လီကျစ်ထံတွင် ကုန်ပစ္စည်းရှိကြောင်း သိလိုက်ရသောအခါ ရွှီမင်ချယ်၏ မျက်နှာမှာ ဝင်းပသွားသည်။ သူသည် ချွေဝမ်တင်ကို တစ်ချက်ကြည့်လိုက်ပြီး ဝမ်းသာအားရ ပြုံးလိုက်သည်။
ခဏစဉ်းစားပြီးနောက် လီကျစ်က ဆက်၍…
"တစ်လကို ဆပ်ပြာ အတုံးရေနှစ်သိန်း လိုချင်တယ်ဆိုရင်တော့ တစ်တုံးကိုကြေးပြား ဆယ့်ရှစ်ပြား ကျပါမယ်"
"သခင်လေးလီ... နည်းနည်းလောက် ထပ်လျှော့ပေးလို့မရဘူးလား။ ကျုပ်က အတုံး နှစ်သိန်းတောင် ဝယ်မှာကိုဗျာ"
လီကျစ်က ခေါင်းခါပြရင်း …
"ဆရာကြီးရွှီ မသိလို့ပါ။ ဆပ်ပြာက များများထုတ်လေ ကုန်ကျစရိတ်ကပိုများလေပဲ။ ထုတ်လုပ်မှုတိုးလာရင် ကုန်ကြမ်းရှာရတာခက်ခဲလာပြီး ပစ္စည်းအမျိုးမျိုးဝယ်ယူရတဲ့ စရိတ်တွေကလည်း မြင့်တက်လာမှာပါ"
ရွှီမင်ချယ်က ချွေဝမ်တင်ကို လှမ်းကြည့်လိုက်ရာ ချွေဝမ်တင်က …
"လီကျစ်... အမြတ်လေး နည်းနည်းထပ်လျှော့ပေးလိုက်ပါကွာ။ ဆရာကြီးရွှီရဲ့ လုပ်ငန်းက အကြီးကြီးကွ… မင်းရဲ့ အမြတ်ကလည်း နည်းမှာမဟုတ်ပါဘူး"
ယခုအခါ ဆပ်ပြာ၏ နာမည်ဂုဏ်သတင်းမှာ အခိုင်အမာရရှိနေပြီဖြစ်ပြီး လူများက အဆက်မပြတ် လာရောက်ဝယ်ယူနေကြသဖြင့် ပစ္စည်းပြတ်လပ်မှုများ အကြီးအကျယ် ဖြစ်ပေါ်နေသည်။
လီကျစ်အနေဖြင့် စျေးနှုန်းထပ်မံလျှော့ချပေးရန် အစီအစဉ်မရှိပေ။ သူသည် ရွှီမင်ချယ်ကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ စျေးနှုန်းကိုသာ ခေါင်းမာစွာကိုင်စွဲထားသည်။
"တစ်တုံးကို ကြေးပြား ဆယ့်ရှစ်ပြားပါ… ပြားဝက်တောင် လျှော့မပေးနိုင်တော့ပါဘူး။ ကျွန်တော့်ဆိုင်မှာ တစ်တုံးကို ကြေးပြားနှစ်ဆယ်နဲ့ ရောင်းတာတောင် သာမန်ပြည်သူတွေက လုဝယ်နေကြတာပါ။ အမြဲတမ်း ပစ္စည်းပြတ်နေတာချည်းပါပဲ"
ထိုစကားကို ကြားသောအခါ ရွှီမင်ချယ်နှင့် ချွေဝမ်တင်တို့ အချင်းချင်း မျက်လုံးချင်း ဖလှယ်လိုက်ကြသည်။
အတန်ကြာသောအခါ ရွှီမင်ချယ်က…
"ကောင်းပြီလေ… ဆယ့်ရှစ်ပြားဆိုလည်း ဆယ့်ရှစ်ပြားပေါ့။ ကျုပ် ဒီအရောင်းအဝယ်ကို လုပ်ရတဲ့ အဓိကရည်ရွယ်ချက်က သခင်လေးလီ နဲ့ မိတ်ဆွေဖွဲ့ချင်လို့ပါ"
