ချွီအမျိုးသမီးသည် ကြေးပြားနှစ်တွဲကို ကြည့်ကာ အနည်းငယ်ဆွံ့အသွားသည်။
ယခင်က ကျန်းယွမ်သည် သူ၏တူ လီကျစ်ထံတွင် အကူသွားလုပ်လျှင် တစ်နေ့ ထမင်းသုံးနပ် ကျွေးမည်ဟုပြောခဲ့စဉ်က ဆင်းရဲလှသော လီကျစ်သည် လစာပေးနိုင်မည်မဟုတ်ဟု ချွီအမျိုးသမီး ထင်ခဲ့ခြင်းဖြစ်သည်။
ထမင်းသုံးနပ် ကျွေးရန်ပင် ငွေများစွာကုန်ကျမည်ဖြစ်ရာ ကျန်းယွမ်နှင့် လီကျစ်တို့ နှစ်ယောက် အတူတူ ရူးသွပ်နေကြခြင်းသာဖြစ်မည်... အနည်းဆုံးတော့ ဝမ်းဝရုံ စားရမည်ဟုသာ ချွီအမျိုးသမီး တွေးခဲ့သည်။
ထမင်းကျွေးသည့်အပြင် လီကျစ်က လစာအဖြစ် ကြေးပြားနှစ်တွဲပါ တကယ်ပေးလိမ့်မည်ဟု သူမ လုံးဝ မထင်ထားခဲ့ပေ။
ကြေးပြားနှစ်တွဲဆိုသည်မှာ လူသုံးယောက်အတွက် စားဝတ်နေရေး လုံလောက်သည်။
ကျန်းယွမ်မှာလည်း အိမ်တွင် ထမင်းမစားရသလို ငွေလည်းမကုန်သည့်အပြင် သူမကိုယ်တိုင် ချည်ငင်၍ရသော ငွေပါ ပေါင်းလိုက်သောအခါ သူတို့၏ ငွေကြေးအခြေအနေမှာ ရုတ်တရက် အလွန် အဆင်ပြေချောင်လည်သွားသည်။
သူတို့အတွက် ကောင်းမွန်တဲ့ နေ့ရက်တွေ တကယ်ပဲရောက်လာတော့မှာလား။
ကျန်းယွမ်၏ လက်ထဲမှ ကြေးပြားများကို ယူလိုက်ပြီးနောက် ချွီအမျိုးသမီးသည် နှုတ်ခမ်းကို ကိုက်ကာ ကြေးပြားများကိုလက်ပေါ်တွင်တင်ပြီး ကိုင်ကြည့်ရင်း ကြေးပြားများထိခတ်သံ သာသာယာယာကို နားထောင်နေမိသည်။
"ဒါ တကယ့် ကြေးပြားတွေပဲ"
"ငါတို့ မိသားစု ဘဝလေး တကယ်အဆင်ပြေတော့မှာလား"
သူမ၏ ပါးပြင်ပေါ်သို့မျက်ရည်များ ထပ်မံစီးကျလာပြန်ပြီး ချွီအမျိုးသမီးသည် ကြေးပြားများကို ဆုပ်ကိုင်ထားလျက် ကျန်းယွမ်ကို တင်းကျပ်စွာဖက်ကာ သူ၏ ပခုံးပေါ်တွင်ခေါင်းအပ်၍ ငိုချလိုက်တော့သည်။
ကျန်းယွမ်က ချွီအမျိုးသမီး၏ ကျောပြင်ကို ဖွဖွလေးပုတ်ပေးရင်း ဖြည်းဖြည်းချင်း ချော့မော့လိုက်သည်။
"မငိုပါနဲ့ မိန်းမရယ်... မငိုပါနဲ့။ ငါတို့ ဒီလိုခက်ခဲတဲ့ဘဝမျိုးကို ဘယ်တော့မှ ဆက်မနေရတော့ပါဘူး"
ခဏစဉ်းစားပြီးနောက် ကျန်းယွမ်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဆက်ပြောလိုက်သည်။
