ဝုန်းခနဲ ပေါက်ကွဲထွက်သွားသော အသံများနှင့်အတူ ဝင်ဘလေကွင်းကြီး တစ်ခုလုံး ဆူညံသွားလေသည်။ ချူဖုန်းက မာရက်ဇ်နှင့် ပခုံးချင်းဖက်ကာ ကွင်းဘေးသို့ ပြေးသွားပြီး ပွဲကြည့်စင်ပေါ်ရှိ မန်ယူ ပရိသတ်များကို လက်ပြနှုတ်ဆက်လိုက်ရာ ပိုမို ကျယ်လောင်သော အားပေးသံများ ချက်ချင်း ထွက်ပေါ်လာတော့၏။
ယနေ့ခေတ် ဘောလုံးလောကတွင် မန်စီးတီး အသင်းကို တိုက်စစ် အကောင်းဆုံးအသင်းဟု သတ်မှတ်မည်ဆိုလျှင် မည်သူမှ ငြင်းဆန်မည် မဟုတ်ပေ။
လွန်ခဲ့သော မိနစ်သုံးဆယ်ခန့်က မန်ယူအသင်းကို တစ်ဖက်သတ် ဖိကစားသွားနိုင်ခဲ့ခြင်းက ယင်းအချက်ကို အကောင်းဆုံး သက်သေပြနေ၏။
ကွင်းလယ် ဘယ်ညာမှ တိကျ သေချာသော ပေးပို့မှု စက်ယန္တရား နှစ်ခုနှင့်အတူ မြန်ဆန်သွက်လက်သော တိုက်စစ်မှူး သုံးယောက် ပေါင်းစပ်လိုက်သောအခါ မန်ယူအသင်း၏ ခံစစ်ကြောင်းအပေါ်သို့ ဧရာမ ဖိအားကြီး တစ်ခု ကျရောက်လာစေခဲ့သည်။
သာမန် ကွင်းလယ်လူ တစ်ယောက်သာဆိုလျှင် ကန်တေ ကဲ့သို့ ဂိုးဧရိယာအထိ လိုက်လံ ရှင်းထုတ်နိုင်စွမ်း မရှိသောကြောင့် မန်ယူတို့၏ ဂိုးပေါက်သည် အစောကြီးကတည်းက ထပ်မံ ကျိုးပေါက်သွားလောက်ပေသည်။
မန်ယူ ပရိသတ်များမှာလည်း သူတို့၏ ရင်ထဲတွင် ဒေါသမီးများ တောက်လောင်နေခဲ့ရာ ယခုမှသာ ပေါက်ကွဲထုတ်ရန် အခွင့်အရေး ရသွားသဖြင့် သူတို့၏ အော်ဟစ်သံများက ကွင်းကြီး တစ်ခုလုံး၌ ဟိန်းထွက်နေလေသည်။
"ဘော့စ်... ချူဖုန်းကို ဇင်ချန်ကိုဘက် ပစ်မှတ်ထားခိုင်းလိုက်ရအောင်။ ချူဖုန်းတို့ဆီက စကားပုံအရ ဆိုရင်တော့ ဒါက ခြင်ကောင်ကို အမြောက်နဲ့ပစ်သလို ဖြစ်နေမလားပဲ... မာရက်ဇ် တစ်ယောက်တည်းတောင် သူ့ကို ဖိအားပေးဖို့ လုံလောက်နေပြီလေ..."
ဖာရီယာ တစ်ယောက် စိတ်လှုပ်ရှားစွာဖြင့် လက်ထဲမှ မှတ်စုစာအုပ်ကို ဝှေ့ယမ်းရင်း ပြောလိုက်သည်။ "ကျွန်တော်တို့ ဘယ်တောင်ပံကနေ အခြေအနေကို အတင်းအကျပ် ဖောက်ထွက်ရမယ်... ဂွါဒီယိုလာ အနေနဲ့ ကိုင်လီဝေါ်ကာ ကို ချူဖုန်းဆီမှာ တစ်ယောက်တည်း ထပ်ပြီး လူကပ်ခိုင်းရဲမယ် မထင်ဘူး..."
