ရေမချိုးရသည်မှာ ရက်အတော်ကြာပြီဖြစ်သဖြင့် ဧကရာဇ်မင်းမြတ်သည် မအိပ်မီရေချိုးရန် ဆုံးဖြတ်လိုက်သည်။ သူက စာကြည့်ဆောင်အပြင်ဘက်တွင်ရပ်နေသော မိန်းမစိုးလေးကို ဘက်လှည့်၍…
"တစ်ယောက်ယောက် ရေချိုးစည်ပိုင်းနဲ့ ဆပ်ပြာသီးသွားယူချေ ငါကိုယ်တော် ရေချိုးမယ်" ဟု မိန့်တော်မူသည်။
ဝမ်ချန်အန်းသည် ဧကရာဇ်မင်းမြတ် ရေချိုးလိုသည်ကိုမြင်သောအခါ သူ၏ ရတနာကို ဆက်သရန် အမြန်ရှေ့တိုးလာပြီး…
"အရှင်မင်းမြတ်... ဒီကျွန်တော်မျိုးမကြာသေးခင်က 'ဆပ်ပြာ' လို့ခေါ်တဲ့ ပစ္စည်းတချို့ ရထားပါတယ်။ အဲဒါကို အဝတ်လျှော်ဖို့နဲ့ ရေချိုးဖို့သုံးကြပြီး အညစ်အကြေးတွေကို အလွန်ပြောင်စင်စေပါတယ်။ ကျွန်တော်မျိုး အကြိမ်အနည်းငယ် စမ်းသုံးကြည့်ပြီးပါပြီ အာနိသင်က အရမ်းကောင်းပါတယ်။ အရှင်မင်းမြတ် စမ်းသုံးကြည့်ချင်ပါသလား ဘုရား"
ဟု လျှောက်တင်လိုက်သည်။
"အို... ငါကိုယ်တော် စမ်းသုံးကြည့်ဖို့ ယူခဲ့စမ်းပါ"
ဝမ်ချန်အန်းသည် သူ၏ ရင်ဘတ်ထဲမှ အသစ်စက်စက် ဆပ်ပြာတစ်တုံးကို ထုတ်ယူကာ ဧကရာဇ်မင်းမြတ်ထံ ဆက်သလိုက်သည်။
"ဒါကို ဘယ်လိုသုံးရတာလဲ"
"ဆပ်ပြာသီးလိုပါပဲ ဘုရား… ရေနဲ့ဆွတ်ပြီးအမြှုပ်ထွက်လာတဲ့အထိ ကိုယ်ခန္ဓာပေါ်မှာ အကြိမ်အနည်းငယ် ပွတ်တိုက်ပေးရုံပါပဲ"
ဧကရာဇ်မင်းမြတ်သည် သူ၏လက်ထဲမှ စတုဂံပုံစံ အညိုရောင်ဖျော့ဖျော့ အရာဝတ္ထုကို သေချာကြည့်ရှုပြီးနောက် ခေါင်းညိတ်လိုက်သည်။
မကြာမီမှာပင် တံခါးအပြင်ဘက်ရှိ မိန်းမစိုးငယ်လေးများသည် ရေချိုးစည်ပိုင်းနှင့် အခန်းကန့် ကာဗာတစ်ခုကိုယူဆောင်လာကြပြီး ကောင်းကင်ဘုံသန့်စင်ရေးနန်းဆောင်အတွင်း ယာယီရေချိုးခန်း တစ်ခုကို ပြင်ဆင်လိုက်ကြသည်။
ဧကရာဇ်မင်းမြတ်သည် ရေချိုးနေစဉ် အလုပ်အကျွေးပြုခံရခြင်းကို မနှစ်သက်သဖြင့် ရေစည်ထဲသို့ကိုယ်တိုင်ဝင်ကာ ဆပ်ပြာဖြင့် ကိုယ်လက်သန့်စင်လေတော့သည်။
ဝမ်ချန်အန်းမှာ အခန်းကန့်နောက်ကွယ်တွင်ရပ်ကာ ဧကရာဇ်မင်းမြတ်၏ မှတ်ချက်ကို အနည်းငယ်စိုးရိမ်တကြီးဖြင့် စောင့်ဆိုင်းနေသည်။ အတန်ကြာသောအခါ အခန်းကန့်နောက်ကွယ်မှ ဧကရာဇ်မင်းမြတ်၏ အာမေဍိတ်သံကို ဝမ်ချန်အန်း ကြားလိုက်ရသည်။