"ငါတို့ ဆက်ပြီး မဆင်းရဲရတော့မယ့်အပြင် ကလေးတောင် ယူလို့ရပြီကွ"
ထိုစကားကို ကြားသောအခါ ဒေါ်ချွီ၏မျက်နှာမှာ ရဲတက်သွားပြီး ကျန်းယွမ်၏ ရင်ခွင်ထဲမှ ရုန်းထွက်လိုက်သည်။
သူတို့ မိသားစုမှာ ဆင်းရဲလွန်းပြီး သူတို့နှစ်ဦးမှာလည်း ကလေးယူရန် ဘယ်သောအခါမှ မရည်ရွယ်ထားခဲ့သဖြင့် ချွီအမျိုးသမီးသည် ကျန်းယွမ်နှင့် အိပ်ရာအတူဝင်လေ့ သိပ်မရှိခဲ့ပေ။
လင်မယားချင်း နီးစပ်မှု သိပ်မရှိခဲ့သဖြင့် ဤကဲ့သို့သော ကိစ္စများနှင့်ပတ်သက်လာလျှင် ချွီအမျိုးသမီးမှာ အနည်းငယ် ရှက်သွေးဖြာနေဆဲဖြစ်သည်။
ယခုအချိန်တွင် ကျန်းယွမ်က ကလေးယူမည့်အကြောင်းပြောလာသောအခါ ချွီအမျိုးသမီး၏ မျက်နှာမှာ ပန်းသီးကြီးတစ်လုံးကဲ့သို့ နီမြန်းသွားတော့သည်။
မီးဖိုမှ တောက်ပသော မီးရောင်အောက်တွင် ရှက်သွေးဖြာနေသော ဇနီးဖြစ်သူ၏ မျက်နှာကို ကြည့်ရင်း ကျန်းယွမ် ပြုံးလိုက်သည်။
တစ်လတိတိ အသားစားခဲ့ရပြီး နေ့စဉ်ပေါ့ပါးသော အလုပ်ကြမ်းများကိုသာ လုပ်ခဲ့ရသဖြင့် ကျန်းယွမ်၏ ခန္ဓာကိုယ်မှာ ယခုအခါ အလွန်ကျန်းမာသန်စွမ်းနေပြီဖြစ်သည်။
ကျန်းယွမ်သည် သန်မာသော လက်မောင်းများဖြင့် ရှက်နေသော ဒေါ်ချွီ၏ ခါးမှပွေ့ချီလိုက်ပြီး အခန်းထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်သွားလေတော့သည်။
***
ဆပ်ပြာ၏ အာနိသင်မှာ အလွန်ကောင်းမွန်လှပြီး ဝယ်လိုအားမှာလည်း ဆက်တိုက်ဆိုသလို မြင့်တက်လာသည်။
ထိုနေ့က လီကျစ်သည် အထည်အလိပ်ဈေးကွက်မှပြန်လာရင်း အထည်အလိပ်စက်ယန္တရားများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်းစားခန်းဝင်လာရာ အိမ်ရှေ့ခန်းမဆောင်တွင် သူ၏ညီ လီရှင်းက ဧည့်ခံနေပြီး ကွန်ဖြူးရှပ် ပညာတတ်ခေါင်းပေါင်းပေါင်းထားသော လူလတ်ပိုင်း အမျိုးသားတစ်ဦးနှင့်အတူ ဆရာကြီးချွေ ထိုင်နေသည်ကို တွေ့လိုက်ရသည်။
ချွေဝမ်တင်သည် လီကျစ် ပြန်လာသည်ကိုမြင်သောအခါ ကုလားထိုင်မှထရပ်ကာ ခရီးဦးကြိုဆိုလိုက်သည်။