ချူဖုန်း ကောက်ချက်ချခဲ့သလိုပင် ကိုင်လီဝေါ်ကာသည် မြန်နှုန်းမြင့် တိုက်စစ်မှူးများကို ထိန်းချုပ်ရာတွင် ကျွမ်းကျင်သော်လည်း ပြိုင်ဘက်က ကစားကွက် အရှိန်အဟုန်ကို အဆက်မပြတ် ပြောင်းလဲလာသောအခါ ဘာလုပ်ရမှန်းမသိ ဖြစ်သွားတတ်သည်။
မျှော်လင့်ထားသည့်အတိုင်း ပြိုင်ဘက်အသင်းဘက်တွင်လည်း ဆွေးနွေးမှု အသစ်တစ်ရပ် စတင်နေလေပြီ။ ကွင်းလယ်ခံစစ် နေရာတွင် ကစားခဲ့ဖူးသော အာတီတာက ခံစစ်ကို မည်သို့ အားဖြည့်ရမည်ကို ကောင်းစွာ သိထားသည်။
"ဇင်ချန်ကို နေရာလွတ် အလွယ်တကူ မပေးဖို့ လိုတယ်... ခံစစ်မှာပဲ လုံးဝ အထိုင်ချနေခိုင်းလိုက်..."
ဤသို့ဆိုလျှင် လာပေါ့တ် အနေဖြင့် လူကာကူကိုသာ အာရုံစိုက် လူကပ်ထားနိုင်မည် ဖြစ်ပြီး အော်တာမန်ဒီနှင့် ကိုင်လီဝေါ်ကာတို့က ချူဖုန်းကို ဝိုင်းဝန်း ထိန်းချုပ်နိုင်မည် ဖြစ်သည်။
အာဂျင်တီးနား ခံစစ်ကြောင်း၏ ခေါင်းဆောင် တစ်ယောက်အနေဖြင့် အော်တာမန်ဒီသည် တစ်သင်းလုံး၏ ခံစစ်ကို ညွှန်ကြားရန် တာဝန်ယူထားပြီး ဂွါဒီယိုလာ၏ လက်အောက်တွင် သူ၏ ခေါင်းမာတတ်သော အကျင့်ကို တဖြည်းဖြည်း ပြင်ဆင်နိုင်ခဲ့သည်။
အော်တာမန်ဒီနှင့် ဝေါ်ကာတို့ နှစ်ယောက်ပေါင်းကာ တစ်ယောက်က အရှိန်ကိုသုံးပြီး နောက်တစ်ယောက်က နည်းစနစ်ကို သုံးမည်ဆိုပါက ချူဖုန်းကို လုံးဝ အသေသတ်ထားနိုင်မည်မှာ သေချာလှသည်။
"ကောင်းပြီ... လောလောဆယ် ဒီအတိုင်းပဲ လုပ်ကြတာပေါ့။ ဒါပေမဲ့ ညာတောင်ပံ တိုက်စစ်ကိုတော့ ဒီအတိုင်း လွှတ်ထားလို့ မဖြစ်ဘူး... ချူဖုန်း ခံစစ်ကို မဖြစ်မနေ ပြန်ဆင်းလာအောင် ဖိအားပေးရမယ်..."
ဂွါဒီယိုလာက ခေါင်းညိတ်လိုက်ပြီး သူ၏ မျက်လုံးများထဲတွင်တော့ စိုးရိမ်ပူပန်မှုများ အပြည့်အဝ ကိန်းအောင်းနေ၏။
ထိုအခိုက် ချူဖုန်းက မန်စီးတီး နည်းပြခုံတန်းဘက်သို့ ရုတ်တရက် လှည့်ကြည့်လာပြီး တောက်ပစွာ ပြုံးပြလိုက်သည်။ ဂွါဒီယိုလာထံမှ ထွက်ပေါ်နေသော သိသာလှသည့် ရန်လိုမှု အငွေ့အသက်များကို သူ အမြဲတမ်း ခံစားသိရှိနိုင်လေသည်။
သူတို့နှစ်ယောက်က မတူညီသော အသင်းနှစ်သင်း ဖြစ်ကြသော်လည်း ဘယ်အချိန်မှာ ရပ်တန့်ရမလဲဆိုတာတော့ သိထားသင့်သည် မဟုတ်ပါလား။
ထို့ကြောင့် ချူဖုန်းသည် မန်စီးတီးကို အနိုင်ယူရန်၊ သူ၏ ယောက္ခမလောင်းကြီး နှင့် ယှဉ်ပြိုင်ရာတွင် အပြတ်အသတ် အသာစီးရရန်နှင့် အိမ်ထောင်ရေးတွင် သူ၏ အနာဂတ် အဆင့်အတန်းကို ကြိုတင် လုံခြုံမှု ရှိစေရန်အတွက် သူ၏ အားအင်များကို အချိန်ကြာမြင့်စွာ အောင့်ထားခဲ့ခြင်း ဖြစ်သည်။
ထိုအကြောင်းကို တွေးမိသည်နှင့် ပွဲကြည့်စင်၏ နေရာတစ်နေရာဆီသို့ သူ လက်လှမ်းပြလိုက်သည်။
"အားတင်းထား..."
