ဒေါ်ကြီးကျန်းနှင့်အခြားသူများသည် တစ်ခေါက်သွားဝယ်ခဲ့သော်လည်း လက်ဗလာဖြင့်သာ ပြန်လာခဲ့ရသည်။ သို့သော် နောက်တစ်နေ့တွင်တော့ မိုးမလင်းမီကပင် မနက်စာပင်မစားဘဲ သွားခဲ့ကြရာ ဆပ်ပြာအနည်းငယ်ကို အလုအယက်ဝယ်နိုင်ခဲ့ကြသည်။ မနက်စောစောသွား၍ တန်းစီလျှင်ပင် တစ်ယောက်ကို နှစ်တုံးသာဝယ်ခွင့်ရသဖြင့် ဒေါ်ကြီးလျိုအတွက် ပိုမဝယ်ပေးနိုင်ခဲ့ကြောင်း ဒေါ်ကြီးကျန်းတို့က ပြောကြသည်။
ရေတွင်းနားတွင် အဝတ်လျှော်ကြရာ၌ ဒေါ်ကြီးကျန်းတို့အဖွဲ့က ဆပ်ပြာသုံး၍ အဝတ်များကို ဂျေးပြောင်စင်အောင်လျှော်ဖွပ်ပြပြီး ကြွားလုံးထုတ်နေကြသဖြင့် အဝတ်လျှော်တုတ်ကိုသာ သုံးနေရဆဲဖြစ်သော ဒေါ်ကြီးလျိုမှာ စိတ်ပျက်အားငယ်နေမိသည်။
သူမကိုယ်တိုင် စတင်ညွှန်းဆိုပေးခဲ့သော ပစ္စည်းလေးက ယခုတော့ ဒေါ်ကြီးကျန်းတို့အတွက် အသုံးဝင်လှသော လက်နက်ကောင်းတစ်ခုဖြစ်နေခဲ့ပြီ။ အိမ်မှုကိစ္စနိုင်နင်းသော အိမ်ရှင်မကောင်းတစ်ဦးဟု မိမိကိုယ်ကိုဂုဏ်ယူလေ့ရှိသည့် ဒေါ်ကြီးလျိုအတွက်တော့ ဤအခြေအနေက မခံချိမခံသာဖြစ်စေသည်။ ထို့ကြောင့် ဒေါ်ကြီးလျိုမှာ ထမင်းဟင်းချက်ခြင်းနှင့် အိမ်မှုကိစ္စများလုပ်ဆောင်ရာတွင် တက်ကြွမှုမရှိဘဲ ညှိုးငယ်နေသဖြင့် ခင်ပွန်းဖြစ်သူကပင် အကြိမ်ကြိမ် သိချင်စိတ်ဖြင့် မေးယူရသည်။
သူမ ဤသို့ဖြစ်နေရသည်မှာ ဆပ်ပြာတုံးလေးတစ်တုံးကြောင့်ဟု ခင်ပွန်းဖြစ်သူက လုံးဝမသိရှာပေ။
မည်သို့ပင်ဖြစ်စေ ဒေါ်ကြီးလျိုကတော့ ကံစမ်းကြည့်ချင်နေဆဲဖြစ်သည်။
ဒီနေ့တွင်တော့ မနက်စာဆန်ပြုတ်ကျိုပြီးသည်နှင့် ခင်ပွန်းနှင့် သားဖြစ်သူတို့ စားသောက်ပြီးစီးသည်အထိပင်မစောင့်တော့ဘဲ မြို့အရှေ့ပိုင်းလမ်းမကြီးဆီသို့ အမြန်ထွက်လာခဲ့သည်။ အချိန်အနည်းငယ်လမ်းလျှောက်ပြီးနောက် ဒေါ်ကြီးလျို တစ်ယောက် ဆပ်ပြာဆိုင်ရှေ့သို့ ရောက်ရှိလာခဲ့သည်။
ဆပ်ပြာဆိုင်ရှေ့တွင် ရှည်လျားသော လူတန်းကြီးဖြစ်ပေါ်နေပြီး လူခြောက်ဆယ်၊ ခုနစ်ဆယ်ခန့် စောင့်ဆိုင်းနေကြပြီဖြစ်သည်။ တန်းစီသူများသာဆပ်ပြာဝယ်ခွင့်ရမည်ဟု အနီးနားရှိ လူများပြောသည်ကို ကြားလိုက်ရသဖြင့် ဒေါ်ကြီးလျိုလည်း အခြားသူများနည်းတူ လူတန်းထဲသို့ အမြန်ဝင်၍ တန်းစီလိုက်သည်။
တန်းစီနေစဉ်အတွင်း ဒေါ်ကြီးလျိုသည် အခြားသူများ၏ ပြောဆိုဆွေးနွေးသံများကို ကြားနေရသည်။
"မနေ့က ဒီအချိန်ဆို ဆိုင်ရှင်က ပစ္စည်းကုန်သွားပြီဆိုပြီး တန်းစီခွင့်တောင် မပေးတော့ဘူးလေ"
"ဒီဆပ်ပြာက အရမ်းကောင်းတယ်လို့ လူတွေပြောကြလို့... ငါလာတာ ဒါနဲ့ဆို နှစ်ခေါက်ရှိပြီ။ အရင်တစ်ခေါက်က တစ်တုံးမှမရလိုက်ဘူး။ ဒီနေ့တော့ ဆိုင်တာဝန်ခံက ဘာမှထွက်မပြောသေးဘူးဆိုတော့ ပစ္စည်းကျန်သေးလို့များလား"
"ဟူး... ဒီဆပ်ပြာက တကယ်ကိုရောင်းကောင်းလွန်းတော့ ဝယ်လို့တောင်မရဘူး။ ကိုယ့်အလှည့်ရောက်မှ ဆိုင်ရှင်က ပစ္စည်းကုန်သွားပြီလို့ ပြောလိုက်မှာကိုပဲ စိုးရိမ်နေတာ"
ဤစကားများကိုကြားရသောအခါ ဒေါ်ကြီးလျိုမှာ အနည်းငယ်စိုးရိမ်ပူပန်လာမိသည်။ မနက်စောစောစီးစီး အဝေးကြီးကနေလာပြီး တန်းစီနေရသည်ဖြစ်ရာ သူမ၏ ကြိုးစားအားထုတ်မှုများ ထပ်ပြီး အလကားဖြစ်သွားမည်ကို မလိုလားပေ။
လူတန်းကြီးက ဖြည်းဖြည်းချင်း ရှေ့သို့တိုးလာစဉ် ဒေါ်ကြီးလျိုသည် ဆပ်ပြာဆိုင်ထဲမှ အလုပ်ရှုပ်နေသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးနှင့် လူငယ်လေးတစ်ဦးတို့ကို လှမ်းကြည့်နေမိသည်။ သူတို့ရှေ့ရှိဆပ်ပြာများ တဖြည်းဖြည်းကုန်သွားသည်ကိုမြင်ရသလို တစ်ခါတစ်ရံ နောက်ဖေးခန်းထဲဝင်၍ ဆပ်ပြာများ ထပ်ယူလာသည်ကိုမြင်ရသောအခါ ဒေါ်ကြီးလျိုမှာ ပို၍ပင် ရင်တထိတ်ထိတ် ဖြစ်လာရသည်။
ဘေးနားမှ လူများကလည်း ပေါ့ပေါ့ပါးပါးပင် ဆက်လက်ပြောဆိုနေကြသည်။
"အို... ဒီနေ့ ပစ္စည်းတော်တော်များများ ရထားတာပဲ"
"ငါတို့အလှည့်ရောက်တော့မယ်။ ပစ္စည်းလည်း ကျန်သေးတယ်ဟေ့"
နောက်ဆုံးတွင်တော့ ရှည်လျားသောလူတန်းကြီးပြီးဆုံးသွားပြီး ဒေါ်ကြီးလျို၏ အလှည့်သို့ ရောက်လာခဲ့လေပြီ။ ဆိုင်စားပွဲပေါ်တွင်တင်ထားသော ဆပ်ပြာတစ်ဒါဇင်ကျော်ခန့်ကို မြင်လိုက်ရချိန်တွင် သူမ ဒီတစ်ခေါက်တော့ အောင်မြင်ပြီဖြစ်ကြောင်း သိလိုက်သဖြင့် ဝမ်းသာလွန်း၍ ငိုချင်စိတ်ပင် ပေါက်သွားရသည်။
