ဂွါဒီယိုလာ၏ ညွှန်ကြားချက်များကို သတိရသွားသော ကိုင်လီဝေါ်ကာက အမြန်လှည့်ကာ ချူဖုန်းကို ဆွဲလှဲရန် အရူးအမူး ကြိုးစားတော့သည်။ သူက ချူဖုန်း ကိုယ်လုံးကို ဖက်တွယ်ထားလိုက်ချင်စိတ်ပင် ပေါက်သွား၏။
"ကွင်းလယ်မျဉ်းနဲ့ မဝေးတဲ့ နေရာမှာသာ လူတစ်ယောက်ကို ဆွဲလှဲလိုက်မယ် ဆိုရင်... အဝါကတ်တောင် ပြခံရချင်မှ ပြခံရမှာလေ..."
မော်ရင်ညို၏ နည်းဗျူဟာကြောင့် မန်ယူအသင်းတွင် တန်ပြန်တိုက်စစ် အခွင့်အရေး များများစားစား မရရှိခဲ့ရာ ချူဖုန်း အနေဖြင့် လက်ဗလာဖြင့် အချည်းနှီး ပြန်မလှည့်ချင်တော့ပေ။
ထို့ကြောင့် သူသည် ကိုင်လီဝေါ်ကာ တွယ်ချိတ်ထားသည့်တိုင် အတင်းရုန်းကာ သူ၏ ကိုယ်ဟန် အနေအထားကို အစွမ်းကုန် ထိန်းညှိပြီး မြေပြင်ပေါ်သို့ လဲကျသွားရင်း ဘယ်ခြေဖြင့် ဘောလုံးကို ခပ်ပြင်းပြင်း ပေးပို့လိုက်လေသည်။
"မင်းက လူရော ဟုတ်သေးရဲ့လားကွာ..." ကိုင်လီဝေါ်ကာက မယုံနိုင်စွာဖြင့် စိုက်ကြည့်နေမိသည်။
နောက်တစ်စက္ကန့်တွင် လေးလံသော အသံကြီး ထွက်ပေါ်လာ၏။
ဘန်း…
မီးမောင်းပေါင်း ဒါဇင်များစွာ၏ အလင်းရောင်အောက်တွင် ဘောလုံးသည် ကောင်းကင်ယံမှ ဖြတ်သန်းသွားသော ကြယ်ပျံတစ်စင်းသဖွယ် လည်ထွက်သွားကာ ညာတောင်ပံဘက်သို့ တန်းတန်းမတ်မတ် ပျံသန်းသွားလေသည်။
မန်ယူ ပရိသတ်များ၏ အားပေးသံများက ပိုမို ကျယ်လောင်လာခဲ့သည်။
သူတို့ ချူဖုန်းကို သဘောကျရသည့် အကြောင်းရင်းမှာ သူ၏ ဘယ်တော့မှ အရှုံးမပေးတတ်သော စိတ်ဓာတ်ကြောင့် ဖြစ်သည်။
ထိုစိတ်ဓာတ်မျိုးကြောင့်ပင် မန်ယူအသင်းသည် မြူးနစ် ကြေကွဲဖွယ် အဖြစ်ဆိုးကြီးမှ ရုန်းထွက်နိုင်ခဲ့ပြီး သရဲနီတို့ ပိုင်ဆိုင်သော ခေတ်တစ်ခေတ်ကို တည်ဆောက်နိုင်ခဲ့ခြင်း မဟုတ်ပါလား။
မာရက်ဇ်သည် ဘောလုံး၏ လမ်းကြောင်းကို ကြိုတင် ခန့်မှန်းထားပြီး အံကြိတ်ကာ အစွမ်းကုန် ပြေးထွက်သွားရာ ချူဖုန်း သွေးချွေးများ ရင်းနှီး၍ ဖန်တီးပေးလိုက်သော အခွင့်အရေး တစ်ခုကို ရရှိသွားလေပြီ။
“ဒီအခွင့်အရေးကို အလဟဿ အဖြစ်ခံလို့ မဖြစ်ဘူး”
ခံစစ်တွင် အထိုင်ချနေသော ဇင်ချန်ကိုမှာ ချူဖုန်း လဲကျသွားပြီး ပြစ်ဒဏ်ဘော တောင်းမည်ဟု ထင်ထားခဲ့သော်လည်း မျှော်လင့်မထားဘဲ ဘောလုံးက သူ့ဘက်သို့ ရောက်လာသဖြင့် ကြောင်အသွားသည်။
သတိလက်လွတ် ဖြစ်သွားသဖြင့် သူ၏ ကာကွယ်မှုကို လျှော့ချလိုက်ပြီး ဘောလုံးကို လုယူရန် သတိမဲ့စွာ ရှေ့တက်သွားမိသည်။
"နောက်ပြန်ဆုတ်လေ..."
