အဆင့် ပထမအလွှာ အလယ်ပိုင်းကိုတောင် မရောက်ကြသေးပေ။
ရန်ရှောက်ထျန်းမှာမူ ဧကရာဇ်အဆင့် ဒုတိယအလွှာသို့ ရောက်နေပြီ ဖြစ်လေသည်။
အမျိုးသမီးနှစ်ဦးမှာ ခဏမျှ ထပ်မံထိုင်နေပြီးမှ ထွက်ခွာသွားကြလေသည်။
ရန်ရှောက်ထျန်း ဧကရာဇ်အဆင့် ဒုတိယအလွှာသို့ တက်လှမ်းသွားခြင်းမှာ ထိုအမျိုးသမီး နှစ်ဦးကို အကြီးအကျယ် "စိတ်ဓာတ်ကျ" စေခဲ့သဖြင့် သူတို့သည် ရန်ရှောက်ထျန်းကို မှီနိုင်ရန် အတွက် နောင်တွင် ပို၍ ကြိုးစားကျင့်ကြံရန် ဆုံးဖြတ်လိုက်ကြလေသည်။
မျက်စိတစ်မှိတ်အတွင်း တစ်ရက် ကုန်ဆုံးသွားခဲ့သည်။
ရန်ရှောက်ထျန်းသည် သူ၏ ဂူဗိမာန်အတွင်း၌သာ နေထိုင်ပြီး သူ၏ နတ်ဘုရားပင်လယ်ကမ္ဘာ ကို ခိုင်မာအောင် လုပ်နေကာ အပြင်မထွက်ခဲ့ပေ။
တစ်ရက်ကြာပြီးနောက်တွင် နတ်ဘုရားနယ်မြေ မဟာပြိုင်ပွဲမှာနောက်ဆုံး၌ ရောက်ရှိလာခဲ့ လေပြီ။
ရန်ရှောက်ထျန်းသည် သူ၏ ဂူဗိမာန်မှထွက်ခွာလာပြီး နတ်ဘုရားနယ်မြေ မဟာပြိုင်ပွဲ ကျင်းပမည့် ကွင်းပြင်ဆီသို့ ပျံသန်းသွားလေသည်။
သူ ရောက်သွားသောအခါ ကွင်းပြင်အတွင်း၌ တပည့်များဖြင့် ပြည့်နှက်နေပြီ ဖြစ်လေသည်။
ရန်ထျန်းရဲ၊ ကျန်းမင်နှင့် တခြားသူများ အားလုံး ရောက်ရှိနေကြပြီ ဖြစ်လေသည်။
ရန်ရှောက်ထျန်း ရောက်ရှိလာမှုမှာ အကြီးအကျယ် ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။
လူအချို့မှာ လေထဲကနေဆင်းသက်လာသော ရန်ရှောက်ထျန်းကို အမျိုးမျိုးသော မျက်နှာ အမူအရာများဖြင့် ကြည့်နေကြလေသည်။
ရန်ထျန်းရဲ၏ ရန်ရှောက်ထျန်းအပေါ် ကြည့်သောအကြည့်မှာ မောက်မာပြီး အေးစက်နေလေ သည်။
ရန်ရှောက်ထျန်း ကွင်းပြင်သို့ရောက်လာသည်နှင့် လူအုပ်ထဲမှ အနီရောင်ဝတ်စုံ ဝတ်ဆင်ထား သော၊ အလွန်တရာမောက်မာသောမျက်နှာရှိသော တပည့်ငယ်တစ်ဦးထွက်လာခဲ့သည်။ သူသည် ရန်ရှောက်ထျန်း၏ ရှေ့သို့ရောက်လာပြီး သူ့ကိုစေ့စေ့စပ်စပ်ကြည့်လိုက်သည်။
"မင်းက ရန်ရှောက်ထျန်း လား"
ရန်ရှောက်ထျန်းသည် တစ်ဖက်လူကိုတစ်ခါမျှ မမြင်ဖူးသော်လည်း သူ၏ မည်သူမည်ဝါဖြစ် ကြောင်းကို ခန့်မှန်းမိလိုက်သည် ။
