လီကျစ်၏ ဝမ်းကွဲအစ်ကိုကြီး ကျန်းခိုင်ချန်က ပြုံးလျက်…
"ငါတို့သူဌေးက အဝတ်အစားသစ်တွေ ချုပ်ပေးရုံတင်မကဘူး တစ်နေ့ ထမင်းသုံးနပ်ကိုလည်း အသားဟင်းပါအောင် ကျွေးသေးတာဗျ"
အပ်ချုပ်သမားကြီးက အားကျသလို စုတ်သပ်လိုက်ပြီး…
"ထူးဆန်းလှချည်လားဗျာ တကယ်ကိုထူးဆန်းတယ်။ ခင်ဗျားတို့ တစ်လ လစာ ဘယ်လောက်ရကြလဲ"
လီကျစ်၏ ဦးလေးလီတောက်က ရယ်မောရင်း …
"အပ်ချုပ်ဆရာကြီးရယ် မနာလိုမဖြစ်ပါနဲ့ဗျာ။ ငါတို့က တစ်လကို ငွေစ နှစ်သျှူး ရတာဗျ"
အပ်ချုပ်သမားကြီးမှာ လီတောက်ကို မျက်လုံးပြူးကြည့်ကာ "ငွေစ နှစ်သျှူး တောင်လား"
"တိတိကျကျကို နှစ်သျှူးဗျာ"
အပ်ချုပ်သမားကြီးသည် လက်ထဲမှ ပေတံကိုချလိုက်ပြီး…
"ဒီမှာ လူလိုသေးလားဗျာ။ ကျွန်တော် အပ်ချုပ်သမားမလုပ်တော့ဘူး၊ ဒီမှာပဲ လာလုပ်တော့မယ်"
ထိုစကားကို ကြားသောအခါ အားလုံးဝိုင်းရယ်ကြပြီး…
"အပ်ချုပ်ဆရာကြီးရယ် အပ်ပဲဆက်ချုပ်နေပါ။ ဒီမှာ လူပြည့်သွားပြီဗျ"
ဟု နောက်ပြောင်ပြောဆိုကြသည်။
အားလုံးက သူ့ကို ဝိုင်းစနောက်နေကြသဖြင့် အပ်ချုပ်သမားကြီးကနှာမှုတ်လိုက်ကာ ဘာမှဆက်မပြောတော့ဘဲ ကိုယ်အတိုင်းယူသည့် အလုပ်ကိုသာဆက်လုပ်နေတော့သည်။
လီလောက်စီ ကိုယ်တိုင်းအယူခံမည့် အလှည့်သို့ ရောက်သောအခါ သူသည်ရုတ်တရက် ငိုချလိုက်တော့သည်။
ယခုအချိန်တွင် လီလောက်စီသည် သူနှင့် မတော်တော့သော ဂွမ်းခံအင်္ကျီကို ဝတ်ဆင်ထားပြီး စုတ်ပြဲနေသောနေရာမှ အတွင်းကဂွမ်းများပင်ထွက်နေသည်။ မည်းညစ်နေသော ဂွမ်းများမှာ သူ ရှိုက်ငိုနေသည့် ကိုယ်လုံးလေးနှင့်အတူ တုန်ခါနေသည်။ အဝတ်အစားများ စုတ်ပြတ်နေသော်လည်း လီလောက်စီမှာ ထမင်းကောင်းဟင်းကောင်းစားနေရသည်မှာ လဝက်ကျော်ရှိပြီဖြစ်သဖြင့် သူ၏ မျက်နှာမှာ သွေးရောင်လွှမ်းကာ ကျန်းမာရေးကောင်းမွန်နေပုံရသည်။ သူ စရောက်လာစဉ်ကလို ပိန်လှီဖျော့တော့နေခြင်း မရှိတော့ပေ။
လီလောက်စီ အလွန်ဝမ်းနည်းစွာ ငိုကြွေးနေသည်ကိုမြင်သောအခါ လီကျစ် အနားသို့ လျှောက်သွားပြီး….