"အမြှုပ်တွေ အများကြီးပဲ။ ဒီဆပ်ပြာက ဆပ်ပြာသီးနှစ်ထက် အများကြီးပိုအစွမ်းထက်တာပဲ"
ဧကရာဇ်မင်းမြတ်က ဤဆပ်ပြာကို တကယ်ပင်သဘောကျကြောင်း သိလိုက်ရသဖြင့် ဝမ်ချန်အန်းမှာ ဝမ်းသာသွားပြီး…
"ကျွန်တော်မျိုး သုံးကြည့်တုန်းကလည်း အမြှုပ်တွေအများကြီးထွက်ပါတယ်။ ဆပ်ပြာသီးနှစ်ထက် တကယ်ကိုပိုကောင်းပါတယ် ဘုရား" ဟု အမြန် လျှောက်တင်လိုက်သည်။
မကြာမီမှာပင် ဧကရာဇ်မင်းမြတ်၏ အံ့သြသံကို ထပ်မံကြားလိုက်ရပြန်သည်။
"ပြောင်စင်သွားတာပဲ။ ချက်ချင်းကို အရာအားလုံး ပြောင်စင်သွားတာပဲ"
ဧကရာဇ်မင်းမြတ်၏ အသံကိုကြားရသောအခါ ဝမ်ချန်အန်းသည် သူ၏ ဆက်သမှု အောင်မြင်သွားပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် အခန်းကန့်နောက်ကွယ်တွင် ပြုံးဖြီးနေတော့သည်။
အတန်ကြာသောအခါ ပုံမှန်ရေချိုးချိန်ထက် များစွာပိုမိုမြန်ဆန်စွာဖြင့် ဧကရာဇ်မင်းမြတ်သည် ရေခြောက်အောင်သုတ်ပြီး အတွင်းခံအဝတ်အစားဖြင့် ထွက်လာခဲ့သည်။
"ဝမ်ချန်အန်း... မင်းရဲ့ ဒီဆပ်ပြာကကောင်းသားပဲ။ ပြောင်စင်ရုံတင်မကဘူး ရေချိုးချိန်ကိုပါ သက်သာစေတယ်။ ဒါကို မင်း ဘယ်ကရလာတာလဲ"
ဝမ်ချန်အန်းက အလိုလိုက်အကြိုက်ဆောင်သော အပြုံးဖြင့်…
"အပြင်ထွက်ပြီး ပစ္စည်းဝယ်ယူရတဲ့ မိန်းမစိုးတွေက အမွှေးနံ့သာဆိုင်တစ်ဆိုင်ကနေ ဝယ်လာတာပါဘုရား။ ဒီဆပ်ပြာရဲ့ အကျိုးကျေးဇူးက မြို့တော်တစ်ခုလုံးပျံ့နှံ့နေပြီး လူတိုင်းက အလုအယက် ဝယ်နေကြတယ်လို့ ကြားရပါတယ်။ တစ်လကို အတုံးရေ သောင်းနဲ့ချီပြီး လာတာတောင် မြို့ထဲက သာမန်ပြည်သူတွေ လုဝယ်ကြလို့ မလောက်ဘူးလို့ ဆိုပါတယ်"
ဧကရာဇ်မင်းမြတ်က ခေါင်းညိတ်ပြီး…
"ဒီဆပ်ပြာကို ဘယ်က ထုတ်လုပ်တာလဲ"
"ဒီကျွန်တော်မျိုးလည်း အတိအကျတော့မသိပါဘူး ဘုရား ဒါပေမဲ့ မြို့တော်က ဆပ်ပြာတွေကို တန်းကျင်မြို့ကနေ သယ်ယူလာတာလို့တော့ ကြားပါတယ်"
"ဒါက တကယ်ကို ကောင်းတဲ့ပစ္စည်းပဲ"
ဧကရာဇ်၏ စကားကို ကြားသောအခါ ဝမ်ချန်အန်းက…
"အရှင်မင်းမြတ်... ဒီဆပ်ပြာက ဝယ်ရတာခက်ခဲပါတယ်။ ပစ္စည်းတစ်သုတ်ရောက်လာရင် ခဏလေးနဲ့ကုန်သွားတာပါ။ တန်းကျင်မြို့ကနေ နန်းတွင်းသုံးအတွက် ဆက်သပစ္စည်းအနေနဲ့ တိုက်ရိုက်ပို့ခိုင်းလိုက်ရင် မကောင်းဘူးလား ဘုရား"