မာရီယာ ၏ နဖူးပေါ်ရှိ ဆံစလေးများမှာ ချွေးများဖြင့် စိုရွှဲနေပြီး သူမက လက်နှစ်ဖက်ကို အသံချဲ့စက်သဖွယ် ကတော့လုပ်ကာ ကျယ်လောင်စွာ အော်ဟစ်အားပေးနေလေသည်။
သူမနှင့် ချူဖုန်းတို့၏ ဆက်ဆံရေးကို The Sun သတင်းစာက ဖွင့်ချပြီးကတည်းက ဂွါဒီယိုလာ၏ သမီးတစ်ယောက် အနေဖြင့် သူမသည်လည်း အတိုင်းအတာ တစ်ခုအထိ နာမည်ကျော် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့သည်။ ထို့ကြောင့် သူတို့နှစ်ယောက် တိုင်ပင်ပြီးနောက် ဖုံးကွယ်မထားတော့ဘဲ ပြင်ပလောကကို ပွင့်ပွင့်လင်းလင်း ဝန်ခံရန် ဆုံးဖြတ်ခဲ့ကြသည်။
ယင်းကဲ့သို့ အတိအလင်း ဝန်ခံခြင်းက ဝေဖန်မှု အများအပြားကို ဆွဲဆောင်နိုင်မည် ဖြစ်သော်ငြားလည်း ဂွါဒီယိုလာနှင့် မော်ရင်ညိုတို့ ရှိနေသရွေ့တော့ ပြဿနာ မရှိနိုင်ပါချေ။
ထိုအဖိုးကြီး နှစ်ယောက်မှာ တစ်ယောက်က သမီးအတွက်၊ နောက်တစ်ယောက်က တပည့်အတွက် အများပြည်သူ၏ ဝေဖန်မှုများကို မည်သို့ ဖြေရှင်းရမည်ဟူ၍ ဖုန်းဆက် တိုင်ပင်ခဲ့ကြပေသည်။
"နောက်ထပ် တစ်ဂိုး ထပ်သွင်း..." ဗယ်လင်တီးနား၏ မျက်နှာလေးမှာလည်း ရဲတက်နေပြီး အလွန် ချစ်စရာကောင်းနေ၏။
မိန်းကလေး နှစ်ယောက်ကို မှတ်မိသွားသောအခါ အနီးအနားရှိ မန်ယူ ပရိသတ်ကြီး တစ်ဦးက ဈေးသည်ကို အမြန်လှမ်းခေါ်လိုက်သည်။ "ဘီယာ နှစ်ခွက်ပေးဗျို့... အာ မဟုတ်ဘူး ကိုကာကိုလာ... အဲ သစ်သီးဖျော်ရည် နှစ်ခွက်ပေးပါ မိန်းကလေးတွေ အတွက်..."
