ခြံတံခါးမှာသော့ခတ်မထားသဖြင့် လျိုရှီကွေ့ တွန်းဖွင့်လိုက်ရာ ဟောင်းနွမ်းနေသော တံခါးကြီးမှာ ဂျီခနဲ အသံမည်သွားသည်။
တံခါးခေါက်သံကိုကြားပြီး လူငယ်တစ်ဦးထွက်လာသည်။ အိမ်ခြံမြေပွဲစား လျိုရှီကွေ့မှန်း သိသွားသောအခါ ထိုလူငယ်က သူတို့ကို အိမ်ထဲသို့ခေါ်ဆောင်သွားပြီး ဧည့်ခန်းမဆောင်တွင် ထိုင်စေသည်။
လီကျစ်သည် အိမ်ကိုအကဲခတ်ကြည့်ရာ တကယ်ပင်ဟောင်းနွမ်းစုတ်ပြတ်နေပြီး စက္ကူပြတင်းပေါက်များစွာမှာ စုတ်ပြဲနေကာ ပြုပြင်ထားခြင်းမရှိပေ။ သို့သော် လီကျစ်က ဤအိမ်ကို စက်ရုံအဖြစ် အသုံးပြုရန်ရည်ရွယ်ထားသဖြင့် အိမ်၏အခြေအနေကို ဂရုမစိုက်ပေ။ ကျိုးပဲ့နေသော တံခါးများနှင့် ပြတင်းပေါက်များကို လက်သမားဆရာအချို့ ခေါ်၍ ပြုပြင်ခိုင်းလိုက်လျှင် ရနိုင်သည်။
ခဏစောင့်ပြီးနောက် လူလတ်ပိုင်းအမျိုးသားတစ်ဦး ဝင်လာသည်။ လျိုရှီကွေ့ကို မြင်သောအခါ သူက အားနာဟန်ဖြင့် လက်အုပ်ချီကာ…
"ဆရာလျို... ကျွန်တော်တို့ ဒီအိမ်ကို လောလောဆယ်မရောင်းတော့ဘူးဗျ"
လျိုရှီကွေ့မှာ အံ့သြသွားပြီး…
"ငွေစ ၁၈၀ နဲ့ သဘောတူထားပြီးပြီလေ ဘာလို့ အခုမှမရောင်းတော့တာလဲ"
လူလတ်ပိုင်းအမျိုးသားက ခါးသက်သက်ပြုံးရင်း…
"ဆွေမျိုးတွေဆီက ငွေချေးလို့ရသွားလို့ လောလောဆယ်တော့ မပြောင်းတော့ဘူးဗျ။ အိမ်ကိုရောင်းပြီး တခြားအိမ်ပြန်ငှားဖို့ဆိုတာလည်း ငွေကုန်တာပဲမဟုတ်လား။ ကျွန်တော်တို့လို မိသားစုကြီးနဲ့ အိမ်ငှားဖို့ဆိုတာ မလွယ်ဘူးလေ"
လျိုရှီကွေ့က မကျေမနပ်ဖြင့်…
"ခင်ဗျားက ကျွန်တော့်ကို အချိန်ကုန်အောင်လုပ်တာပဲ… ဖောက်သည်ကိုတောင် အိမ်လာပြနေပြီကို"
လူလတ်ပိုင်းအမျိုးသားက သက်ပြင်းချကာ "ရွှမ်ဖူ က ကျွန်တော်တို့ မိသားစုရဲ့ စီးပွားရေးသာ ပြန်မကောင်းလာဘူးဆိုရင်တော့ အချိန်နည်းနည်းကြာရင် ဆရာလျိုကိုပဲ အိမ်ပြန်ရောင်းခိုင်းရမှာပါ"
လျိုရှီကွေ့သည် စိတ်မရှည်စွာမတ်တတ်ရပ်လိုက်ပြီး လက်ဝှေ့ယမ်းကာ…
"သေချာ စဉ်းစားပြီးမှ ကျွန်တော့်ကို လာပြောပါဗျာ"