ဦးလေးလီတောက်က ဒေါ်ကြီးလျိုပေးသော ကြေးပြားများကိုယူလိုက်ပြီး သူမ၏ စိတ်လှုပ်ရှားနေသော မျက်နှာကိုကြည့်ကာ ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည်။
"အစ်မကြီး... ခင်ဗျား ကံကောင်းတယ်နော်။ မနေ့က ဒီအချိန်ဆို ပစ္စည်းပြတ်နေပြီ။ ဒီနေ့ သူဌေးက အတုံးတစ်ထောင် ထုတ်ပေးလိုက်လို့ ပစ္စည်းလောက်ငသွားတာ ဒါကြောင့် အခုချိန်ထိ ကျန်နေသေးတာပေါ့။ ဒါပေမဲ့ တစ်ယောက်ကို နှစ်တုံးပဲ ဝယ်ခွင့်ရှိသေးတယ်နော်"
ဒေါ်ကြီးလျိုသည် စိတ်လှုပ်ရှားမှုကိုထိန်းချုပ်ကာ ငွေရှင်းလိုက်ပြီး သူမ၏ ဆပ်ပြာနှစ်တုံးကို လက်ခံရယူလိုက်သည်။ သူမ၏ စိတ်အခြေအနေမှာ ချက်ချင်းပင်လန်းဆန်းသွားပြီး လွန်ခဲ့သော ရက်အနည်းငယ်က ညှိုးနွမ်းနေမှုများ အားလုံးပျောက်ကွယ်သွားတော့သည်။ ဆပ်ပြာကို ပိုက်ထားရင်း တန်းစီရာမှထွက်လာကာ စိတ်လှုပ်ရှားလွန်းသဖြင့် မြေကြီးပေါ်တွင် နှစ်ချက်ခန့် ခုန်ပေါက်လိုက်မိသည်။
ဒေါ်ကြီးလျို ဤမျှအထိစိတ်လှုပ်ရှားပျော်ရွှင်နေသည်ကိုမြင်သောအခါ အနီးနားတွင် စောင့်နေသူများက သူမကို စနောက်ကြတော့သည်။
"အစ်မကြီးက သိပ်ပျော်နေပါလား"
"ဆပ်ပြာဝယ်နိုင်သွားတဲ့အတွက် ဂုဏ်ပြုပါတယ် အစ်မကြီး... "
စနောက်ခံရသဖြင့် ဒေါ်ကြီးလျို၏ မျက်နှာမှာ ရှက်သွေးဖြာသွားသည်။ သို့သော် ရင်ခွင်ထဲမှ ဆပ်ပြာကိုကြည့်ရင်း ဤတစ်ခေါက်လာရသည်မှာ တကယ်ကိုတန်သည်ဟု ဒေါ်ကြီးလျို ခံစားလိုက်ရသည်။ ယခုဆိုလျှင် သူမလည်း အဝတ်လျှော်တုတ်ကြီးကို လွှင့်ပစ်လိုက်နိုင်ပြီဖြစ်ပြီး ဒေါ်ကြီးကျန်းတို့လို ရေတွင်းနားတွင် အေးအေးဆေးဆေး အဝတ်လျှော်နိုင်ပြီဖြစ်သည်။ ယခုမှစ၍ ညစ်ပေနေသောအဝတ်အစားများ၏ ကော်လာနှင့် လက်ကများမှဂျေးများကို သူမ ကြောက်စရာမလိုတော့ပေ။
ဆပ်ပြာကို ပိုက်ကာ ဒေါ်ကြီးလျိုတစ်ယောက် ပျော်ရွှင်စွာဖြင့် အိမ်သို့ ပြန်လာခဲ့လေတော့သည်။
