ချူဖုန်းနှင့် သူ၏ အသင်းဖော်များ ဗိုလ်လုပွဲ ကျင်းပရာ ဝင်ဘလေကွင်းကြီးဆီသို့ ပြန်လည် ရောက်ရှိလာကြပြီး အပြင်ဘက်ရှိ ခမ်းနား ထည်ဝါလှသော အဆောက်အအုံကြီးများကို ငေးကြည့်ကာ လမ်းဘေး တစ်ဖက်တစ်ချက်စီမှ မန်ယူ ပရိသတ်များ၏ စိတ်အားထက်သန်သော အော်ဟစ် အားပေးသံများကို နားထောင်နေကြသည်။
ကစားပွဲ မစတင်မီ ကတည်းက သူသည် ကစားသမား တစ်ယောက်၏ အကောင်းဆုံး ပုံစံသို့ အပြည့်အဝ ရောက်ရှိနေပြီ ဖြစ်ကြောင်း သူ ကိုယ်တိုင် သိရှိလိုက်သည်။
သူ၏ စိတ်ခံစားမှုများ နိုးကြားလာမှုကြောင့် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် ပူနွေးပြီး စိတ်လှုပ်ရှားဖွယ် ခံစားချက်ကြီး လွှမ်းခြုံလာကာ ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်း လျှပ်စစ်စီးကြောင်း တစ်ခု၏ နှိုးဆွ တုန်ခါမှုကို ခံနေရသလို ခံစားနေရသည်။
ချူဖုန်း တစ်ကိုယ်လုံး ကြက်သီးများပင် ထသွားတော့သည်။ သူက အသင်းဖော်များကို အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။
"ညီအစ်ကိုတို့... ၂၀၁၉ ခုနှစ်ရဲ့ ပထမဆုံး ချန်ပီယံဆုကို ဒီလိဂ်ဖလားနဲ့ စတင်လိုက်ကြရအောင်"
"မန်စီးတီးကို သတ်ဟေ့"
"မန်ယူအသင်း အနိုင်ရရမယ်ဟေ့…”
မက်ဂွိုင်းယားက ထူးဆန်းသော အော်ဟစ်သံကြီး တစ်ခုကို လည်ချောင်းကွဲမတတ် ထုတ်လွှတ်လိုက်ရာ သူ အလွန် စိတ်လှုပ်ရှားနေကြောင်း ထင်ရှားလှပေသည်။
"မကြာသေးမီက မန်စီးတီး ခြေစွမ်း အနည်းငယ် ကျဆင်းနေတယ် ဆိုပေမယ့် သူတို့က အမှတ်ပေးလိဂ်မှာ တစ်ပွဲမှ မရှုံးသေးဘူးနော်... ဒါကြောင့် အားလုံး သတိထားကြ" အသင်းခေါင်းဆောင် ဗလင်စီယာ၏ လေသံက လေးနက်ပြီး သူ၏ မျက်နှာ အမူအရာက အလွန် တည်ကြည်နေသည်။
သူ၏ နောက်ဆုံး ရာသီဖြစ်သော ဤအချိန်ကာလလေးတွင် လူငယ် ကစားသမားများကို ဦးဆောင်ကာ ဂုဏ်သိက္ခာများကို အတူတကွ ဆက်လက် ရှာဖွေပြီး သူ့အတွက်၊ အသင်းဖော်များအတွက်၊ ကလပ်အသင်းအတွက် အံ့သြဖွယ် အမှတ်တရများ ဖန်တီးသွားရန် သူ အပြည့်အဝ မျှော်လင့်နေသည်။
"စိတ်ချလိုက်"
မန်ယူ ကစားသမားများက သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။
နာရီဝက်ခန့် အကြာတွင်…
ချူဖုန်းက သွေးပူလေ့ကျင့်ခန်းများ ပြုလုပ်ရန် အသင်းဖော်များကို ဦးဆောင်၍ ကွင်းထဲသို့ စောစီးစွာ ထွက်လာခဲ့သည်။ ထို့နောက် နောက်ဆုံး ပြင်ဆင်မှုများ ပြုလုပ်ရန် အဝတ်လဲခန်းသို့ ပြန်လည် ရောက်လာသောအခါ နည်းပြ မော်ရင်ညိုက နည်းဗျူဟာပိုင်းဆိုင်ရာများကို ထပ်မံ မပြောတော့ပေ။ ထိုအစား သူက အခန်းတွင်းရှိ နည်းပြ သင်ပုန်းကို ပုတ်ကာ လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
"ဒီနေ့က ငါတို့အတွက် အရမ်း အရေးကြီးတယ်...မန်စီးတီးက တကယ့်ကို ကောင်းမွန်တဲ့ အသင်း တစ်သင်းပါ။ ဒါကို လူတိုင်း လက်ခံရလိမ့်မယ် ထင်တယ်..."