လာပေါ့တ်က စိုးရိမ်တကြီး သတိပေးလိုက်သော်လည်း သူက တစ်လှမ်း နောက်ကျသွားခဲ့ပြီ ဖြစ်ကာ မာရက်ဇ် ဘောလုံးကို ရပ်တန့်ပြီး ဇင်ချန်ကိုကို သေသေသပ်သပ် လိမ်ခေါက် ကျော်ဖြတ်သွားသည်ကိုသာ ရပ်ကြည့်နေနိုင်တော့သည်။
ဝိုး...
ဝင်ဘလေကွင်းကြီး အတွင်းရှိ ပွဲကြည့်စင်များမှ မန်ယူ ပရိသတ်များသည် တောက်လောင်နေသော မီးတောက်များသဖွယ် ရုတ်တရက် မတ်တတ်ရပ်လိုက်ကြသည်။ ထို့နောက် စိတ်အားထက်သန်ပြီး လှုပ်ရှားဖွယ် ကောင်းလှသော သီချင်းသံကြီး ထွက်ပေါ်လာ၏။
"သရဲနီတို့ ရှေ့သို့ချီ... ဘုန်းကျက်သရေတို့ မန်ယူဆီ..."
"ဝင်ဘလေ… ဝင်ဘလေ"
"ငါတို့က ကြီးမြတ်တဲ့ မန်ချက်စတာ ယူနိုက်တက်ကွ..."
မာရက်ဇ်သည် ပင်နယ်တီ ဧရိယာဘက်သို့ အရှိန်ပြင်းပြင်းဖြင့် ဘောလုံးဆွဲပြေးလာရင်း ခံစစ်မှူးများ၏ နေရာယူမှုများကို အကဲခတ်လိုက်သည်။
ချူဖုန်းနှင့် ကိုင်လီဝေါ်ကာတို့သည် ကွင်းလယ်နှင့် ရှေ့တန်းကြားတွင် ရှိနေဆဲ ဖြစ်သဖြင့် ဤတိုက်စစ်တွင် သူတို့ ပါဝင်နိုင်ရန် အချိန်မီမည် မဟုတ်ပေ။ ရုတ်တရက်ဆိုသလို သူ မရင်းနှီးသော ခံစားချက် တစ်ခုကို ရရှိသွားသည်။
သူ မန်ယူအသင်းသို့ ရောက်ကတည်းက တိုက်စစ်ဆင်မှုတိုင်း နီးပါးတွင် ထိုရင်းနှီးနေသော ကျောပြင်လေးကို အမြဲတမ်း မြင်တွေ့နေကျ ဖြစ်သည် မဟုတ်ပါလား။
သူ အသက် ၁၅ နှစ်တွင် ဖခင်ဖြစ်သူ နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ အသက် ၁၈ နှစ်တွင် သူ၏ ကံကြမ္မာကို ပြောင်းလဲနိုင်မည့် အခွင့်အရေးကို လက်လွှတ်ခဲ့ရပြီး အသက် ၂၂ နှစ်တွင် ပြင်သစ် အောက်ခြေလိဂ်များတွင် ကစားနေရဆဲ ဖြစ်သည်။
သူ၏ ဘဝက ဘယ်လောက် ခက်ခဲခဲ့တယ် ဆိုတာကို သိစေချင်လို့ ဒီစကားကို ပြောနေတာ မဟုတ်ပါဘူး။
ဘာပဲဖြစ်ဖြစ် လူတစ်ယောက်က ထူးခြားတဲ့ လူတစ်မျိုး ဖြစ်လာချင်တယ်ဆိုရင် သာမန်လူတွေထက် ပိုဆိုးတဲ့ ဆင်းရဲဒုက္ခ တစ်မျိုးကိုတော့ ကြိတ်မှိတ်ခံနိုင်ရမယ်လေ။
သို့သော် လေ့ကျင့်နေခြင်း သီးသန့်က တောက်ပသော အနာဂတ်ကို အမြဲတမ်း အာမခံချက် မပေးနိုင်ကြောင်းကိုတော့ မာရက်ဇ် နားလည်ထားသည်။ ချူဖုန်း ကဲ့သို့ပင် သူသည်လည်း ရရှိလာသော အခွင့်အရေးတိုင်းကို အရယူရန် ကျင့်သားရနေခဲ့လေပြီ။
အော်တာမန်ဒီက လူကာကူ ကို လူကပ်ထားရမည် ဖြစ်ပြီး လာပေါ့တ်က သူ့ကို သေချာပေါက် ဖိအားပေးလာမည်။ လာပေါ့တ်ကိုသာ ကျော်ဖြတ်နိုင်ပါက သူ အောင်မြင်ပြီ ဖြစ်သည်။