ယခုအခါ ချူဖုန်း၏ အဆင့်အတန်းသည် မန်ယူအသင်း၏ အိမ်ရှေ့မင်းသား တစ်ပါးသဖွယ် ဖြစ်နေပြီး ၉၂-ခုနှစ် လူငယ်အသင်းထွက် ရိုင်ယန်ဂစ်၏ အဆင့်အတန်းနှင့် တန်းတူနီးပါး ရှိနေပြီ ဖြစ်သည်။
သရဲနီတို့ ပြိုလဲလုနီးပါး အခြေအနေသို့ ရောက်နေချိန်တွင် သူတို့အနေဖြင့် ရှေ့ထွက်လာမည့် သူရဲကောင်း တစ်ဦးကို အလွန်အမင်း လိုအပ်နေခဲ့သည်။
မန်ယူတွင် ကြီးပြင်းလာပြီး ငယ်ငယ်ရွယ်ရွယ်နှင့် နာမည်ကျော်လာခဲ့သော ချူဖုန်းက စီနီယာ အစ်ကိုကြီးများကို ဦးဆောင်ကာ မန်ယူအသင်းကို ထီးနန်းပေါ်သို့ ပြန်လည် ပို့ဆောင်ပေးခဲ့ပြီး ချန်ပီယံလိဂ် ဖလားကိုပါ ဆွတ်ခူးနိုင်အောင် ကူညီပေးခဲ့သည်။
သူ၏ သွေးကြောထဲတွင် မန်ယူအသင်းနှင့် သဘာဝကျကျ လိုက်ဖက်သော သွေးများ စီးဆင်းနေပုံရသည်။
မန်ယူ ပရိသတ်များ အားလုံးက ချူဖုန်း တစ်ယောက် အထွတ်အထိပ်သို့ ရောက်ရှိပြီး မန်ယူအသင်းကို မကြုံဖူးသေးသော အောင်မြင်မှုများဆီသို့ ဦးဆောင်သွားနိုင်မည်ဟု မျှော်လင့်နေကြသည်။
ချူဖုန်းသည် မန်ယူအသင်းအတွက် တစ်သက်လုံး တိုက်ပွဲဝင်သွားနိုင်မည် ဆိုပါက ထိုဇာတ်လမ်းသည် သူရဲကောင်းက နဂါးကို သတ်သည့် ပုံပြင်များကဲ့သို့ ပြီးပြည့်စုံနေမည် ဖြစ်သည်။
တစ်နေ့တွင် အိမ်မက်ပြဇာတ်ရုံကြီး ၏ အပြင်ဘက်၌ ချူဖုန်း၏ ရုပ်တုအသစ်တစ်ခုပင် ပေါ်ပေါက်လာနိုင်ပေသည်။
မန်ယူ ပရိသတ်များက အနာဂတ် တစ်နေ့တွင် သူတို့၏ ကလေးများ လက်ကိုဆွဲကာ အိုးထရက်ဖို့ဒ် ရှိ ပွဲကြည့်စင် အသစ်ကို လက်ညှိုးထိုးပြရင်း ဤသို့ ပြောနိုင်ရန်ပင် မျှော်လင့်နေကြသည်။
"ငါတို့ ငယ်ငယ်တုန်းက ချူဖုန်း ကစားတာကို ကြည့်ခဲ့ရတာကွ။ သူက ကန့်သတ်ချက် မရှိသလိုပဲ... လီဗာပူးကို ကမ်းခြေပြန်ပို့ပစ်ခဲ့သလို မန်စီးတီးက သောက်ကလေးတွေကိုလည်း မိန်းလမ်းမကြီး တစ်လျှောက်လုံး လိမ်ခေါက်ပြသွားခဲ့တာ... မင်းတို့က အဲဒီ အကောင်းဆုံး အချိန်တွေကို လွဲချော်သွားတာ နှမြောစရာပဲ..." ဟူ၍ ဆံပင်ဖြူနေပြီဖြစ်သော အားအင်ပြည့်ဝသည့် ပရိသတ်ကြီးက ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုနိုင်ပေလိမ့်မည်။
ယနေ့တွင်လည်း ချူဖုန်းက ဖိအားများကို ကြံ့ကြံ့ခံကာ မန်ယူအသင်း ချေပဂိုးရရန် ကူညီပေးခဲ့ပြန်သည်။