"ဒါပေမဲ့…" မော်ရင်ညိုက ကစားသမားများ ရှိရာ ဘေးဘီကို ဝေ့ကြည့်လိုက်သည်။ "ငါတို့က သူတို့ထက် ပိုကောင်းတယ်"
"ပြီးခဲ့တဲ့ ရာသီဝက်လောက် အတွင်းမှာ ငါတို့ မန်စီးတီးကို ၃ ကြိမ်တိတိ အနိုင်ရခဲ့တယ်...အဲဒီ ပွဲတွေရဲ့ အသေးစိတ် အချက်အလက်တွေကို မင်းတို့ မှတ်မိကြသေးလား မသိဘူး..."
သူ၏ အနည်းငယ် အက်ကွဲပြီး နက်ရှိုင်းသော အသံကြီးက အဝတ်လဲခန်းထဲတွင် ပဲ့တင်ထပ်သွားပြီး လူတိုင်းကို ဂရုတစိုက် နားထောင်စေကာ အောင်ပွဲ အချိန်ကာလများကို ပြန်လည် သတိရလာစေသည်။
ထို ၃ ပွဲစလုံးတွင် မန်ယူအသင်းက အလွန် ခက်ခဲကြမ်းတမ်းစွာဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။ အံကြိတ်ခံကာ နောက်ဆုံး အချိန်အထိ သူတို့၏ ခိုင်မာသော စိတ်ဓာတ် ခွန်အားသက်သက်ကိုသာ အားကိုးပြီး ကြံ့ကြံ့ခံ ကစားခဲ့ရခြင်း ဖြစ်သည်။
ကံကောင်းစွာဖြင့် မန်ယူအသင်းက နောက်ဆုံး ပွဲပြီးဆုံးသည့် အချိန်အထိ တောင့်ခံနိုင်ခဲ့သည်။
သို့သော် မန်စီးတီးကလည်း ဤအတိုင်း ငြိမ်နေမည် မဟုတ်ပေ။ သူတို့က ထိုကဲ့သို့သော နာကျင်စရာ သင်ခန်းစာများကို ရယူကာ လက်စားချေရန် ပိုမို ပြတ်သားသော စိတ်ဓာတ်များ ရှိနေကြလိမ့်မည် ဖြစ်သည်။
ယခုအခါ မန်စီးတီးတွင် ရှုံးနိမ့်ခြင်းကြောင့် ဆုံးရှုံးစရာ ဘာမှ မရှိတော့သော်လည်း မန်ယူအသင်းက အနိုင်ရရမည် ဟူသော ဖိအားများ အောက်တွင် ရုန်းကန်နေရသည်။
ထို့ကြောင့် မော်ရင်ညို အနေဖြင့် ကစားသမားများ ပွဲကို အပြည့်အဝ အာရုံစိုက်နိုင်စေရန် သူတို့၏ ကျောပေါ်ရှိ စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများကို ဖယ်ရှားပေးရန် လိုအပ်ပေသည်။
"အဲဒီပွဲ ၃ပွဲစလုံးမှာ မင်းတို့ရဲ့ ပြေးလွှားမှုတွေ၊ ဆာလောင်မှုတွေ၊ အခက်အခဲတွေကို ကျော်လွှားနိုင်စွမ်းတွေကို ငါ မြင်တွေ့ခဲ့ရတယ်..."
