ခြံဝင်းထဲမှ အခြေအနေကိုမြင်သောအခါ ကျုံးဖုန်းသည် သူ၏လက်ကို ဝှေ့ယမ်းကာ…
"လီကျစ်က အခုတော့တကယ့်ကို ကြီးကျယ်ခမ်းနားနေပြီပဲ။ စီးပွားရေး အကြီးကြီးလုပ်နေတာကိုး။ သူ့ဆီမှာ အလုပ်လုပ်တဲ့သူ ဘယ်နှစ်ယောက်လောက် ရှိလဲ"
ဒေါ်ကြီးလန်က သားဖြစ်သူကို စိုက်ကြည့်ရင်း…
"သူ့ဆီမှာ အလုပ်လုပ်တဲ့သူ အနည်းဆုံး ၅၀ လောက်ရှိတယ်။ လီကျစ် ဘယ်လောက် အောင်မြင်နေလဲဆိုတာကြည့်စမ်း… ပြီးတော့ မင်းကိုယ်မင်းလည်းပြန်ကြည့်ဦး။ မင်းက သူနဲ့ ငယ်ငယ်လေးကတည်းက အတူတူဆော့လာခဲ့တာ… ဘာလို့သူ့ဆီက ကံကောင်းမှုလေး နည်းနည်းတောင် မရလိုက်တာလဲ"
ကျုံးဖုန်းက ရယ်မောရင်း…
"ဒီကံကောင်းမှုမျိုးက လူတိုင်းရနိုင်တာမှ မဟုတ်တာ"
ဒေါ်ကြီးလန်က သားဖြစ်သူကို ထပ်မံစိုက်ကြည့်ပြီး…
"မင်းတို့နှစ်ယောက်က ငယ်ငယ်လေးကတည်းက အတူတူဆော့လာခဲ့ကြတာဆိုတော့ သူ မင်းကို အလုပ်ခန့်လောက်ပါ့မလား" ဟု မဝံ့မရဲ မေးလိုက်သည်။
"ကျွန်တော်တို့ ငယ်ငယ်တုန်းက ရှောင်ကွမ်ဝေက အစ်ကိုကျစ်ကို အနိုင်ကျင့်တော့ ကျွန်တော်ကတောင် သူ့ဘက်ကနေဝင်ပါပြီး ရှောင်ကွမ်ဝေကို ရိုက်ပေးခဲ့သေးတာပဲ။ အရင်တုန်းက အစ်ကိုကျစ်က နည်းနည်း ထုံအအ ဖြစ်ခဲ့ပေမဲ့ သူက သံယောဇဉ်ကြီးတဲ့သူမို့လို့ ကျွန်တော့်ကို သေချာပေါက် မှတ်မိမှာပါ"
"ဘာ 'ထုံအအ' လဲ။ လျှောက်ပြောမနေနဲ့။ အစ်ကိုကျစ်က အခု အရမ်းပါးနပ်နေပြီ… မင်းထက် အများကြီးပိုတော်တယ်။ မင်း သူ့ကို ထုံအအ လို့ခေါ်တာကြားသွားရင် ငါတို့ကို မောင်းထုတ်ပစ်လိမ့်မယ်" ဟု ဒေါ်ကြီးလန်က ဆူပူလိုက်သည်။
ခဏရပ်ပြီးနောက် ဒေါ်ကြီးလန်က ဆက်၍…
"မင်းကိုယ်မင်းလည်း ကြည့်ဦး… အသက် ၁၉ နှစ် ရှိနေပြီ… အလုပ်လည်းမရသေးဘူး တစ်နေကုန်အိမ်ထဲမှာပဲအောင်းနေပြီး လှံတွေ တုတ်တွေနဲ့ပဲဆော့နေတာ။ ရန်ဖြစ်တတ်ရုံနဲ့ ဘာအသုံးကျမှာလဲ။ တာတာ စစ်သားတွေကိုရော မင်း နိုင်မှာတဲ့လား။ မင်းက တို့မိသားစုဆိုင်လေးမှာပဲ အောင်းနေပြီး စားစရိတ်တောင်မရှာနိုင်ဘူး။ အိမ်ထောင်ရော ဘယ်တော့ကျမှာလဲ။ လီကျစ်က သူ့အလုပ်သမားတွေကို တစ်လ ငွေစ နှစ်သျှူး ပေးတဲ့အပြင် တစ်နေ့ သုံးနပ်ကိုလည်း အသားပါအောင် ကျွေးတယ်လို့ ကြားတယ်။ သူက တကယ်ကို အကောင်းဆုံးသူဌေးပဲ။ အဲဒီလို အလုပ်မျိုးရရင် မင်း မိန်းမယူဖို့ ကလေးယူဖို့ ပူစရာမလိုတော့ဘူး။ မင်းသာ လီကျစ်ဆီမှာ အလုပ်ရခဲ့ရင် မင်းဘဝက အများကြီးသက်သာသွားမှာ"
"အမေ ပြောတာမှန်ပါတယ်..." ဟု ကျုံးဖုန်းက မိခင်ကို နှစ်သိမ့်လိုက်ပြီး ရုတ်တရက် ခေါင်းကို ပုတ်ကာ
"ဒါပေမဲ့ အမေကြည့်စမ်း… လီမိသားစုဆီကို ဆွေမျိုးတွေအများကြီး ရောက်နေတာ။ အစ်ကိုကျစ်က လူအလုံအလောက်ခန့်ပြီးသွားရင် ကျွန်တော့်ကို လိုချင်မှလိုတော့မှာ
ထိုစကားကို ကြားသောအခါ ဒေါ်ကြီးလန်၏ မျက်နှာမှာ တင်းမာသွားသည်။ သူမက ကျုံးဖုန်းကို စိုက်ကြည့်ပြီး လီမိသားစု ခြံဝင်းထဲသို့ဆွဲခေါ်သွားသည်။ သူမသည် လီကျစ်၏ တန်းစီရမည့် စည်းကမ်းကိုသိထားပြီး အရင်လာသူ အရင်ရ ဆိုသည့် အရေးကြီးပုံကို နားလည်ထားသဖြင့် ကျုံးဖုန်းကို လီကျစ်၏ ဆွေမျိုးများနောက်တွင် သွားရပ်ခိုင်းလိုက်သည်။ လီကျစ်က သူ၏ ဆွေမျိုးများအားလုံးကို အင်တာဗျူးပြီးသည်အထိ သူတို့သားအမိနှစ်ယောက်သည် အချိန်အတော်ကြာအောင် စောင့်ဆိုင်းပြီးနောက်မှ လီကျစ်ရှေ့သို့ ရောက်ရှိလာကြသည်။
လီကျစ်သည် လူအုပ်၏ အနောက်ဘက်တွင် ဒေါ်ကြီးလန်ကို မြင်ထားပြီးဖြစ်သဖြင့် ပြုံးလျက်…
"ဒေါ်ကြီးလန်... ကျုံးဖုန်းကို ခေါ်လာတာလား"
လီကျစ်က သူမကို အရင်နှုတ်ဆက်သဖြင့် ဒေါ်ကြီးလန် ဝမ်းသာသွားပြီး…
"လီကျစ်... မင်းတို့ အိမ်က လူခေါ်နေတယ်ဆိုလို့လေ။ ငါ့သား ကျုံးဖုန်းက အလုပ်မရသေးလို့ပါ။ သူက မင်းနဲ့ ငယ်ငယ်လေးကတည်းက အတူတူဆော့လာခဲ့တာဆိုတော့ သူ့ကို အလုပ်ခန့်ပါဦး" ဟု ဝမ်းသာအားရ ပြန်ပြောလိုက်သည်။
ကျုံးဖုန်းက ပြုံးဖြီးဖြီးဖြင့် မိခင်ဘေးတွင်ရပ်ကာ လီကျစ်ကို ဦးညွှတ်အရိုအသေပေးရင်း…
"မင်္ဂလာပါ အစ်ကိုကျစ်"
လီကျစ်က ကျုံးဖုန်းကိုကြည့်ကာ သူ၏ မှတ်ဉာဏ်ထဲတွင် ရှာဖွေကြည့်လိုက်ရာ ငယ်စဉ်ကတည်းက သူငယ်ချင်းကောင်းဖြစ်ခဲ့ပြီး ရှောင်ကွမ်ဝေကို ပညာပေးရာတွင်ပင် ကူညီပေးခဲ့ဖူးကြောင်း သိလိုက်ရသည်။ ထို့နောက် လီကျစ်က ပြုံးလျက်…
"ကျုံးဖုန်း... မင်း ငါ့အလုပ်ရုံမှာ လာလုပ်ချင်လို့လား"
ကျုံးဖုန်းက ခေါင်းမော့ကာ …
"အကြိမ်တစ်ရာမက လုပ်ချင်ပါတယ်"
လီကျစ်က ခေါင်းညိတ်ပြီး…
"ဒါဆိုလည်း လာခဲ့လေ။ မင်းကို အလုပ်ခန့်တယ်"
ထိုစကားကို ကြားသောအခါ ကျုံးဖုန်းမှာ ဝမ်းသာလွန်းသဖြင့် မျက်နှာတစ်ခုလုံး အပြုံးများဖြင့် ပြည့်နှက်သွားသည်။ သူက ထပ်မံ၍ ဦးညွှတ်လိုက်ပြီး…
"ကျေးဇူးတင်ပါတယ် အစ်ကိုကျစ်… ကျွန်တော် ရိုးရိုးသားသားအလုပ်လုပ်ပြီး အစ်ကိုကျစ်ပေးတဲ့ လစာနဲ့ တန်အောင်နေပါ့မယ်" ဟု အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
လီကျစ်က ပြုံးလျက်… "နောက်သုံးရက်နေရင် နံနက်စောစော ငါ့အိမ်ကိုလာစုကြ။ မင်းတို့အားလုံးကို အလုပ်ရုံကိုခေါ်သွားမယ်"
ကျုံးဖုန်းက ခေါင်းညိတ်ပြီး "ဟုတ်ကဲ့ပါ" ဟု ပြန်ပြောသည်။
လီကျစ် စကားပြောရပ်သွားသည်ကိုမြင်သောအခါ ဒေါ်ကြီးလန်က ကျုံးဖုန်းကို အမြန်ဆွဲခေါ်သွားရင်း…
"အစ်ကိုကျစ်... ဆက်ပြီး လူရွေးပါဦး။ ငါတို့ အနှောင့်အယှက်မပေးတော့ပါဘူး"
"ကောင်းကောင်း ပြန်ကြပါဗျာ"
အပြန်လမ်းတွင် ဒေါ်ကြီးလန်နှင့် သားဖြစ်သူ ကျုံးဖုန်းတို့မှာ ဧကရာဇ်စာမေးပွဲ အောင်မြင်လာသည့်အလား အလွန်ဝမ်းသာပျော်ရွှင်နေကြသည်။
"သိပ်ကောင်းတာပဲ။ မင်း အစ်ကိုကျစ်ဆီမှာ အလုပ်လုပ်ရင် စားစရာလည်းရမယ်… တစ်လကို ငွေစ နှစ်သျှူး လည်း စုလို့ရမယ်။ တစ်နှစ်… နှစ်နှစ်လောက်ဆိုရင် မင်း မိန်းမယူဖို့ ငွေလောက်သွားပြီ" ဟု ပြောရင်း ဒေါ်ကြီးလန်က မျက်ရည်များကျလာကာ ….