ဧကရာဇ်မင်းမြတ်သည် အခန်းကန့်ရှေ့တွင်ရပ်ကာ ခေတ္တမျှစဉ်းစားပြီးနောက် ခေါင်းခါပြရင်း
"သာမန်ပြည်သူတွေရဲ့လုပ်အားက တန်ဖိုးရှိတယ်။ နန်းတွင်းက သုံးမယ့်အရာတွေကို စျေးကွက်ပေါက်စျေးအတိုင်းပဲ ဝယ်ယူရမယ် အတင်းအကျပ်ဆက်သခိုင်းတာမျိုး မလုပ်ရဘူး။ ပုံမှန်အားဖြင့် ဝယ်ရခက်တယ်ဆိုရင် လူလွှတ်ပြီး အဲဒီအမွှေးနံ့သာဆိုင်ရှင်နဲ့ ဆက်သွယ်ကာ နန်းတွင်းအတွက် သီးသန့် အသုတ်တစ်သုတ် ဝယ်ယူလိုက်ပါ"
ဝမ်ချန်အန်းက အမြန်ပင် … "အမိန့်တော်အတိုင်းပါ ဘုရား" ဟု လျှောက်တင်လိုက်သည်။
ရက်အနည်းငယ်အတွင်းမှာပင် ဧကရာဇ်မင်းမြတ်စေလွှတ်လိုက်သော ပစ္စည်းဝယ်ယူရေး မိန်းမစိုးများသည် ချွေဝမ်တင်ကို ရှာတွေ့သွားပြီး သူ၏ထံမှ တိုက်ရိုက်ဝယ်ယူရန် တောင်းဆိုကြသည်။ ချွေဝမ်တင်သည်လည်း မနှောင့်နှေးရဲဘဲ နန်းတွင်းအတွက် ဆပ်ပြာအတုံးနှစ်ထောင် သီးသန့် ရောင်းချပေးလိုက်သည်။
မကြာမီမှာပင် နန်းတွင်းမှ ဆပ်ပြာဝယ်ယူသည့်သတင်းမှာ နေရာအနှံ့ ပျံ့နှံ့သွားတော့သည်။ ဧကရာဇ်မင်းမြတ် ကိုယ်တိုင်သုံးစွဲသည့် ပစ္စည်းဖြစ်နေမှတော့ မည်သို့လျှင် မကောင်းဘဲနေမည်နည်း။ ထို့ကြောင့် ဆပ်ပြာလာဝယ်သူများမှာ ယခင်ကထက်ပင် ပိုမိုများပြားလာတော့သည်။
ချွေဝမ်တင်၏ ကုန်ပစ္စည်းများကို ပို့ဆောင်ပြီးနောက်တွင် လီကျစ်ထံတွင် အကူလာလုပ်နေကြသော ဆွေမျိုးများမှာလည်း အလုပ်လုပ်သည်မှာ တစ်လပြည့်သွားပြီဖြစ်ရာ လီကျစ်က သူတို့၏ လစာအဖြစ် လူတစ်ဦးလျှင် ငွေစ နှစ်သျှူးစီ ခွဲဝေပေးလိုက်သည်။
လူပျိုများအတွက်တော့ လီကျစ်က ထမင်းကျွေးသည့်အပြင် အဝတ်အစားသစ်များပင် ချုပ်ပေးထားသေးသည်။ သူတို့သာ ဗိုက်ဝနေလျှင် မိသားစုများလည်း ငတ်မနေတော့သဖြင့် ငွေကြေးကို အရေးတကြီးမလိုအပ်ကြပေ။ သို့သော် မိသားစုရှိသော ဆွေမျိုးအချို့အတွက်မူ ဤလစာ ငွေစ နှစ်သျှူးမှာ အလွန်ပင် အသုံးဝင်လှပေသည်။
လစာရသောအခါ လီကျစ်၏ ဦးလေးဖြစ်သူ ကျန်းယွမ်မှာ အလွန်ဝမ်းသာပျော်ရွှင်သွားသည်။ အလုပ်ဆင်းပြီးနောက် သူသည် ဈေးတွင် ဆားနယ်အသားခြောက် နှစ်ကျင် ဝယ်ကာ အိမ်သို့ ပြန်လာခဲ့သည်။