"မင်း အဝတ်အစားသစ်ရတော့မှာလေ လီလောက်စီရဲ့… ဘာလို့ငိုနေတာလဲ"
လီလောက်စီက နှပ်ချေးများ… မျက်ရည်များ ရောနေသောမျက်နှာဖြင့် ငိုကြွေးရင်း… တရှုံ့ရှုံ့ဖြင့်…
"အမေ ဆုံးသွားကတည်းက ကျွန်တော် ငယ်ငယ်လေးကတည်းက သူများတွေ စွန့်ပစ်ထားတဲ့ အဝတ်ဟောင်းတွေကိုပဲဝတ်ခဲ့ရတာ။ အဝတ်အစားသစ် တစ်ခါမှမဝတ်ဖူးဘူး။ အခု အပ်ချုပ်သမားကြီးက အဝတ်သစ်ချုပ်ဖို့ ကိုယ်တိုင်းလာယူတော့ ကျွန်တော် အမေ့ကို သတိရသွားလို့ပါ။ အမေတစ်ယောက်ပဲ ကျွန်တော့်အပေါ် ဒီလောက်ကောင်းခဲ့ပြီး အဝတ်အစားသစ်တွေ ချုပ်ပေးခဲ့တာ"
လီလောက်စီ၏ စကားကိုကြားသောအခါ အားလုံးတိတ်ဆိတ်သွားကြသည်။ အခြားသော ဆင်းရဲသည့် ဆွေမျိုးအချို့မှာလည်း လီလောက်စီ၏ ဝမ်းနည်းမှု ကူးစက်သွားပြီး လိုက်လံငိုကြွေးကြရာ တစ်ခဏချင်းမှာပင် အားလုံးမျက်ရည်ကျနေကြတော့သည်။
လီကျစ်လည်း ထိုစကားကိုကြားပြီး ခေတ္တမျှတိတ်ဆိတ်သွားကာ အသံကျယ်ကျယ်ဖြင့် …
"မငိုကြပါနဲ့တော့… အရင်က ခါးသီးခဲ့တဲ့နေ့ရက်တွေကုန်ဆုံးသွားပါပြီ။ ခင်ဗျားတို့သာ ရိုးရိုးသားသားနဲ့ အလုပ်ကြိုးစားမယ်ဆိုရင် ကောင်းမွန်တဲ့နေ့ရက်တွေ ရှေ့မှာရှိနေပါသေးတယ်။ ကျုပ်ချမ်းသာနေသရွေ့ ဘယ်သူ့ကိုမှ အအေးဒဏ်ခံစားရအောင်ထားမှာမဟုတ်ပါဘူး"
လီကျစ်၏ စကားကိုကြားသောအခါ ဆင်းရဲသောဆွေမျိုးများမှာ ရှိုက်ငိုနေခြင်းကို ရပ်တန့်လိုက်ပြီး မျက်ရည်များကို သုတ်လိုက်ကြသည်။
"ညီလေးကျစ်... ငါတို့ရဲ့ ရှေ့ဆက်ဘဝတွေက မင်းအပေါ်မှာပဲ လုံးလုံး မူတည်နေတော့တယ်နော်"
"ညီလေးကျစ်... အခုကစပြီး မင်းပြောသမျှ အကုန်နားထောင်ပါ့မယ်"
"ညီလေးကျစ်... အခုကစပြီး မင်းက တောင်ဘက်သွားဆိုရင် မြောက်ဘက်ကို လုံးဝ မသွားတော့ပါဘူး"
ရက်အနည်းငယ်ကြာပြီးနောက် အပ်ချုပ်သမားချုပ်ပေးသော အဝတ်အစားများ ရောက်ရှိလာသည်။
လီကျစ်က ဆွေမျိုးများအား အဝတ်အစားများဝေငှပေးလိုက်ပြီး သူကိုယ်တိုင်လည်း ရေမိုးချိုးကာ အဝတ်အစားသစ်များကို လဲလှယ်ဝတ်ဆင်လိုက်သည်။ သန့်စင်နေသော ကိုယ်ခန္ဓာပေါ်မှ အထည်သားအသစ်စက်စက်ကြောင့် လီကျစ်မှာ အလွန်သက်သောင့်သက်သာရှိလှသည်။ ဂွမ်းခံအင်္ကျီအသစ်မှာလည်း အနွေးဓာတ်ကောင်းစွာပေးနိုင်သဖြင့် တန်းကျင်မြို့၏ နွေဦးအစ အအေးဒဏ်မှာ သိပ်မဆိုးတော့ဟု လီကျစ် ခံစားလိုက်ရပြီး ယခင်ကလို အချမ်းဒဏ်ကြောင့် တုန်ယင်ပြီး ကွေးကွေးလေး နေစရာမလိုတော့ပေ။
ငွေရှိခြင်းက တကယ်ကို ကောင်းပါလား။
ရေစည်ထဲမှ သူ၏ အရိပ်ကိုပြန်ကြည့်ရင်း ပိုးထည်ဝတ်ရုံဝတ်ဆင်ထားသော လီကျစ် တစ်ယောက် သူ့ကိုယ်သူ ပို၍ပင် ရုပ်ဖြောင့်လာသည်ဟု ခံစားလိုက်ရသည်။