***
လဝက်ခန့် ကြာပြီးနောက် လီကျစ်သည် ဆရာကြီးချွေ အတွက် ကုန်ပစ္စည်းတစ်ဝက်ကို စုဆောင်းနိုင်ခဲ့သဖြင့် အရင်ဆုံးသွားပို့ပေးခဲ့သည်။ ဆပ်ပြာအလုံးရေ နှစ်သောင်းခွဲကို လှည်းများဖြင့် ချွေမိသားစု၏ခြံဝင်းထဲသို့ အခေါက်ခေါက်အခါခါ သယ်ယူပို့ဆောင်ပေးခဲ့သည်။ ချွေဝမ်တင်သည် တန်ကျင်းမြို့တွင် ဆပ်ပြာပြတ်လပ်နေမှုကို မျက်မြင်ကိုယ်တွေ့ကြုံထားရသဖြင့် လီကျစ်က သူ့ကို အချိန်မီ ကုန်ပစ္စည်းမပေးနိုင်မည်ကို စိုးရိမ်နေခဲ့ခြင်းဖြစ်သည်။ ကုန်ပစ္စည်းများကို လက်ခံရရှိပြီးမှသာ ချွေဝမ်တင် စိတ်အေးသွားပြီး ကျန်ရှိနေသော ငွေတစ်ဝက်ဖြစ်သည့် ငွေစ ၂၁၂ သျှူး နှင့် ၅ မူးကို လီကျစ်ထံ ချက်ချင်း ပေးချေလိုက်သည်။
ချွေဝမ်တင်ထံမှရရှိသော ငွေကြေးအပြင် လွန်ခဲ့သော လဝက်အတွင်း ဆိုင်မှရရှိသော အမြတ်ငွေ သျှူးနှစ်ရာကျော်ပါ ပေါင်းလိုက်သောအခါ လီကျစ်၏ လက်ထဲတွင် ငွေစ ၆၀၀ သျှူး ရှိနေပြီဖြစ်သည်။ သူ ဤခေတ်သို့ စတင်ရောက်ရှိလာချိန်က ကြုံတွေ့ခဲ့ရသော အခက်အခဲများနှင့်ယှဉ်လျှင် ယခုအခါ လီကျစ်မှာ သူဌေးပေါက်စတစ်ဦး အစစ်အမှန် ဖြစ်နေလေပြီ။
ငွေများရလာသောအခါ လီကျစ် ပထမဆုံး လုပ်ချင်သည့်အရာမှာ သူတို့ မိသားစု သုံးယောက်နှင့် အလုပ်ရုံတွင်အလုပ်လာလုပ်နေကြသော ဆွေမျိုးများအတွက် အဝတ်အစားသစ်အချို့ ချုပ်ပေးရန်ဖြစ်သည်။
သေချာသည်မှာ လီကျစ်ကိုယ်တိုင်လည်း အဝတ်အစားသစ်များလိုအပ်နေသည်။ ယခင်က လီမိသားစုမှာ အလွန်ဆင်းရဲနွမ်းပါးသဖြင့် လီကျစ်မှာ ဖာထေးရာများအပြည့်ရှိနေသော ဂွမ်းခံအင်္ကျီစုတ်ကိုသာ ဝတ်ဆင်ခဲ့ရသည်။ ဤကဲ့သို့သော အဝတ်အစားများဝတ်ဆင်၍ အပြင်ထွက်ကာ စီးပွားရေးကိစ္စများ ဆွေးနွေးသည့်အခါ လူများက သူ၏ အရည်အချင်းကို သံသယဝင်တတ်ကြသဖြင့် အလုပ်လုပ်ရာတွင် အားစိုက်ရသလောက် ခရီးမရောက်ဖြစ်တတ်သည်။ ယခု ငွေရှိလာပြီဖြစ်၍ လီကျစ်သည် ဂွမ်းခံအင်္ကျီအသစ် တစ်ထည် လဲလှယ်ဝတ်ဆင်ရန် ပိုးထည်ဝတ်ရုံရှည် သုံးစုံနှင့် အတွင်းခံအင်္ကျီ သုံးစုံတို့ကို ချုပ်လုပ်ချင်နေသည်။
ဆပ်ပြာလုပ်ငန်းကြောင့် လီကျစ်အနေဖြင့် ပိုးထည်များကို ဝတ်ဆင်နိုင်စွမ်း ရှိနေပြီဖြစ်သည်။
ညီဖြစ်သူ လီရှင်းနှင့် မိခင်ဖြစ်သူ ဒေါ်ကြီးကျန်းတို့မှာလည်း သူ့နည်းတူ အဝတ်အစားသစ်များ ရရှိမည်ဖြစ်သည်။
