ဆွေဟယ် အံ့သြသွားပြီး ဘာမှနားမလည်ဘဲ "ဘာ..." ဟု မေးလိုက်သည်။
လီကျစ်က အေးဆေးစွာပင်…
"ဆွေဟယ်... ကြည့်စမ်း ဒီလောကကြီးမှာ သာမန်ပြည်သူတွေက အလွန်ဆင်းရဲကြတယ် ဝတ်စရာ စားစရာ မလုံလောက်ကြဘူး။ ဒါက သာမန်ပြည်သူတွေရဲ့ အသက်သွေးကြောကို အမြဲတမ်း ဖျက်ဆီးနေတဲ့ ရန်သူကြီး သုံးပါး ရှိနေလို့ပဲ"
ဆွေဟယ်က သိချင်စိတ်ဖြင့်…
"ဘယ်ရန်သူကြီး သုံးပါးလဲ"
လီကျစ်က အေးဆေးစွာပင်ဆက်၍….
"ပထမရန်သူကြီးက အနောက်မြောက်ဘက်ကသူပုန်တွေပဲ။ ဒီသူပုန်တွေက ဘာထုတ်လုပ်မှုကိုမှမလုပ်ဘူး၊ သူတို့သွားရာလမ်းတစ်လျှောက် အကုန်လုယက်ကြလို့ ဒေသတွင်း ထုတ်လုပ်မှုတွေကို အကြီးအကျယ်ထိခိုက်စေတယ်။ သူတို့က လူ့အသက်ကိုမြက်ပင်လို သဘောထားပြီး လက်နက်မဲ့ဆင်းရဲသားပြည်သူတွေကို သူတို့အတွက် ရှေ့တန်းကနေ ဝင်တိုက်ခိုင်းတယ်။ ဒုက္ခတွေပေးနေတာ"
ဆွေဟယ်က ခေါင်းညိတ်ပြီး …
"ဒီသူပုန်တွေက တကယ်ကိုရွံစရာကောင်းတယ် သူဌေးတွေရော သာမန်ပြည်သူတွေကိုပါ မရေမတွက်နိုင်အောင် သတ်ဖြတ်ခဲ့တယ်လို့ ငါ့အဖေပြောတာကြားဖူးတယ်။ ကံကောင်းလို့ တန်းကျင်မြို့က အနောက်မြောက်ဘက်မှာမရှိနေတာ ဒါကြောင့် သူတို့ ငါတို့ဆီ မလာနိုင်ဘူးလေ"
ခေတ္တရပ်ပြီးနောက် လီကျစ်က ဆက်၍ …
"ဒုတိယရန်သူကြီးက အရှေ့မြောက်ဘက်က တာတာ(မန်ချူး) တွေပဲ။ ဒီတာတာ မန်ချူး တွေက မဟာတံတိုင်းကြီးကိုဖြတ်ပြီး ပြည်တွင်းကို ခဏခဏဝင်လုယက်တယ်၊ လူတွေနဲ့ ပစ္စည်းဥစ္စာတွေကို ဖမ်းဆီးသိမ်းပိုက်ကြတယ်။ မြို့တွေကိုတိုက်ခိုက်တဲ့အခါ ပြင်းပြင်းထန်ထန်ခုခံတာခံရရင် လက်စားချေတဲ့အနေနဲ့ တစ်မြို့လုံးကိုပါ သတ်ဖြတ်ပစ်တတ်ကြတယ်။ ဘုရင်မင်းမြတ် နန်းတက်တဲ့ ဒုတိယနှစ်တုန်းက ရှီးဖုန်းခို ကနေတစ်ဆင့် မြို့တော်ဒေသကို သူတို့ဝင်လာတုန်းက လူတွေ ဘယ်လောက်တောင် သေခဲ့ရလဲမသိဘူး။ နောင်လည်း ဒီတာတာတွေထပ်လာဦးမှာပဲ၊ သူတို့က အမုန်းဆုံးပဲ"