အိမ်တွင် လီရှင်းက အလုပ်ရှုပ်နေကြသော ဆွေမျိုးတစ်စုကို ဦးဆောင်ညွှန်ကြားနေသည်။ အလုပ်ရုံလည်ပတ်နေသည်မှာ လဝက်ကျော်လာပြီဖြစ်ပြီး အရာအားလုံးကလမ်းကြောင်းမှန်ပေါ် ရောက်နေပြီဖြစ်ရာ လီကျစ် ကြီးကြပ်ကွပ်ကဲနေရန် မလိုအပ်တော့ပေ။ အဝတ်အစားသစ် ဝတ်ဆင်ထားသော လီကျစ်သည် အိမ်မှထွက်လာပြီး လမ်းမပေါ်တွင်အေးအေးဆေးဆေး လမ်းလျှောက်ရန် ရည်ရွယ်ထားသော်လည်း ဘေးအိမ်မှ ဒေါ်ကြီးလန် ဆိုင်ပေါက်ဝတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။
"အို... လီကျစ်... မင်း ဒီအဝတ်အစားသစ်ကို ဘယ်က ရလာတာလဲ"
လီကျစ်က ပြုံးလျက် "အပ်ချုပ်တန်းကနေပါဗျာ" ဟု အသံကျယ်ကျယ်ဖြင့် ပြန်ဖြေလိုက်သည်။
ဒေါ်ကြီးလန်က မျက်လုံးပြူးသွားပြီး…
"လီကျစ်... မင်း အခုတော့ တကယ်ချမ်းသာနေပြီပဲ… ပိုးထည်တွေတောင် ဝတ်လို့။ လွန်ခဲ့တဲ့ တစ်လကတော့ မင်းတစ်ယောက် ဘာမှမသိနားမလည်တဲ့ ပုံစံနဲ့ အဝတ်စုတ်တွေဝတ်ပြီး ဟိုလူ့ဆီကချေး ဒီလူ့ဆီက ငွေလိုက်ချေးနေတာကို ငါ မြင်ခဲ့ရသေးတယ်"
ခဏစဉ်းစားပြီးနောက် ဒေါ်ကြီးလန်က ဆက်၍ …
"မင်းရဲ့ ဆပ်ပြာအလုပ်ရုံမှာ လူလိုသေးလား။ ငါ့သားကို မင်းဆီမှာအလုပ်လုပ်ခိုင်းမလို့။ သူက မင်းနဲ့ ငယ်ငယ်လေးကတည်းက အတူတူ ဆော့လာကြတာလေ… မင်း သူ့ကို စောင့်ရှောက်သင့်တယ်" ဟု ပြောလာသည်။
လီကျစ်သည် လူများက ဆပ်ပြာဖော်စပ်နည်းကို လိုချင်မည်စိုးသဖြင့် သူ၏ ဆပ်ပြာများကို တောင်ပိုင်းမှ သယ်ယူလာခြင်းဖြစ်သည်ဟု လိမ်ပြောထားသော်လည်း လမ်းတစ်လမ်းတည်းနေ အိမ်နီးနားချင်းများကိုတော့ လှည့်စား၍မရနိုင်ပေ။ နေ့စဉ်နှင့်အမျှ ကုန်ကြမ်းလှည်းများဝင်လာခြင်း ဆွေမျိုးအများအပြား အလုပ်လာလုပ်ကြခြင်းတို့ကိုကြည့်လျှင် ဤနေရာမှာ အလုပ်ရုံတစ်ခုဖြစ်ကြောင်း ထင်ရှားနေပြီး လီကျစ်၏ ဆပ်ပြာများကို အိမ်မှာပင်ပြုလုပ်နေကြောင်း အိမ်နီးနားချင်းအားလုံး သိနေကြသည်။
လီကျစ်က အိမ်နီးနားချင်းများအား ဆပ်ပြာအလုပ်ရုံရှိနေခြင်းကို မငြင်းဆိုခဲ့ပေ။ သို့သော် လီကျစ်၌ နောက်ထပ်ဉာဏ်ဆင်ထားမှုတစ်ခုရှိလေသည်။ ဖော်စပ်နည်းကို တစ်စုံတစ်ယောက်က လိုချင်လာမည်ကို စိုးရိမ်သဖြင့် ဆပ်ပြာထုတ်လုပ်မှု၏ အရေးအကြီးဆုံးအဆင့်များကို သူကိုယ်တိုင် ပြုလုပ်ခြင်းမဟုတ်ကြောင်း အိမ်နီးနားချင်းများအား အလေးအနက်ပြောထားသည်။
"ဒေါ်ကြီးလန်... ကျွန်တော့်အလုပ်ရုံက ဘယ်လောက်ပဲအလုပ်ရှုပ်နေပါစေ ဆပ်ပြာလုပ်တဲ့ အရေးကြီးဆုံးအဆင့်တွေကိုတော့ ဒီမှာ လုပ်တာမဟုတ်ပါဘူး။ ကျန်းနန်ကနေ တစ်ပိုင်းတစ်စပြီးနေတဲ့ ပစ္စည်းတွေကို သယ်လာပြီးမှ ကျွန်တော့်အိမ်မှာ အချောသတ်လေးပဲ လုပ်တာပါ"
ဒေါ်ကြီးလန်က မျက်လုံးလှန်ကြည့်ကာ….