"လီကျစ်... မင်း ပြန်ရောက်လာပြီပဲ။ ငါ မင်းကို စောင့်နေတာကြာပြီ"
လီကျစ်သည် ချွေဝမ်တင်ကို တစ်ချက်ကြည့်လိုက်ပြီး ဤကုန်သည်ကြီးမှာ အကျိုးအမြတ်မရှိဘဲ စောစောစီးစီး ရောက်လာမည်မဟုတ် ဆပ်ပြာထပ်ဝယ်ရန်လာခြင်းသာ ဖြစ်ရမည်ဟု တိတ်တဆိတ် တွေးလိုက်သည်။
သူက ရယ်မောလိုက်ပြီး…
"တောင်းပန်ပါတယ်ဗျာ… ဆရာကြီးချွေ လာမယ်မှန်း ကျွန်တော်မသိလိုက်လို့ပါ။ ဆရာကြီးချွေရဲ့ ပစ္စည်းတွေ ရောင်းကုန်သွားပြီလား"
ချွေဝမ်တင်က လီကျစ်ကို ကြည့်ကာ အတည်ပေါက်ဖြင့်…
"ငါ ပစ္စည်းလာတောင်းတာမဟုတ်ဘူး။ မင်းကို မိတ်ဆွေတစ်ယောက်နဲ့ မိတ်ဆက်ပေးမလို့ လာတာ"
ထိုသို့ပြောပြီးနောက် ချွေဝမ်တင်က လီကျစ်ကို ခန်းမထဲသို့ဆွဲခေါ်သွားပြီး ကွန်ဖြူးရှပ်ခေါင်းပေါင်း ပေါင်းထားသော လူလတ်ပိုင်းအမျိုးသားကို လက်ညှိုးထိုးပြကာ…
"ဒါက တန်းကျင်မြို့မှာရှိတဲ့ လုပ်ငန်းကြီးရှစ်ခုထဲက တစ်ခုဖြစ်တဲ့ ထိုက်ချန် လုပ်ငန်းစုရဲ့ ပိုင်ရှင်… ဒေသန္တရစာမေးပွဲအောင် ပညာတတ် ဆရာကြီးရွှီ ပဲ။ သူက ဒီနေ့ မင်းနဲ့ တွေ့ဖို့ သီးသန့်လာခဲ့တာ"
လူလတ်ပိုင်းအမျိုးသားသည် လီကျစ် အနားရောက်လာသည်ကိုမြင်သောအခါ သူ့ကို ခြေဆုံးခေါင်းဆုံး အကဲခတ်လိုက်ပြီးမှ မတ်တတ်ရပ်ကာ…
"ကျုပ်က ထိုက်ချန် လုပ်ငန်းစုရဲ့ပိုင်ရှင် ရွှီမင်ချယ် ပါ။ သခင်လေးလီရဲ့ ဆပ်ပြာလုပ်ငန်းအကြောင်းက နာမည်ကြီးလွန်းလို့ မိုးချုန်းသံလိုတောင် ကြားနေရတာကြာပါပြီ။ ဒီနေ့မှ တွေ့ဆုံရတဲ့အတွက် စောစောမသိခဲ့ရတာကိုပဲ နောင်တရမိပါတယ်"
ပညာတတ်ဆရာကြီးက လီကျစ်ကို 'သခင်လေး' ဟု ခေါ်ဆိုကာ အလွန်လေးစားစွာဖြင့် စကားပြောဆိုနေသည်။
လွန်ခဲ့သော တစ်လခန့်ကပင် လူတွေက လီကျစ်ကို လူအဟု ခေါ်ဆိုနေကြသေးရာ ဤကွာခြားချက်မှာ အလွန်ပင်ကြီးမားလှသည်။ အောင်မြင်နေသော ဆပ်ပြာလုပ်ငန်းကြောင့် မင်မင်းဆက်ကာလတွင် လီကျစ်၏ လူမှုရေးအဆင့်အတန်းမှာ လုံးဝကို ကွာခြားသွားခဲ့လေပြီ။
ခေတ္တရပ်ပြီးနောက် ရွှီမင်ချယ်က…
