ဒုတိယပိုင်း ပွဲစဉ် စတင်ပါပြီ။
မန်ယူအသင်း၏ ကွင်းလယ်က ဘောလုံးကို အကြိမ်အနည်းငယ် ပေးပို့ကာ ပြိုင်ဘက်၏ ကွင်းဘက်ခြမ်းသို့ တက်လာပြီး တိုက်စစ်ဆင်ရန် စတင် ကြိုးစားလာကြသည်။
"ပထမပိုင်းထက်တော့ သိသိသာသာ ကောင်းလာတယ်ဗျ"
"ဒါက ချူ တစ်ယောက်တည်းကြောင့်တော့ မဟုတ်ပါဘူး... မော်ရင်ညိရဲ့ ကွင်းလယ် အပြောင်းအလဲတွေကလည်း အခန်းကဏ္ဍ တစ်ခုကနေ ပါဝင်နေပါတယ်..."
"ဒါပေမဲ့ သေချာ ကြည့်ကြည့်လိုက်ရင် ချူဖုန်း ကွင်းထဲ ဝင်လာပြီးနောက်ပိုင်း မန်ယူရဲ့ တိုက်စစ်က ပိုပြီး ရှင်းလင်းလာတယ် မဟုတ်ဘူးလား... သူတို့ရဲ့ အဓိက ဗဟိုချက်မကို ပြန်ရှာတွေ့သွားသလိုပဲဗျ"
နဗီးလ်က ချူဖုန်းကို ချန်လှပ်ထားခြင်း မရှိဘဲ ချီးကျူးလိုက်သည်။ "ပြီးတော့ ပေါ့ဘာလည်း ပုံစံကောင်း ပြန်ရလာပြီ..."
ပေါ့ဘာက ကလေးဆန်ပေမဲ့ လူနုံတော့ မဟုတ်ချေ။ မော်ရင်ညိုက လူတစ်ယောက်ကို စံနမူနာ အဖြစ် ရှင်းရှင်းလင်းလင်း ပြသထားရာ သူ မကြိုးစားပဲ နေ၍ မဖြစ်တော့ပေ။
လင်ဂတ်ကတော့ သူ့ဘာသာသူ တာဝန်ယူပါစေတော့။
ပွဲချိန် ၅၄ မိနစ်...
ကန်တေ၏ ထောင့်ဖြတ် ပေးပို့မှုက မာရက်ဇ်ထံသို့ ရောက်ရှိသွားသည်။
"ပေးလိုက်..."
ချူဖုန်းက ဆောက်သမ်တန် ဗဟိုနောက်ခံလူ အနီးတွင် လှည့်လည်နေပြီး ရုတ်တရက် သူ၏ လှုပ်ရှားမှုကို ကန့်လန့်ဖြတ်မှ အလျားလိုက်သို့ ပြောင်းလဲလိုက်ရာ ဆောက်သမ်တန်၏ လူကျွံဘော ထောင်ချောက် ဆင်မည့် ကြိုးစားမှုကို ပျက်ပြားသွားစေခဲ့သည်။
ကံကောင်းစွာဖြင့် ယိုရှီဒါမာယာက ကြိုတင် ပြင်ဆင်ထားသဖြင့် လှည့်ပြီးနောက် အံကြိတ်ကာ လိုက်လံ ဖမ်းဆီးတော့သည်။
သို့သော် ချူဖုန်း၏ ပထမဆုံး ခြေလှမ်း သုံးလှမ်းက မြန်ဆန်လွန်းလှပြီး ခဏအတွင်းမှာပင် သူ့ကို ကျော်တက်သွားကာ လည်ထွက်ကျလာသော ဘောလုံးကို လှည့်ကြည့်လိုက်သည်။ ထို့နောက် ဂိုးပေါက်ကို စွန့်ခွာလာသော ဂိုးသမားကို ပြန်ကြည့်လိုက်သည်။
'အကွာအဝေးက တိုလွန်းတယ်...' ချူဖုန်းက စိတ်ထဲမှ တွေးလိုက်ပြီး သူ၏ ခြေဖမိုး အပြင်ဘက်ဖြင့် ဘောလုံးကို ထိလိုက်လေသည်။
ဖြောင်း...
ဆောက်သမ်တန်၏ ပယ်နယ်တီ ဧရိယာ အတွင်းတွင် သက်တန့်လေး တစ်ခု ပေါ်လာ၏။
ဘောလုံးက ဆောက်သမ်တန်ဂိုးသမား ဂန်း၏ ခေါင်းပေါ်မှ ကျော်တက်သွားပြီးနောက် ချူဖုန်းက ဘောလုံးကို အသာအယာ ဖမ်းယူကာ ဂိုးပေါက်အတွင်းသို့ ညင်သာစွာ တွန်းသွင်းလိုက်လေသည်။
ဝိုး...