"မင်းရဲ့ အရေးကြီးဆုံးအဆင့်တွေ ဘယ်မှာလုပ်လုပ် ငါ ဂရုမစိုက်ပါဘူး။ ဒါပေမဲ့ မင်းလို လူငယ်လေးတစ်ယောက်က ဆပ်ပြာလုပ်တဲ့ အဓိကအဆင့်တွေကို ဘယ်လိုလုပ်တတ်နိုင်မှာလဲ။ တောင်ပိုင်းကနေ သယ်လာတာပဲဖြစ်ရမယ်"
လီကျစ်က ပြုံးလိုက်ပြီး …
"အလုပ်ရုံမှာ လူပြည့်နေပါပြီ။ နောက်တစ်ခါလူခေါ်ရင် ဒေါ်ကြီးလန်ရဲ့ သားကို ဦးစားပေးပါ့မယ်"
လီကျစ်၏ စကားကိုကြားသောအခါ ဒေါ်ကြီးလန်က ပြုံးသွားပြီး…
"အဲဒါဆို သိပ်ကောင်းတာပေါ့။ မင်းဆီက သတင်းကို ငါ စောင့်နေမယ်နော်"
လီကျစ်က ဒေါ်ကြီးလန်ကို စကားအနည်းငယ်ဖြင့်နှစ်သိမ့်လိုက်ပြီး ရပ်ကွက်ထဲမှ ထွက်လာခဲ့သည်။ ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် အစေခံမလေးတစ်ဦးနှင့်အတူ လာနေသော ဆွေဟယ်ကို တွေ့လိုက်ရသည်။ ဆွေဟယ်သည် နံ့သာရောင် ပိုးထည်အင်္ကျီရင်ဖုံးကို ဝတ်ဆင်ထားပြီး အပေါ်မှ အနီရောင်တောက်တောက် အပေါ်ထပ်အင်္ကျီကိုထပ်ဝတ်ထားကာ အစိမ်းရောင် ပိုးထည်စကတ်ကို ဝတ်ဆင်ထားသည်။ သူမ၏ ခေါင်းပေါ်တွင် ရွှေချထားသော ခေါင်းစည်းကွင်းလေးကို တပ်ဆင်ထားရာ အထူးပင်တောက်ပပြီး စွဲမက်ဖွယ်ကောင်းနေသည်။ ဆွေဟယ်၏ အဖိုးတန်သော ဝတ်စားဆင်ယင်မှုများက သူမ၏ ဖခင် ချွေဝမ်တင်က သူမကို မည်မျှအထိ အလိုလိုက်ထားကြောင်း ဖော်ပြနေသည်။
လီကျစ် ပိုးထည်ဝတ်စုံသစ်ကို ဝတ်ဆင်ထားသည်ကို မြင်သောအခါ ဆွေဟယ်က မျက်လုံးလေး ပေကလပ်ပေကလပ်လုပ်ကာ ပြုံးလျက်ပြေးလာသည်။
"လီကျစ်... နင့်ရဲ့ အင်္ကျီစုတ်ကြီးကို ဘာလို့ မဝတ်တော့တာလဲ။ ဒီအဝတ်အစားသစ်ကို ဘယ်က ရလာတာလဲ"
လီကျစ်က ပြုံးလျက် "အင်္ကျီစုတ်ကြီးကို လွှင့်ပစ်လိုက်ပြီလေ။ အပ်ချုပ်တန်းမှာ ဒီအဝတ်အစားသစ်ကို သွားချုပ်ခဲ့တာ။ ကြည့်ကောင်းတယ်မလား"
ဆွေဟယ်က မျက်လုံးလေး ပေကလပ်ပေကလပ်လုပ်ရင်း လီကျစ်ကို ခြေဆုံးခေါင်းဆုံး အကဲခတ်ကာပြုံးလျက်
"ကြည့်ကောင်းပါတယ်... ဟိုအင်္ကျီစုတ်ကြီးထက်စာရင် အများကြီး ပိုကောင်းတာပေါ့"
