မင်မင်းဆက်နှောင်းပိုင်းကာလ၏ မြို့တော်ဒေသမှာ အန္တရာယ်များသော နေရာတစ်ခုဖြစ်ကြောင်း လီကျစ် သိထားသည်မှာသေချာပါသည်။ နှစ်အနည်းငယ်ကြာတိုင်း မန်ချူး များက တံတိုင်းများကို ဖောက်ထွင်းဝင်ရောက်ကာ ကျင်းကျီ ကို လုယက်ဖျက်ဆီးလေ့ရှိသည်။
မြို့တော်နှင့် နီးကပ်စွာတည်ရှိသော တန်းကျင်မြို့မှာလည်း နောင်နှစ်အနည်းငယ်အကြာတွင် မန်ချူး များ၏ တိုက်ခိုက်မှုများမှ သေချာပေါက် ကင်းလွတ်နိုင်မည် မဟုတ်ပေ။
သို့သော် မန်ချူးများသည် မဟာတံတိုင်းကြီး၏ အနောက်ဘက်အပိုင်းမှသာ ဖောက်ထွင်းဝင်ရောက်လေ့ရှိပြီး တန်းကျင်မြို့သို့ ရောက်ရှိရန် အချိန်အတန်ကြာ ယူရမည်ဖြစ်သည်။
အကယ်၍ စတင်တိုက်ခိုက်နေပြီဟုသော သတင်းများထွက်ပေါ်လာပါက လီကျစ်အနေဖြင့် ရက်ကန်းစင်များကို မြို့ထဲသို့ ပြောင်းရွှေ့ရန် အချိန်အလုံအလောက် ရရှိမည်ဖြစ်သည်။
အလုပ်ရုံများအတွက်မူ တန်ဖိုးကြီးမားလှသည်မဟုတ်သဖြင့် တာတာ (မန်ချူး) များက မီးရှို့ဖျက်ဆီးသွားလျှင်လည်း ကိစ္စမရှိပေ။
တာတာများ ထွက်သွားသောအခါ လီကျစ် ပြန်လည်တည်ဆောက်နိုင်သည်။
မြို့ထဲတွင် ဇိမ်ခံစံအိမ်ကြီးတစ်ခု ဝယ်ယူခြင်းနှင့် နှိုင်းယှဉ်ပါက ဤနည်းလမ်း၏ ကုန်ကျစရိတ်မှာ များစွာ သက်သာပေသည်။
ဆုံးဖြတ်ချက်ချပြီးနောက် လီကျစ်သည် အိမ်ခြံမြေပွဲစား လျိုရှီကွေ့ကို ရှာဖွေခဲ့ပြီး သူ၏ အကူအညီဖြင့် ဈေးသက်သာသော မြေကွက် မူ နှစ်ဆယ်ကို ဝယ်ယူခဲ့သည်။
ထိုမြေကွက်မှာ မြို့အရှေ့ဘက်တွင် တည်ရှိပြီး အလျား ၄၅ ကျန်း၊ အနံ ၂၇ ကျန်း ရှိကာ လီကျစ်၏ အိမ်မှ အနည်းငယ်လမ်းလျှောက်ရုံဖြင့် ရောက်ရှိနိုင်သဖြင့် လီကျစ် စီမံခန့်ခွဲရန် အဆင်ပြေလှသည်။
မြေကို ဝယ်ယူပြီး ပိုင်ဆိုင်မှုစာချုပ်ရရှိနောက် လီကျစ်သည် ယင်းဖန်လမ်းသို့ သွားရောက်ကာ လက်သမား ၁၅ ယောက်နှင့် ပန်းရံဆရာ ၁၀ ယောက်ကို ငှားရမ်းခဲ့ပြီး သစ်များနှင့် ထုံးများကို ဝယ်ယူကာ မြို့ပြင်ရှိ ထိုမြေကွက်ပေါ်တွင် အလုပ်ရုံများ စတင်တည်ဆောက်ရန် ညွှန်ကြားခဲ့သည်။