အိုးထရက်ဖို့ဒ် ကွင်းကြီး အတွင်းတွင် နားကွဲမတတ် အောင်ပွဲခံ အော်ဟစ်သံကြီး ပေါက်ကွဲထွက်လာ၏။ ချူဖုန်း၏ အားစိုက်စရာ မလိုသော သွင်းဂိုးကို ကြည့်လိုက်ပါ။ ထို့နောက် ဂိုးပေါက်ရှေ့ရှိ လူကာကူ၏ ဆိုးရွားလှသော ကန်ချက်ကို ပြန်ကြည့်လိုက်ပါ။
ဒါမှ တကယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်မှူးကွ။
မန်ယူအသင်း၏ ကပ္ပတိန် (၁၂) ဦးကို ပြန်ကြည့်လိုက်မည် ဆိုလျှင်- ရော့ဘ်ဆန်၏ တည်ငြိမ်မှု၊ စတိဗ်၏ အေးဆေးမှု၊ ကန်တိုနာ၏ မောက်မာမှုနှင့် ကိန်း၏ ဒေါသကြီးမှုတို့ကို တွေ့ရပေမည်။
အသင်းတစ်သင်းတွင် ခေါင်းဆောင်သည် တစ်သင်းလုံး၏ စရိုက်လက္ခဏာကို လွှမ်းမိုးလေ့ ရှိသည်။
ချူဖုန်း အလှည့် ရောက်လာချိန်တွင်တော့ သူက မန်ယူအသင်းကို ဘာတွေ ယူဆောင်လာပေးခဲ့သလဲ။
မန်ယူ ပရိသတ်များကတော့ ယင်းမှာ "တိတ်ဆိတ်မှု" ဖြစ်သင့်သည်ဟု ယုံကြည်ကြပြီး သူ့ကို အမှန်တကယ် နားလည်သူသာလျှင် သူ၏ "တိတ်ဆိတ်မှု" အတွင်း၌ ပါဝင်နေသော စွမ်းအင်များကို ခံစားနိုင်မည် ဖြစ်သည်။
ဒုတိယပိုင်း မန်ယူအသင်း၏ စွမ်းဆောင်ရည်ကို ကြည့်ခြင်းအားဖြင့် ဤအချက်ကို မြင်တွေ့နိုင်ပေသည်။
ချူဖုန်း၏ ရူးသွပ်မတတ် အောင်ပွဲခံနေမှုကို စိုက်ကြည့်ရင်း ယိုရှီဒါမာယာက ခါးသက်သက် ပြုံးလိုက်မိသည်။ သူတို့နှစ်ယောက်က လုံးဝကို အဆင့်ချင်း မတူညီကြပေ။
တစ်ချိန်တုန်းက ချူဖုန်း ဆိုတာ ဖြတ်သန်းသွားမယ့် ကြယ်ပျံတစ်စင်းမျှသာ ဖြစ်ပြီး ချူဖုန်း၏ ကျော်ကြားမှုမှာ လအနည်းငယ်ပဲ ခံမယ်လို့ သူ ထင်ခဲ့ဖူးသည်။ သို့သော် ဗန်ဒိုက်ပင်လျှင် ချူဖုန်း ကို မကာကွယ်နိုင်ခဲ့ကြောင်း သူ ရုတ်တရက် သတိရသွားပြီး သူ၏ စိတ်အခြေအနေမှာ ချက်ချင်း ပြန်လည် ကောင်းမွန်သွားတော့သည်။
ပွဲပြန်စပြီးနောက် ကွင်းတွင်းရှိ အခြေအနေမှာ ကြီးမားသော ပြောင်းပြန်လှန်မှုကြီး တစ်ခု ဖြစ်ပေါ်သွားခဲ့သည်။
မန်ယူ ပရိသတ်များ၏ ပိုမို ကျယ်လောင်လာသော အော်ဟစ် အားပေးသံများကြားတွင် မန်ယူ ကစားသမားများမှာ ပိုမို ပြင်းထန်သော အရှိန်အဟုန်ဖြင့် ကစားလာကြပြီး ပွဲ၏ အရှိန်အဟုန်ကို တင်းကျပ်စွာ ထိန်းချုပ်ထားနိုင်ခဲ့သည်။
"လုခ်ရှောက ဘေးစည်းကနေ ဖြတ်တင်ပေးလိုက်ပြီ... ချူဖုန်းက ဂိုးထောင့်ပေါ်ကို ခေါင်းတိုက်သွင်းလိုက်ပြန်ပြီ"
"ဒုတိယအကြိမ် ဂိုးရသွားပြန်ပါပြီ"
"ဝိုး... အဲဒီ ခုန်တဲ့ အမြင့်ကို ကြည့်လိုက်ဦး ယိုရှီဒါမာယာထက် ခေါင်းတစ်ဝက်လောက် ပိုမြင့်နေတာပဲ။ မန်ချက်စတာ လေကြောင်းလိုင်း လို့ ခေါ်ကြတာ အံ့သြစရာ မဟုတ်ပါဘူးဗျာ"
"မန်ယူအသင်းက ၇၆ မိနစ်မှာ ပွဲကို ပြောင်းပြန် လှန်ပစ်လိုက်ပြီဗျ"
“...”
