အင်တာနက် တစ်ခွင်ရှိ ပရိသတ်များ စိတ်အားထက်သန်စွာ ဆွေးနွေးငြင်းခုံနေကြချိန်တွင် ချူဖုန်းနှင့် သူ၏ အသင်းဖော်များမှာ အဝတ်လဲခန်းသို့ ပြန်ရောက်လာပြီး သန့်ရှင်းသော ဂျာစီအင်္ကျီများကို လဲဝတ်နေကြလေပြီ။
မော်ရင်ညိုက မျက်နှာတွင် အပြုံးပန်းများ ဝေဆာစွာဖြင့် ဝင်ရောက်လာသည်။ "ငါတို့ လိဂ်ဖလားကို ရခဲ့ပေမဲ့ နောက်ထပ် နှစ်ရက်နေရင် ပရီးမီးယားလိဂ် ပွဲစဉ် (၂၈) လာတော့မယ်... ပြီးတော့ ငါတို့က ဘန်လေ အသင်းနဲ့ အဝေးကွင်းမှာ ကစားရမှာ..."
"သူတို့က ပြီးခဲ့တဲ့ ပွဲစဉ်မှာ စပါးကို အနိုင်ရထားတယ်... ကံတရားက အများကြီး ဖေးမခဲ့တယ် ဆိုပေမဲ့ ငါတို့ အနေနဲ့ ပေါ့ဆနေလို့ မရဘူး..."
"ဒါကြောင့်..."
မော်ရင်ညို၏ အပြုံးများ ချက်ချင်း ပျောက်ကွယ်သွားသည်။ "မနက်ဖြန် အားလပ်ရက် မရှိဘူး။ လူတိုင်း မနက် ၁၀ နာရီတိတိမှာ လေ့ကျင့်ရေးစခန်းကို ရောက်နေရမယ်... တစ်ယောက်မှ ပျက်ကွက်ခွင့် မရှိဘူး..."
အဝတ်လဲခန်း အတွင်းရှိ လေထုမှာ ရုတ်တရက် အေးစက်သွားလေသည်။
"ဒါဆိုရင် ကျွန်တော်တို့တော့ သေချာပေါက် ပင်ပန်းတော့မှာပဲ..." မက်ဂွိုင်းယားက အပေါ်ယံတွင် ညည်းတွားပြနေသော်လည်း အတွင်းစိတ်ထဲတွင်မူ ဝမ်းသာလုံးဆို့နေလေသည်။
"ဘော့စ်... ကျွန်တော် သူတို့ကို စောင့်ကြည့်ပေးထားပါ့မယ်... သူတို့ အပြင်မှာ အချိန်အကြာကြီး နေမှာ မဟုတ်ပါဘူး..."
ချူဖုန်းက ခဏမျှ တုံ့ဆိုင်းနေပြီးမှ ဝင်ပြောလိုက်သည်။
ရှေးခေတ်ကာလများတွင်ပင် တိုက်ပွဲတစ်ခု အနိုင်ရပြီးနောက် ဆုလာဘ် တစ်ခုခုတော့ ပေးလေ့ ရှိကြသည်။ ထို့ပြင် ဤပွဲစဉ်မှာ လွယ်ကူခဲ့သည်မဟုတ်ဘဲ သူတို့၏ အသက်များကို ပေးဆပ်ကာ အနိုင်ယူခဲ့ရခြင်း ဖြစ်သည်။
စကားပုံတစ်ခု ရှိသည် မဟုတ်ပါလား၊ "အနားယူခြင်းနှင့် ဖိအားပေးခြင်းကို မျှတစွာ ထားရှိခြင်းက အသက်ရှည်ခြင်း၏ လျှို့ဝှက်ချက်ပင် ဖြစ်သည်" ဟူ၍။
