"ဒါတွေက အလေးအနက်ထားစရာ မလိုတဲ့ အသေးအမွှား ကိစ္စလေးတွေပါ...ဘောလုံး စတင် ကန်ခွင့် ရတာက ငါတို့ရဲ့ ပထမဆုံး ရွေးချယ်မှု ဖြစ်ပြီးသားပဲ...ဒါကြောင့် ငါတို့ ပွဲကြို အစီအစဉ်အတိုင်း ဖြည်းဖြည်းချင်း ကစားသွားကြတာပေါ့..."
ကွင်းဘေးတွင် ရပ်နေသော ဂွာဒီယိုလာက လက်ခုပ်ကို ပြင်းပြင်းထန်ထန် တီးလိုက်ရာ သူ၏ ပြောင်နေသော ခေါင်းကြီးမှာ တောက်ပသော နေရောင်အောက်တွင် တဖျတ်ဖျတ် လင်းလက်နေတော့သည်။
"မန်ယူအသင်း ဂုဏ်ယူဝင့်ကြွားစွာနဲ့… သရဲနီတွေ ရှေ့ကို ချီတက်ကြ"
"ငါတို့ဟာ အနီရောင် လူငယ်တွေ...ငါတို့ဟာ ကြီးမြတ်တဲ့ မန်ယူအသင်းသားတွေ...ငါတို့ ဝင်ဘလေဆီကို သွားနေကြပြီ"
"မန်ယူ မန်ယူ"
မန်ယူ ပရိသတ်များက ဝင်ဘလေ ကွင်းကြီးသို့ ရောက်လာသောအခါ ကိုယ့်အိမ်ကိုယ့်ယာ ရောက်သွားသလို ခံစားရပြီး သူတို့၏ အသင်းအတွက် အကျယ်လောင်ဆုံး သီချင်းများဖြင့် အားပေးနေကြလေသည်။
ယင်းနှင့် ယှဉ်လိုက်လျှင် မန်စီးတီး၏ အသင်းသီချင်းမှာ လွန်စွာ အားနည်းလွန်းနေ၏။
နောက်တစ်စက္ကန့်တွင် မန်ယူပရိသတ်များက ပွဲကြည့်စင်ပေါ်၌ ဧရာမ Tifo ပန်းချီကားကြီး တစ်ချပ်ကို ဖြန့်ကျက်လိုက်ရာ လေထဲသို့ ခုန်တက်ကာ မြေပြင်ကို လက်သီးဖြင့် ထိုးချနေသော မန်ယူ နံပါတ် (၇) ၏ ပုံရိပ်ကြီး ခမ်းနား ကြီးကျယ်စွာ ထွက်ပေါ်လာလေသည်။
ချူဖုန်းက ဖြူဖွေးသော သွားတန်းလေးများ ပေါ်လာသည်အထိ ပြုံးလိုက်ပြီး သူ၏ လက်ကို မြင့်မြင့် မြှောက်ကာ အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။ "မန်ယူအသင်း...သေချာပေါက် နိုင်ရမယ်"
တီ…
ကွင်းလယ်ဒိုင်၏ ခရာမှုတ်သံနှင့်အတူ ပွဲကြီး တရားဝင် စတင်သွားလေပြီ။
မန်စီးတီးအသင်း ဘောလုံး စတင် ရရှိသည်။
အဂူရိုက ဘောလုံး စကန်လိုက်ပြီး နောက်ရှိ ဂန်ဒိုဂန်ထံသို့ ပေးပို့လိုက်ကာ ထိုမှတစ်ဆင့် ဒီဘရိုင်းထံသို့ ရောက်ရှိသွားသည်။
ဘာစကားမှ မပြောတော့ဘဲ ချူဖုန်းက သူ့ထံသို့ အတင်း ပြေးဝင်သွားပြီး ဒီဘရိုင်းကို အာရုံလွှဲရန် ရည်ရွယ်ချက်ဖြင့် ခန္ဓာကိုယ်ချင်း ယှဉ်တိုက်မှုများကို တက်ကြွစွာ စတင် ပြုလုပ်တော့သည်။