ချစ်ခြင်း၊ မုန်းခြင်း ရောထွေးနေသော ခံစားချက်များကြောင့် မန်ယူ ပရိသတ်များမှာ ငွေစုပြီး သစ်သီးဖျော်ရည် နှစ်ခွက်သာမက ခွက် နှစ်ရာလောက်ပင် ဝယ်တိုက်ရန် အဆင်သင့် ဖြစ်နေကြ၏။
မာရီယာနှင့် ဗယ်လင်တီးနားတို့ကလည်း မငြင်းဆန်ဘဲ ဖျော်ရည်များကို အပြုံးဖြင့် လက်ခံခဲ့ပြီး ချိုသာစွာ ကျေးဇူးတင်စကား ဆိုလိုက်ကြသည်။ သူမတို့၏ ကျေးဇူးတင်သံလေးများကြောင့် မန်ယူ ပရိသတ်များ၏ အရိုးများပင် အရည်ပျော်ကျမတတ် ဖြစ်သွားရလေသည်။
ဂွါဒီယိုလာ တစ်ယောက် ချူဖုန်း၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်ရာ သူ၏ ရင်ထဲတွင် မြားတစ်ထောင် အစိုက်ခံလိုက်ရသကဲ့သို့ သွေးအန်မတတ် ခံစားလိုက်ရသည်။ သူက အံကြိတ်ကာ အော်ဟစ်လိုက်၏။
"ကိုင်လီဝေါ်ကာကို ခန္ဓာကိုယ်ချင်း အကြမ်းပတမ်း တိုက်ခိုင်းလိုက်စမ်း... ဖောင်းဘော ဖြစ်ဖြစ် ဂရုစိုက်မနေနဲ့။ ချူဖုန်းကို ထပ်အကျော်ခံရရင်တော့ သူ လူငယ်အသင်းမှာ နောက်ထပ် လဝက်လောက် သွားနေဖို့သာ ပြင်ထားပေတော့..."
ဘေးဘက် ပွဲကြည့်စင်ရှိ မန်စီးတီး ပရိသတ်များကြားတွင် ထိုင်နေသော မာရီးယပ်စ်မှာလည်း မည်းမှောင်နေသော လေထုကြီးကို ခံစားမိပြီး သူ့ကို တစ်ယောက်ယောက်က သောက်စရာ လာပေးမလား ဆိုသည့် မျှော်လင့်ချက်ဖြင့် သူ၏ ဘေ့စ်ဘောဦးထုပ်ကိုပင် ချွတ်ထားလိုက်သေးသည်။
သို့သော် အချိန်အတော်ကြာ စောင့်နေသည့်တိုင် မည်သူကမျှ သူ့ကို မမှတ်မိကြချေ။ သူသည် ဗယ်လင်တီးနားကို မနာလိုစွာ ကြည့်ရင်း နောက်တစ်ကြိမ်ဆိုလျှင် သေအောင် အရိုက်ခံရရင်ခံရပါစေ မန်ယူ မိသားစုဝင်များ ထိုင်သည့်နေရာတွင် မထိုင်ဘဲ မနေတော့ဘူးဟု တွေးလိုက်မိသည်။
စိမ်းလန်းသော ဘောလုံးကွင်းပြင်ကြီးပေါ်တွင်တော့...
ချူဖုန်းက အသင်းဖော်များကို ဦးဆောင်ကာ သူတို့၏ ကွင်းဘက်ခြမ်းသို့ ပြန်လာချိန်တွင် ကွင်းဘေးရှိ မန်စီးတီး ကစားသမားများ၏ မျက်နှာအမူအရာများမှာ အနည်းငယ် ရှုပ်ထွေးနေကြသည်။ ယခင် မန်ချက်စတာ ဒါဘီပွဲများတွင်လည်း ချူဖုန်း ဂိုးသွင်းပြီးချိန်တိုင်း မန်ယူအသင်း၏ အရှိန်အဟုန်က သိသိသာသာ မြင့်တက်လာလေ့ ရှိသည် မဟုတ်ပါလား။
"ဘော့စ် ပြောတာကို ကြားတယ်မလား။ အားလုံး အာရုံစိုက်ထားကြ..." ဒေးဗစ် ဆေးလ်ဗားက အသံကျယ်ကျယ်ဖြင့် သတိပေးလိုက်သည်။
ဒီဘရိုင်းက အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်၏။