"ဒါက ကျုပ်ရဲ့ စေတနာလေးပါ။ သိပ်တော့မများပါဘူး"
ထိုသို့ပြောပြီးနောက် ရွှီမင်ချယ်က လက်ဆောင်စာရင်းတစ်ခုကို ကမ်းပေးလိုက်သည်။
မင်မင်းဆက်၏ စည်းကမ်းချက်များအရ တစ်စုံတစ်ဦး၏အိမ်သို့ ပထမဆုံးအကြိမ် အလည်အပတ်သွားရောက်ပါက လက်ဆောင်များပြင်ဆင်သွားရလေ့ရှိသည်။ အကယ်၍ လက်ဆောင်အရေအတွက်များပြားပြီး သယ်ဆောင်ရန်မလွယ်ကူပါက ပေးမည့်ပစ္စည်းများကို အသေးစိတ်ရေးသားထားသော လက်ဆောင်စာရင်းကိုပြင်ဆင်သွားရပြီး… အိမ်တော်မှ အစေခံများကို စေလွှတ်၍ ပစ္စည်းများကို ပို့ဆောင်စေခြင်းဖြစ်သည်။
သို့သော် လက်ဆောင်စာရင်းဆိုသည်မှာ အထက်တန်းလွှာများအတွက်သာဖြစ်ပြီး သာမန်မိသားစုများမှာ ထိုသို့လုပ်ဆောင်ရန် မလိုအပ်ပေ။
ပထမဆုံးအကြိမ်အဖြစ် တစ်စုံတစ်ယောက်၏ လက်ဆောင်စာရင်းကို လက်ခံရရှိလိုက်သဖြင့် လီကျစ်မှာ အနည်းငယ်ကြောင်သွားသည်။ ရွှီမင်ချယ်၏ လက်ဆောင်စာရင်းကို ယူလိုက်ပြီးနောက် ဖတ်ရမည်လား… ဒီအတိုင်း ဘေးတွင်ချထားရမည်လား သူ မသိပေ။
နောက်ဆုံးတွင် လီကျစ်က ဖွင့်ကြည့်လိုက်ရာ လက်ဆောင်စာရင်းထဲတွင် အမွှေးနံ့သာများနှင့် ပိုးထည်များကဲ့သို့သော အဖိုးတန်ပစ္စည်းများပါဝင်နေသည်ကို တွေ့လိုက်ရသည်။ ဆရာကြီးရွှီ၏ ရည်ရွယ်ချက်က ဘာများလဲဟု သူ တိတ်တဆိတ် အံ့သြနေမိသည်။
တစ်ဖက်လူမှာ ကုန်သည်ကြီးတစ်ဦးဖြစ်သော်လည်း ဒေသန္တရစာမေးပွဲအောင် ပညာတတ်တစ်ဦး၏ နိုင်ငံရေးအဆင့်အတန်းအရ အမတ်မင်းနေရာအတွက် တိုက်ရိုက်အမည်စာရင်း တင်သွင်းခံရနိုင်ပြီး သာမန်မဟုတ်သော အဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ထားသူဖြစ်သည်။
ပညာတတ်ဆရာကြီးက ဤမျှရိုသေယဉ်ကျေးနေသဖြင့် လီကျစ်အနေဖြင့်လည်း မျက်နှာက်ကိုပြုံးထားကာ…
"ဆရာကြီးရွှီက တကယ်ကို သဘောကောင်းလွန်းပါတယ်။ ဒီက ဂျူနီယာရဲ့ ဧည့်ဝတ်ကျေပွန်မှု အားနည်းတာကို ခွင့်လွှတ်ပေးပါ။ ဆရာကြီးရွှီ ထိုင်ပါခင်ဗျာ… ထိုင်ပါ"