ဤသည်မှာ ပထမပိုင်းတွင် ရှေ့တက် ဖိအားပေး ကစားရန် ဖြစ်သော မန်ယူ၏ ပွဲကြို နည်းဗျူဟာပင် ဖြစ်သည်။
ဘောလုံး လက်ဝယ် ထိန်းချုပ်ခွင့်ကို သေချာပေါက် ရရှိမည် မဟုတ်သောကြောင့် မန်ယူ ကစားသမားများ အနေဖြင့် အခွင့်အရေးကို ဆုပ်ကိုင်ကာ အချို့သော နေရာများတွင် လူအင်အား အသာစီး ယူ၍ မန်စီးတီး၏ နောက်ခံလူများနှင့် ကွင်းလယ်လူများကို ချက်ချင်း ပိတ်ဆို့ထားရမည် ဖြစ်သည်။ သို့မှသာ မန်စီးတီးတို့ သူတို့၏ ကွင်းဘက်ခြမ်းမှနေ၍ တိုက်စစ်များကို သက်သောင့်သက်သာ မဖန်တီးနိုင်မည် ဖြစ်သည်။
ဘန်း…
ဒီဘရိုင်းက ဘောလုံးကို အလွန် လျင်မြန်စွာ ကိုင်တွယ် ဖြေရှင်းလိုက်ပြီး၊ ရှေ့ရှိ ဘာနာဒို ဆေးလ်ဗားထံသို့ တိုက်ရိုက် ပေးပို့လိုက်သည်။
"သူက အရမ်း သန်မာပုံ မရပေမယ့် ကြွက်သားတွေ တော်တော်လေး ကျစ်လျစ်တာပဲ..." ချူဖုန်းက ခန္ဓာကိုယ်ကို အနည်းငယ် ယိမ်းလိုက်ပြီး ခံစစ်ကို ကူညီရန် အမြန် နောက်သို့ ဆုတ်လိုက်သည်။
ယခင်က သူသည် မော်ရင်ညိုထံ သွားကာ ဇင်ချန်ကိုကို ပစ်မှတ်ထားနိုင်ရန် ညာဘက် တောင်ပံတွင် စမ်းကစားကြည့်ချင်ကြောင်း သွားပြောခဲ့ဖူးသည်။
သို့သော် မော်ရင်ညိုက ပြတ်သားစွာ ငြင်းပယ်ခဲ့သည်။ "မန်စီးတီးရဲ့ ညာဘက် တောင်ပံမှာ ကိုင်လီ ဝေါ်ကာ ၊ ဒီဘရိုင်းနဲ့ ဘာနာဒို ဆေးလ်ဗားတို့ ရှိနေတယ်...သူတို့ရဲ့ အန္တရာယ် အပေးနိုင်ဆုံး တိုက်စစ်တွေက အဲဒီကနေပဲ စတင်လေ့ ရှိတယ်...ဒါကြောင့်..."
“ဒါကြောင့် ငါက မင်းရဲ့ ကိုယ်ပိုင် စွမ်းရည်တွေကို အသုံးပြုပြီး မန်စီးတီးရဲ့ ညာဘက် တောင်ပံကို ဖိအားပေး ချုပ်ချယ်ထားရမယ်”
မော်ရင်ဟို၏ စကားများကြောင့်ပင် ချူဖုန်းက မန်ယူ၏ ဘယ်ဘက်ခြမ်းတွင် များသောအားဖြင့် နေရာယူထားရပေသည်။
"သူနဲ့ အရင်က တစ်ယောက်ချင်း ရင်ဆိုင်ဖို့ အခွင့်အရေး မရခဲ့ဖူးဘူး...ဒီနေ့တော့ ဝေါ်ကာ ဘယ်လောက် သန်မာလဲ ဆိုတာကို ကိုယ်တွေ့ ခံစားကြည့်ရမှာပေါ့..."