ပရီးမီးယားလိဂ် တစ်ခုလုံးတွင် ချူဖုန်း၏ စွမ်းဆောင်ရည်ကို အစောဆုံး သတိပြုမိခဲ့သူများထဲတွင် သူလည်း တစ်ယောက်အပါအဝင် ဖြစ်သည်။ သို့သော် ချူဖုန်း တစ်ယောက် ဤမျှ လျင်မြန်စွာ တိုးတက်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ပြီးခဲ့သည့် ရာသီအစပိုင်းက သူ ဤမျှလောက် ဖိအားမခံစားခဲ့ရသော်လည်း ယနေ့ပွဲစဉ်တွင် သူကိုယ်တိုင်ပင် တုံ့ဆိုင်းပြီး ကြောက်ရွံ့နေသလို ခံစားနေရသည်။
ပြိုင်ဘက်က သူတို့၏ ဂိုးဧရိယာထဲသို့ ထိုးဖောက်ဝင်ရောက်လာပါက အချိန်မီ ပြန်လည် ခုခံနိုင်မည် မဟုတ်ဟု သူတို့ စိုးရိမ်နေကြ၏။
"ပွဲမစခင်တုန်းက ဘော့စ် ပြောတာက တိုက်စစ်ကို တိုက်စစ်နဲ့ ပြန်ဖိမယ်ဆို... အခုကျတော့ ငါတို့က ပြန်အဖိခံနေရပါလား..."
ဒီဘရိုင်း က စိုးရိမ်ပူပန်သော မျက်နှာထားဖြင့် သူ၏ နှာခေါင်းကို ပွတ်သပ်လိုက်သည်။
တီ…
စူးရှသော ခရာမှုတ်သံ ထွက်ပေါ်လာပြီး ပွဲကို ပြန်လည် စတင်လိုက်သည်။
အသင်းနှစ်သင်းလုံး၏ အခြေခံ နည်းဗျူဟာများက ပြောင်းလဲသွားခြင်း မရှိချေ။ မန်ယူအသင်းက ဘောလုံးပိုင်ဆိုင်မှုကို ဆက်လက် စွန့်လွှတ်ထားပြီး မန်စီးတီး ကွင်းလယ်တွင် ဖိအားပေးလာမည့် အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။
ထို့ပြင် သူတို့သည် ထိပ်တိုက် ရင်ဆိုင်မှု အကြိတ်အနယ် ရှိလာစေရန် အရှိန်မြှင့်လာကြသည်။
မော်ရင်ညိုက သူတို့ကို တစ်ခါက ပြောဖူးသည်။ "ဘောလုံးဆိုတာ လူကြီးလူကောင်းတွေ ကစားတဲ့ ကစားနည်း တစ်ခါမှ မဟုတ်ခဲ့ဘူး... မင်းတို့ကို လူမိုက်တွေလို ဖြစ်စေချင်တယ်..."
ဆွတ်ဆွတ်ဖြူနေသော ဆံပင်များနှင့် မော်ရင်ညိုသည် မိမိကိုယ်ကို အခြားသူများထက် နိမ့်ကျသည်ဟု ဘယ်သောအခါမှ မယူဆဘဲ စိတ်အားထက်သန်စွာဖြင့် အမိန့်ပေး ညွှန်ကြားနေသည်။
ဆန့်ကျင်ဘက်အနေဖြင့် သူသည် အမြဲတမ်း မိမိကိုယ်ကို "အထူးခြားဆုံးသူ" ဟူသည့် စိတ်ဓာတ်ကို စွဲကိုင်ထားသူ ဖြစ်သည်။
ဂွါဒီယိုလာကလည်း ရူးသွပ်မတတ် ညွှန်ကြားချက်များ ပေးနေကာ ကွင်းထဲရှိ ကစားသမားများ၏ လှုပ်ရှားမှုများကို ထိန်းချုပ်ရန် ဂျွိုင်းစတစ် တစ်ခုကို ကိုင်ထားချင်နေသည့်အလား ပုံပေါက်နေသည်။
နည်းပြချုပ် နှစ်ဦး အကြိတ်အနယ် ယှဉ်ပြိုင်နေချိန်တွင် ကွင်းထဲရှိ ကစားသမားများအကြား ထိပ်တိုက် တွေ့ဆုံမှုများကလည်း ပိုမို ပြင်းထန်လာလေသည်။
***