"မန်ယူအသင်းက တိုက်စစ်ကို လက်မလျှော့သေးဘူးဗျ။ ပေါ့ဘာက ချူဆီ တိုက်ရိုက် ပေးလိုက်တယ်... ချူက ယိုရှီဒါမာယာကို ကာထားပြီး လှည့်ကန်လိုက်ပြီ... နောက်ထပ် ဂိုးဝင်သွားပြန်ပြီဗျာ"
"ချူက ဒီနေ့ သွေးဆူနေတာပဲ ဒုတိယပိုင်းမှာတင် ဟက်ထရစ် ရသွားပြီ"
"ဒီနေ့မှာ မန်ယူအသင်းကတော့ စံချိန်သစ် တစ်ခု တင်သွားပြန်ပါပြီ... ပရီးမီးယားလိဂ်မှာ နောက်ကလိုက်ပြီး အနိုင်ယူနိုင်မှု အများဆုံး စံချိန်ပါ"
"စုစုပေါင်း ၈၇ ကြိမ်"
"နောက် ငါးရက်အကြာမှာ ကစားရမယ့် ချန်ပီယံလိဂ် ပွဲစဉ်ကိုတောင် ကျွန်တော် မျှော်လင့်နေမိပြီဗျာ... သူ ဘယ်လို စွမ်းဆောင်ရည်မျိုးတွေများ ထုတ်ပြဦးမလဲ ဆိုတာ"
နောက်ဆုံးတွင်...
ပွဲစဉ် ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပြီး မန်ယူအသင်းက ဆောက်သမ်တန်ကို အိမ်ကွင်းတွင် ၃-၁ ဖြင့် အနိုင်ရရှိကာ ပွဲစဉ် (၂၉) တွင် အောင်ပွဲခံနိုင်ခဲ့လေသည်။
မန်ယူအသင်းက နောက်ဆုံးတွင် အနိုင်ရရှိသွားခဲ့သော်လည်း အသင်းတွင်းရှိ လေထုမှာ အထူးတလည် ပျော်ရွှင်စရာ ကောင်းမနေခဲ့ဘဲ ကပ်ဘေးဆိုးကြီး တစ်ခုကို ခံစားနေရသကဲ့သို့ ဖြစ်နေသည်။
ပွဲအပြီးတွင် မော်ရင်ညိုက လူတိုင်းနှင့် အစည်းအဝေး တစ်ခု ပြုလုပ်ခဲ့ပြီး လင်ဂတ်နှင့် ပေါ့ဘာတို့ကို ပြင်းပြင်းထန်ထန် ဝေဖန် ပြစ်တင်ခဲ့သည်။
သူသည် တစ်ဖက်လူများအပေါ် မည်သည့် ညှာတာမှုမှ မပြသခဲ့ကြချေ။ အဘယ်ကြောင့်ဆိုသော် သူ၏ နည်းပြဘဝ တစ်လျှောက်လုံးတွင် မည်မျှပင် နာမည်ကြီးသော ကစားသမား ဖြစ်နေပါစေ သူ ဘယ်သောအခါမှ အလျှော့ပေးလေ့ မရှိသောကြောင့်တည်း။
ဤကိစ္စက ဒီအတိုင်း ပြီးသွားလိမ့်မည်ဟု ချူဖုန်း ထင်ခဲ့သော်လည်း မော်ရင်ညိုက လင်ဂတ်ကို လူငယ်အသင်းသို့ လဝက်ခန့် စေလွှတ်မည်ဟု ကြေညာလိုက်လေသည်။
ယင်းကိုကြားသော် လင်ဂတ် တစ်ယောက် လုံးဝကို အံ့အားသင့်သွားရသည်။
သူသည် ပြီးခဲ့သည့်ရာသီက မန်ယူအသင်း ဖလားနှစ်လုံး ရရှိရန် ကူညီပေးခဲ့သော အသင်း၏ သူရဲကောင်း တစ်ဦး ဖြစ်သည်မှာ ယုံမှားသံသယဖြစ်ဖွယ် မရှိပေ။ ကြီးမားသော စွမ်းဆောင်ရည်များ မရှိခဲ့လျှင်တောင်မှ သူ အလွန် ကြိုးစားပမ်းစား လုပ်ဆောင်ခဲ့သည်မှာတော့ သေချာလှသည်။
သူသည် ထိုကဲ့သို့သော ပြစ်ဒဏ်မျိုးကို လက်မခံနိုင်ချေ။
"ဘော့စ်... အဲဒီလိုသာဆိုရင်တော့ ကျွန်တော် အသင်းပြောင်း..."