လီကျစ်သည် အဆောက်အအုံများ၏ မျက်နှာစာနှင့်အရွယ်အစားကို ကိုယ်တိုင် စီစဉ်ရေးဆွဲခဲ့ပြီး တစ်ခန်းလျှင် စတုရန်းမီတာ ၁၂၀ ရှိသော အခန်းကြီး ၁၀ ခန်းကို တည်ဆောက်ရန်နှင့် ၎င်းတို့ကို နှစ်မီတာအမြင့်ရှိသော နံရံဖြင့် ကာရံရန် ရည်ရွယ်ထားသည်။
အလုပ်ရုံများကို တစ်လအတွင်းအပြီးတည်ဆောက်နိုင်မည်ဟု လက်မှုပညာရှင်များ၏ ခေါင်းဆောင်က လီကျစ်ကို ပြောကြားခဲ့သည်။
ပစ္စည်းဖိုးနှင့် လုပ်အားခများ အပါအဝင် စုစုပေါင်း ငွေစ တစ်ရာကျော်ခန့် ကုန်ကျမည်ဖြစ်သည်။
ထိုအချိန်က ငွေစ တစ်ရာဆိုသည်မှာ လီကျစ်အတွက် ကြီးမားသောပမာဏတစ်ခု မဟုတ်တော့ပေ။
လီကျစ်က စရန်ငွေအဖြစ် ငွေစ သုံးဆယ်ကို ကြိုတင်ပေးချေလိုက်ပြီး လက်မှုပညာရှင်တစ်ဦးစီကို ဆုကြေးအဖြစ် ငွေ တစ်မူးစီ ပေးလိုက်ရာ လက်မှုပညာရှင်များမှာ ဝမ်းသာအားရဖြစ်သွားကြပြီး အလွန်ကြိုးစားပမ်းစား အလုပ်လုပ်ကြတော့သည်။
လက်မှုပညာရှင်များသည် မြေကွက်ပေါ်တွင်ဆောက်လုပ်မည့်နေရာကို ရွေးချယ်ကာ မြေကြီးကို ညှိပြီးနောက် ထင်းရှူးသားများကို မြေကြီးထဲသို့ တိုင်များအဖြစ် စိုက်ထူကြသည်။
ထိုတိုင်များပေါ်တွင် လက်သမားများက အခြေခံဘောင်များကို တည်ဆောက်ကြပြီး ပန်းရံဆရာများက မြေပြင်ကို ခင်းခြင်း၊ အိမ်နံရံများ တည်ဆောက်ခြင်းနှင့် အုတ်ကြွပ်မိုးများကို မိုးခြင်းတို့ ပြုလုပ်ကြမည်ဖြစ်သည်။
သစ်များနှင့် အုတ်များကို အသုတ်လိုက် သယ်ယူလာကြပြီး မြေကွက်ပေါ်တွင် တောင်ကုန်းငယ်လေးများကဲ့သို့ စုပုံနေတော့သည်။
အလုပ်ရုံများတည်ဆောက်ရန် စီစဉ်ညွှန်ကြားပြီးနောက် လီကျစ်သည် စက်ယန္တရား အစိတ်အပိုင်းများပြုလုပ်ပေးနိုင်သော ပန်းပဲဆရာများနှင့် လက်သမားများကို ဆက်သွယ်ကာ လွန်းပျံ ရက်ကန်းစင် အလုံး ၄၀၀ ကို စတင်ထုတ်လုပ်လေတော့သည်။
လီကျစ်မှာ စက်များကို အရေးတကြီး လိုအပ်နေသဖြင့် လူအများအပြားကို ငှားရမ်းခဲ့သည်။
ပန်းပဲဆရာများအတွက်တော့ အတော်လေးလွယ်ကူသည်။ လွန်းပျံ ရက်ကန်းစင် အစုံ ၄၀၀ ကို သွန်းလုပ်ရန်အတွက် ပန်းပဲဆရာ လေးဦးက သီးခြားစီခွဲ၍ (၁၀) ရက်ကျော်မျှ လုပ်ဆောင်ရုံဖြင့် ပြီးစီးနိုင်သည်။