ထိုသို့ပြောပြီးနောက် လျိုရှီကွေ့သည် လီကျစ်ကိုခေါ်၍ ပြန်ထွက်လာခဲ့သည်။ လီကျစ်သည် အချည်းနှီးလာခဲ့ရသဖြင့် သမ်းဝေလိုက်ပြီး…
"ဆရာလျို... တခြားသင့်တော်တဲ့ ခြံဝင်းတွေရော ရှိသေးလား"
လျိုရှီကွေ့က ခေါင်းညိတ်ပြီး…
"ရှိပါတယ်… ရှိပါတယ် သခင်လေးလီ… ကျွန်တော့်ကို ရှာခွင့်ပြုပါဦး"
လျိုရှီကွေ့သည် လက်ညှိုးကို တံတွေးဆွတ်ကာ လမ်းမပေါ်တွင်ရပ်လျက် သူ၏ စာအုပ်ကို လှန်လှောရှာဖွေနေသည်။ ခဏကြာပြီးနောက် လျိုရှီကွေ့က ဝမ်းသာအားရဖြင့်…
"တွေ့ပြီဗျ။ မြို့အရှေ့ပိုင်းက ဆန်းဟန်လမ်းမှာ ခြံဝင်းတစ်ခုရှိတယ်။ ခြံဝင်းသုံးခု၊ ဝင်ပေါက်သုံးခုပါတဲ့ အိမ်ကြီးပဲ။ ဘေးခန်း ဆယ်ခန်း၊ တောင်ဘက်လှည့် အခန်း ခုနစ်ခန်း၊ တွဲဖက်အခန်း ခြောက်ခန်းနဲ့ အဓိက အခန်းမကြီး နှစ်ခန်းပါတယ်... စုစုပေါင်း အခန်း ၂၅ ခန်း။ အိမ်ဆောက်ထားတာ ၁၇ နှစ် ရှိပြီ… အခု ဈေးက ငွေစ ၂၆၀ တဲ့"
ခြံဝင်းမှာ မြို့အရှေ့ပိုင်း သူ၏အိမ်နှင့်နီးသည်ဟု ကြားလိုက်ရသဖြင့် လီကျစ် စိတ်ဝင်စားသွားပြီး
"ဒီအိမ်ကရော ပြဿနာ တစ်ခုခုများရှိနေမလား။ ဟိုရောက်မှ မရောင်းတော့ဘူးဆိုတာမျိုးတော့ မလုပ်နဲ့နော်"
"ရောင်းပါတယ်… ရောင်းပါတယ်။ ဒီခြံဝင်းပိုင်ရှင်က သူ့ရဲ့ အမတ်မင်းဆွေမျိုး နောက်ကို အမြဲလိုက်နေတာ။ သူ့ဆွေမျိုးက မနှစ်က ကန်းကျိုးမှာ ခရိုင်ဝန်ရာထူးတိုးသွားတော့ သူလည်း စီးပွားရေးလုပ်ဖို့ ကန်းကျိုးကို လိုက်သွားတယ်။ ဒီအိမ်က အခုလွတ်နေတာ… အိမ်ရောင်းဖို့ သီးသန့် ချန်ထားခဲ့တဲ့ လူတစ်ယောက်ပဲရှိတယ်"
အိမ်ခြံမြေပွဲစားက အိမ်၏ အခြေအနေကို ဤမျှအထိကျွမ်းကျင်နေသည်ကို မြင်သောအခါ လီကျစ်သည် ပွဲစားက ဤအိမ်ကို သူ့အားရောင်းရန်ဆုံးဖြတ်ထားပြီးဖြစ်ကာ အစောပိုင်းက ဟိုလှည့်ဒီလှည့် လုပ်နေခြင်းမှာ အကွက်ဆင်ခြင်းသာဖြစ်မည်ဟု သံသယဝင်မိသည်။ သို့သော် အိမ်မှာ သူ၏ လိုအပ်ချက်နှင့် ကိုက်ညီနေသဖြင့် လီကျစ်က…
"ဒါဆို သွားကြည့်ကြတာပေါ့"
အိမ်ခြံမြေပွဲစားသည် လီကျစ်ကို မြို့အရှေ့ပိုင်းသို့ခေါ်ဆောင်သွားပြီး ဆန်းဟန်လမ်းကို ရှာတွေ့ခဲ့သည်။