မိတ်ဆွေဖွဲ့ချင်လို့... သူက ဆပ်ပြာတွေ ဒီထက်ပိုပြီးဝယ်ချင်နေသေးတာများလား။ ဒီ ရွှီမင်ချယ်ရဲ့ လုပ်ငန်းက တကယ်ကိုကြီးမားလှတာပဲ။ လီကျစ်က ရွှီမင်ချယ်၏ ချမ်းသာကြွယ်ဝမှုကို ပြန်လည်အကဲဖြတ်ရင်း တွေးတောနေမိသည်။
လီကျစ်က ပြုံးလျက်ဖြည်းဖြည်းချင်း ပြန်ပြောလိုက်သည်။
"ဆရာကြီးရွှီက သဘောကောင်းလွန်းပါတယ်။ မိတ်ဆွေဖွဲ့ရမယ်ဆိုရင်တောင် လီကျစ်ကသာ ဆရာကြီးရွှီနဲ့ မိတ်ဆွေဖြစ်ဖို့ မျှော်လင့်ရမှာပါ"
ရွှီမင်ချယ်သည် ထိုစကားကြောင့် အားရပါးရရယ်မောလိုက်ပြီး…
"သခင်လေးလီက စိတ်ဝင်စားစရာကောင်းတဲ့ သူတစ်ယောက်ပဲ။ ကျုပ် ရွှီမင်ချယ် က သူ့ကို မိတ်ဆွေဖွဲ့ဖို့ ဆုံးဖြတ်လိုက်ပြီဗျာ" ဟု အာဝဇ္ဇန်းရွှင်စွာ ပြောဆိုလိုက်သည်။
ထိုရွှီမင်ချယ်မှာ အတော်လေးသဘောထားကြီးသူဖြစ်သည်။ စီးပွားရေးကိစ္စ ပြီးပြတ်သွားပြီးနောက် သူသည် ဆပ်ပြာအကြောင်းကို ဆက်မပြောတော့ဘဲ စီးပွားရေးလောကအကြောင်း တောင်ပိုင်း မြောက်ပိုင်း အကြောင်းအရာအစုံအလင်ကို စတင်ပြောဆိုတော့သည်။ သူ၏ ပွင့်လင်းမှုကို မြင်သောအခါ လီကျစ်သည် နားထောင်သူအဖြစ်သာ နေလိုက်ပြီး သူ့ကိုသာ လွတ်လွတ်လပ်လပ် ပြောခွင့်ပေးထားလိုက်သည်။
ရွှီမင်ချယ်သည် စီးပွားရေးအကြောင်းပြောသည့်အခါတိုင်း ကုန်သည်တစ်ဦးအကြောင်း ပါလာလျှင် ထိုကုန်သည်၏ နောက်ခံအင်အားကို အမြဲတမ်းမှတ်ချက်ပေးလေ့ရှိသည်။ ဤအချက်က လီကျစ်၏ အာရုံကိုဖမ်းစားသွားသည်။
"ဒီ မင်မင်းဆက်ကြီးမှာ ကုန်သည်တွေ စီးပွားရေးလုပ်ဖို့ဆိုရင် နောက်ခံအင်အား ရှိမှရတာလား"
"ဒါဆို ငါ့လို တစ်ကောင်ကြွက်က ဘယ်မှာသွားပြီး နောက်ခံအင်အား ရှာရမလဲ" ဟု လီကျစ် တိတ်တဆိတ် တွေးလိုက်မိသည်။