သို့သော် လက်သမားများမှာမူ လူအများအပြားလိုအပ်သည်။ ရက်ကန်းစင်သစ်များ၏ ဘောင်များအားလုံးကို ထုတ်လုပ်ရန် လီကျစ်သည် တန်းကျင်မြို့ရှိ လက်သမား ၈၀ ကျော်ကို ငှားရမ်းခဲ့ပြီး တစ်လအတွင်း အလုံး ၄၀၀ ကို အပြီးတည်ဆောက်နိုင်ရန် မျှော်လင့်ထားသည်။
သို့သော် လီကျစ် ရက်ကန်းရုံကိစ္စဖြင့် အလုပ်ရှုပ်နေစဉ်မှာပင် ဆပ်ပြာစက်ရုံတွင် ကိစ္စတစ်ခု ဖြစ်ပွားခဲ့သည်။
ထိုနေ့ ညနေပိုင်းတွင် လီရှင်းက လီကျစ်ထံ လာရောက်ကာ သူ့ကို သတိဝင်သွားစေမည့် အကြောင်းအရာတစ်ခုကို ပြောပြခဲ့သည်။
"အစ်ကို... လွန်ခဲ့တဲ့ ရက်အနည်းငယ်ကစပြီး ဆပ်ပြာစက်ရုံအပြင်ဘက်မှာ မသင်္ကာစရာ လူအချို့ ရှိနေတယ်။ မနက်စောစော လမ်းကြားထဲမှာရပ်နေပြီး ငါတို့ သယ်လာတဲ့ ကုန်ကြမ်းတွေကို ရေတွက်နေကြတာ။ တစ်ခါဆိုရင် သူတို့က ဘေးအိမ်က နံရံပေါ်ကိုတောင်တွယ်တက်ပြီး ငါတို့ အလုပ်ရုံထဲကို ချောင်းကြည့်ဖို့ ကြိုးစားနေသေးတယ်"
"ဘာ..."
ထိုစကားကို ကြားသောအခါ လီကျစ် သတိဝင်သွားတော့သည်။
ဆပ်ပြာထုတ်လုပ်မှု၏ အဓိကအဆင့်များကို သူကိုယ်တိုင် လုပ်ဆောင်ခြင်းမဟုတ်ကြောင်း လီကျစ်က လူသိရှင်ကြားပြောဆိုထားသော်လည်း ပါးနပ်သော ကုန်သည်အချို့က ယုံကြည်မည်မဟုတ်သလို… လီကျစ်၏ အပြောကိုဖောက်ထွင်းမြင်ပြီး ထုတ်လုပ်မှု လုပ်ငန်းစဉ်တစ်ခုလုံးကို ဆပ်ပြာစက်ရုံတွင်သာ အပြီးသတ်လုပ်ဆောင်ကြောင်း ရိပ်မိသွားနိုင်သည်။
အကယ်၍ ထိုလူများက လီကျစ်၏ ဆပ်ပြာဖော်စပ်နည်းကိုရယူရန် အကြံအစည်ရှိနေပါက သတင်းအချက်အလက်များ စုဆောင်းရန် အလုပ်ရုံသို့ လူလွှတ်မည်မှာ ထင်ရှားသည်။
ဤမသင်္ကာစရာ လူများမှာ ထိုလောဘကြီးသူများ စေလွှတ်လိုက်သော စီးပွားရေးသူလျှိုများ ဖြစ်နိုင်ပေသည်။