ထိုလမ်းမှာ ကျင်းပြန်ရပ်ကွက်နှင့် မဝေးလှဘဲ လမ်းဘေးဝဲယာတွင် ခြံဝင်းကျယ်ကြီးများသာရှိပြီး လမ်းဘေးဆိုင်ခန်းများမရှိသဖြင့် အလွန်တိတ်ဆိတ်သော လမ်းတစ်ခုဖြစ်သည်။ အိမ်ခြံမြေပွဲစားက အရောင်းတင်ထားသောခြံဝင်းကို ရှာတွေ့ခဲ့ရာ ထိုအိမ်မှာ အတော်လေးအသစ်ဖြစ်နေသေးသည်။ သူက တံခါးကိုခေါက်လိုက်ရာ လူလတ်ပိုင်းအမျိုးသားတစ်ဦးက လာဖွင့်ပေးသည်။
"ဆရာလျို ရောက်လာပြီကိုး"
"ကျွန်တော် အိမ်လာကြည့်ဖို့ ဖောက်သည် ခေါ်လာတာ"
လီကျစ်သည် အိမ်ခြံမြေပွဲစားနောက်မှ လိုက်ဝင်သွားပြီး အိမ်ကို အကဲခတ်ကြည့်သည်။ အိမ်မှာ အတော်လေးအသစ်ဖြစ်နေသေးပြီး မြေပြင်တွင် အပြာရောင်အုတ်များခင်းထားသည်။ အခန်းများစွာရှိပြီး တတိယခြံဝင်း၏ အနောက်ဘက်တွင် အခန်း ၂၅ ခန်းစာရင်းထဲတွင် မပါဝင်သော အနောက်ဘက် အဆောက်အအုံငယ် တစ်တန်းရှိသေးသည်။ အကယ်၍ လီကျစ်အနေဖြင့် နောင်တွင် ထုတ်လုပ်မှုကို တိုးချဲ့ပါက အသုံးပြုရန် အခန်းလွတ်များရှိနေသေးသည်။ အရေးအကြီးဆုံးအချက်မှာ ဤခြံဝင်းတည်ရှိရာလမ်းမှာ အလွန်တိတ်ဆိတ်သဖြင့် သူ၏ ဖော်စပ်နည်းကို လျှို့ဝှက်ထားရန် လီကျစ်၏ လိုအပ်ချက်နှင့် ကိုက်ညီနေသောကြောင့် လီကျစ် အတော်လေးသဘောကျသွားသည်။
အကယ်၍ ကျင်းပြန်ရပ်ကွက်ကဲ့သို့ အိမ်တိုင်းတွင် ဆိုင်ခန်းရှိပြီး အမျိုးသမီးများက ဆိုင်ထဲတွင် အမြဲထိုင်ကာ လမ်းပေါ်ရှိ လှုပ်ရှားမှုတိုင်းကိုစောင့်ကြည့်နေပါက လျှို့ဝှက်ထားရန် အလွန်ခက်ခဲပေလိမ့်မည်။
ဤခြံဝင်းမှာ အနည်းငယ်ဈေးကြီးသော်လည်း လက်ခံနိုင်စရာအကြောင်းရှိသည်။ သို့သော် လီကျစ်က သူ့အနေဖြင့် ဝယ်ရန်လောနေသည်ဟု ရောင်းသူအား မထင်စေချင်သဖြင့် ဟိုဟိုဒီဒီ ကြည့်ရှုပြီးနောက် အိမ်ခြံမြေပွဲစားကိုပြုံးပြကာ…
"တခြားအိမ်တွေ သွားကြည့်ကြရအောင်"
အိမ်ခြံမြေပွဲစားက လီကျစ်ကို ကြည့်ကာ…
"သခင်လေးလီ... ဒီအိမ်ကို သဘောမကျလို့လား။ ဈေးကလည်းမကြီးပါဘူး"
လီကျစ်က ပြုံးလျက်…
"ဟိုဟိုဒီဒီ သွားကြည့်ကြသေးတာပေါ့ဗျာ"