သို့သော် လီကျစ်က သူမအတွက် ပိုးထည်အဝတ်အစားများ ချုပ်ပေးမည်ဟု ကြားသောအခါ ဒေါ်ကြီးကျန်းက မလိုလားသောဟန်ဖြင့်…
"ကျစ်အာ... တို့မိသားစု ငွေလေး နည်းနည်းပါးပါးလေးပဲရသေးတာ ချွေတာကြရအောင်ပါ။ အမေ့အတွက် အဝတ်အစားက နောက်မှပဲချုပ်ပါတော့" ဟု ပြောလာသည်။
လီကျစ်က ပြုံးလျက် မိခင်ဖြစ်သူ ဒေါ်ကြီးကျန်းအား…
"အမေ... အခု ကျွန်တော်တို့က တစ်နေ့ကို ငွေစ ၃၀ သျှူးတောင် ရှာနိုင်နေပြီလေ။ ဒီအဝတ်အစား အသစ်လေးအချို့ချုပ်ဖို့လောက်ကို ငွေလိုနေသေးလို့လား"
ယခုအခါ လီကျစ်သည် လီမိသားစု၏ မိသားစုခေါင်းဆောင်ဖြစ်လာပြီး ငွေကြေးအားလုံးနှင့် စာရင်းဇယားများကို သူကိုယ်တိုင် စီမံခန့်ခွဲနေခြင်းဖြစ်သည်။ ယခင်က လီကျစ်သည် မိခင်ဖြစ်သူနှင့် စာရင်းဇယားကိစ္စများကို တိုင်ပင်ပြောဆိုလေ့မရှိပေ။ သို့ဖြစ်ရာ ယခု လီကျစ်၏ စကားကို ကြားလိုက်ရချိန်တွင် ဒေါ်ကြီးကျန်းမှာ အံ့သြတုန်လှုပ်သွားတော့သည်။
"ကျစ်အာ... မင်း တွက်တာမှားမနေဘူးလား။ တစ်နေ့ကို ငွေစ ၃၀ သျှူး တောင် ရှာနိုင်တယ်ဟုတ်လား။ မင်းသာ ဆယ်သျှူး လို့ ပြောရင် အမေ ယုံဦးမယ်"
လီကျစ်က ရယ်မောရင်း…
"ဘယ်မှားရမှာလဲ အမေရာ။ အခုဆို ကျွန်တော်တို့ဆိုင်ကနေ နေ့တိုင်း ဆပ်ပြာ အတုံး တစ်ထောင် ရောင်းရတယ်။ ဒါ့အပြင် ဆရာကြီးချွေ အတွက်ကိုလည်း နေ့တိုင်း အတုံး တစ်ထောင်ကျော် လုပ်ပေးနေရတယ်။ အဲဒါတွေပေါင်းလိုက်ရင် အမြတ်ငွေက အလိုလိုနေရင်း ငွေစ ၃၀ သျှူး ရှိနေပြီလေ"
ဒေါ်ကြီးကျန်းမှာ ခေတ္တမျှ ဆွံ့အသွားပြီးနောက် ရင်ဘတ်ကိုဖိကာ…
"အို... ဘုရားရေ... တို့တွေ ဒီလောက်တောင် ငွေတွေအများကြီး ရှာနိုင်လိမ့်မယ်လို့ အမေ တစ်ခါမှ မတွေးမိခဲ့ဘူး" ဟု ရေရွတ်လိုက်သည်။
လီကျစ်က လက်ခုပ်တီး၍ ရယ်မောကာ… "ဒါကြောင့် အမေ စိတ်ချလက်ချသာနေပါ။ တို့မိသားစုက အခုဆို သူဌေးစာရင်းဝင်နေပြီမို့ ပိုးထည်တွေ ဝတ်ဆင်နိုင်တဲ့ အနေအထားရှိနေပါပြီ"
ဒေါ်ကြီးကျန်းက ဆက်မငြင်းတော့ဘဲ…
"ကျစ်အာ... မင်း တကယ်ကို အောင်မြင်တဲ့သူ ဖြစ်လာပြီပဲ" ဟုသာ ဖြည်းဖြည်းချင်း ဆိုလေသည်။