လီကျစ်၏ စကားကိုကြားသောအခါ ဆွေဟယ်၏မျက်နှာမှာ မည်းမှောင်သွားပြီး…
"တာတာတွေက ကြောက်စရာကောင်းတယ်။ သူတို့ ဘယ်လိုတွေဖြစ်လာကြလဲ မသိပါဘူး ဘုရင့်တပ်ဖွဲ့ အများကြီးတောင် သူတို့ကို မနိုင်ကြဘူး။ ဇွန်းဟွာ က ငါ့ရဲ့ ဝမ်းကွဲအစ်ကိုတောင် လွန်ခဲ့တဲ့ လေးနှစ်က တာတာတွေ လက်ချက်နဲ့ သေခဲ့ရတာ" ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။
ဆွေဟယ်၏ မိသားစုတွင် တာတာများကြောင့် သေဆုံးခဲ့ရသော ဆွေမျိုးရှိနေမည်ဟု လီကျစ် မထင်ထားခဲ့သဖြင့် အံ့သြသွားပြီး ခေတ္တမျှ ဘာပြောရမှန်းမသိဘဲ တိတ်ဆိတ်သွားသည်။
"တတိယ ရန်သူကြီးကရော ဘယ်သူလဲ"
လီကျစ်က သက်ပြင်းတစ်ချက်ရှူလိုက်ပြီး…
"တတိယ ရန်သူကြီး အကြီးမားဆုံး ရန်သူကြီးကတော့ အဂတိလိုက်စားတဲ့ အမတ်မင်းတွေပဲ။ အခု အင်ပါယာရဲ့ အမတ်မင်းတွေက လုံးဝကို ပုပ်ပွနေပြီ အင်ပါယာကြီးရဲ့ ကင်ဆာရောဂါလိုပဲ အမှားအမှန်ကိုဂရုမစိုက်ဘဲ ပြည်သူတွေဆီက သွေးစုပ်ဖို့ပဲတွေးနေကြတာ။ မြေပိုင်ဆိုင်တဲ့ သူဌေးကြီးတွေနဲ့ နန်းတွင်းဆွေမျိုးတွေက မြေခွန်မဆောင်ရအောင် အမတ်တွေကို လာဘ်ထိုးကြတယ်။ ဒါပေမဲ့ လယ်ယာမြေနည်းနည်းလေးနဲ့ ထုတ်လုပ်မှုနည်းတဲ့ ဆင်းရဲသားတောင်သူတွေကကျတော့ အခွန်အခတွေအကုန်လုံးကို ထမ်းဆောင်နေရတယ်။ နန်းတွင်းက ကောက်ခံတဲ့အခွန်တွေက ဒေသခံစီကိုရောက်တဲ့အခါ အမတ်မင်းတွေက ခေါင်းပုံဖြတ်ကြပြီး ဆယ်ဆ အဆတစ်ရာမက ကောက်ခံကြလို့ သာမန်ပြည်သူတွေမှာ စားစရာဝတ်စရာ မရှိတော့ဘဲ ထွက်ပြေးတိမ်းရှောင်ရတာတွေ ဒါမှမဟုတ် သူပုန်တွေဆီ သွားပူးပေါင်းရတာတွေ ဖြစ်ကုန်တာပဲ"
ဆွေဟယ်သည် လီကျစ်ပြောသော "ကင်ဆာ" ဆိုသည့် စကားလုံးကိုနားမလည်ပေ။ ခဏစဉ်းစားပြီးနောက် သူမက….