"မင်းအဖေက စောစောဆုံးသွားတော့ မင်း မိန်းမယူဖို့ ငွေလောက်အောင်မရှာနိုင်မှာကို ငါ စိုးရိမ်နေခဲ့တာ။ လီကျစ်ကြောင့် တို့မိသားစုအခြေအနေ ပြောင်းလဲသွားလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး။ မင်း ငယ်ငယ်တုန်းက လီကျစ်နဲ့ တည့်ခဲ့လို့ တော်သေးတာပေါ့။ လူတစ်ယောက် ကြီးပွားရင် သူ့မိသားစုတစ်ခုလုံး အကျိုးခံစားရတာပဲ။ မဟုတ်ရင် ဒီဆင်းရဲတဲ့ နေ့ရက်တွေ ဘယ်တော့မှ ကုန်ဆုံးမလဲ မသိဘူး"
"အမေ... ဘာလို့ ငိုနေတာလဲ။ သားတို့ လမ်းမကြီးပေါ်မှာ ရောက်နေတာလေ။ ဒါ ဝမ်းသာစရာ ကိစ္စပဲ"
ဒေါ်ကြီးလန်က ရှေ့မှ လျှောက်သွားရင်း မျက်ရည်များစီးကျလျက်…
"ကျုံးဖုန်း... မင်းအမေက မင်းကို ဒီလောက်ပင်ပင်ပန်းပန်း ပြုစုပျိုးထောင်ခဲ့ရတာ… အခု မင်း ဒီလောက်ကောင်းတဲ့အလုပ်ရပြီး တစ်လကို ငွေစ နှစ်သျှူး ရပြီဆိုတော့ မင်းအမေကို သုံးဖို့ နည်းနည်းတော့ ပေးရမယ် မဟုတ်လား"
ကျုံးဖုန်းက ပြုံးလျက်…
"အမေ... ကျွန်တော် လတိုင်း အမေ့ကိုကန်တော့ဖို့ ငွေ တစ်သျှူး ပေးပါ့မယ်"
သားဖြစ်သူ၏ စကားကို ကြားသောအခါ ဒေါ်ကြီးလန်က မျက်ရည်များကြားမှ ပြုံးသွားပြီး
"တစ်သျှူး ဆိုတာ များလွန်းပါတယ်… တစ်မူး ဆိုရင်လုံလောက်ပါပြီ။ မင်းအမေ အသားဟင်းလေးတွေ စားရအောင် အသားနည်းနည်းပါးပါး ဝယ်စားမှာပါ"
အလုပ်သမားများ ခေါ်ယူပြီးနောက် လီကျစ်သည် ထုတ်လုပ်မှုစတင်ရန် အလုပ်သမားများကို စတင်ဖွဲ့စည်းလေသည်။ ယခင်ကကဲ့သို့ပင် သူသည် ဆပ်ပြာထုတ်လုပ်မှု တစ်ခုလုံးကို လုပ်ငန်းစဉ် ခြောက်ခု ခွဲခြားကာ၊ လုပ်ငန်းစဉ် တစ်ခုစီအတွက် လူအရေအတွက်အချို့ကို သတ်မှတ်ပေးပြီး တံခါးပိတ်အခန်းအတွင်း လုပ်ဆောင်စေသည်။ ဤသို့ခွဲခြားထားခြင်းက အလုပ်သမား တစ်ဦးချင်းစီအနေဖြင့် ထုတ်လုပ်မှုလုပ်ငန်းစဉ်တစ်ခုလုံးကို နားမလည်စေရန် သေချာစေပြီး ဆပ်ပြာဖော်စပ်နည်း လျှို့ဝှက်ချက်ကိုကာကွယ်ကာ ပေါက်ကြားနိုင်မည့် အန္တရာယ်မှန်သမျှကို ဖယ်ရှားပေးသည်။