သူတို့သည် အချိန်အတန်ကြာစကားပြောပြီးနောက်မှသာ ရွှီမင်ချယ်က သူ၏ပြေားဆိုမှုကို အဆုံးသက်လိုက်တော့သည်။ အချိန်ကြာမြင့်စွာ စကားပြောပြီးနောက် လီကျစ်နှင့် သူ၏ ဆက်ဆံရေးမှာ များစွာရင်းနှီးသွားခဲ့ပြီဖြစ်ပြီး တကယ့်ကိုမိတ်ဆွေသစ်တစ်ဦး ဖြစ်လာခဲ့သည်။ ထို့နောက် သူက လီကျစ်နှင့် တစ်လလျှင် ဆပ်ပြာအတုံး နှစ်သိန်း ရောင်းချမည့်ကိစ္စကို အစီအစဉ်ချကာ နောက်တစ်နေ့တွင် စရန်ငွေအဖြစ် ကျသင့်ငွေ၏တစ်ဝက်ကို ပို့ပေးမည်ဟုပြောဆိုပြီး ထွက်ခွာသွားလေသည်။
လီမိသားစု၏ ခြံဝင်းထဲမှထွက်လာပြီးနောက် ကန့်လန့်ဖြတ်လမ်းမကြီးပေါ်တွင် ရပ်ကာ ချွေဝမ်တင်က ရွှီမင်ချယ်အား …
"သူဌေးရွှီ... ဒီ လီကျစ်ကို ဘယ်လိုမြင်လဲ"
"သူက ဉာဏ်ကောင်းတဲ့သူပဲ။ ဒါကြောင့်လည်း ဆပ်ပြာလို ကောင်းမွန်တဲ့အရာမျိုးကို တီထွင်နိုင်တာပေါ့။ ဒီဆပ်ပြာက တကယ့်ကိုအံ့သြစရာကောင်းလောက်အောင် အသုံးဝင်ပြီး အကျိုးကျေးဇူးတွေအများကြီးရှိတယ်။ မြောက်ကနေ တောင်အထိ သေချာပေါက် အောင်မြင်ပျံ့နှံ့သွားမှာဖြစ်ပြီး တန်ဖိုးဖြတ်လို့တောင် မရနိုင်ဘူး"
လီကျစ်သည် ဆပ်ပြာထုတ်လုပ်မှု၏ အရေးပါသောအဆင့်များကို ကျန်းနန်တွင် ပြုလုပ်သည်ဟု ထပ်ခါတလဲလဲ အလေးအနက်ပြောဆိုခဲ့သော်လည်း ရွှီမင်ချယ်ကဲ့သို့သော သူက မည်သို့ ယုံကြည်မည်နည်း။
သူသည် အကဲခတ်ကောင်းသော ဝါရင့်စီးပွားရေးသမားတစ်ဦးဖြစ်သည်။ လီကျစ်နှင့် အချိန်အတော်ကြာစကားပြောပြီးနောက် အမှန်တရားကို သူ မြင်ယောင်သွားခဲ့ပြီး ဆပ်ပြာကို လီကျစ်ကိုယ်တိုင် ထုတ်လုပ်ခြင်းဖြစ်ကြောင်း နားလည်သွားခဲ့သည်။
ချွေဝမ်တင်က ရွှီမင်ချယ်ကို ကြည့်ကာ …
"ဆရာကြီးရွှီများ... လီကျစ်ဆီက ဖော်စပ်နည်းကိုယူပြီး ဆပ်ပြာကို ကိုယ်တိုင်ထုတ်ဖို့ စဉ်းစားနေတာလား"
ရွှီမင်ချယ်ကပြုံးလျက် ခပ်ပေါ့ပေါ့ပင်ဖြေလိုက်သည်။
"သူများရဲ့ လုပ်ငန်းကို လုယူဖို့ လွယ်ကူပေမဲ့ ဒါက ကျုပ် ရွှီမင်ချယ် ရဲ့ စတိုင်မဟုတ်ဘူး။ ဒါ့အပြင် သတင်းသာပေါက်ကြားသွားရင် ကျုပ်ဦးလေးရဲ့နာမည်ကို ထိခိုက်စေလိမ့်မယ်။ ကျုပ်ဦးလေးရဲ့ ရာထူးက နောင်မှာ ထပ်တက်ဖို့ အခွင့်အရေးရှိသေးတယ်လေ"။
ခဏရပ်ပြီးနောက် ရွှီမင်ချယ်က ဆက်၍….