"ဒီနေ့တော့...မင်းတို့ မရှုံးနိုင်ဘူး ဆိုတဲ့ အကြောင်းပြချက် တစ်ခုခုကို ရှာတွေ့ဖို့ ငါ မျှော်လင့်ပါတယ်...ဂုဏ်သိက္ခာအတွက်ပဲ ဖြစ်ဖြစ်၊ မိသားစုအတွက်၊ သူငယ်ချင်းတွေအတွက်၊ ဘာအတွက်ပဲ ဖြစ်ဖြစ်ပေါ့..."
"အရေးကြီးတာက အဲဒီ ခံစားချက်ကို မှတ်မိနေဖို့ပဲ"
အဝတ်လဲခန်းထဲရှိ မန်ယူ ကစားသမားများ၏ စိတ်ခံစားမှုများက နည်းပြ၏ အတက်အကျ ရှိသော အသံနေ အသံထားများနှင့်အတူ နောက်ဆုံး အချိန်များတွင် အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။
"မကြာသေးမီက ဘော့စ်က လူတွေကို သွေးဆူအောင် သိပ်မလုပ်တော့ဘူး ဆိုပေမယ့် တကယ်တော့ သူ့ရဲ့ အရည်အချင်းက အရင်ကထက် တောင် ပိုတိုးလာတာပဲ" ချူဖုန်းက သဘောကျစွာဖြင့် ပြုံးလိုက်မိသည်။
သူကတော့ သိပ်ပြီး မခံစားရပေ။ အဘယ်ကြောင့်ဆိုသော် ပွဲတိုင်းကို အနိုင်ရရမည် ဟူသော ခံယူချက်မှာ သူ၏ အရိုးထဲထိအောင် စွဲထင်နေပြီး ဖြစ်သောကြောင့်ပင်။
သို့သော် ဝမ်ဘစ်ဆာကာ၊ မက်ဂွိုင်းယားနှင့် အခြားသော လူသစ် ကစားသမားများမှာတော့ မော်ရင်ညို၏ စကားများကြောင့် ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြပြီး မန်ယူအတွက် အသက်ပေး ကစားရန် ကွင်းထဲသို့ အမြန်ဆုံး ဝင်ရောက်ချင်နေကြပြီ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် တစ်ဖက် အိမ်နီးချင်း မန်စီးတီး၏ အဝတ်လဲခန်းထဲတွင်လည်း မယုံကြည်နိုင်လောက်အောင် စိတ်အားထက်သန်မှုများ မြင့်တက်နေပေသည်။
နည်းပြ ဂွာဒီယိုလာမှာ ပုံမှန်အားဖြင့် လက်တွေ့ကျသူ ဖြစ်သော်လည်း သူက ကစားသမားများကို စိတ်ဓာတ်ခွန်အားပေး စကားများ ပြောကြားရာတွင်လည်း အတော်လေး ကျွမ်းကျင်သူ ဖြစ်သည်။ အဝတ်လဲခန်း အပြင်ဘက်ကို လက်ညိုးထိုးကာ သူက မေးလိုက်သည်။
"အခုချိန်ထိ ငါတို့ ဆက်တိုက် နိုင်ပွဲ ဘယ်နှပွဲ ရထားပြီးပြီလဲ..."
ထိုသို့ ပြောပြီးနောက် သူက လက်ခါပြလိုက်ပြီး "ဒါ အရေးမကြီးပါဘူး...ဒါပေမဲ့ အင်္ဂလန် တစ်နိုင်ငံလုံး၊ ဥရောပ တစ်တိုက်လုံးက ငါတို့ကို ရှုံးစေချင်နေကြတယ် ဆိုတာ ငါသိတယ်...တကယ်လို့ ဒီနေ့ပွဲကို ငါတို့သာ ရှုံးခဲ့ရင် သူတို့က ဒီနေ့ကို အားလပ်ရက် အဖြစ်တောင် သတ်မှတ်ပစ်လိုက်ကြလိမ့်မယ်..."