သူ အိမ်ရောက်သောအခါ မိုးချုပ်နေပြီဖြစ်သည်။ အိမ်ထဲသို့ ဝင်လိုက်သည်နှင့် ဇနီးဖြစ်သူက ထုံဆီမီးခွက်ကိုထွန်းကာ အခန်းထဲတွင် ချည်ငင်နေသည်ကို တွေ့လိုက်ရသည်။ ကျန်းယွမ်၏ မိသားစုမှာ ဆင်းရဲသဖြင့် သူသည် အိမ်ထောင်ကျနောက်ကျခဲ့သည်။ ဇနီးဖြစ်သူ ချွီအမျိုးသမီးမှာ ကျန်းယွမ်ထက် လေးနှစ်ငယ်သော်လည်း အသက်နှစ်ဆယ့်ရှစ်နှစ် ရှိနေပြီဖြစ်သည်။ ကျန်းယွမ်၏ မိသားစုမှာ အလွန်ဆင်းရဲနွမ်းပါးလှပြီး အိမ်ကိုပင် ငှားနေရကာ နေ့စဉ်စားဝတ်နေရေးကို အလွန်ချွေတာကြရသည်။ ကာလရှည်ကြာ ဆင်းရဲနွမ်းပါးမှုကြောင့် ချွီအမျိုးသမီးမှာ အာဟာရချို့တဲ့နေပြီး ရုပ်ရင့်ကာ အသက်သုံးဆယ်ကျော်အရွယ်ဟုပင် ထင်ရသည်။
အသားခြောက်ကို ကိုင်ဆောင်ထားသော ကျန်းယွမ်သည် ဇနီးဖြစ်သူ၏ အနောက်သို့ တိတ်တဆိတ်လျှောက်သွားပြီး သူမ၏ ပခုံးကို ဖွဖွလေး ပုတ်လိုက်သည်။
ချွီအမျိုးသမီးမှာ ချည်ငင်ရာတွင် အာရုံစိုက်နေသဖြင့် ကျန်းယွမ် ဝင်လာသည်ကို မသိလိုက်ပေ။ ရုတ်တရက် ပခုံးအပုတ်ခံလိုက်ရသဖြင့် လန့်သွားပြီးတုန်ခနဲဖြစ်ကာ လှည့်ကြည့်လိုက်မှ ကျန်းယွမ်မှန်း သိသွားသည်။
"ရှင် အရူးလား။ ဘာအကြောင်းမှမရှိဘဲ ဘာလို့တစ္ဆေလိုလာခြောက်နေတာလဲ။ လန့်သေတော့မလို့ပဲ"
ကျန်းယွမ်က ပြုံးလိုက်ပြီး လက်ထဲမှအသားခြောက်ကိုမြှောက်ပြကာ…
"ဒါ ဘာလဲဆိုတာ ကြည့်စမ်း"
မှိန်ဖျော့ဖျော့ မီးရောင်အောက်တွင် ချွီအမျိုးသမီး သေချာကြည့်လိုက်မှ ကျန်းယွမ်၏ လက်ထဲမှ အရာကိုမြင်သွားသည်။ သူမက ဝမ်းသာအားရဖြင့်…
"အသားပဲ။ ဒီအသားခြောက်ကို ရှင် ဘယ်ကရလာတာလဲ"
"ငါ ဝယ်လာတာလေ"
ချွီအမျိုးသမီးမှာ အသားမစားရသည်မှာ ဘယ်လောက်ကြာပြီမှန်းပင်မသိတော့ပေ။ သူမ တံတွေးမြိုချလိုက်ပြီး ကျန်းယွမ်နှင့် စကားမများတော့ဘဲ သူ့လက်ထဲမှ အသားခြောက်ကိုယူကာ မီးဖိုချောင်ထဲသို့ ပြေးသွားတော့သည်။ အသားစားရန်လောနေသဖြင့် ချွီအမျိုးသမီးသည် အမြန်ပင် ထင်းမီးမွှေးကာ မီးဖိုကိုဖိုလိုက်ပြီး အသားခြောက်ထဲမှ တစ်ပိုင်းကိုဖြတ်၍ အိုးထဲထည့်ကာ ပေါင်းလိုက်သည်။
ကျန်းယွမ်က သူတို့မိသားစု ဘဝခက်ခဲစွာနေထိုင်ရသည်ကိုသိသည်။ သူက ဘေးတွင်ရပ်ကာ လက်ကို ပွတ်သပ်ရင်း ချွီအမျိုးသမီး မီးမွှေးပြီး အသားပေါင်းနေသည်ကို ကြည့်နေလေသည်။