"ချန်ကျီဖန့်"
ချန်ကျီဖန့်မှာ သူ၏လက်များကိုနောက်ပစ်ထားရင်း ရန်ရှောက်ထျန်းကို စိုက်ကြည့်လိုက် သည်။
"မုန့်ပိုင် က ငါ့ရဲ့ ညီအစ်ကိုပဲ"
"နောင်ကျရင် နတ်ဘုရားနယ်မြေ မဟာပြိုင်ပွဲမှာ မင်း ငါနဲ့ တွေ့မယ်ဆိုရင် ငါ အစွမ်းကုန် တိုက်ခိုက်မှာပဲ။ မင်း ပြင်ဆင်ထားတာ အကောင်းဆုံး ဖြစ်လိမ့်မယ်"
စကားပြောပြီးနောက် သူသည် လှည့်ထွက်သွားတော့သည်။
မကြာမီမှာပင် အကြီးအကဲများဖြစ်ကြသည့် ကျန်းယုံကျန်း၊ ရှီးလုံ၊ ကျောက်ဖုန်း၊ လီနျန် နှင့် တခြားသူများ ရောက်ရှိလာကြသည်။ ယခုအကြိမ်တွင်မူ ချန်ဆန်းစံအိမ်တော်၏ အဆင့်မြင့်အရာ ရှိအားလုံးနီးပါးမှာ နတ်ဘုရားနယ်မြေ မဟာပြိုင်ပွဲအတွက် ရောက်ရှိနေကြခြင်း ဖြစ်လေသည်။
တံခါးပိတ် ကျင့်ကြံနေဆဲဖြစ်သဖြင့် မလာနိုင်သောမိုးပြာရောင်ဝက်ဝံကလွဲရင် အမြဲတမ်း လျှို့ဝှက်နေတတ်သော လက်သီးနတ်ဘုရားကျန်းဝမ်လီ ပင်လျှင် ရောက်လာခဲ့လေသည်။
ကျန်းယုံကျန်းက တပည့်များကို လှည့်ပတ်ကြည့်ရှုလိုက်ပြီး "အားလုံး ရောက်နေကြပြီဆိုရင် တော့ စကြတာပေါ့" ဟု ပြောလိုက်သည်။
လူတိုင်း မဲနှိုက်ရန်အတွက် ရှေ့သို့တက်လာတော့မည့်ဆဲဆဲတွင် ရန်ရှောက်ထျန်းက ရုတ်တရက် ရှေ့သို့ထွက်လာကာ ကျန်းယုံကျန်းကိုလက်အုပ်ချီလျက်
"စံအိမ်တော်အရှင်သခင်... ကျွန်တော့မှာ တောင်းဆိုချက်တစ်ခု ရှိပါတယ်၊ အရှင်သခင်က ခွင့်ပြုပေးလိမ့်မယ်လို့လည်း ကျွန်တော်မျှော်လင့်ပါတယ်" ဟု ပြောလိုက်သည်။
ရန်ရှောက်ထျန်း ဖြစ်နေသည်ကိုမြင်သောအခါ ကျန်းယုံကျန်းက ပြုံးလိုက်ပြီး
"မင်း ဘာတောင်းဆိုချင်တာလဲ ကောင်လေး။ ပြောပါဦး" ဟု ပြောလိုက်သည်။
ရန်ရှောက်ထျန်းက
"တစ်ယောက်ချင်းစီယှဉ်ပြိုင်ရတာက အရမ်းကိုအနှောင့်အယှက်ဖြစ်ပြီး အချိန်ကုန်စေ ပါတယ်။ ကျွန်တော်ဒီကနေပဲပါဝင်ယှဉ်ပြိုင်မယ့်တပည့်အားလုံးကို တစ်ယောက်တည်းနဲ့ စိန်ခေါ်ချင် ပါတယ်" ဟု ပြောလိုက်သည်။
"ဖွတ်" ဟူသော အသံနှင့်အတူ ဓားနတ်ဘုရား ရှီးလုံ မှာ နှာချေမိသွားတော့သည်။