"ကျန်းနန်က ချမ်းသာကြွယ်ဝတဲ့ ဒေသပါ။ ဒီဆပ်ပြာကို တစ်တုံးကိုအနည်းဆုံး ကြေးပြား နှစ်ဆယ့်ငါးပြားနဲ့ ရောင်းလို့ရပြီး ကျုပ်အတွက် ကြေးပြားခုနစ်ပြား အမြတ်ကျန်မယ်။ နောင်ကျရင် သူက ကုန်ပစ္စည်းအများစုကို ကျုပ်ဆီ ရောင်းပေးမယ်ဆိုရင် အမြတ်က အတော်လေးများပြားလာမှာပဲ"
"ဒါကြောင့် ကျုပ်က ပြောင်းပြန်လုပ်မယ်။ မိတ်ဆွေငယ် လီကျစ် ကြီးပွားလာအောင် ကျုပ်က ကူညီပေးမယ်။ ဒီလို လူကြီးလူကောင်းဆန်တဲ့ လုပ်ရပ်ကမှ ကျုပ်ရဲ့ စရိုက်နဲ့ ပိုပြီး ကိုက်ညီတယ်"
ချွေဝမ်တင်သည် အားရပါးရရယ်မောလိုက်ပြီး လက်အုပ်ချီကာ…
"သူဌေးရွှီက သဘောထားကြီးမြတ်လှပါတယ်။ သိပ်ကောင်းပါတယ်။ ကျုပ် ချွေဝမ်တင် တကယ်ကို အထင်ကြီးလေးစားသွားပါပြီ"
နောက်တစ်နေ့တွင် ရွှီမင်ချယ်က စရန်ငွေကို တကယ်ပင်ပို့ဆောင်ပေးခဲ့သည်။ စုစုပေါင်း ကျသင့်ငွေ၏ တစ်ဝက်ဖြစ်သော ငွေစ တစ်ထောင့်ရှစ်ရာတိတိကို သေတ္တာကြီးများဖြင့်ထည့်၍ ပို့ပေးခဲ့ခြင်းဖြစ်သည်။ ငွေများ အလွန်များပြားလှသဖြင့် လီမိသားစုတစ်ခုလုံး အံ့သြမှင်သက်သွားကြသည်။ ဤမျှများပြားသော ငွေများကြောင့် သူခိုးများမျက်စိကျမည်ကို စိုးရိမ်သဖြင့် လီကျစ်သည် လူပျိုဖြစ်သော ဆွေမျိုးအချို့ကို ညဘက်အိမ်တွင်အိပ်ခိုင်းကာ စောင့်ကြပ်စေခဲ့သည်။
ဤငွေများဖြင့် လီကျစ်သည် သူ၏ ဆပ်ပြာစက်ရုံ၏ ထုတ်လုပ်မှုပမာဏကို ချဲ့ထွင်ရန် ပြင်ဆင်လေတော့သည်။
ပထမဆုံးအနေဖြင့် လီကျစ်သည် အိမ်ကြီးတစ်လုံးလိုအပ်သည်။ လီမိသားစု၏ ခြံဝင်းမှာ အတော်လေးကျယ်ဝန်းသော်လည်း ယခုအခါ အလုပ်ရုံများဖြင့် အပြည့်ဖြစ်နေပြီဖြစ်ရာ ထပ်မံချဲ့ထွင်ရန်အတွက် နေရာသစ်လိုအပ်မည်မှာ သေချာသည်။
လီကျစ်သည် ပွဲစားတန်းသို့သွားရောက်ကာ အိမ်ခြံမြေအရောင်းအဝယ်လုပ်သော ပွဲစားတစ်ဦးကိုရှာဖွေပြီး နေရာလွတ်ရှိသောအိမ်ကြီးတစ်လုံးကို ရှာဖွေပေးရန် အကူအညီတောင်းလိုက်သည်။