"ဒါက အားနည်းသူတွေကြားမှာ လွှမ်းမိုးနေတဲ့ ယဉ်ကျေးမှုပဲ"
"ဒါကြောင့် သူတို့ကို အခွင့်အရေး ပေးလို့ မဖြစ်ဘူး...ပြီးခဲ့တဲ့ ရာသီ နှစ်ခုဆက်တိုက် ငါတို့ မန်ယူကို ရှုံးခဲ့ရတယ်..."
"မန်ယူ ပရိသတ်တွေ ဘာပြောနေကြလဲ မင်းတို့ သိလား...သမိုင်းကြောင်း မရှိတဲ့ ဆူညံတဲ့ အိမ်နီးချင်းတွေတဲ့..."
"သူတို့က ငါတို့ကို အမြဲတမ်း အထင်သေးပြီး ဘယ်တုန်းကမှ အလေးမထားခဲ့ဘူး...ဒီနေ့ ငါ တောင်းဆိုစရာ တစ်ခုပဲ ရှိတယ်"
ဂွာဒီယိုလာ၏ အဖြူရောင် မုတ်ဆိတ်မွေးများက ဒေါသကြောင့် အနည်းငယ် တုန်ခါသွား၏။
"ပွဲကို အနိုင်ယူပြီး အနီရောင် မန်ယူရဲ့ ခေတ်ကြီး ကုန်ဆုံးသွားပြီ။ အခုကစပြီး ပရီးမီးယားလိဂ်ဟာ အပြာရောင် ပင်လယ်ပြင်ကြီး ဖြစ်လာပြီ ဆိုတာကို ကမ္ဘာကြီးကို သိအောင် ပြသလိုက်ကြ"
မန်ယူနှင့် မန်စီးတီး ကဲ့သို့သော အဆင့်မြင့် ထိပ်သီး အသင်းများအတွက် ပွဲကြို စိတ်ဓာတ် ခွန်အားပေးမှုသည် လွန်စွာ အရေးပါလှလေသည်။ အဘယ်ကြောင့်ဆိုသော် နောက်ဆုံးတွင် ပြိုင်ပွဲ ဆိုသည်မှာ လူသားတို့၏ ခွန်အား ပြိုင်ဆိုင်မှုသာ ဖြစ်သောကြောင့်ပင်။
သို့သော် လူတို့တွင် စိတ်ဓာတ်ခွန်အား မြင့်မားနေချိန်တွင် မဖြစ်နိုင်သည်များကို မကြာခဏ ဖန်တီးနိုင်လေ့ ရှိကြသည်။
တကယ်တော့ ဂွာဒီယိုလာက သူ၏ စစ်မှန်သော ခံစားချက်များကို ရိုးသားစွာ ဖော်ပြနေခြင်းသာ ဖြစ်သည်။ မန်ယူကို အမြဲ ရှုံးနေရခြင်း၊ မော်ရင်ညိုကို ရှုံးနေရခြင်း၊ ချူဖုန်းကို ရှုံးနေရခြင်းများကို သူ လုံးဝ ငြီးငွေ့နေပြီ ဖြစ်သည်။
ဒီနေ့ မင်းက ဘယ်သူလဲ ဆိုတာ ငါ မသိတော့ဘူး...ငါ မင်းကို သတ်ပစ်မယ်
ဂွာဒီယိုလာ တစ်ယောက် ယခုအခါ ချူဖုန်းအကြောင်း တွေးမိကာ အံတင်းတင်း ကြိတ်လိုက်၏။
သို့သော် အဓိက ပြဿနာမှာ ထိုသို့ လုပ်ရန် အခွင့်အရေး မရှိခြင်းပင်။
"လာစမ်းပါ"
"ငါတို့က အသန်မာဆုံး ဆိုတာကို ချန်ပီယံဆုနဲ့ သက်သေပြလိုက်ကြစို့"