ရွှီမင်ချယ်က လီကျစ်၏ ယဉ်ကျေးမှုကိုမြင်သောအခါ ကျေနပ်သွားပြီး ကုလားထိုင်ပေါ်တွင် ထိုင်လိုက်သည်။ သူက လီကျစ်နှင့် စီးပွားရေးကိစ္စများကိုဆွေးနွေးရန် အလျင်မလိုဘဲ အခြားအကြောင်းအရာ အမျိုးမျိုးကိုသာ စကားစမြည်ပြောဆိုနေသည်။
ဗဟုသုတပိုင်းအရ ဘဝနှစ်ခုစာဖြတ်သန်းခဲ့ဖူးသော လီကျစ်မှာ ဆရာကြီးရွှီနှင့် ဆရာကြီးချွေတို့ထက် သာလွန်သည်ကတော့သဘာဝပင်ဖြစ်သည်။ သို့သော် လီကျစ်သည် အနာဂတ်အကြောင်းအရာများကို ဖွင့်ဟပြောဆို၍မရသလို မင်မင်းဆက်နှောင်းပိုင်း အကြောင်းကိုလည်း ဤပညာတတ်များလောက် သူ မသိပေ။
စကားအနည်းငယ်ပြောပြီးနောက် ရွှီမင်ချယ်ကသာ အမြဲတမ်းအာဝဇ္ဇန်းရွှင်စွာ ပြောဆိုနေပြီး လီကျစ်ကမူ ထောက်ခံပေးရုံနှင့် ယေဘုယျဆန်သော စကားများကိုသာ ပြောနိုင်တော့သည်။
အချိန်အနည်းငယ်စကားပြောပြီးနောက် ရွှီမင်ချယ်က အဓိကအကြောင်းအရာသို့ ပြန်ရောက်လာပြီး…
"သခင်လေးလီ... ဒီဆပ်ပြာလုပ်ငန်းက ကိုယ်တိုင်ထုတ်လုပ်တာလား… ဒါမှမဟုတ် ကျန်းနန်ကနေ သယ်လာတာလား"
လီကျစ်က ဆပ်ပြာများကို ကျန်းနန်မှ သယ်ယူလာသည်ဟု အမြဲပြောလေ့ရှိသော်လည်း နေ့စဉ်နှင့်အမျှ လီမိသားစု၏ခြံဝင်းအတွင်းသို့ ကုန်ကြမ်းတင်လှည်း အကြီးအသေးများ ရောက်ရှိလာခြင်းကြောင့် လီကျစ်၏ ဆပ်ပြာမှာ ကိုယ်တိုင်ထုတ်လုပ်ခြင်းဖြစ်မည်ဟု လူအများက သံသယဝင်နေကြသည်။
ရွှီမင်ချယ်၏ မေးခွန်းကိုကြားသောအခါ ရွှီမင်ချယ်၏ ရည်ရွယ်ချက်ကိုသေချာမသိသဖြင့် လီကျစ်၏ ရင်ထဲတွင် ထိတ်ခနဲဖြစ်သွားသည်။ အကယ်၍ ဆပ်ပြာကို ကိုယ်တိုင်လုပ်မှန်း သိသွားပါက လူတွေက ဆပ်ပြာဖော်စပ်နည်းကို လိုချင်လာမည်စိုးသဖြင့် မကောင်းနိုင်ပေ။
ထိုသို့တွေးမိသဖြင့် လီကျစ်က ရှောင်လွှဲကာ…
"ထုတ်လုပ်မှုရဲ့ အရေးအကြီးဆုံးအဆင့်တွေကို ကျန်းနန်မှာ ပြီးစီးအောင်လုပ်ပါတယ်။ ပြီးတော့ ကျန်းနန်ကနေ တစ်ပိုင်းတစ်စပြီးနေတဲ့ ပစ္စည်းတွေကိုသယ်လာပြီး ကျွန်တော့်အိမ်မှာ အချောသတ်လေးပဲလုပ်ပြီး ရောင်းချဖို့ အချောထည်အဖြစ်ပြောင်းလဲလိုက်တာပါ"