လီကျစ် ရှာတွေ့ခဲ့သော အိမ်ခြံမြေပွဲစားမှာ 'လျိုရှီကွေ့' ဟုခေါ်သော ပိန်ပိန်ပါးပါး လူလတ်ပိုင်းတစ်ဦးဖြစ်သည်။ လီကျစ်ကို မြင်သောအခါ လျိုရှီကွေ့က …
"သခင်လေးလီ... ဘယ်လောက် အကျယ်အဝန်းရှိတဲ့အိမ်မျိုးကို ဝယ်ချင်တာလဲ" ဟု ဖြည်းဖြည်းချင်း မေးလိုက်သည်။
ယခုအချိန်တွင် လီကျစ်သည် ပိုးထည်အဝတ်အစားသစ်ကို ဝတ်ဆင်ထားပြီး အောင်မြင်နေသော စီးပွားရေးလုပ်ငန်း၏ အရှိန်အဝါကြောင့် သူ၏ အသွင်အပြင်မှာ ယခင်ကနှင့် လုံးဝ ကွာခြားနေသည်။ အိမ်ခြံမြေပွဲစားက သူ့ကို "သခင်လေး" ဟုပင် လေးစားစွာ ခေါ်ဝေါ်လေသည်။
"အခန်း နှစ်ဆယ်ကျော်ပါတဲ့ အိမ်ကြီးကြီးတစ်လုံး… ပြီးတော့ စျေးလည်းသက်သာရမယ်"
လျိုရှီကွေ့က ခေါင်းညိတ်ပြီး…
"သခင်လေးလီက အခန်း နှစ်ဆယ်ကျော် လိုချင်တယ်ဆိုရင်တော့ အနည်းဆုံး ခြံဝင်း သုံးခုပါတဲ့ အိမ်ကြီးမှ ရမယ်။ စျေးသက်သာချင်ရင်တော့ အိမ်ဟောင်းတစ်ခုကို ရှာရမှာပေါ့"
ထိုသို့ပြောပြီးနောက် သူသည် စားပွဲနောက်တွင်ထိုင်ကာ အလွန်ဟောင်းနွမ်းနေသော စာအုပ်တစ်အုပ်ကို ဖွင့်ပြီး တစ်ရွက်ချင်းစီ လှန်လှောရှာဖွေတော့သည်။
အတန်ကြာသောအခါ သူက ခေါင်းမော့လာပြီး…
"မြို့မြောက်ပိုင်းက ယွန်းထည်လမ်းမှာ အိမ်တစ်လုံးရှိတယ်။ ခြံဝင်းသုံးခုပါတယ်။ တောင်ဘက်လှည့် အခန်း ငါးခန်း၊ ဘေးခန်း ရှစ်ခန်း၊ အဓိက အခန်းမကြီး နှစ်ခန်းနဲ့ တွဲဖက်အခန်း လေးခန်းပါတယ်။ စျေးက ငွေစ တစ်ရာ့ကိုးဆယ်တဲ့။ သခင်လေး သဘောကျရဲ့လား"
လီကျစ် တွက်ကြည့်လိုက်ရာ အခန်း ဆယ့်ကိုးခန်းသာရှိသဖြင့် ခေါင်းခါပြကာ "သေးလွန်းတယ်" ဟု ပြောလိုက်သည်။
အိမ်ခြံမြေပွဲစားက ဆက်လက်ရှာဖွေပြန်ရာ ခဏအကြာတွင်…
"မြို့အနောက်ပိုင်းမှာ ခြံဝင်းသုံးခုပါတဲ့ အိမ်တစ်လုံးရှိတယ်။ ဆောက်ထားတာ ဆယ်နှစ်ရှိပြီ။ ဘေးခန်း ဆယ့်နှစ်ခန်း၊ တောင်ဘက်လှည့် အခန်း ခုနစ်ခန်း၊ အဓိက အခန်းမကြီး နှစ်ခန်းနဲ့ တွဲဖက်အခန်း လေးခန်းပါတယ်။ စျေးက ငွေစ နှစ်ရာ့ကိုးဆယ်တဲ့"