အချိန်အနည်းငယ် ကြာသောအခါ အသားခြောက် ပေါင်းပြီးသွားသည်။ ချွီအမျိုးသမီးသည် အသားက ပူလောင်နေသည်ကိုပင် ဂရုမစိုက်ဘဲ တစ်ဖဲ့ကို ဖဲ့၍ ပါးစပ်ထဲထည့်လိုက်သည်။ ပြင်းပြသော အသား၏ အရသာက သူမ၏ လျှာပေါ်တွင် ပျံ့နှံ့သွားသည်။ ချွီအမျိုးသမီးသည် အားရပါးရဝါးစားရင်း ကျေနပ်စွာ မျက်လုံးမှိတ်ထားလိုက်သည်။
ကျန်းယွမ်တို့ မိသားစုမှာ အလွန်ဆင်းရဲလွန်းသည်။ လစဉ်ရသော ငွေမှာ အိမ်လခပေးပြီးနောက် တင်းတိမ်ရုံမျှသာ ဂျုံပြားနှင့် ဖွဲနု အနည်းငယ်ဝယ်စားရန်သာ လောက်ငသည်။ အသားဝယ်စားရန် ဘယ်မှာငွေရှိမည်နည်း။ ယခုနှစ် နှစ်သစ်ကူးတွင်ပင် ကျန်းယွမ်သည် အသား တစ်ကျင်ကို မဝယ်ရဲခဲ့ပေ။ ချွီအမျိုးသမီးမှာ ကာလရှည်ကြာ ပရိုတင်းဓာတ်ချို့တဲ့နေသဖြင့် သူမ၏ ခန္ဓာကိုယ်မှာ အလွန်အားနည်းနေသည်။
ယခု အသားခြောက်ကို မြင်သောအခါ အလွန်အမင်းစားချင်နေမိသည်။
ကျန်းယွမ်တို့ မိသားစု၏ အခက်အခဲမှာ ဤသို့ပင်ဖြစ်ရာဘာလုပ်နိုင်မည်နည်း။ ချွီအမျိုးသမီးတွင် မကျေနပ်ချက်များရှိသော်လည်း အသုံးမကျသောယောကျာ်းကို ယူမိသည့် မိမိကိုယ်ကိုသာ အပြစ်တင်နိုင်တော့သည်။ သူတို့ ဆင်းရဲနေသည်မှာ ဆယ်နှစ်ပင်ရှိနေပြီဖြစ်ပြီး သူတို့နှစ်ဦးမှာ ကလေးမွေးရန်ပင် မဝံ့ရဲကြပေ။ မွေးလာပါက မကျွေးမွေးနိုင်ဘဲ ငတ်သေသွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။
ပြီးခဲ့သည့်အကြိမ်က တူဖြစ်သူ၏အိမ်တွင် အကူသွားလုပ်လျှင် တစ်လကို လစာ ငွေစ နှစ်သျှူး ရမည်ဟု ကျန်းယွမ် ပြောစဉ်က ချွီအမျိုးသမီး မယုံကြည်ခဲ့ပေ။
နှစ်ပေါင်းများစွာဆင်းရဲလာပြီးမှ ကျန်းယွမ် ရုတ်တရက်ကြီးပွားလာနိုင်မည်လား။ ထို လီကျစ် ဆိုသူမှာလည်း အကြွေးများတင်နေပြီး မဆပ်နိုင်ဟုသတင်းထွက်နေသော ဆင်းရဲသည့် ဆွေမျိုးတစ်ဦးသာဖြစ်သည်။ သူက ဘယ်လိုလုပ် ရုတ်တရက်အခြေအနေပြောင်းသွားပြီး သူဌေးဖြစ်လာကာ ကျန်းယွမ်ကိုပင် ဤမျှများပြားသော လစာ ပေးနိုင်မည်နည်း။
ကလေးတစ်ယောက်က တစ်ခုခုစိတ်ကူးပေါက်ပြီး ဦးလေးဖြစ်သူကို အရူးလုပ်ကာ ခေါ်သွားခြင်းသာ ဖြစ်တန်ရာသည်။
ဒီ လစာ ငွေစ နှစ်သျှူး ဆိုတဲ့စကားက ငါ့ကို လိမ်ပြောတာ ဖြစ်ရမယ်…
ယခု အသားခြောက်ကိုမြင်သောအခါ ချွီအမျိုးသမီးက….