ထို့အပြင် လီကျစ်က အလုပ်သမားများအား မိမိတို့တာဝန်ကျရာ လုပ်ငန်းစဉ်အကြောင်း အခြားသူများနှင့် ဆွေးနွေးခြင်းကိုလည်း တင်းကျပ်စွာတားမြစ်ထားသည်။
ထို့နောက် လီကျစ်သည် ဤလအတွင်း စွမ်းဆောင်ရည်ကောင်းမွန်သော ဆွေမျိုးများကို လုပ်ငန်းစဉ်တစ်ခုကို စီမံခန့်ခွဲရန်တာဝန်ရှိသည့် ကြီးကြပ်ရေးမှူးများအဖြစ် ရာထူးတိုးပေးခဲ့သည်။ ဥပမာအားဖြင့် လီလောက်စီကို ဆပ်ပြာဖြတ်တောက်သည့် လုပ်ငန်းစဉ်အတွက် ကြီးကြပ်ရေးမှူးအဖြစ် လီကျစ်က ရာထူးတိုးပေးခဲ့ပြီး သူ၏ လစဉ်လစာမှာ သုံးသျှူး အထိတိုးလာခဲ့သည်။ နောက်ဥပမာတစ်ခုမှာ လီကျစ်၏ ဦးလေး ကျန်းယွမ် ဖြစ်ပြီး သူ့ကို ဆပ်ပြာပြုလုပ်သည့် ဓာတ်ပြုမှု အတွက် ကြီးကြပ်ရေးမှူးအဖြစ် ရာထူးတိုးပေးခဲ့ကာ လစဉ်လစာမှာ လေးသျှူး အထိ ရရှိလာခဲ့သည်။
စက်ရုံတစ်ခုလုံး၏ အထွေထွေအုပ်ချုပ်သူအဖြစ် လီကျစ်၏ ညီဖြစ်သူ လီရှင်းက လစဉ် အိတ်ကပ်ထဲထည့်ရန် မုန့်ဖိုး ငွေ ရှစ်သျှူး ရရှိသည်။ လီကျစ်နှင့် လီရှင်းတို့ အိမ်ခွဲမနေသေးသော်လည်း မင်မင်းဆက်၏ ဓလေ့ထုံးစံအရ လီကျစ်အနေဖြင့် လီရှင်းကို ငွေပေးရန်မလိုအပ်ပေ။ သို့သော် လီကျစ်မှာ ခေတ်သစ်လူသားတစ်ဦးဖြစ်ပြီး မင်မင်းဆက်မိသားစုကြီးများရှိ ပူးတွဲပိုင်ဆိုင်သည့် မိသားစုပိုင်ဆိုင်မှု အယူအဆကို အသားမကျပေ။ လီကျစ်က လီရှင်းအား လစာပေးခြင်းက သူ့ကို ပိုမို ကြိုးစားလာစေရန် တွန်းအားဖြစ်စေမည်ဟုယုံကြည်သဖြင့် နောက်ဆုံးတွင် လစာပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
စက်ရုံကို စီမံခန့်ခွဲရသော လီရှင်းမှာ မိသားစုအတွင်း အရေးပါသော နေရာတစ်ခုကို ရရှိထားပြီး ယခုအခါ လစဉ် မုန့်ဖိုး ငွေ ရှစ်သျှူး ရရှိသဖြင့် အလွန်စိတ်လှုပ်ရှားကာ သူ၏ ကြီးကြပ်ရေးတာဝန်များကို ကြိုးကြိုးစားစား ထမ်းဆောင်လေသည်။
လီရှင်း၏ ငွေ ရှစ်သျှူး ကို မပြောနှင့်ဦး… ကြီးကြပ်ရေးမှူးများ၏ လစာဖြစ်သော သုံးသျှူး သို့မဟုတ် လေးသျှူး ဆိုသည်မှာပင် ထိုခေတ်အခါက မိသားစုတစ်စုလုံးကိုထောက်ပံ့ရန် လုံလောက်သော အားကျစရာ လစာကောင်းတစ်ခု ဖြစ်နေပြီဖြစ်သည်။ ထို့အပြင် လီကျစ်က တစ်နေ့ကို