လီကျစ်က ထပ်မံခေါင်းခါပြပြီး…
"စျေးကြီးလွန်းတယ်။ ပိုပြီး စျေးသက်သာတာလေး ရှာပေးပါဦး။ နည်းနည်း ဟောင်းနေလည်း ကိစ္စမရှိပါဘူး"
လီကျစ်က စက်ရုံလုပ်ရန်အိမ်ဝယ်မည်ဖြစ်ရာ အသုံးပြု၍ရလျှင် လုံလောက်ပြီဖြစ်ပြီး အသစ်ဖြစ်ရန် မလိုအပ်ပေ။
"သခင်လေးက စျေးသက်သာတာ လိုချင်တာကိုး"
အိမ်ခြံမြေပွဲစားသည် လီကျစ်၏ လိုအပ်ချက်ကိုနားလည်သွားပြီး စာအုပ်ကို ထပ်လှန်ကာ အချိန်အတော်ကြာ ရှာဖွေပြီးနောက် စားပွဲကို ရိုက်လိုက်ကာ…
"အာ... သခင်လေး… ဒီမှာ စျေးသက်သာတာတစ်လုံးတွေ့ပြီ"
သူက စာအုပ်ကို လီကျစ်ရှေ့သို့ ထိုးပြရင်း…
"မြို့တောင်ပိုင်းက ဆန်လမ်းမှာ ခြံဝင်းသုံးခုပါတဲ့ အိမ်တစ်လုံး။ အနှစ်သုံးဆယ် သက်တမ်းရှိပြီး အတော်လေးဟောင်းနွမ်းနေပြီ။ ဘေးခန်း ဆယ့်နှစ်ခန်း၊ တောင်ဘက်လှည့် အခန်း ခုနစ်ခန်း၊ တွဲဖက်အခန်း လေးခန်းနဲ့ အဓိက အခန်းမကြီး နှစ်ခန်း ပါတယ်... စုစုပေါင်း အခန်း နှစ်ဆယ့်ငါးခန်း။ စျေးက ငွေစ တစ်ရာ့ရှစ်ဆယ် တည်းပဲ"
အိမ်ခြံမြေပွဲစား၏ စာအုပ်မှာ ရိုးရာတရုတ်စာလုံးများဖြင့် ရေးသားထားသော်လည်း လီကျစ်က နားလည်နိုင်သည်။ စာအုပ်ထဲမှ အချက်အလက်များကိုကြည့်ပြီးနောက် လီကျစ်က ပြုံးလျက်…
"ဒါဆို ဆန်လမ်းက အိမ်ကို သွားကြည့်ရအောင်"
"အခုချက်ချင်း သွားကြတာပေါ့"
အိမ်ခြံမြေပွဲစားသည် လီကျစ်အား လမ်းသွယ်များ၊ လမ်းကြားများကိုဖြတ်၍ မြို့တောင်ပိုင်းရှိ ဆန်လမ်းသို့ ခေါ်ဆောင်သွားသည်။ ဆန်လမ်းဆိုသည့် အမည်နှင့်အညီ ထိုလမ်းတွင် စပါးနှင့် ဆန်များကို ရောင်းဝယ်ဖောက်ကားသော ဆိုင်များဖြင့်ပြည့်နှက်နေသည်။
အိမ်ခြံမြေပွဲစားသည် ဆိုင်ခန်းနှစ်ခန်းပါဝင်သော ဟောင်းနွမ်းနေသည့် အိမ်ကြီးတစ်လုံးရှေ့သို့ လျှောက်သွားပြီး ခြံတံခါးကို ခပ်ပြင်းပြင်း ခေါက်လိုက်လေသည်။
***