"ဘာပဲဖြစ်ဖြစ်… အရင်ဆုံး အနည်းငယ်လောက်စားလိုက်ဦးမယ်" ဟု တိတ်တဆိတ် တွေးလိုက်သည်။
သူမ တကယ်ကို အားနည်းနေပြီဖြစ်သည်။ အသားအနည်းငယ် ဗိုက်ထဲရောက်သွားသောအခါ သူမသည် သာယာကျေနပ်မှု သက်သက်ကိုသာခံစားရပြီး တစ်ကိုယ်လုံးသက်သောင့်သက်သာ ဖြစ်သွားကာ ခဏတာမျှ ငွေဘယ်ကရလာသလဲဟု ကျန်းယွမ်ကို မေးရန်ပင်သတိမရတော့ပေ။
အသားမစားရသည်မှာ ဘယ်လောက်ကြာပြီမှန်း သူမ မသိတော့ပေ။ သူမ စားနေရင်း ရင်ထဲတွင် နာကျင်လာပြီး ချွီအမျိုးသမီး၏ ပါးပြင်ပေါ်သို့ မျက်ရည်နှစ်ပေါက် စီးကျလာတော့သည်။
ဇနီးဖြစ်သူ ငိုနေသည်ကိုမြင်သောအခါ ကျန်းယွမ်က သူမ၏ မျက်ရည်များကို သုတ်ပေးရန် အမြန်ရှေ့တိုးသွားပြီး… စိုးရိမ်တကြီးဖြင့်…
"မငိုပါနဲ့ မိန်းမရယ်... မငိုပါနဲ့။ ငါတို့ ဒီလိုခက်ခဲတဲ့ဘဝမျိုးကို ဆက်မနေရတော့ပါဘူး"
ချွီအမျိုးသမီးသည် မျက်ရည်များကိုသုတ်လိုက်ပြီး ပါးစပ်ထဲမှအသားကို ဖြည်းဖြည်းချင်း ဝါးနေရင်း မျိုမချရက်ဘဲ…
"ဘယ်လိုလုပ် ဆက်မခက်ခဲဘဲနေမှာလဲ။ ရှင် လမ်းမှာ ငွေတွေကောက်ရလာလို့လား"
ကျန်းယွမ်သည် သူ၏ ရင်ဘတ်ထဲမှ ကြေးပြားနှစ်တွဲကိုထုတ်ယူကာ လက်ပေါ်တွင် ဖြန့်ပြလိုက်ပြီး ….
"ဒီမှာ ကြည့်... ဒါက ငါ့တူက ငါ့ကိုပေးတဲ့ လစာပဲ"
ငွေစ တစ်သျှူးသည် ကြေးပြားတစ်တွဲနှင့် ညီမျှသဖြင့် လီကျစ်က ကျန်းယွမ်အား ကြေးပြားနှစ်တွဲ ပေးလိုက်ခြင်းဖြစ်သည်။
မီးဖိုမှ မီးရောင်မှာ တဖျပ်ဖျပ်တောက်လောင်နေပြီး ကြေးပြားနှစ်တွဲကို တလက်လက် တောက်ပနေစေသည်။
***