ကံကောင်းထောက်မစွာဖြင့် လီကျစ်သည် လျှို့ဝှက်ထားရန် အမြဲတမ်း အလေးအနက်ထားခဲ့ပြီး ဆပ်ပြာထုတ်လုပ်မှု အဆင့်အားလုံးကို သီးခြားအခန်းများတွင်ထားရှိကာ အလုပ်သမားများကို ခွဲခြမ်းထားသော အဆင့်တစ်ခုစီကိုသာ လုပ်ဆောင်စေခဲ့သဖြင့် ထိုသူလျှိုများအနေဖြင့် မည်သည့် သတင်းအချက်အလက်ကိုမျှ စုဆောင်းနိုင်လိမ့်မည် မဟုတ်ပေ။
ဆပ်ပြာပြုလုပ်ရန် လီကျစ် ဝယ်ယူသော ကုန်ကြမ်းအမျိုးမျိုး၏ ပမာဏကို သိရှိနိုင်သော်လည်း တိကျသော ထုတ်လုပ်မှု နည်းလမ်းကို မသိပါက ထိုကုန်ကြမ်းများကို ရောနှော၍ ကျိုချက်ရုံဖြင့် ဆပ်ပြာ ဖြစ်လာမည် မဟုတ်ပေ။
ဥပမာအားဖြင့် ကယ်လ်စီယမ် ကာဗွန်နိတ်ကို အနည်ထိုင်စေပြီး မစစ်ထုတ်ပါက ထွက်လာမည့်အရာမှာ ဆပ်ပြာမဟုတ်ဘဲ ကျောက်ခဲကဲ့သို့ မာကျောသော အနှစ်များသာဖြစ်လိမ့်မည်။
ထို့အပြင် ဆားခတ်ခြင်းနှင့် အယ်လ်ကာလီ အနည်ချခြင်း အဆင့် နှစ်ခုမှာ မပါမဖြစ်လိုအပ်ပြီး ဤအဆင့်နှစ်ခု မပါပါက ထွက်လာမည့်အရာမှာ အညစ်အကြေးများစွာပါဝင်သော အနှစ်များသာ ဖြစ်ပြီး လုံးဝ အသုံးပြု၍ ရမည်မဟုတ်ပေ။
လီကျစ်၏ ဆပ်ပြာထုတ်လုပ်မှုအဆင့်တိုင်းကို ဂရုတစိုက်နားလည်မှသာ ဆပ်ပြာဖော်စပ်နည်းကို အမှန်တကယ်ကျွမ်းကျင်ပြီး အရည်အသွေးမီ ဆပ်ပြာကို ထုတ်လုပ်နိုင်မည် ဖြစ်သည်။
သို့သော် ဖော်စပ်နည်း အခိုးခံရမည့် အန္တရာယ် ချက်ချင်းမရှိသော်လည်း လီကျစ်က ရှေ့ဆက်၍ တွေးတောလိုက်သည်။ ယခုအခါ လူများက သူလျှိုလုပ်ခြင်းဖြင့် ဆပ်ပြာဖော်စပ်နည်းကို ခိုးယူရန် ကြိုးစားနေကြပြီဖြစ်ရာ အကယ်၍ သူလျှိုလုပ်ခြင်းမအောင်မြင်ပါက ဤလူများသည် ပိုမို ကြမ်းတမ်းသော နည်းလမ်းများကို အသုံးပြုလာနိုင်မည်လား။
ထိုလောဘကြီးသူများ၏ ပိုမိုကြမ်းတမ်းသောနည်းလမ်းများကို လီကျစ်က မည်သို့ ကာကွယ်မည်နည်း။
လီကျစ်အနေဖြင့် သူ၏ လုပ်ငန်းကိုကာကွယ်နိုင်မည့် အင်အားတစ်ရပ်ကို တည်ထောင်ရန် လိုအပ်လာသည်။
လီကျစ်သည် တစ်ညလုံးစဉ်းစားပြီးနောက် သူ၏ ငယ်သူငယ်ချင်းဖြစ်သူ ကျုံးဖုန်းအား လုံခြုံရေးအဖွဲ့တစ်ခု ဖွဲ့စည်းရန် ဦးဆောင်ခိုင်းရန် ဆုံးဖြတ်လိုက်သည်။
သို့မဟုတ်ပါက ဤခေတ်အခေါ်အရ အိမ်တော်အစောင့်တစ်စုကို ခေါ်ယူရန် ဖြစ်သည်။