သူတို့ မိသားစု သုံးယောက်က ပိုးထည်ဝတ်ဆင်ကြမည်ဖြစ်သော်လည်း အကူအဖြစ် အလုပ်လာလုပ်နေကြသော ဆွေမျိုးများအတွက်မူ တစ်ယောက်လျှင် ဂွမ်းခံအင်္ကျီအသစ်တစ်ထည်၊ အပြာရောင် အထည်ကြမ်းအင်္ကျီသုံးစုံနှင့် အဖြူရောင်ဝါဂွမ်းဘောင်းဘီ သုံးထည်စီ အသီးသီး ရရှိကြမည်ဖြစ်သည်။
အကူလာလုပ်ကြသော ဤဆွေမျိုးများမှာ အလွန်ဆင်းရဲကြသူများဖြစ်ပြီး တချို့ဆိုလျှင် လွန်ခဲ့သော လဝက်က လီကျစ်ထက်ပင်ပို၍ ဆင်းရဲကြသေးသည်။ သူတို့၏ အဝတ်အစားများမှာ စုတ်ပြဲနေပြီးတချို့ဆိုလျှင် အအေးဒဏ်ကိုပင် မကာကွယ်နိုင်ကြပေ။ သူတို့ အလုပ်စလုပ်သည်မှာ လဝက်သာ ရှိသေးပြီး လစာလည်း မထုတ်ရသေးသဖြင့် အဝတ်အစားသစ်ချုပ်ရန် ငွေမရှိကြပေ။
ယခု လီကျစ်၏အိမ်တွင် အလုပ်လုပ်နေကြရသဖြင့် ထမင်းကောင်း ဟင်းကောင်း စားနေကြရပြီ ဖြစ်သည်။ ထို့ကြောင့် လီကျစ်က သူတို့၏ ဝတ်စားဆင်ယင်မှုကိုပါ မြှင့်တင်ပေးလိုပြီး လူတန်းစေ့ နေထိုင်နိုင်ရန် အဝတ်အစားသစ်များ ချုပ်ပေးလိုခြင်းဖြစ်သည်။ သို့သော် ဤဆွေမျိုးများမှာ လက်ရှိတွင် အလုပ်ကြမ်းသမား အဆင့်သာရှိသေးသဖြင့် ဝါဂွမ်းထည်များ ဝတ်ဆင်ပါက လုံလောက်ပြီဖြစ်သည်။
ထိုနေ့ညနေပိုင်း အလုပ်သိမ်း၍ ညစာစားပြီးနောက် လီကျစ်က ဆွေမျိုးများအားလုံးကို ခြံဝင်းထဲတွင် ဆက်နေရန်ခိုင်းလိုက်သည်။ ထို့နောက် အပ်ချုပ်တန်းမှ အပ်ချုပ်သမားသုံးဦးကို ခေါ်ယူလာပြီး လူတိုင်းကို အဝတ်အစားချုပ်ရန် အတိုင်းအထွာများ တိုင်းတာစေသည်။ လီကျစ်က သူတို့အတွက် အဝတ်အစားသစ်များချုပ်ပေးမည်ဟု ကြားသောအခါ အားလုံးမှာ ဝမ်းသာအားရဖြစ်သွားကြပြီး အတိုင်းခံရန် အပ်ချုပ်သမားများနှင့် ပူးပေါင်းဆောင်ရွက်ကြတော့သည်။
အသက် လေးဆယ်အရွယ် ခေါင်းဆောင် အပ်ချုပ်သမားဖြစ်သူမှာ ဤမြင်ကွင်းကို မြင်ရသောအခါ မနေနိုင်တော့ဘဲ…
"ရှားမှရှားပဲဗျာ... ရှားမှရှား... ဒီလို သဘောကောင်းတဲ့ သူဌေးမျိုး ဘယ်ကများ ထွက်လာပါလိမ့်။ ကိုယ့်အလုပ်သမားတွေအတွက် ဂွမ်းခံအင်္ကျီတွေ… အဝတ်အစားသစ်တွေတောင် ချုပ်ပေးနေပါလား" ဟု ရေရွတ်လိုက်လေတော့သည်။