ချူဖုန်းက အနောက်သို့ အတော်လေး ဆုတ်လာခဲ့ပြီး ကန်တေ၊ အက်ရှလေယန်းတို့နှင့်အတူ တင်းကျပ်သော ခံစစ်လိုင်း တစ်ခုကို ဖွဲ့စည်းလိုက်သည်။ ဖောက်ထွက်ရန် အခွင့်အရေး မမြင်သောကြောင့် ဘာနာဒို ဆေးလ်ဗားက အကူအညီ ရယူရန် ဂန်ဒိုဂန်ထံသို့ ဘောလုံးကို ဖြတ်ပေးလိုက်လေသည်။
ဒေါ့မွန်အသင်းမှ ပြောင်းရွှေ့လာသော ဂန်ဒိုဂန်မှာ မန်စီးတီးတွင် (၂) နှစ်ခွဲကြာ အရန် ကစားသမား အဖြစ် နေထိုင်ခဲ့ရပြီးနောက် နောက်ဆုံးတွင်တော့ ပွဲထွက်ခွင့် နေရာ တစ်နေရာကို အခိုင်အမာ ရရှိလာခဲ့ပြီ ဖြစ်သည်။
တိကျသော ပေးပို့မှု၊ ခံစစ် နေရာယူမှု၊ စွယ်စုံရ ကွင်းလယ်လူ…
ဤအရာများက ဂန်ဒိုဂန်၏ အထင်ရှားဆုံး အားသာချက်များ ဖြစ်သော်လည်း နှေးကွေးသော အမြန်နှုန်းက သူ၏ အကြီးမားဆုံး ပြဿနာ ဖြစ်ပြီး အခြား အသင်းများက ယင်းကို မကြာခဏ အခွင့်ကောင်း ယူလေ့ရှိကြသည်။
မော်ရင်ညိုက ဤကဲ့သို့သော အခွင့်အရေးကို သေချာပေါက် လက်လွတ်ခံမည် မဟုတ်ပေ။ ကန်တေက အရိပ်ထဲတွင် ပုန်းအောင်းနေသော ကျားသစ် တစ်ကောင်အလား ဂန်ဒိုဂန်၏ ဘေးမှနေ၍ လျင်မြန်စွာ ပြေးထွက်လာလေသည်။
"လှပတဲ့ ကြားဖြတ် လုယူမှုဗျာ"
"မန်ယူအတွက် ကန်တေလို ကစားသမားမျိုးကို ရခဲ့တာက တော်တော် ကောင်းပါတယ်။ ကွင်းလယ်နဲ့ ခံစစ်ကို သူက လွှမ်းမိုးထားနိုင်တာကြောင့် မန်စီးတီး အနေနဲ့ အရင်ကလို တိုက်စစ်ဆင်ဖို့ ခက်ခဲသွားစေပါတယ်..."
"မန်စီးတီးရဲ့ ဖိအားပေးမှုက အရမ်း မြန်တယ်ဗျ။ ဒါက ဂွာဒီယိုလာရဲ့ သုံးစက္ကန့် သီအိုရီပါပဲ... ပြိုင်ဘက်ရဲ့ တန်ပြန် တိုက်စစ်ကို နှောင့်နှေးသွားစေဖို့ ဘောလုံး ဆုံးရှုံးသွားတာနဲ့ ချက်ချင်း ပြန်လည် ဖိအားပေးတာပါ..."
ကန်တေက ဘောလုံးကို တည်ငြိမ်စွာ ထိန်းထားပြီး မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ ကိုင်တွယ် ဖြေရှင်းလိုက်သည်။
"ပေါလ်" နိုင်ငံအသင်းမှာလိုပင် သူက ပေါ့ဂ်ဘာဆီကို ချက်ချင်း လှမ်းကန်ပေးလိုက်သည်။
ပေါ့ဂ်ဘာက လှည့်ကြည့်လိုက်ရာ အော်တာမန်ဒီ တစ်ယောက် သူ့ထံသို့ ချဉ်းကပ်လာနေသည်ကို မြင်လိုက်ရသည်။ ထို့ကြောင့် သူက ဘောလုံးကို မထိန်းတော့ဘဲ ညာဘက်ခြမ်းဆီသို့ တစ်ခါတည်း ပို့ပေးလိုက်လေသည်။
ချူဖုန်းက ခန္ဓာကိုယ် အလေးချိန်ကို ရှေ့သို့ လျင်မြန်စွာ ရွှေ့လိုက်သော်လည်း ကိုင်လီ ဝေါ်ကာက မလိမ်ခံရသဖြင့် ရှေ့သို့ ဘောလုံး ဆွဲတက်ကာ ကပ်သွားရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။
ကိုင်လီ ဝေါ်ကာက အလောတကြီး ဝင်လုလေ့ မရှိဘဲ သူ၏ အမြန်နှုန်းကို အသုံးပြုကာ ပြန်လည် ဖိအားပေးပြီးမှ ဘောလုံး လုရန် အခွင့်အရေး ရှာလေ့ရှိကြောင်း သူ သိထားသည်။ ထိုနည်းစနစ်မှာ အလွန် ကောင်းမွန်ကာ ထိရောက်မှု ရှိနေပြီ ဖြစ်သည်။