"အဟမ်း..." မော်ရင်ညိုက သူ၏ ကစားသမားများ၏ မျှော်လင့်တကြီး ကြည့်နေသော မျက်လုံးများကို ကြည့်ကာ နောက်ဆုံးတွင် စိတ်ပျော့သွားလေသည်။
"ဒါဆိုရင် မနက်ဖြန် လေ့ကျင့်ရေး အချိန်ကို နေ့လယ် ၂ နာရီ ပြောင်းပေးမယ်... ဒါပေမဲ့ မှတ်ထား။ အရက်မူးပြီး မလာခဲ့ကြနဲ့။ အဲဒီလို ဖြစ်ရင်တော့ နောက်ဆက်တွဲ အကျိုးဆက်ကို ကိုယ်တိုင် ခံစားဖို့သာ ပြင်ထားကြ"
"ဟေး... ဘော့စ်က အကောင်းဆုံးပဲဗျာ"
“ချစ်လိုက်တာ ဘော့စ်ရယ်”
အဝတ်လဲခန်းမှာ ပြန်လည် ဆူညံ သက်ဝင်လာပြီး လူအများအပြားက ချူဖုန်းကို ကြည့်ကာ ချူဖုန်း၏ သြဇာလွှမ်းမိုးမှုက ကြီးမားဆဲပင်ဟု တွေးလိုက်ကြသည်။
တခြားတစ်ယောက်ကသာ ဘော့စ်ကို ဒီလို တောင်းဆိုခဲ့မယ် ဆိုရင်တော့...
သေချာသည်မှာ မော်ရင်ညို၏ စရိုက်မှာ ယခင်ကထက် သိသိသာသာ ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။ သို့မဟုတ်ပါက သူ သဘောတူမည် မဟုတ်ချေ။
နာရီဝက်ခန့် အကြာတွင် ဝန်ထမ်းများက အောင်ပွဲခံ စင်မြင့်ကို တပ်ဆင်ပြီးစီးသွားသော်လည်း ချန်ပီယံလိဂ် သို့မဟုတ် ပရီးမီးယားလိဂ်ဖလား စင်မြင့်များနှင့်တော့ နှိုင်းယှဉ်၍ မရနိုင်ပေ။
သို့သော် အသင်းအတွင်းရှိ လူများစွာအတွက် ယင်းက ကြီးမားသော အဓိပ္ပာယ်များစွာ ရှိနေဆဲပင်။
ဥပမာအားဖြင့် ချူဖုန်းသည် လိဂ်ဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူးရရှိခြင်း ဖြစ်ပြီး "ဒီဖလားက သေးလွန်းလို့ ဟယ်ရီရဲ့ ခေါင်းလောက်တောင် မကြီးဘူး" ဟု သူက နောက်ပြောင်ခဲ့သည်။
ထို့အပြင် ဝမ်ဘစ်ဆာကာနှင့် မက်ဂွိုင်းယား တို့ကဲ့သို့သော ကစားသမားများအတွက်လည်း သူတို့၏ ကစားသမား ဘဝတွင် ပထမဆုံး ရရှိသော အဓိက ချန်ပီယံဆု ဖြစ်ပေသည်။
"ချူ... ငါ့ကို ပေးစမ်းပါဦး"
မာရက်ဇ်က ဆုဖလားကို ယူပြီးနောက် မက်ဂွိုင်းယား၏ ခေါင်းဘေးတွင် ကပ်ထားလိုက်ကာ အံ့သြဟန်ဆောင်လျက် ပြောလိုက်သည်။ "တကယ်ကြီးပဲဟ"
"ဟားဟားဟား"
စင်မြင့်ထက်ရှိ ရယ်မောသံများမှာ ရပ်တန့်မသွားခဲ့ချေ။
နောက်ဆုံးတွင်တော့....