ဟင်းကောင်းကောင်းဖြင့် ထမင်းသုံးနပ်ကိုပါ ကျွေးသေးသည်။ ရာထူးတိုးခံရသော ဆွေမျိုးများမှာ ဝမ်းသာအားရဖြစ်နေကြပြီး ရာထူးမတိုးရသေးသူများမှာလည်း လီကျစ် နောက်တစ်ကြိမ် လုပ်ငန်းချဲ့ထွင်သည့်အခါ ကြီးကြပ်ရေးမှူးဖြစ်လာစေရန် စွမ်းဆောင်ရည်ကောင်းအောင် နေမည်ဟု တိတ်တဆိတ် သန္နိဋ္ဌာန်ချကာ ကြိုးစားချင်စိတ်များ ဖြစ်ပေါ်နေကြသည်။
အရာအားလုံး စီစဉ်ပြီးစီးသွားသောအခါ လီကျစ်၏ တိုးချဲ့ထားသော ဆပ်ပြာစက်ရုံကြီးမှာ တက်ကြွစွာ စတင်လည်ပတ်လေတော့သည်။
ဆပ်ပြာစက်ရုံ ချောမွေ့စွာလည်ပတ်နေပြီဖြစ်ရာ လီကျစ်အနေဖြင့် စီမံခန့်ခွဲမှုအတွက် အချိန်များစွာပေးရန် မလိုအပ်တော့ပေ။ သူသည် ဤခေတ်တွင်မရှိသေးသော အထည်အလိပ် စက်ယန္တရားများကို စတင်ဖန်တီးလေတော့သည်။
ယခုအချိန်မှာ ချုံကျန်းဘုရင်နန်းတက်ပြီး သတ္တမမြောက်နှစ် ဖြစ်သည်။ မကြာမီတွင် ဧကရာဇ်မင်းမြတ်သည် ကောက်ကွေ့နေသောသစ်ပင်တွင် ဆွဲကြိုးချသေဆုံးမည်ဖြစ်ပြီး မန်ချူး များက တောင်ဘက်သို့ ချီတက်ကာ ချင်မင်းဆက်ကို တည်ထောင်ကြတော့မည်ဖြစ်သည်။ လီကျစ်သည် ဟန်လူမျိုးများ၏ အင်ပါယာကို မဆုံးရှုံးလိုသလို ခေါင်းတုံးတုံးခံရကာ ကျွန်ဘဝသို့လည်း မရောက်လိုပေ။ ဤခေတ်ကာလနှင့် သမိုင်းကိုပြောင်းလဲရန် နည်းပညာကို အသုံးပြုလိုပြီး ဟန်လူမျိုးများအနေဖြင့် မန်ချူးတို့၏ အရှက်ရဖွယ်အုပ်ချုပ်မှုကို ဆက်လက်မခံစားရစေရန် ရည်ရွယ်ထားသည်။
အစီအစဉ်အားလုံး လျင်မြန်ရန် လိုအပ်သည်။
လီကျစ်သည် အထည်အလိပ်စက်ယန္တရား အစိတ်အပိုင်းများကို တီထွင်ရန်နှင့် သူ၏ လုပ်ငန်းကို တိုးချဲ့ရန်အတွက် အထည်အလိပ်စက်ရုံတစ်ခု တည်ထောင်ရန်စီစဉ်ထားသည်။ ပထမအဆင့်အနေဖြင့် လွန်းပျံရက်ကန်းစင်ကို ဖန်တီးရန်ဖြစ်သည်။ လွန်းပျံရက်ကန်းစင်သည် တည်ဆောက်ပုံ ရိုးရှင်းသော်လည်း ရက်ကန်းခတ်သည့်အမြန်နှုန်းကို အဆပေါင်းများစွာတိုးမြှင့်ပေးနိုင်သဖြင့် လီကျစ်အတွက် အထည်အလိပ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ပထမဆုံး ရွေးချယ်စရာဖြစ်လာခဲ့သည်။
***