သူသည် အိမ်ခြံမြေပွဲစားကို ဆွဲခေါ်ကာ မသင့်တော်သော အခြားခြံဝင်းသုံးခုကို သွားကြည့်ရင်း တစ်နေကုန် အချိန်ဖြုန်းနေလိုက်သည်။ ထို့နောက်မှသာ လီကျစ်သည် သိပ်စိတ်မဝင်စားဟန်ဆောင်ကာ ဆန်းဟန်လမ်းရှိ ခြံဝင်းအတွက် ဈေးစကား စပြောတော့သည်။
"ဆန်းဟန်လမ်းက ခြံဝင်းကို ငွေစ ၂၃၀ ပဲ ပေးမယ်… အဲဒီထက် ပိုမပေးနိုင်ဘူး"
အိမ်ခြံမြေပွဲစားက လီကျစ်ကို တစ်ချက်ကြည့်လိုက်ပြီး ဤလူငယ်မှာအတော်လေး ပါးနပ်သည်ဟု တိတ်တဆိတ်တွေးလိုက်ကာ…
"ကျွန်တော် သွားပြောကြည့်လိုက်ပါ့မယ်"
တကယ်ပင် နှစ်ရက်အကြာတွင် အိမ်ခြံမြေပွဲစားသည် လီကျစ်ကိုရှာရန် ကျင်းပြန်ရပ်ကွက်သို့ အပြေးအလွှားရောက်လာပြီး တစ်ဖက်လူက ငွေစ ၂၃၀ သို့ ဈေးလျှော့ပေးရန် သဘောတူကြောင်း ပြောပြသည်။
ထိုသတင်းကို ကြားသောအခါ လီကျစ် ဝမ်းသာသွားပြီး ငွေများကိုထုတ်ယူကာ လီရှင်း အိမ်ခြံမြေပွဲစားတို့နှင့်အတူ အရောင်းအဝယ်ကိစ္စ ပြီးပြတ်စေရန် သွားရောက်ခဲ့သည်။
အိမ်ခြံမြေပွဲစားက စာချုပ်ရေးရန် လူတစ်ဦးကိုငှားရမ်းခဲ့ပြီး ဆန်းဟန်လမ်း၏ လမ်းလူကြီးကို ရှာဖွေကာ လီကျစ်ထံမှ စာချုပ်ခွန်အဖြစ် ငွေ ၃ သျှူး ၊ ၄ မူး၊ ၅ ဖန်း နှင့် ပွဲခအဖြစ် ငွေ ၁ သျှူး ၊ ၁ မူး၊ ၅ ဖန်း တို့ကို ကောက်ခံခဲ့သည်။ ချင်းစစ်ရေးရုံးတွင် တံဆိပ်တုံးထုပြီးနောက် စာချုပ်ကို လီကျစ်ထံ ပေးအပ်လိုက်သည်။
လီကျစ်က စာချုပ်ကို ကြည့်လိုက်ရာ ဤသို့ ရေးသားထားသည်ကို တွေ့ရသည်။
"ဤအိမ်ခြံမြေ ပေါင်နှံရောင်းချခြင်း စာချုပ်ကို ကျန်းယိုတဲ မှ ပြုလုပ်ပြီး… ဆန်းဟန်လမ်းတွင် တည်ရှိသော အခန်း ၂၅ ခန်းပါဝင်သည့် ခြံဝင်းသုံးခုပါ အိမ်ကို နံရံလေးဘက်၊ တံခါး၊ ပြတင်းပေါက်၊ အုတ်ကြွပ်၊ အုတ်၊ သစ်သားများ၊ အတွင်းခြံဝင်းနှင့် အဓိက ခန်းမဆောင်တို့ အပါအဝင် အလုံးစုံကို ယခု ပေါင်နှံရောင်းချပါသည်။ ၎င်း၏ အရှေ့ဘက်နယ်နိမိတ်မှာ ဝမ်ထန်ယွမ်၏ အိမ်နံရံ၊ တောင်ဘက်နယ်နိမိတ်မှာ မြို့အရှေ့ပိုင်း ဆန်းဟန်လမ်း၊ မြောက်ဘက်နယ်နိမိတ်မှာ ဖန်းဟယ်၏ အိမ်နံရံ နှင့် အနောက်ဘက်နယ်နိမိတ်မှာ ချန်းရှန်းခုံ၏ အိမ်နံရံ တို့ဖြစ်သည်။ ပွဲစား လျိုရှီကွေ့ မှတစ်ဆင့် ဤပေါင်နှံရောင်းချခြင်းအတွက် ဈေးနှုန်းကိုသဘောတူညီခဲ့ကြသည်။ လီကျစ်မှ ပိုင်ဆိုင်မှုကို စီမံခန့်ခွဲမည်ဖြစ်သည်။ သဘောတူညီထားသော တန်ဖိုးမှာ ငွေစ ၂၃၀ ဖြစ်ပြီး ယနေ့တွင် အပြည့်အဝ လက်ခံရရှိပြီးဖြစ်ကာ လိုအပ်ချက်မရှိပါ။ ဤပိုင်ဆိုင်မှုသည် အကြိမ်ကြိမ်အရောင်းအဝယ် ပြုလုပ်ထားခြင်း မရှိသလို အခြားသူများ၏ အငြင်းပွားမှုများလည်းမရှိပါ။ အကယ်၍ ထိုသို့သော အခြေအနေများ ပေါ်ပေါက်လာပါက ပေါင်နှံသူမှဖြေရှင်းရန်တာဝန်ရှိပြီး လက်ရှိပိုင်ရှင်နှင့် သက်ဆိုင်ခြင်းမရှိစေရ။ နှုတ်ဖြင့် သဘောတူညီချက်မရှိဘဲ ဤရေးသားထားသော စာချုပ်ကို အထောက်အထားအဖြစ် အသုံးပြုသည်။"
စာချုပ်၏ အောက်ခြေတွင် ရောင်းသူ ကျန်းယိုတဲ သက်သေအဖြစ် လမ်းလူကြီး ဝေကျဲမင် နှင့် ပွဲစား လျိုရှီကွေ့ တို့၏ လက်မှတ်များအပြင် လက်မှတ်ရေးထိုးသည့် နေ့စွဲဖြစ်သော ချုံကျန်း သတ္တမနှစ်၊ ၁၉ ရက်နေ့ဟု ရေးသားထားသည်။ ၎င်းအပေါ်တွင် တန်းကျင် ချင်းစစ်ရေးရုံး၏ အနီရောင် တံဆိပ်တုံးကြီးကို ထုနှိပ်ထားသည်။
ဤစာချုပ်ရရှိပြီးနောက် ခြံဝင်းမှာ လီကျစ်ပိုင်ဖြစ်သွားပြီး ဆပ်ပြာစက်ရုံအတွက် အဆောက်အအုံ ရရှိသွားလေပြီ။
စက်ရုံဝယ်ပြီးနောက် လီကျစ်သည် ဝန်ထမ်းများစတင်ခေါ်ယူလေသည်။ တစ်လအတွင်း ဆပ်ပြာအတုံး နှစ်သိန်း ထုတ်လုပ်နိုင်ရန်အတွက် လီကျစ်သည် နောက်ထပ် လူ ၅၀ ခန့် ခေါ်ယူရန် လိုအပ်သည်။
အလုပ်ခေါ်ယူမည့် သတင်းထွက်ပေါ်လာသည်နှင့်တပြိုင်နက် လီမိသားစု၏ ခေါင်းဆောင် လီယိုရှန်း ထပ်မံရောက်ရှိလာပြန်သည်။ ဤတစ်ကြိမ်တွင် လီယိုရှန်းသည် လီ မျိုးရိုးရှိသော ဆွေမျိုးများကို အကြံပြုရုံသာမက လီကျစ်၏ အဒေါ်… ဝမ်းကွဲအစ်မများ၏ ခင်ပွန်းများနှင့် သူတို့၏ ကလေးများကိုပါအကြံပြုကာ တစ်ပြိုင်နက်တည်း လူ ၂၅ ယောက်ကို အကြံပြုခဲ့သည်။