အသင်းခေါင်းဆောင် ဒေးဗစ် ဆေးလ်ဗားက မတ်တတ်ရပ်ကာ သူ၏ လက်ကို ဆန့်တန်းလိုက်ရာ မန်စီးတီး ကစားသမားများက သူတို့၏ လက်များကို အပေါ်မှ ထပ်တင်လိုက်ကြပြီး ရူးသွပ်စွာ ဟိန်းဟောက်လိုက်ကြလေသည်။
သူတို့လည်း မန်ယူကို ရှုံးနေရသည်ကို ငြီးငွေ့နေကြပြီ ဖြစ်ပြီး ယနေ့ပွဲက သူတို့ လက်စားချေရန် အကောင်းဆုံး အခွင့်အရေးပင် ဖြစ်သည်။
နှစ်သင်းစလုံး၏ အဝတ်လဲခန်း တံခါးများ တစ်ပြိုင်နက်တည်း ပွင့်သွားပြီးနောက် ကစားသမား ဥမင်လိုဏ်ခေါင်းထဲတွင် ချူဖုန်းနှင့် ဒေးဗစ် ဆေးလ်ဗားတို့ မျက်နှာချင်းဆိုင် ဆုံတွေ့သွားကြသည်။ တစ်ယောက် မျက်လုံးထဲရှိ တိုက်ပွဲဝင်လိုစိတ်များကို အခြား တစ်ယောက်က ရှင်းလင်းစွာ မြင်တွေ့နေရ၏။
အချို့အရာများက ရှင်းပြရခက်လောက်အောင် ဆန်းကြယ်လှသော်လည်း တကယ်တော့ ထိုအရာများ တည်ရှိနေကြသည်။
နားကွဲမတတ် အော်ဟစ် အားပေးသံများကြားတွင် ကစားသမားများ ဥမင်လိုဏ်ခေါင်းထဲမှ တစ်သုတ်ပြီး တစ်သုတ် ထွက်ပေါ်လာကြသည်။ ယနေ့ လိဂ်ဖလား ဗိုလ်လုပွဲသို့ လာရောက် အားပေးကြသော ပရိသတ် အရေအတွက်မှာ ၈၀,၀၀၀ နီးပါး ရှိသည်။
ပြဿနာ ကြီးကြီးမားမားများ မဖြစ်စေရန် အင်္ဂလိပ် ဘောလုံးအဖွဲ့ချုပ်က အချို့သော ပွဲကြည့်စင်များကို တမင်တကာ ရှင်းလင်းထားခြင်းကြောင့် ဤမျှသာ ရှိခြင်း ဖြစ်သည်။
ယင်းက ဤပွဲစဉ် မည်မျှ ဆွဲဆောင်မှု ရှိကြောင်း ပြသနေခြင်းပင်။
"အားလုံးပဲ မင်္ဂလာညချမ်းပါ ခင်ဗျာ..."
"ကျွန်တော်တို့ အခု ၂၀၁၈-၁၉ လိဂ်ဖလား ဗိုလ်လုပွဲကြီးကို တိုက်ရိုက် ထုတ်လွှင့် တင်ဆက်ပေးနေတာ ဖြစ်ပါတယ်..."
"မန်ယူအသင်းနဲ့ မန်စီးတီးအသင်း"
"ဒါက ထိပ်သီး နှစ်သင်းရဲ့ ထိပ်တိုက် တွေ့ဆုံမှု၊ မန်ချက်စတာ ကလပ်အသင်း နှစ်သင်းရဲ့ ဒါဘီပွဲကြီးပါပဲ...ဘယ်သူက နောက်ဆုံး ချန်ပီယံ ဖလားကြီးကို မြှောက်တင်သွားမလဲ ဆိုတာကို..."