မည်သို့ပင် ဆိုစေကာမူ လက်ရှိ ကစားနေသူများ အနက် ဝေါ်ကာက အမြန်ဆုံး ညာနောက်ခံလူ ဖြစ်သည် မဟုတ်ပါလား…။
"စမ်းကြည့်ကြတာပေါ့"
ချူဖုန်း၏ စိတ်ထဲတွင် ထိုအတွေး ဝင်လာသည်နှင့် တစ်ပြိုင်နက် သူ၏ ရစ်သမ်ကို ရုတ်တရက် ပြောင်းလဲပစ်လိုက်လေသည်။
ဘောလုံးဖိနပ်၏ ဆူးချွန်များက မြက်ခင်းထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားပြီး အားကောင်းလှသော ခွန်အားများကို နောက်သို့ ပြန်လည် တွန်းထုတ်ပေးကာ လေထုကိုပင် ခွဲထွက်သွားသလို ခံစားလိုက်ရသည်။
ဝှစ်…
ကမ္ဘာပေါ်တွင် စိတ်လှုပ်ရှားစရာ အကောင်းဆုံး အရာများမှာ အမြန်နှုန်းနှင့် စွမ်းအားတို့ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့က အံ့မခန်း မြင်ကွင်းများကို ပေးစွမ်းနိုင်သောကြောင့် ဖြစ်သည်။
ကိုင်လီ ဝေါ်ကာကလည်း အစကတည်းက ပြင်ဆင်ထားသလိုပင် ချူဖုန်းနှင့် အပြိုင် လိုက်ပါလာလေသည်။
သူတို့နှင့် အနီးဆုံး ကွင်းဘေးတွင် ဂွာဒီယိုလာက သူ၏ ခေါင်းကို လက်နှစ်ဖက်ဖြင့် ကိုင်ထားပြီး မော်ရင်ညိုကတော့ လက်နှစ်ဖက်ကို အိတ်ကပ်ထဲ ထည့်ကာ နှစ်ယောက်စလုံးက ထိုသူ နှစ်ဦးကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြသည်။
ကိုင်လီ ဝေါ်ကာက ရုတ်တရက် လှုပ်ရှားမှုများကို မကြာခဏ အသုံးပြုလေ့ ရှိသော်လည်း၊ သူ၏ စွမ်းရည် အဆင့်အတန်းက တကယ်တော့ သိပ်မကျဆင်းသွားခဲ့ပေ။
ဥရောပ ဘောလုံးလောကတွင် ချူဖုန်း၏ အရှိန်အဟုန်ကို လိုက်မီနိုင်သူမှာ လက်တစ်ဖက်စာပင် မပြည့်လောက်ပေ။
သောက်ကျိုးနည်း...ဒီကောင်လေး ညစ်ပတ်နေပြီ
ကိုင်လီ ဝေါ်ကာ၏ သာလွန်မှု ခံစားချက်လေး စတင် ထွက်ပေါ်လာချိန်မှာပင် ချူဖုန်းက အနည်းငယ် သာနေမှုကို အခွင့်ကောင်းယူ၍ အရှိန်လျှော့လိုက်ကာ သူ၏ ခန္ဓာကိုယ်ကို ဝေါ်ကာ၏ ရှေ့တွင် အလျားလိုက် နေရာယူလိုက်ပြီး ညာဘက် ခြေထောက်ကို မသိမသာ ဆန့်ထုတ်လိုက်လေသည်။
ဤသည်မှာ ဟာဇက်ထံမှ သူ သင်ယူထားသော လှည့်ကွက်ပင် ဖြစ်သည်။
ကြိုတင် မမျှော်လင့်ထားသောကြောင့် ကိုင်လီ ဝေါ်ကာ တစ်ယောက် ခြေခေါက်ကာ မှောက်လျက် လဲကျသွားတော့သည်။
"ဝါး...ဒါက ရှားပါးတဲ့ လိမ်ခေါက်ကွက် တစ်ခုပါပဲ"
"ကိုင်လီ ဝေါ်ကာ ဖောင်းဘော လုပ်ဖို့ လက်လှမ်းလိုက်တာကို ကျွန်တော်တို့ မြင်လိုက်ရတယ်...ဒါပေမဲ့ ချူဖုန်းရဲ့ လှုပ်ရှားမှုတွေကို တားဆီးလို့ မရတာကြောင့် ဒိုင်လူကြီးက ပွဲဆက်ကစားဖို့ အချက်ပြလိုက်ပါတယ်"
"အော်တာမန်ဒီက ဦးတည်ရာ ပြောင်းပြီး ချူဖုန်းလေးကို ပင်နယ်တီ ဧရိယာ အပြင်ဘက်မှာ ပိတ်ဆို့ထားပါတယ်"
"သူတို့ကို ထပ်ပြီး လိမ်ခေါက်ဖို့ ကြိုးစားဦးမလား..."