"လီကျစ်... နင်က ဘာလို့ ဒီရန်သူကြီး သုံးပါးအကြောင်းကို ငါ့ကို လာပြောပြနေတာလဲ"
အလှပဂေးလေးရှေ့တွင် လီကျစ်သည် သူရဲကောင်းစိတ်ဓာတ်များ အပြည့်အဝဝင်လာကာ လက်ကိုဝှေ့ယမ်းရင်း…
"ငါက လောကကြီးက သာမန်ပြည်သူတွေအတွက် ဒီရန်သူကြီးသုံးပါးကို ရှင်းလင်းဖယ်ရှားပစ်မယ်"
ဆွေဟယ်က "အာ..." ဟု အသံထွက်သွားပြီး…
"လီကျစ်... နင့်မှာ အဲဒီလောက်ကြီးမားတဲ့ စွမ်းရည်ရှိလို့လား" ဟု မဝံ့မရဲ မေးလိုက်သည်။
လီကျစ်က ခေါင်းညိတ်ပြပြီး ဆွေဟယ်ကို ကြည့်ကာ…
"ငါ နည်းပညာရဲ့ အစွမ်းကိုသုံပြီး ဒီရန်သူကြီး သုံးပါးကို ရှင်းပစ်မယ်"
ဆွေဟယ်က ဘာမှနားမလည်စွာဖြင့် "နည်းပညာဆိုတာ ဘာလဲ" ဟု မေးလိုက်သည်။
လီကျစ်က အသံကျယ်ကျယ်ဖြင့်…
"ငါ့ရဲ့ ဆပ်ပြာက ကောင်းတယ်မဟုတ်လား။ နည်းပညာဆိုတာ နည်းစနစ်အသစ်တွေပဲ… အဲဒါက ငါတို့ကို ဆပ်ပြာရစေခဲ့တာလေ။ နည်းပညာက လူ့အဖွဲ့အစည်းအတွက် စွမ်းအားသစ်တွေကို အဆက်မပြတ်ပေးစွမ်းနိုင်ပြီး အားနည်းသူတွေကိုအားကြီးလာစေတယ်။ ပြီးတော့ လူ့ပတ်ဝန်းကျင်က အရိုင်းအစိုင်းစနစ်ကို အနိုင်ယူနိုင်အောင်လုပ်ပေးနိုင်တယ်"
ဆွေဟယ်သည် လီကျစ်၏ စကားများကိုနားထောင်နေသော်လည်း ဘာမှပြန်မပြောပေ။ လီကျစ်၏ ကြီးကျယ်ခမ်းနားသောစကားများကို သူမ ယုံကြည်ပုံမရပေ။
လီကျစ်က သက်ပြင်းတစ်ချက် ရှူလိုက်ပြီး…
"ငါက မောက်မာနေတာမဟုတ်ပါဘူး။ ဒါပေမဲ့ ငါသာရှေ့ထွက်ပြီး နည်းပညာရဲ့အစွမ်းနဲ့ ဒီရန်သူကြီး သုံးပါးကို မရှင်းလင်းဘူးဆိုရင် ဟန်လူမျိုးတွေရဲ့ အင်ပါယာကြီး ပျက်စီးသွားလိမ့်မယ်"
ဆွေဟယ်သည် လီကျစ် ဤမျှစိတ်အားထက်သန်စွာပြောဆိုနေသည်ကို မြင်သောအခါ မျက်လုံးလေး ပေကလပ်ပေကလပ်လုပ်ကာ လီကျစ်ကိုကြည့်ရင်း စကားပြောရန်အနည်းငယ် တွန့်ဆုတ်နေပုံရသည်။
လီကျစ်က ပြုံးလိုက်ပြီး စကားပြောင်းကာ….
"ငါ နင့်ကို ပေးထားတဲ့ အမွှေးနံ့သာဆပ်ပြာက ကောင်းရဲ့လား"
ထိုအခါမှ ဆွေဟယ်က ပြုံးလိုက်ပြီး…
"ကောင်းတယ်... သန့်စင်သွားရုံတင်မကဘူး… ကိုယ်ခန္ဓာမှာလည်း ရနံ့မွှေးနေတာပဲ" ဟု အသံကျယ်ကျယ်ဖြင့် ပြန်ဖြေသည်။
"သုံးလို့ကုန်သွားရင် နင့်ကို နောက်ထပ် အတုံးအနည်းငယ်ထပ်ပေးမယ်လေ"
"အို... ကောင်းတာပေါ့... ကောင်းတာပေါ့"