ဘုန်း ဘုန်း ဘုန်း
ရေတွက်၍ မရနိုင်သော မီးရှူးမီးပန်းများ ကောင်းကင်ယံသို့ ပျံတက်သွားပြီး အနီရောင် ဖဲကြိုးများ ကောင်းကင် တစ်ခွင် ပြည့်နှက်နေချိန်တွင် ချူဖုန်းသည် လူအုပ်ကြီး၏ အလယ်တွင် ရပ်ကာ ချန်ပီယံ ဆုဖလားကြီးကို အထက်သို့ မြှောက်တင်လိုက်လေသည်
ဝိုး...
ဝင်ဘလေကွင်းကြီး အတွင်းရှိ မန်ယူ ပရိသတ်များ၏ အောင်ပွဲခံ အော်ဟစ်သံများက အမြောက်သံများကိုပင် လွှမ်းမိုးသွားလေတော့သည်။
ထိုညက ချန်ပီယံ အောင်ပွဲခံ အခမ်းအနားမှာ အချိန်အကြာကြီး မပြုလုပ်ဖြစ်ခဲ့ပါ။ အဘယ်ကြောင့် ဆိုသော် ယခုလအတွင်း လိဂ်ပွဲစဉ် တစ်ပွဲ ကျန်ရှိနေသေးပြီး လာမည့်လတွင်လည်း အရေးပါသော ချန်ပီယံလိဂ် ပွဲစဉ်တစ်ပွဲ ရှိနေသေးသောကြောင့်တည်း။
——
ည ၁၁ နာရီခွဲခန့်... အိုင်ဗီဘားတွင်။
"ကဲ... ဒီနေ့တော့ ဒီလောက်ပဲ။ အားလုံး အိမ်ကို စောစော ပြန်ကြတော့..."
ဘားကောင်တာတွင် ပိုက်ဆံရှင်းပြီးနောက် ချူဖုန်းသည် သူတို့ဝိုင်းသို့ ပြန်လာကာ အသင်းဖော်များကို ပြောလိုက်သည်။
သူသည် မော်ရင်ညိုထံမှ အားလပ်ချိန် အနည်းငယ် ရရှိအောင် တောင်းဆိုပေးနိုင်ခဲ့ပြီး ယင်းမှာ သူ၏ စရိုက်နှင့် အဆင့်အတန်းကြောင့်သာ ရရှိခဲ့ခြင်း ဖြစ်သည်။
မနက်ဖြန် လေ့ကျင့်ရေးတွင် လူတိုင်း ပုံစံကောင်း မပြနိုင်ပါက မော်ရင်ညို မည်မျှ ဒေါသထွက်မည်ကို ချူဖုန်း ကောင်းစွာ မှန်းဆနိုင်ပေသည်။
မကြာသေးမီက မော်ရင်ညို ဒေါသ မထွက်ခဲ့သော်လည်း ဤကဲ့သို့သော ကိစ္စမျိုးကိုတော့ သူ လုံးဝသည်းခံမည် မဟုတ်ဘဲ လိုအပ်ပါက မျက်နှာသာ ပေးမည်လည်း မဟုတ်ချေ။
"ကောင်းပါပြီ..."
မာရက်ဇ်မှာ အနည်းငယ် နှမြောနေသေးသော်လည်း သူ၏ ဝိုင်ခွက်ကို ပြတ်သားစွာ ဖယ်ထုတ်လိုက်ပြီး မတ်တတ်ရပ်လိုက်သည်။
"အင်း... မတ်လထဲမှာ ငါတို့ ပွဲစဉ် ၅ ပွဲပဲ ရှိတော့တာ... အဲဒါတွေ ပြီးတော့မှ ဘော့စ်ဆီက ခွင့်တောင်းပြီး နားကြတာပေါ့..." ဗလင်စီယာက ဝင်ပြောလိုက်သည်။
အသင်းထဲတွင် ရက်ရှ်ဖို့ဒ်၊ လင်ဂတ်နှင့် ပေါ့ဘာ တို့ကဲ့သို့ ဆော့ကစားလိုစိတ် များပြီး စကား နားထောင်မည် မဟုတ်သော ကစားသမား အချို့ ရှိကြောင်း သူ သိထားသဖြင့် ကြိုတင်၍ သတိပေးထားရခြင်း ဖြစ်သည်။
"ဟုတ်တယ် ဟုတ်တယ်... အနာဂတ်မှာ အခွင့်အရေးတွေ အများကြီး ရှိပါသေးတယ်... ဒါပေမဲ့ ငါတို့ လိဂ်ပွဲမှာ ဘန်လေကိုသာ ရှုံးခဲ့ရင် ဒါမှမဟုတ် သရေကျခဲ့ရင် မန်စီးတီးကို လိုက်မီဖို့ ပိုပြီးတောင် ခက်ခဲသွားလိမ့်မယ်..."