မဟုတ်ပေ။ ဘောလုံး ပေးပို့ခြင်းက အထိရောက်ဆုံး နည်းလမ်း ဖြစ်သောကြောင့် ချူဖုန်းက ပင်နယ်တီ ဧရိယာ၏ အနီးတိုင်ဆီ ထောင့်ဖြတ် ပေးပို့လိုက်လေသည်။
လူကာကူက လာပေါ့တ်ကို ကျောပေးထားပြီးနောက် ပေါ့ဂ်ဘာ ကန်သွင်းရန်အတွက် အခွင့်အရေး ဖန်တီးပေးလိုက်သည်။
"ဂိုးပေါက်ကို ကန်သွင်းလိုက်တယ်"
"အီဒါဆန်… သူက ကမ္ဘာ့အဆင့်မီ ကာကွယ်မှု တစ်ခု လုပ်ပြသွားပြီး မန်စီးတီး အစောပိုင်းမှာ ဂိုးပေးလိုက်ရမယ့် အန္တရာယ်ကနေ ကယ်တင်သွားခဲ့ပါတယ်"
"ကိုင်လီ ဝေါ်ကာ အနေနဲ့ အီဒါဆန်ကို တကယ် ကျေးဇူးတင်သင့်တယ်ဗျ..."
အမှန်တကယ်တော့ ကိုင်လီ ဝေါ်ကာ တစ်ယောက် ဒေါသများကြောင့် မျက်စိကန်းနေပြီ ဖြစ်သည်။ သူက ချူဖုန်းထံသို့ လျှောက်သွားကာ ကြမ်းတမ်းစွာ ပြောလိုက်သည်။
"မင်း စောင့်ကြည့်နေလိုက်...နောက်တစ်ခါ ငါ မင်းရဲ့ ခြေကျင်းဝတ်ကို မကန်ရင် ကြိုက်တာ ပြော"
"အိုကေ...ငါ စောင့်နေမယ်..."
ချူဖုန်းက ပခုံးတွန့်ပြလိုက်သည်။ ခြိမ်းခြောက်ခံရတာကို ကြောက်နေရင် သူ ဘောလုံး လာကန်နေစရာ အကြောင်းမှ မရှိတာ။
ပြီးတော့ ငါ့မှာ ဒဏ်ရာနဲ့ ရောဂါဘယ ကင်းဝေးစေတဲ့ မော်ဂျူး ရှိတယ်လေ...နောက်ကျရင် မင်းကို နောက်ထပ် အကြိမ်နည်းနည်းလောက် လဲကျအောင် ထပ်လုပ်ပြဦးမယ်။
မန်ယူအသင်း ရရှိခဲ့သော ညာဘက်ခြမ်းမှ ထောင့်ကန်ဘောက ပင်နယ်တီဧရိယာအတွင်း နေရာယူထားသော ချူဖုန်းထံသို့ အချိန်ကိုက် တိကျသေချာစွာ ကျဆင်းလာခဲ့သည်။
သို့သော် မန်စီးတီး နောက်ခံလူများဖြစ်ကြသော လာပေါ့တ်နှင့် အော်တာမန်ဒီတို့က ထိုအခြေအနေကို ကြိုတင် တွက်ဆ ပြင်ဆင်ထားပြီး ဖြစ်ကာ သူတို့ နှစ်ဦးစလုံး၏ တင်းကျပ်လှသော နှစ်ယောက်ညှပ် လူကပ်မှုကြောင့် ချူဖုန်း အနေဖြင့် ခေါင်းတိုက်ရန် အားအပြည့် မသုံးနိုင်ခဲ့ဘဲ သူ၏ ခေါင်းတိုက်ချက်မှာ ဂိုးဘားတန်းပေါ်မှ အတော်လေး ကျော်ထွက်သွားခဲ့လေသည်။
ထို့နောက်တွင် နှစ်သင်းစလုံးမှ ကစားသမားများမှာ မိမိတို့၏ မူလနေရာများသို့ အသီးသီး ပြန်လည် နေရာယူကြပြီးနောက် မန်စီးတီး အသင်းက ဘောလုံးကို နောက်တန်းမှစ၍ စနစ်တကျ စတင် ထိန်းချုပ် ကစားလာကြသည်။
သူတို့၏ အဓိက တိုက်စစ်ဆင်မည့် အရပ်မျက်နှာမှာ ညာဘက် တောင်ပံပင် ဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ ဘယ်နောက်ခံလူ ဇင်ချန်ကိုမှာ ယခုကဲ့သို့သော ဗိုလ်လုပွဲ ပြိုင်ပွဲကြီးများတွင် ကစားရသည့် အတွေ့အကြုံ အလွန် နည်းပါးလွန်းလှပြီး အကယ်၍ သူသာ တိုက်စစ်သို့ အလွန်အကျွံ လိုက်ပါသွားပါက သူ၏ ခံစစ်နေရာ ဟာကွက်ဖြစ်ကာ အချိန်မီ ပြန်ဆင်းနိုင်မည် မဟုတ်ပေ။
***