လီကျစ်သည် ဆွေဟယ်အား ကြွားဝါနေခြင်းကိုရပ်လိုက်ပြီး လက်ဝှေ့ယမ်းကာ လမ်းမပေါ်သို့ ထွက်၍ ဟိုဟိုဒီဒီ လမ်းလျှောက်သွားတော့သည်။
***
လီကျစ်သည် ချွေဝမ်တင်အတွက် ဆပ်ပြာများ အားလုံးပြုလုပ်ပြီးစီးသွားကာ အောင်မြင်စွာ ပို့ဆောင်နိုင်ခဲ့သည်။ ချွေဝမ်တင်က ငွေအပြည့်အဝ ပေးချေခဲ့ပြီး လီကျစ်အား ငွေစ နှစ်ရာကျော် ထပ်ပေးခဲ့သည်။ ချွေဝမ်တင်ပေးသော ငွေနှင့် လီကျစ်၏ မိသားစုဆိုင်မှ ဆပ်ပြာရောင်းရသော အမြတ်ငွေတို့ ပေါင်းလိုက်သောအခါ လီကျစ်၏ လက်ထဲတွင် ငွေစ တစ်ထောင် နီးပါးခန့် ရှိနေပြီဖြစ်သည်။
ချွေဝမ်တင်သည် ပထမအသုတ်ဆပ်ပြာများကိုရရှိသည်နှင့် မြို့တော်သို့သယ်ဆောင်၍ ရောင်းချခဲ့သည်။
သူသည်လည်း လီကျစ်၏နည်းလမ်းအတိုင်း ဆပ်ပြာများကို အချောင်းသေးသေးလေးများ လှီးဖြတ်ကာ အခမဲ့နမူနာအဖြစ် အရင်ဝေငှခဲ့သည်။ ဆပ်ပြာ၏ အကျိုးကျေးဇူးများ ပျံ့နှံ့သွားသောအခါမှသာ အတုံးလိုက်ရောင်းချခဲ့ခြင်းဖြစ်သည်။ ဒုတိယအသုတ်ဖြစ်သော ဆပ်ပြာအတုံးရေနှစ်သောင်းခွဲ မြို့တော်သို့ရောက်ရှိလာချိန်တွင် ချွေဝမ်တင်၏ မြို့တော်အတွင်း အရောင်းအဝယ်မှာ အလွန်ပင်ကောင်းမွန်နေပြီဖြစ်ပြီး ပထမအသုတ် ဆပ်ပြာများမှာလည်း အချိန်အတော်ကြာကပင် ရောင်းကုန်သွားခဲ့ပြီဖြစ်သည်။
ဒုတိယအသုတ် ဆပ်ပြာများ ရောက်လာသောအခါ မြို့တော်ရှိ အမျိုးသမီးများမှာ အလုအယက် လာရောက်ဝယ်ယူကြတော့သည်။ ဆပ်ပြာ၏ အကျိုးကျေးဇူးကိုသိရှိသူများလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာတော့သည်။
နန်းတွင်းအတွက် ပစ္စည်းဝယ်ယူပေးရသော မိန်းမစိုးများပင်လျှင် နန်းတွင်းတွင်သုံးရန်အတွက် အချို့ဝယ်ယူသွားကြသည်။
ဆပ်ပြာသည် ချွေးနှင့် ဂျေးများကို လုံးဝပြောင်စင်အောင် ဆေးကြောပေးနိုင်ပြီး ဆပ်ပြာသီးထက် များစွာအစွမ်းထက်လှသဖြင့် နန်းတွင်းတွင်ပါ လျင်မြန်စွာရေပန်းစားလာတော့သည်။
နန်းတွင်းရေးရာ စီမံခန့်ခွဲရေးမှူးချုပ် ကိုယ်ရံတော် မိန်းမစိုးကြီး 'ဝမ်ချန်အန်း' သည် ချုံကျန်းဘုရင်မင်းမြတ်၏ ယုံကြည်ရဆုံးသော လူယုံတော်တစ်ဦးဖြစ်သည်။ လွန်ခဲ့သော ရက်အနည်းငယ်က နန်းတော်ပြင်ပတွင် ပစ္စည်းဝယ်ယူရသော မိန်းမစိုးများထံမှတဆင့် မြို့တော်ရှိ ကုန်သည်တစ်ဦးသည် တန်းကျင်မြို့မှ ဆပ်ပြာဟုခေါ်သော ပစ္စည်းတစ်ခုကို သယ်ဆောင်လာကြောင်း သူ ကြားသိခဲ့ရသည်။ ဤဆပ်ပြာကို အဝတ်လျှော်ရာတွင်အသုံးပြုနိုင်ပြီး အညစ်အကြေးများကို ဖယ်ရှားနိုင်စွမ်းအလွန်ထက်မြက်ကာ အဝတ်အစားများကို အဝတ်လျှော်တုတ်ဖြင့် ရိုက်ဖွပ်ရသည့် ဒုက္ခမှ ကင်းဝေးစေသဖြင့် အဝတ်အထည်များကို မပျက်စီးအောင် ကာကွယ်ပေးနိုင်ကြောင်းသိရသည်။ ထို့အပြင် ဤဆပ်ပြာကို ကိုယ်လက်သန့်စင်ရာတွင်လည်း အသုံးပြုနိုင်ပြီး ချွေးနှင့် ဂျေးများကို လုံးဝ ပြောင်စင်သွားစေနိုင်ကြောင်းလည်း သိရသည်။
အစပိုင်းတွင် ဝမ်ချန်အန်းက မယုံကြည်ခဲ့ပေ။ စစ်မက်များဖြစ်ပွားနေသည့် ဤရှုပ်ထွေးသော ကာလကြီးတွင် ဤမျှကောင်းမွန်သောပစ္စည်းမျိုး ရုတ်တရက် ဘယ်လိုလုပ်ပေါ်လာနိုင်မည်နည်း။ သို့သော် ဝယ်ယူရေးမိန်းမစိုးတစ်ဦးထံမှ ဆပ်ပြာတစ်တုံးကို ကိုယ်တိုင်ယူ၍ စမ်းသပ်သုံးစွဲကြည့်ပြီးနောက်တွင်တော့ သူသည် ဤပစ္စည်းလေး၏အစွမ်းကို လုံးဝကို ယုံကြည်သွားတော့သည်။
ဤဆပ်ပြာကိုအသုံးပြု၍ ဘုရင်မင်းမြတ်၏ ဝတ်ရုံတော်များကို ဆေးကြောကြည့်ရာ ပုံမှန်အားဖြင့် လျှော်ရန်အလွန်ခက်ခဲသော ဆီဂျေးများပင်လျှင် ဆပ်ပြာမြှုပ်လေးဖြင့် အနည်းငယ် ပွတ်တိုက်လိုက်ရုံဖြင့် အရိပ်အယောင်ပင် မကျန်တော့အောင်ပြောင်စင်သွားသည်။ ယခင်ကဆိုလျှင် ဝတ်ရုံတော်များသည် အဝတ်လျှော်ဆောင်သို့ အကြိမ်အနည်းငယ်ပို့ပြီးသည်နှင့် ဟောင်းနွမ်းသွားတတ်သော်လည်း ဤဆပ်ပြာဖြင့်လျှော်ဖွပ်ပါက အဝတ်အထည်များပျက်စီးခြင်း မရှိတော့ဘဲ လျှော်ဖွပ်ပြီးသည်နှင့် အသစ်အတိုင်းပင်ဖြစ်နေသည်။
ဝမ်ချန်အန်း ကိုယ်တိုင်လည်း ဤဆပ်ပြာဖြင့် ရေချိုးကြည့်ခဲ့သည်။ ယခင်က ဝမ်ချန်အန်းသည် ရေစည်ထဲတွင် ရေချိုးပါက အညစ်အကြေးပြောင်စင်ရန် အချိန်အနည်းငယ်ယူ၍ ပွတ်တိုက်ရသည်။ သို့သော် ဤဆပ်ပြာဖြင့်ဆိုလျှင် သူ၏ ကိုယ်ခန္ဓာတစ်ခုလုံးပြောင်စင်ရန် တခဏအတွင်း ချွေးနှင့် ဂျေးများ လုံးဝမကျန်တော့ပေ။ မည်သည့်ရှုထောင့်မှကြည့်ကြည့် တစ်တုံးကို ကြေးပြား (၂၅) ပြားဖြင့် ရောင်းချနေသော ဤပစ္စည်းလေးမှာ သေချာပေါက် ရတနာတစ်ပါးပင်ဖြစ်သည်။
ဤမျှကောင်းမွန်သော ပစ္စည်းကို ဝမ်ချန်အန်း တစ်ယောက်တည်း ဖုံးကွယ်မထားရဲသဖြင့် ချက်ချင်းပင် ဘုရင်မင်းမြတ်ထံသို့ ဆက်သလိုက်လေသည်။
ညဦးပိုင်းအချိန်ဝန်းကျင်… မြို့တော်အတွင်းရှိ ကောင်းကင်ဘုံသန့်စင်ရေးနန်းဆောင်။