ကျုံးဖုန်းသည် လီကျစ်နှင့်အတူ ကြီးပြင်းလာသူဖြစ်ပြီး ရှောင်ကွမ်ဝေကို ပညာပေးရာတွင်ပင် လီကျစ်ကို ကူညီခဲ့ဖူးသဖြင့် ယုံကြည်စိတ်ချရသူ တစ်ဦးဖြစ်သည်။
ထို့အပြင် သူသည် ပုံမှန်အားဖြင့် ဓား၊ လှံများဖြင့် လေ့ကျင့်ရသည်ကို နှစ်သက်ပြီး သိုင်းပညာကို လေးစားသူဖြစ်ရာ အိမ်တော်အစောင့်ခေါင်းဆောင်အဖြစ် တာဝန်ယူရန် အလွန်သင့်တော်ပေသည်။
ကိုယ်ပိုင် လက်နက်ကိုင်အင်အားတစ်ရပ်ရှိလာပါက ဆပ်ပြာဖော်စပ်နည်းကို လိုချင်နေသူများနှင့် ရင်ဆိုင်ရသည့်အခါ အင်အားတစ်ရပ် ထပ်မံရရှိမည်ဖြစ်သည်။
နောက်တစ်နေ့တွင် လီကျစ်သည် ဆပ်ပြာစက်ရုံတွင် ဓာတ်ပြုမှုအဆင့်ကို အလုပ်ရှုပ်စွာ လုပ်ဆောင်နေသော ကျုံးဖုန်းကို သွားရောက်ရှာဖွေခဲ့သည်။
"ကျုံးဖုန်း... မင်း ဒီအလုပ်ကို ပျော်ရဲ့လား"
လီကျစ်က သူ့ကို မေးသည်ကိုမြင်သောအခါ ကျုံးဖုန်းက အောက်ခြေနက်သော ဒယ်အိုးကြီးထဲမှ အရည်များကို တုတ်ဖြင့်မွှေရင်း…
"အစ်ကိုကျစ်... ပွင့်ပွင့်လင်းလင်းပြောရရင် တစ်နေကုန် ဒီသံဒယ်အိုးကြီးကို မွှေနေရတာ… နေ့တိုင်း ဒီအလုပ်ကိုပဲ လုပ်နေရတာ တကယ်ကို ငြီးငွေ့စရာကောင်းလွန်းလို့ ရူးတော့မယ်"
"ငါ့ဘဝတစ်လျှောက်လုံး ဒီဒယ်အိုးကြီးဘေးမှာ မွှေနေရတော့မယ်လို့ တွေးမိရင် တော်တော်လေး စိတ်ပျက်မိတယ်"
ကျုံးဖုန်းက သက်ပြင်းချကာ ဆက်၍ …
"ဒါပေမဲ့ အစ်ကိုကျစ်... စိတ်မပူပါနဲ့။ လစာရဖို့အတွက် ကျွန်တော်မကြိုက်ရင်တောင် အကောင်းဆုံး လုပ်သွားမှာပါ။ အစ်ကို့ကို ဒုက္ခမပေးစေရပါဘူး"
လီကျစ်က ပြုံးလျက်…
"ဒါက မင်း မိန်းမယူဖို့လေ… မင်း အလုပ်ကြိုးစားမလုပ်ရင် ဘယ်လိုလုပ်ငွေရှာပြီး အိမ်ထောင်ပြုနိုင်မှာလဲ" ဟု စနောက်လိုက်သည်။
ကျုံးဖုန်းက ခေါင်းကို အားရပါးရညိတ်ပြပြီး…
"ဟုတ်တယ်... ကျွန်တော် နားလည်ပါတယ်။ ဒီအတိုင်းသာ ဆက်သွားရင် နောက်နှစ်ဆိုရင် မိန်းမယူဖို့ ငွေစ နှစ်ဆယ်ကျော်လောက် စုမိမှာပဲ"
"အဲဒီအခါကျရင် ကလေးလေး တစ်ယောက်ရလာမယ်… ပြီးတော့ နွေးထွေးတဲ့ အုတ်ခုတင် ပေါ်မှာ မိသားစု သုံးယောက်သား ဘဝကို ဖြတ်သန်းကြရတော့မှာပေါ့"