ဓားနတ်ဘုရားကျောက်ဖုန်း နှင့် ဆေးနတ်ဘုရားလီနျန်တို့လည်း နှာချေမိသွားကြသလို၊ အခုလေးတင် ပေါ်လာသော လက်သီးနတ်ဘုရား ကျန်းဝမ်လီ ပင်လျှင် နှာချေမိသွားတော့သည်။
လူတိုင်းမှာ ရန်ရှောက်ထျန်းကို အံ့အားသင့်စွာကြည့်လိုက်ကြပြီး သူတို့ နားကြားမှားသလား ဟု တွေးမိသွားကြတော့သည်။
ရန်ရှောက်ထျန်းက ပြိုင်ပွဲမှာပါဝင်မယ့်အမာခံတပည့်အားလုံးကို တစ်ယောက်တည်းနဲ့ စိန်ခေါ်ချင်သည်တဲ့လား။
ကျန်းချန်ချန်နှင့် မင်းသမီးဝမ်နင်းတို့၏ လှပသောမျက်လုံးများပင်လျှင် ပြူးကျယ်သွား တော့သည်။
"မင်းက နတ်ဘုရားနယ်မြေအမာခံတပည့်အားလုံးကို တစ်ယောက်တည်းနဲ့ တိုက်ချင် တာလား"
ကျန်းယုံကျန်း ကလည်း လုံးဝ ဝေခွဲမရသော ပုံစံဖြင့် ကြည့်လိုက်မိသည်။
ဤတောင်းဆိုချက်မျိုးမှာ သမိုင်းတစ်လျှောက်တွင် လုံးဝ မရှိဖူးသေးပေ။
ရန်ရှောက်ထျန်းက ခေါင်းညိတ်ပြလိုက်ပြီး
"ဟုတ်ပါတယ်" ဟု ပြန်ပြောလိုက်သည်။ ထို့နောက် သူကထပ်လောင်းပြော ကြားလိုက် သည်။
"အကယ်၍ ကျွန်တော်ကနတ်ဘုရားနယ်မြေ အမာခံတပည့် အားလုံးကို တစ်ယောက်တည်း နဲ့ စိန်ခေါ်ပြီး အနိုင်ရခဲ့ရင်နတ်ဘုရားနယ်မြေမဟာပြိုင်ပွဲရဲ့ ဆုလာဘ်အားလုံးက ကျွန်တော့်ရဲ့အပိုင် ဖြစ်ရမှာ မဟုတ်လား"
ကျန်းယုံကျန်းက ရန်ရှောက်ထျန်းကို စိုက်ကြည့်လိုက်ပြီး ရန်ရှောက်ထျန်း နောက်ပြောင် နေခြင်းမဟုတ်ကြောင်း အတည်ပြုပြီးနောက် သူက မျက်မှောင်ကြုတ်လိုက်သည်။
"မင်း အကျိုးဆက်တွေကို ထည့်တွက်ထားပြီးပြီလား"
ရန်ရှောက်ထျန်း၏ ဤလုပ်ရပ်မှာနတ်ဘုရားနယ်မြေ အမာခံတပည့် အားလုံးကို သေချာ ပေါက် ဒေါသထွက်စေလိမ့်မည်ဖြစ်ပြီး လာမည့်ပွဲစဉ်များတွင် အမာခံတပည့် မည်သူမျှ လက်လျှော့ ကြမည် မဟုတ်ပေ၊ ရန်ရှောက်ထျန်းမှာ အကြီးအကျယ် အရိုက်ခံရပေလိမ့်မည်။
"အကယ်၍ ကျွန်တော်ရှုံးခဲ့ရင်လည်း ဒါဟာ ကျွန်တော့်ရဲ့ အပြစ်ပါပဲ" ဟု ရန်ရှောက်ထျန်းက ပြောလိုက်သည်။
ကျန်းယုံကျန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။
"ကောင်းပြီ... မင်းရဲ့ တောင်းဆိုချက်ကို ခွင့်ပြုလိုက်မယ်"
***