လီကျစ်၏ မိခင်ဖြစ်သူ ဒေါ်ကြီးကျန်းသည် လီယိုရှန်းက အိမ်ထောင်ကျသွားသော သမီးများဘက်မှ ဆွေမျိုးများကိုပါ အကြံပြုသည်ကိုမြင်သောအခါ သူမလည်း အားမနာတော့ပေ။ သူမသည် ကျန်းမိသားစုဘက်မှ ရိုးသားဖြောင့်မတ်သော ဆွေမျိုး ၁၉ ယောက်ကို ရှာဖွေပြီး လီကျစ်ထံ အကြံပြုခဲ့သည်။
ကျန်ရှိနေသော နေရာများအတွက် လီကျစ်သည် ကျင်းပြန်ရပ်ကွက်မှ သူ၏ ငယ်သူငယ်ချင်းများကို ခေါ်ယူခဲ့သည်။
လီကျစ် လူထပ်ခေါ်နေသည်ကို ကြားသောအခါ ဒေါ်ကြီးလန်သည် ချက်ချင်းပင် သူမ၏သား ကျုံးဖုန်း ကို လီကျစ်အိမ်သို့ ခေါ်လာခဲ့သည်။ ခြံဝင်းထဲသို့ မဝင်မီကပင် လီမိသားစု၏ ခြံဝင်းထဲတွင် လူများဖြင့် ပြည့်နှက်နေသည်ကိုမြင်လိုက်ရသည်။ လီမိသားစုနှင့် ကျန်းမိသားစုမှ ဆွေမျိုးများက မသေးငယ်လှသော လီမိသားစုခြံဝင်းထဲတွင် ပြည့်ကျပ်နေပြီး တစ်ယောက်ချင်းစီ အဓိက ခန်းမဆောင်ထဲသို့ ဝင်ကာ လီကျစ်၏ မေးခွန်းများကို ဖြေဆိုနေကြသည်။ ၎င်းမှာ အလုပ်အင်တာဗျူးပင် ဖြစ်သည်။
"ရှဲ့မင်... မင်း အသက် ၁၇ နှစ်ရှိပြီကို… ဘာလို့ အရင်က အပြင်ထွက်ပြီး အလုပ်မလုပ်ခဲ့တာလဲ"
"အစ်ကိုကျစ်... အခုလို စစ်မက်တွေဖြစ်ပွားနေတဲ့ ရှုပ်ထွေးတဲ့အချိန်မှာ လူလိုတဲ့နေရာက ရှားတယ်လေ။ အရင်က သင့်တော်တဲ့အလုပ် မရှာတွေ့ခဲ့လို့ပါ"
"မင်း အိမ်မှာ ဘာလုပ်လဲ"
"အစ်ကိုကျစ်... ကျွန်တော်က အမြဲတမ်း အဖေ့ကို စက္ကူဆိုင် စောင့်ပေးနေတာပါ"
"စက္ကူရောင်းတဲ့နေရာမှာ မင်းမှာ ဘာအမြင်တွေ ရှိလဲ"
"စက္ကူရောင်းတဲ့နေရာမှာ အမြင်တွေလား... ရိုးသားဖြောင့်မတ်စွာ လုပ်ဖို့ပါပဲ။ ဖောက်သည်တွေကို ရိုးသားစွာဆက်ဆံပြီး မလိမ်ညာဘူးဆိုရင် ဖောက်သည်တွေက ယုံကြည်ပြီး စက္ကူတွေကို အလွယ်တကူ ဝယ်ကြမှာပါ"
"အကယ်၍ ဖောက်သည်က ဈေးကို အရမ်းဆစ်ရင်ရော ဘယ်လိုလုပ်မလဲ"
"ပုံမှန် ဈေးဆစ်တာဆိုရင်တော့ များသောအားဖြင့် ညှိနှိုင်းလို့ရပါတယ်။ အကယ်၍ အကြောင်းပြချက်မရှိဘဲ ဈေးဆစ်တာဆိုရင်တော့ သူ့ကို လျစ်လျူရှုထားလိုက်ပါ၊ အဲဒီအခါကျရင် သူက အချည်းနှီးပဲဆိုတာ သိသွားပြီး ဈေးကို တိုးပေးလာမှာပါ"
"မင်းမှာ တကယ့်ကို အမြင်ကောင်းတွေရှိတာပဲ။ ကောင်းပြီ…. မင်း အောင်မြင်တယ်။ နောက်တစ်ယောက်"
***