ထိုသို့ပြောပြီးနောက် ကျုံးဖုန်းက အားရပါးရရယ်မောလိုက်သည်။ သူ၏ အနာဂတ်ဘဝကို မျှော်လင့်နေပုံရပြီး ဒယ်အိုးကိုပင် ပို၍ အားပါးတရ မွှေနေလေတော့သည်။
လီကျစ်သည် ကျုံးဖုန်းကိုကြည့်ကာ ပြုံးလျက်…
"မင်းကို ဒီဒယ်အိုးကြီးကနေ ကင်းဝေးစေပြီး ဓားတွေ၊ လှံတွေ ကိုင်ရတဲ့ သိုင်းသမားတစ်ယောက် ဖြစ်ခွင့်ပေးမယ်ဆိုရင်ရော"
ကျုံးဖုန်းသည် လီကျစ်ကို အံ့သြတကြီးကြည့်လိုက်ပြီး တုတ်ဖြင့်မွှေနေခြင်းကို ရပ်ကာ ပြုံးလျက်…
"အစ်ကိုကျစ်... နောက်နေတာပဲ ဖြစ်ရမယ်"
"ကျွန်တော် သိုင်းသမား ဖြစ်သွားရင်ရော အစ်ကိုက ဒီလစာမျိုး ပေးဦးမှာလား"
"ပေးမှာပေါ့။ တစ်လကို နှစ်သျှူး ပဲ… ပြီးတော့ ထမင်း သုံးနပ်လုံးမှာလည်း အသားကျွေးမှာပဲ"
ထိုစကားကို ကြားသောအခါ ကျုံးဖုန်းမှာ ကြောင်သွားပြီး ပြန်လည်တုံ့ပြန်ရန် အချိန်အနည်းငယ် ယူလိုက်ရသည်။
"အစ်ကိုကျစ်... အစ်ကို ပြောတဲ့ အဲဒီ ကောင်းတဲ့ကိစ္စက ဘာများလဲ။ ကျွန်တော့်ကို အစ်ကို့ရဲ့ အိမ်တော်အစောင့် လုပ်ခိုင်းမလို့လား"
လီကျစ်က ခေါင်းညိတ်ပြီး…
"ဟုတ်တယ်... မင်းကို ငါ့ရဲ့ အိမ်တော်အစောင့်လုပ်ခိုင်းမလို့… ဒါပေမဲ့ အိမ်တော်အစောင့် ခေါင်းဆောင် အနေနဲ့ လုပ်ရမှာ"
"အခုကစပြီး မင်းက အိမ်တော်အစောင့် အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ပြီး ငါ့အမိန့်ကို နာခံရမယ်။ ပြီးတော့ မရိုးသားတဲ့ ရည်ရွယ်ချက်ရှိတဲ့ ရန်သူတွေကို ရင်ဆိုင်ရမယ်"
ထိုစကားကိုကြားသည်နှင့် ကျုံးဖုန်းသည် မွှေတုတ်ကို မီးဖိုပေါ်တွင်ချလိုက်ပြီး အသံကျယ်ကျယ်ဖြင့် ….
"လုပ်မယ် အစ်ကိုကျစ်… ကျွန်တော် ဒီအလုပ်ကို လုပ်မယ်"
"ကျွန်တော်က အိမ်တော်အစောင့်ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်အောင်လုပ်ပြီး အစ်ကို့အတွက် အိမ်တော်အစောင့်အဖွဲ့ကောင်း တစ်ဖွဲ့ကို တည်ဆောက်ပေးမယ်"
"ဘယ်လို မိစ္ဆာတွေပဲ လာလာ… ကျွန်တော့်လူတွေကို ဦးဆောင်ပြီး သူတို့ကို ရိုက်နှက်ပစ်မယ်"
***