ယခင်က မာရက်ဇ်သည် ဇာတ်ပို့ တောင်ပံကစားသမား အဖြစ်သာ ကစားခဲ့သော်လည်း ယနေ့တွင်မူ သူသည် ဇာတ်လိုက် ဖြစ်ချင်နေသည်။
လူကာကူသည် ဂိုးပေါက်ရှေ့တွင် အခွင့်အရေးကောင်းများကို မကြာခဏ လွဲချော်လေ့ ရှိသော်လည်း သူ၏ အသိစိတ်ကတော့ လက်ခံနိုင်လောက်သော အနေအထားတွင် ရှိသေးသည်။ သူ ချက်ချင်းပင် ဆန့်ကျင်ဘက် ဦးတည်ချက်သို့ ပြေးထွက်သွားကာ အော်တာမန်ဒီကို ခေါ်ထုတ်သွားလေသည်။
သူ့တွင် ပေါက်ကွဲထွက်လောက်သော အရှိန်အဟုန် မရှိကြောင်း မာရက်ဇ် ကောင်းကောင်း သိသည်။ သို့သော် သူ၏ အားသာချက်များက စည်းချက်နှင့် နည်းစနစ်ပိုင်း ဖြစ်သဖြင့် ဘောလုံးကို အဆက်မပြတ် မြန်မြန်ဆန်ဆန် ထိကာ နေရာလွတ် ဖန်တီးလိုက်ပြီး ချက်ချင်းပင် သူ၏ ဘယ်ခြေကို လွှဲကန်လိုက်လေသည်။
လာပေါ့တ်က ကြားဖြတ်ရန် မသိစိတ်အရ ခြေထောက်ကို ဆန့်ထုတ်လိုက်သည်။
"မာရက်ဇ်ရဲ့ လိမ်ခေါက်မှုက ရော်ဘင်ကို သတိရစေတယ်ဗျာ..."
"အတွင်းဘက်ကို ချိုးဝင်တယ်... ကန်သွင်းလိုက်ပြီ... လှလိုက်တာ"
"ဂိုး… မန်ယူအသင်း ဦးဆောင်ဂိုး ရသွားပါပြီ... ဒုတိယပိုင်း ၈၁ မိနစ်မှာ မန်ယူအသင်းက တန်ဖိုးရှိတဲ့ ဂိုးတစ်ဂိုးကို သွင်းယူသွားနိုင်ခဲ့ပါပြီ..."
"သူတို့သာ ဒီဦးဆောင်မှုကို ထိန်းထားနိုင်ရင် ဒီညရဲ့ အနိုင်ရသူတွေ ဖြစ်လာမှာပါ"
ဝုန်း...
ဝင်ဘလေကွင်းကြီးသည် ဆူပွက်နေသော ရေနွေးအိုးကြီးသဖွယ် အပြင်းအထန် ပွက်ပွက် ဆူလာတော့သည်။
ဂိုးသွင်းပြီးနောက် မာရက်ဇ်သည် တစ်ယောက်တည်း အောင်ပွဲခံမနေတော့ဘဲ ချူဖုန်းထံသို့ ပြေးသွားကာ ပြောလိုက်သည်။ "ချူ... မင်းကျေးဇူးကြောင့်ပဲကွာ... မင်းက ဘောလုံးကို ပေးရုံတင်မကဘူး။ အရည်အသွေး အရမ်းမြင့်တဲ့ ပေးပို့မှုမျိုးကို လုပ်ပေးခဲ့တာ..."
"အဲဒီပေးပို့မှုမှာ ကံကောင်းခြင်းလေးလည်း နည်းနည်း ပါသွားလို့ပါကွာ..." ချူဖုန်းက သူ့ကို လက်ဝါးချင်းရိုက်ကာ ဖက်လိုက်ရင်း နှိမ့်ချစွာ ပြန်ပြောလိုက်သည်။
တကယ်တမ်းတွင် သူ လိမ်ပြောနေခြင်း မဟုတ်ပါ။ အကြောင်းမှာ ဟန်ချက်ပျက်လုနီးပါး အခြေအနေတွင် ထိုသို့သော ဘောလုံးမျိုး ပေးပို့နိုင်ရန်မှာ အလွန် ခက်ခဲလှသောကြောင့် ဖြစ်သည်။
ကိုင်လီဝေါ်ကာ တစ်ယောက် အခုထိ စိတ်သက်သာရာ မရသေးပေ။ သူ ဘယ်လောက်ပဲ ကြိုးစားတွေးတွေး ချူဖုန်း မည်ကဲ့သို့ ဘောလုံးပေးနိုင်သွားသည်အား နားမလည်နိုင်အောင် ဖြစ်နေသဖြင့် ခေါင်းငိုက်စိုက်ကျကာ အသင်းဖော်များကို ပြောလိုက်ရသည်။
"ဆောရီးကွာ... ငါ့အမှားပါ..."