မက်တော်မီနေးမှာ မည်သည့် လောဘမှ မရှိချေ။ အဘယ်ကြောင့်ဆိုသော် သူ ဘာလိုချင်သလဲဆိုတာကို သူ ကောင်းစွာ သိထားသောကြောင့် ဖြစ်သည်။
မန်ယူ ကစားသမား အများစုမှာ အလွန် သိတတ်နားလည်ကြသော်လည်း ချူဖုန်းက ဘား တံခါးပေါက်တွင် လင်ဂတ်နှင့် ပေါ့ဘာတို့ နှစ်ဦး တီးတိုး စကားပြောနေကြသည်ကို မြင်လိုက်ရသည်။
သူတို့နှစ်ယောက် ဆက်သွားကြဦးမည်ကို သူ မစဉ်းစားဘဲပင် သိလိုက်သော်လည်း နောက်ဆုံးတွင် တိတ်ဆိတ်စွာသာ သက်ပြင်းချနိုင်တော့သည်။
တစ်ခါတစ်ရံတွင် သင်က သူတို့အတွက် အကောင်းဆုံး ဖြစ်စေရန် ကြိုးစားပေးသော်လည်း ကိုယ့်ကိုယ်ကိုယ် ပြဿနာထဲ ပြန်ဆွဲသွင်းသလို ဖြစ်သွားတတ်သည်။
ဘာပဲဖြစ်ဖြစ် အားလုံးက လူကြီးတွေ ဖြစ်နေပြီမို့ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူဖို့ လိုအပ်ပါတယ်။ သူတို့ သဘောပဲလေ။
အသင်းဖော်များကို နှုတ်ဆက်ပြီးနောက် ချူဖုန်းသည် ဗင်ကား တစ်စီးပေါ်တက်ကာ ထွက်ခွာသွားလေသည်။
"မစ္စတာ မန်ဒက်စ်က ပူးမားနဲ့ ပူးပေါင်းထုတ်လုပ်ထားတဲ့ ပထမဆုံး စနီကာ ဖိနပ်တွေကို ဧပြီလဆန်းလောက်မှာ ဖြန့်ချိဖို့ စီစဉ်ထားတယ်လို့ ပြောခိုင်းလိုက်ပါတယ်..." လက်ထောက်ဖြစ်သူက သတိပေးလိုက်သည်။
"အိုး... ငါ တက်ရောက်ဖို့ လိုအပ်တဲ့ ပွဲတွေ ရှိသေးလား..." ချူဖုန်းက သူ၏ နားထင်များကို ပွတ်သပ်လိုက်သည်။
သူ မကြာသေးမီက အလွန် အလုပ်များနေခဲ့သဖြင့် ထိုကိစ္စကို လုံးဝ မေ့သွားခဲ့ခြင်း ဖြစ်သည်။ မန်ဒက်စ်က အလုပ်အများစုကို တိတ်တဆိတ် ပြီးစီးအောင် လုပ်ပေးထားလိမ့်မည်ဟု သူ မထင်ထးခဲ့ချေ။
"မတ်လ ၁ ရက်နေ့ လန်ဒန်မှာ သတင်းစာရှင်းလင်းပွဲ အချို့တော့ ရှိပါတယ်..." မီးပွိုင့်မိနေစဉ် လက်ထောက်က ချူဖုန်း ထံသို့ တက်ဘလက် တစ်လုံး လှမ်းပေးလိုက်သည်။
【လေပြင်း - ၁】
စခရင်ပေါ်ရှိ အလယ်တွင် အဝါရောင် လိုင်းအချို့ ပါဝင်သော အနီရောင် ဖိနပ်တစ်ရန်ကို ကြည့်လိုက်ရာ အဆင့်မြင့်စွာ စိတ်ကြိုက် ဖန်တီးထားသည့် အငွေ့အသက်များကို ခံစားရစေပြီး မန်ယူအသင်း၏ အမှတ်တံဆိပ်နှင့် အနည်းငယ် ဆင်တူနေလေသည်။