ဆွေဟယ်က သူ၏ အဝတ်အစားများကို ချီးမွမ်းသည်ကို မြင်သောအခါ လီကျစ်က ဆွေဟယ်က သူ၏ ရုပ်ရည်ကို ချီးမွမ်းသည်ဟု မှတ်ယူလိုက်ပြီး ရင်ထဲတွင်ပျော်ရွှင်မှုများ လွှမ်းမိုးသွားကာ
"ဆွေဟယ်... ငါ ဒီနေ့ အဝတ်အစားသစ်ရတာနဲ့ အတော်ပဲ… နင့်ကို အရသာရှိတာတွေ သွားကျွေးမယ်။ တန်းကျင်မြို့မှာ အကောင်းဆုံးဖြစ်တဲ့ မူးယစ်နတ်ဘုရား စားသောက်ဆိုင်ကို သွားရအောင်" ဟု ရုတ်တရက် ပြောလိုက်မိသည်။
လီကျစ်က အစာစားရန်ဖိတ်ခေါ်သောအခါ ဆွေဟယ်က ခေတ္တမျှတွန့်ဆုတ်သွားပြီး….
"ဟင့်အင်း... မိန်းကလေးတစ်ယောက်က ယောကျာ်းလေးတစ်ယောက်နဲ့ နှစ်ယောက်တည်း သွားစားလို့ မဖြစ်ပါဘူး။ လူတွေပြောကြရင် ငါ အိမ်ထောင်ပြုလို့ ရတော့မှာ မဟုတ်ဘူး" ဟု တွေဝေစွာ ပြောလိုက်သည်။
ထို့နောက် မျက်လုံးလေးကစားရင်း ဆွေဟယ်က ဆက်၍…
"ဒါ့အပြင် လွန်ခဲ့တဲ့ရက်အနည်းငယ်က ငါ့အဖေက ငါနဲ့ ငါ့အစ်ကိုကို မူးယစ်နတ်ဘုရား စားသောက်ဆိုင်ကို ခေါ်သွားသေးတယ်။ အဲဒီက ဝက်ခြေထောက်ပေါင်းက အကောင်းဆုံးပဲ"
လီကျစ်က မူးယစ်နတ်ဘုရား စားသောက်ဆိုင်ကို အကြောင်းပြပြီး ဆွေဟယ်ကို ချိန်းတွေ့ရန် ရည်ရွယ်ခဲ့သော်လည်း ဆွေဟယ်က ထိုဆိုင်၏ ဖောက်သည်ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ဆွေဟယ်က သူ့ကို ငြင်းပယ်လိုက်သည်ကို မြင်သောအခါ လီကျစ် အနည်းငယ်စိတ်ပျက်သွားပြီး ဘာမှဆက်မပြောဘဲ သက်ပြင်းတစ်ချက်ချလိုက်သည်။
ဆွေဟယ်က ခဏစဉ်းစားပြီးနောက်…
. "လီကျစ်... နင့်မှာ အခု ပိုက်ဆံတွေ ရှိနေပြီလား"
"အခုတော့ ငါ့မှာ ပိုက်ဆံနည်းနည်း ရှိနေပြီလေ"
ဆွေဟယ်က လက်ခုပ်တီးလိုက်ပြီး….
"ဒါဆိုရင် နင် နောက်ထပ်ဘာလုပ်မှာလဲ။ အိမ်ကြီးတစ်လုံးဝယ်ပြီး သူဌေးကြီး လုပ်တော့မှာလား"
လီကျစ်က ခေါင်းမော့လိုက်ပြီး အလှပဂေးလေးရှေ့တွင် ရင်ဘတ်ကိုပုတ်ကာ
"အဲဒီလိုဆိုရင်တော့ နင် ငါ့ကို အထင်သေးလွန်းရာကျသွားပြီ။ ငါက သတ္တဝါအပေါင်းကို ကယ်တင်မယ့်သူကွ"
***