"ကိစ္စမရှိပါဘူး... ပွဲက မပြီးသေးဘူးလေ... ဆက်လုပ်ကြတာပေါ့"
ဒီဘရိုင်းက သူ့ကို နှစ်သိမ့်ပေးလိုက်သည်။ သူသည် ကော်တွိုက်စ်နှင့် သွားမတိုးသရွေ့ အမြဲတမ်း နားလည်ပေးနိုင်စွမ်း ရှိသူ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ကွင်းဘေးရှိ ဂွါဒီယိုလာမှာ စိတ်ဆိုးနေရန် အချိန်မရှိတော့ဘဲ ဖာနန်ဒင်ဟိုနှင့် ဒဲလ်ဖ်တို့ကို သွေးပူလေ့ကျင့်ခန်း အမြန်လုပ်ခိုင်းလိုက်သည်။
တကယ်တော့ ခုနက ဂိုးပေးလိုက်ရခြင်းမှာ ဇင်ချန်ကို၏ အမှားတစ်ခုတည်း မဟုတ်သလို မည်သူ့အပေါ် အပြစ်ပုံချရမည်ကို ငြင်းခုံနေ၍ အကျိုးမရှိပေ။ ယခု အရေးအကြီးဆုံးမှာ ချေပဂိုးရရန် နည်းလမ်း ရှာရမည် ဖြစ်သည်။
ဂွါဒီယိုလာသည် လူစားလဲခွင့်များကို ချန်မထားတော့ပေ။ အဘယ်ကြောင့်ဆိုသော် လိဂ်ဖလားတွင် အချိန်ပို မရှိဘဲ နာကျင်အချိန်ပို ပြီးသည်နှင့် အရာအားလုံး ပြီးဆုံးသွားမည် ဖြစ်သောကြောင့်တည်း။
သူ အရာအားလုံးကို စွန့်စားရတော့မည်။
မော်ရင်ညိုကတော့ အထူးတလည် စိတ်လှုပ်ရှားမနေဘဲ မာတစ်ကို ကွင်းဘေးသို့ ခေါ်ကာ ကောင်လေးများကို ပိုကြမ်းကြမ်း ကစားရန် မှာကြားလိုက်သည်။ သူတို့က ပြစ်ဒဏ်ဘော များများစားစား ပေးရလျှင်လည်း စိတ်ပူစရာ မရှိချေ။ အကြောင်းမှာ မန်စီးတီးတွင် အမြင့်ဘော ယှဉ်လုနိုင်မည့် အရပ်ရှည် ကစားသမားများ မရှိသောကြောင့်ပင်…။
ကွင်းထဲသို့ ပြန်ရောက်ပြီးနောက် မာတစ်က ဘော့စ်၏ ညွှန်ကြားချက်များကို အသင်းဖော်များထံ ပြန်လည် ပြောပြလိုက်သည်။
မန်ယူ ကစားသမားများ အောင်ပွဲခံပြီးချိန်တွင် ချူဖုန်းကလည်း အသင်းဖော်များကို တာဝန်များ ခွဲဝေပေးနေ၏။ "ရိုမီလူ... မင်း နောက်ကို နည်းနည်း ပြန်ဆင်းပေး... မန်စီးတီးရဲ့ ခံစစ်မှူးတွေနဲ့ ကွင်းလယ်ခံစစ်လူတွေ ကြားက သူတို့ရဲ့ ဘောလုံး ပေးပို့မှုတွေကို တတ်နိုင်သမျှ နှောင့်ယှက်ပေးထား..."
"ပေါလ်... ခင်ဗျားလည်း အတူတူပဲ... ကိုယ့်နေရာကိုယ် အမြဲ သတိထားနေ..."