"သခင်လေးလီက ကျန်းနန်မှာရှိတဲ့ ကုန်ပစ္စည်းရင်းမြစ်ကို ကျုပ်ကို ပြောပြနိုင်မလား" ဟု ခပ်ပေါ့ပေါ့ပင် မေးလိုက်သည်။
လီကျစ်က အားရပါးရရယ်မောလိုက်ပြီး …
"ပွင့်ပွင့်လင်းလင်းပြောရရင် ဒါက ကျွန်တော့်ရဲ့ စီးပွားရေးလမ်းကြောင်းမို့ ဖွင့်ပြောလို့ မရပါဘူး"
ဤစကားကြောင့် ရွှီမင်ချယ်က ဒေါသမထွက်ဘဲပြုံးလျက်…
"ဒါဆိုရင် ကျုပ်အနေနဲ့ ဆပ်ပြာဝယ်ချင်ရင် သခင်လေးလီဆီကပဲ ဝယ်လို့ရတော့မှာပေါ့
သြော်... သူက ဆပ်ပြာဝယ်ဖို့ လာတာပဲ။ လီကျစ်က သူ့ကို တိုက်ရိုက်မဖြေဘဲ…
"ဆရာကြီးရွှီ က ဘယ်လောက် ဝယ်ချင်လို့လဲ"
ရွှီမင်ချယ်က ချွေဝမ်တင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် လှည့်ကာ…
"ကျုပ်က တစ်လကို အတုံးရေ နှစ်သိန်းဝယ်ပြီး ကျန်းနန်မှာ သွားရောင်းမလို့"
ရွှီမင်ချယ်၏ စကားကိုကြားသောအခါ လီကျစ်မှာ သက်ပြင်းတစ်ချက် ရှူလိုက်မိသည်။ အတုံးရေ နှစ်သိန်းဆိုသည်မှာ နည်းသော ပမာဏမဟုတ်ပေ။
လက်ရှိတွင် တန်းကျင်မြို့နှင့် ပေကျင်းမြို့ တို့၌ လီကျစ်၏ စုစုပေါင်း ရောင်းအားမှာ တစ်လလျှင် အတုံးရေ ရှစ်သောင်းခန့်သာရှိသေးသည်။ ရွှီမင်ချယ်က ရုတ်တရက်ကြီး အတုံးရေနှစ်သိန်း တောင်းဆိုလာခြင်းက လီကျစ်၏ လုပ်ငန်းကို နှစ်ဆမှ သုံးဆအထိ တိုးလာစေမည်ဖြစ်သည်။
ဆပ်ပြာအလုပ်ရုံကို ထပ်မံ ချဲ့ထွင်ရတော့မည့် ပုံပေါ်နေသည်။
သူက ကျန်းနန်မှ တစ်ပိုင်းတစ်စပြီးနေသော ပစ္စည်းများကိုဝယ်ယူလာပြီး အချောထည်ကို ရွှီမင်ချယ်ထံရောင်းကာ ကျန်းနန်သို့ ပြန်လည်သယ်ယူရောင်းချမည့် ယုတ္တိမတန်သော အခြေအနေအတွက်မူ လီကျစ်က ရှင်းပြရမည်ကိုပင် ပျင်းရိနေမိသည်။
ဆပ်ပြာလုပ်ငန်းကို သူတစ်ယောက်တည်း လုပ်နေသည်ဟု ဘယ်သူကပြောခဲ့လို့လဲ။ "ဝယ်ချင်ရင်လည်း ဝယ်… မဝယ်ချင်လည်း နေပေါ့" ဟု သူ တွေးလိုက်သည်။
ခဏစဉ်းစားပြီးနောက် လီကျစ်က…
"အတုံးရေ နှစ်သိန်းလည်း ရပါတယ်။ ကျန်းနန်က ကျွန်တော့်ရဲ့ ကုန်ပေးသွင်းသူကို ဆက်သွယ်ပြီး ပစ္စည်းထပ်တိုးပေးဖို့ ပြောလိုက်ပါ့မယ်"