ကွင်းကြီး၏ ပွဲကြည့်စင်များတွင် နိုင်ငံအသီးသီးမှ ဘောလုံး ဝေဖန်ရေးဆရာများက မိမိတို့၏ ဘာသာစကား အမျိုးမျိုးဖြင့် အလားတူ အဖွင့်စကားများ ပြောဆိုနေကြသည်။
"ဒါကတော့ နှစ်သင်းစလုံးရဲ့ ပွဲထွက် လူစာရင်းတွေပါ ခင်ဗျာ...မန်ယူက အနီရောင် ဂျာစီကို ဝတ်ဆင်ထားပါတယ်...မော်ရင်ညိုက မကြာသေးမီက ရေပန်းစားနေတဲ့ ၄-၃-၁-၂ ကစားကွက်ကို မသုံးဘဲ ယမန်နှစ်က မန်ယူရဲ့ အဓိက ၄-၂-၃-၁ ကစားကွက်ကို ပြန်သုံးလာပါတယ်...ဂိုးသမားကတော့..."
"ချူဖုန်းလေးက ဒီနေ့ သူ့ရဲ့ ရင်းနှီးပြီးသား ဘယ်တောင်ပံ နေရာကို ပြန်ရောက်လာပါတယ်...ဒီထူးခြားတဲ့ ကစားကွက် အခင်းအကျင်းနဲ့ ပေါင်းစပ်လိုက်ရင် ဒါက မော်ရင်ညိုရဲ့ အထူး စီစဉ်မှု တစ်ခု ဖြစ်သင့်ပါတယ်..."
"အစွန်နောက်ခံလူ နှစ်ယောက်စလုံးက ဝါရင့် ကစားသမားကြီးတွေပါ..."
"မန်စီးတီးဘက်ကို ကြည့်ရအောင်...ဂွာဒီယိုလာက ၄-၃-၃ ကစားကွက်ကိုပဲ ဆက်သုံးထားပါတယ်...ဂိုးသမားကတော့..."
"မကြာသေးမီက မန်ဒီ ဒဏ်ရာရသွားတဲ့အတွက် ဇင်ချန်ကိုက အဓိက ဘယ်နောက်ခံလူ ဖြစ်လာခဲ့ပါတယ်...ဒါပေမဲ့ သူက အတွေ့အကြုံ နည်းလွန်းတာကြောင့် အခြေခံ အမှားတချို့ မကြာခဏ လုပ်လေ့ ရှိပါတယ်..."
"ကံကောင်းတာက လာပေါ့တ်ရဲ့ ခံစစ် လွှမ်းခြုံနိုင်မှု အသိက ကောင်းမွန်နေလို့ပါ...မဟုတ်ရင် မန်စီးတီး အနေနဲ့ သူတို့ရဲ့ ရှုံးပွဲမရှိ မှတ်တမ်းကို ထိန်းသိမ်းထားနိုင်ဖို့ အတော်လေး ခက်ခဲပါလိမ့်မယ်..."
ကင်မရာ မြင်ကွင်းက စိမ်းလန်းသော မြက်ခင်းပြင်ပေါ်သို့ ပြန်လည် ရောက်ရှိသွားသည်။
အသင်းခေါင်းဆောင် ဗလင်စီယာက အကြွေစေ့ လှန်ရာတွင် အဖြေမှန်ကို ခန့်မှန်းနိုင်ခဲ့ပြီး ကောင်းသော နိမိတ်ဟု တွေးလိုက်မိသော်လည်း သူက ကွင်းကိုသာ ရွေးချယ်သွားခဲ့သဖြင့် လူတိုင်း အံ့အားသင့်စရာ ဖြစ်သွားခဲ့သည်။
သို့သော် ဒေးဗစ် ဆေးလ်ဗားကတော့ မအံ့သြခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် လိဂ်ဖလား ဗိုလ်လုပွဲက ဒေသစံတော်ချိန် ညနေ ၃ နာရီတွင် စတင်မည် ဖြစ်ပြီး ပုံမှန်အားဖြင့် မှိုင်းညို့နေတတ်သော လန်ဒန်မြို့မှာ ယနေ့တွင် ထူးထူးခြားခြား နေသာနေသောကြောင့် ဗလင်စီယာက နေရောင်ကို ကျောပေးထားရမည့် ညာဘက် ကွင်းကို ပါးနပ်စွာ ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
***