“…”
လူကာကူက နားလည်ကြောင်း ခေါင်းညိတ်ပြသော်လည်း ပေါ့ဘာကတော့ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားပုံရသည်။ သို့သော် အကြောင်းပြချက်ကိုတော့ သူ သေချာ မရှင်းပြနိုင်ချေ။
ကလေးတစ်ယောက်လို စိတ်ကောက်နေတာလည်း ဖြစ်နိုင်ပါတယ်။
အားလုံး၏ အံ့အားသင့်မှုများကြားတွင် စတုတ္ထ ဒိုင်လူကြီးက ရုတ်တရက် အယ်လ်အီးဒီ ဘုတ်ကို မြှောက်ပြလိုက်ရာ နံပါတ်နှစ်ခုကို ထင်ရှားစွာ မြင်လိုက်ရသည်။ ၆ နှင့် ၃၉။
မက်တော်မီနေးက ပေါ့ဘာ နေရာတွင် ဝင်ရောက်လာခြင်း ဖြစ်သည်။
ပေါ့ဘာသည် ကီပါလောက်တော့ ရဲတင်းခြင်း မရှိပါ။ အကြောင်းမှာ မော်ရင်ညို၏ စရိုက်ကို သူ သိထားသောကြောင့် ဖြစ်သည်။ အရန်ခုံတန်းပေါ်တွင် ထိုင်ခိုင်းမည်ဟု ပြောလျှင် သူ အမှန်တကယ်ပင် ထိုင်ခိုင်းမည် ဖြစ်သည်။
"ကောင်းကောင်း ကစားခဲ့ပါတယ်..."
မက်တော်မီနေးက ချီးကျူးစကား ဆိုကာ ပေါ့ဘာကို လက်ဝါးချင်းရိုက်လိုက်ပြီးနောက် ကွင်းထဲသို့ ဝင်ရောက်လာသည်။
ကန်တေ မန်ယူသို့ ရောက်လာပြီးကတည်းက သူ၏ ကစားချိန်များမှာ ထပ်မံ လျှော့ချခံလိုက်ရသော်ငြား ထိုသို့ဖြစ်လင့်ကစား သူ၏ လေ့ကျင့်မှုများကိုမူ မလျှော့ချခဲ့ပေ။
ဘာကြောင့်လဲဆိုတော့ သူ အစောကြီး မဟုတ်ရင်တောင် နောက်ပိုင်းမှာ ကစားခွင့် ရလာမယ်ဆိုတာ သူ သိထားလို့ပင်…။
"စကော့... ဖာနန်ဒင်ဟိုကို လူကပ်ရမယ့် တာဝန်က မင်းတာဝန်ပဲနော်"
ချူဖုန်းက သူ့သူငယ်ချင်းဆီသို့ ညာဘက် လက်သီးဆုပ်ကို လှမ်းပေးလိုက်သည်။
"စိတ်မပူနဲ့" မက်တော်မီနေး၏ မျက်လုံးများထဲတွင် တိုက်ပွဲဝင်လိုစိတ်များ ပြည့်နှက်နေ၏။
တီ…
ပွဲ ပြန်စချိန်တွင် မန်စီးတီးတို့က အံ့အားသင့်ဖွယ် ကောင်းလောက်အောင် အလျင်စလို မလုပ်ဘဲ တည်တည်ငြိမ်ငြိမ်ဖြင့် ဘောလုံးကို ပေးပို့ကာ ရှေ့သို့ ဖြည်းဖြည်းချင်း တက်လာကြသည်။
ဂွါဒီယိုလာသည် ကစားသမားများကို နည်းပြရာတွင် အလွန် တော်သည်ဟု ဆိုရပေမည်။
သို့သော် မော်ရင်ညိုကလည်း ပွဲချိန် နောက်ဆုံး အဆင့်သို့ ရောက်လာချိန်တွင် ပြိုင်ဘက်ကို ဘောလုံး ထိန်းချုပ်ရန် အခွင့်အရေး လုံးဝ မပေးတော့ပေ။
“ရှေ့တက် ဖိအားပေးစမ်း”
မော်ရင်ညို၏ တွန်းအားပေးမှုအောက်တွင် မန်ချက်စတာ ယူနိုက်တက် ကစားသမား အားလုံး ပြိုင်ဘက်များကို အတင်း ဝင်လုံးကြတော့သည်။ မန်ချက်စတာ စီးတီး ကစားသမားများကလည်း ဘောလုံး မဆုံးရှုံးအောင် အကောင်းဆုံး ကာကွယ်ကြသည်။
ဤသို့ဖြင့် ဘောလုံး တစ်လုံးကို ရရန် အတွက် လူအနည်းငယ် ဝိုင်းလုသည့် အနေအထားမျိုး အထိ ဖြစ်လာသည်။
***