နွေးထွေးသော မီးဖိုကိုဖိုထားပြီး တောင်ပိုင်းသမုဒ္ဒရာမှ အမွှေးနံ့သာများကို မီးရှို့ပူဇော်ထားသဖြင့် ကောင်းကင်ဘုံသန့်စင်ရေးနန်းဆောင်မှာ လုံးဝ ချမ်းအေးမနေပေ။ အသက် နှစ်ဆယ့်လေးနှစ်အရွယ်ရှိ ချုံကျန်းဘုရင်မင်းမြတ်သည် တော်ဝင်အမိန့်ပြန်တမ်းကို နှုတ်ဖြင့် ရွတ်ဆိုနေပြီး ဝမ်ချန်အန်းက ဘုရင်မင်းမြတ်၏ အမိန့်တော်အတိုင်း အစီရင်ခံစာများပေါ်တွင် မှင်နီဖြင့် မှတ်သားနေသည်။ ညနေခင်းတစ်ခုလုံး အစီရင်ခံစာများကိုဖတ်ရှုပြီးနောက် ဘုရင်မင်းမြတ်မှာ အနည်းငယ် ပင်ပန်းနေပြီဖြစ်သည်။ သူသည် မျက်လုံးများကို ပွတ်သပ်လိုက်ပြီး ထိုင်နေရာမှထကာ စာကြည့်ဆောင်အတွင်း ဟိုဟိုဒီဒီ လမ်းလျှောက်နေသည်။
ဤသည်ကိုမြင်သောအခါ ဝမ်ချန်အန်းက အမြန်ရှေ့တိုးလာပြီး…
"အရှင်မင်းမြတ်... အချိန်လွန်နေပါပြီ။ အရှင်မင်းမြတ် စောစောအနားယူသင့်ပါတယ်။ တိုင်းပြည်ရေးရာတွေ ဘယ်လောက်ပဲကြီးမားနေပါစေ… အရှင်မင်းမြတ်ရဲ့ကျန်းမာရေးကိုလည်း ဂရုစိုက်ရပါမယ်" ဟု လျှောက်တင်လိုက်သည်။
ဘုရင်မင်းမြတ်က စားပွဲတော်ပေါ်တွင် မြင့်မားစွာစုပုံနေသော အစီရင်ခံစာများကို လက်ညှိုးထိုးပြကာ …
"ဒီမှာ အတည်မပြုရသေးတဲ့ အစီရင်ခံစာတွေအများကြီး ကျန်နေသေးတာ… ငါကိုယ်တော် ဘယ်လိုလုပ် အိပ်ပျော်နိုင်မှာလဲ"
ဝမ်ချန်အန်းက ဘုရင်မင်းမြတ်၏စိတ်ကို တွေးတောဆင်ခြင်လိုက်ပြီး မော့ကြည့်ကာ
"အကယ်၍ အရှင်မင်းမြတ်က နန်းရင်းဝန်ကြီးကို ယုံကြည်တယ်ဆိုရင် ဘာလို့ အရာအားလုံးကို ကိုယ်တိုင်လုပ်ဆောင်နေဦးမှာလဲ။ အရေးကြီးတဲ့ အစီရင်ခံစာတွေကို ဖတ်ရှုပြီးရင် သိပ်အရေးမကြီးတဲ့ ဟာတွေကိုတော့ ဒီကျွန်တော်မျိုးက နန်းရင်းဝန်ကြီးရဲ့ အကြံပြုချက်တွေအတိုင်း မှင်နီနဲ့မှတ်သား အတည်ပြုပေးလိုက်လို့ ရပါတယ်"
ဘုရင်မင်းမြတ်သည် ဝမ်ချန်အန်းကို ကျောခိုင်းရပ်နေရင်း ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် "နန်းရင်းဝန် ဝမ် က တစ်ယောက်တည်းနေတတ်ပြီး အုပ်စုဖွဲ့တတ်တဲ့သူမဟုတ်ဘူး။ ဒါကြောင့် သူက ငါကိုယ်တော် ယုံကြည်ဖို့ ထိုက်တန်ပါတယ်။ ကောင်းပြီလေ... ဒီညအတွက်တော့ဒီမှာပဲ ရပ်ကြတာပေါ့၊ ကျန်တဲ့ အစီရင်ခံစာတွေကိုတော့ အကြံပြုချက်တွေအတိုင်းကူးရေးပြီး မှတ်သားလိုက်ပါတော့"