ချူဖုန်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီးနောက် ဖိနပ်၏ ဖွဲ့စည်းတည်ဆောက်ပုံ စာရင်းကို ထပ်မံ ကြည့်ရှုလိုက်သည်။
【လှုပ်ရှားမှုနှင့် လိုက်ဖက်သော အမြင့်ကော်လာနှင့် လျှာခင်မဲ့ ဒီဇိုင်း၊ ပူးမား၏ နောက်ဆုံးပေါ် နက်ဖစ် စနစ်နှင့် တွဲဖက်ထားသည်။】
တရုတ် စျေးကွက်၏ ကြီးမား ကျယ်ပြန့်မှုကို မန်ဒက်စ် ကောင်းစွာ သိရှိထားပြီး ကုန်ကျစရိတ် သက်သာစေရန် ပစ္စည်းများကို လျှော့ချ သုံးစွဲစရာ အကြောင်းမရှိပေ။ ထိုသို့လုပ်ခြင်းက ပရိသတ်များကို အဝေးသို့ ရောက်သွားစေရုံသာ ရှိမည်။
ထို့ပြင် ချူဖုန်း၏ ပထမဆုံး ဖိနပ်သည် နာမည်ကောင်း တည်ဆောက်ရန်သာ အဓိက ဖြစ်သည်။ မဟုတ်ပါက သူတို့သည် အက်ဒီဒက်စ်နှင့် နိုင်ကီတို့ထံမှ စျေးကွက်ဝေစုကို မည်သို့ ခိုးယူနိုင်မည်နည်း။
ချူဖုန်းက သူသည် နှစ်စဉ် ဝင်ငွေ လုံလောက်စွာ ရရှိနေပြီ ဖြစ်ပြီး ပရိသတ်များ၏ ခံစားချက်ကို အသုံးချကာ ညစ်ပတ်သော ငွေကြေးများကို မရှာဖွေလိုကြောင်း မန်ဒက်စ်ကို ယခင်ကတည်းက သတိပေးထားခဲ့သည်။
ပူးမားဘက်က ကနဦးတွင် အရည်အသွေးမြင့် ပစ္စည်းများကိုချည်း ထည့်သွင်းရန် သဘော မတူခဲ့သော်လည်း ရေရှည် အကျိုးအမြတ်ကို ကြည့်ရန် မန်ဒက်စ်က ဖျောင်းဖျနိုင်ခဲ့သဖြင့် နောက်ဆုံးတွင် သူတို့၏ အမြတ်အစွန်း အချို့ကို လျှော့ချပေးရန် သဘောတူခဲ့ကြသည်။
"ခြေထောက်မှာ စီးထားရင် ဘယ်လို ခံစားရမလဲ မသိဘူး... ပူးမားက ဖိနပ်တွေ မပို့ပေးလိုက်ဘူးလား..." ချူဖုန်း က မေးလိုက်သည်။
"ဆောရီးဗျ... ကျွန်တော် မေ့သွားတယ်။ အနောက်ခုံမှာ ရှိတယ်..." လက်ထောက်ဖြစ်သူက သူ၏ နဖူးကို တစ်ချက် ပုတ်လိုက်သည်။
မကြာသေးမီက ချူဖုန်း၏ စွမ်းဆောင်ရည်များ အလွန် ရေပန်းစားလာသည်နှင့်အမျှ သူ့ထံသို့ ဝင်ရောက်လာသော ကြော်ငြာလက်ခံမှုများနှင့် ပွဲလမ်းသဘင်များ အရေအတွက်မှာလည်း ရုတ်တရက် မြင့်တက်လာခဲ့သည်။ ချူဖုန်း၏ အနီးကပ် လက်ထောက် တစ်ဦးအနေဖြင့် သူသည် နေ့စဉ် အလွန် အလုပ်များနေရလေသည်။
ဖိနပ်ဘူးကို ဖွင့်လိုက်ပြီးနောက် ချူဖုန်းသည် နေ့စဉ် စမ်းသပ်ရန်အတွက် အနက်ရောင် ဖိနပ်ငယ် တစ်ရန်ကို တွေ့လိုက်ရသည်။
ထို့နောက် သူ၏ ခံစားသိရှိမှုများအပေါ် အခြေခံ၍ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရမည် ဖြစ်သည်။
"လက်စသတ်တော့ အမှတ်တံဆိပ် တစ်ခု တည်ဆောက်ရတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူးပဲ..."
ချူဖုန်းက ဖိနပ်မျက်နှာပြင်ပေါ်ရှိ ပုံစံကို ပွတ်သပ်ရင်း သူသည် စီးပွားရေး အတွက် အမှန်တကယ် မမွေးဖွားလာကြောင်း မိမိကိုယ်ကိုယ် တွေးလိုက်မိသည်။ သို့သော် ကံကောင်းစွာဖြင့် သူက အကောင်းဆုံး ကိုယ်စားလှယ် တစ်ဦးကို ရွေးချယ်ထားနိုင်ခဲ့ပေသည်။
နောက်တစ်နေ့...
"ဘောလုံး ပေးပို့မှု အမှားတွေ... အမြန်နှုန်းကလည်း နှေးကွေးနေတယ်... မနေ့ညက မင်းတို့ကောင်တွေ ဘာတွေ လျှောက်လုပ်နေကြတာလဲ..."
"ဒီလို အခြေအနေမျိုးနဲ့ မနက်ဖြန်ပွဲကို ငါတို့ နိုင်ပါ့မလား..."
“...”
ပေါ့ဘာနှင့် လင်ဂတ်တို့၏ စွမ်းဆောင်ရည်ကို ကြည့်ကာ မော်ရင်ညို တစ်ယောက် အလွန်အမင်း ဒေါသထွက်သွားပြီး နေရာတွင်ပင် ပေါက်ကွဲမတတ် ဖြစ်ကာ ဆူပူ ကြိမ်းမောင်းတော့သည်။
အင်တာနက် ခေတ်တွင် ကြီးပြင်းလာသော လူငယ်များသည် ပိုမို ကောင်းမွန်သော ဘဝကို ပိုင်ဆိုင်ထားပြီး သူတို့ကို စိတ်ဓာတ်ခွန်အားပေး စကားများဖြင့် သွေးပူအောင် လုပ်ပေးသည့် ခေတ်ဟောင်း ချဉ်းကပ်မှုက ယခုအခါ ထိရောက်မှု မရှိတော့ကြောင်း သူ သိထားသည်။ ထို့ကြောင့် သူသည် ကစားသမားများကို သွေးပူအောင် အော်ဟစ်ဆူပူသည့် အကြိမ်အရေအတွက်ကို လျှော့ချခဲ့သည်။
သို့သော် လေ့ကျင့်ရေးအပေါ် ထားရှိသည့် သူ၏ စိတ်နေသဘောထားကိုတော့ လုံးဝ အလျှော့ပေးမည် မဟုတ်ချေ။
***