လင်ဂတ် စကားမဆုံးမီမှာပင် ချူဖုန်းက ပြတ်သားသော အသံဖြင့် ကြားဖြတ် ပြောလိုက်သည်။ "ဂျက်စီ... တချို့စကားတွေက ပြောလို့ရတယ်။ တချို့စကားတွေက ပြောလို့မရဘူး... မပြောခင် သေချာ စဉ်းစားစမ်းပါ"
သူတို့ ကစားသမား နှစ်ဦးစလုံးသည် လူငယ်အသင်းမှနေ၍ ပထမအသင်းသို့ တက်လှမ်းလာခဲ့ကြသူများ ဖြစ်ပြီး မကြာသေးမီက လင်ဂတ်၏ မိသားစုတွင် ပြဿနာအချို့ ရှိနေခဲ့သည်။ ထို့ကြောင့် တည်ငြိမ်သော အလုပ်အကိုင် တစ်ခုမှာ အလွန် အရေးကြီးလှသည်။
သို့သော် စကားအချို့ကို ပြောထွက်သွားပြီးပါက နောက်ကြောင်းပြန်လှည့်၍ မရနိုင်တော့ပေ။
ချူဖုန်းသည် မော်ရင်ညို၏ စရိုက်ကို ကောင်းစွာ နားလည်ထားသည်။
ယင်းကိုကြားသော် လင်ဂတ်မှာ ရေအေးဖြင့် အပက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။ သူ၏ ဒေါသများ ချက်ချင်း ပျောက်ကွယ်သွားကာ တည်ငြိမ်သွားပြီး အနည်းငယ် စိတ်ပျက်လက်ပျက် လေသံဖြင့် ပြောလိုက်သည်။
"ဘော့စ်... ကျွန်တော် ပြစ်ဒဏ်ကို လက်ခံပါတယ်..."
တကယ်တမ်းတွင် မကြာသေးမီက သူ၏ ခြေစွမ်းမှာ သိသိသာသာ ကျဆင်းနေခဲ့သည်။
လင်ဂတ်သည် ပါရမီဖြင့် နာမည်ကြီးသော ကစားသမား တစ်ဦး မဟုတ်ကြောင်း နားလည်ရပေမည်။ ယနေ့ သူ အောင်မြင်မှု ရရှိနေခြင်း၏ အကြီးမားဆုံး အကြောင်းရင်းမှာ သူ၏ ကြိုးစားအားထုတ်မှုနှင့် အာရုံစိုက်မှုတို့ကြောင့်ပင် ဖြစ်သည်။
သို့သော် ယခုအခါ သူသည် သူ၏ စွမ်းအင်များကို ဘောလုံးအပေါ်တွင် အာရုံမစိုက်နိုင်တော့ချေ။
အကြောင်းအရင်းက ဘာလဲ။
ကိုယ်ပိုင် လူမှုကွန်ရက် ပလက်ဖောင်းများမှ လူဝင်ကြည့်ရှုမှုနှင့် အကျိုးအမြတ်များ ရရှိနေခြင်းကြောင့်ပင်...။
ဥပမာအားဖြင့် သူသည် မကြာသေးမီက သူ၏ ကိုယ်ပိုင် အမှတ်တံဆိပ် "JLingz" ကို စတင် မိတ်ဆက်ခဲ့ပြီး လူအများ စိတ်ဝင်စားမှု ရရှိစေရန် အများပြည်သူဆိုင်ရာ ပလက်ဖောင်းများတွင် ထုတ်ပြန်ချက်များ ပြုလုပ်ခဲ့သည်။
ရိုးရိုးရှင်းရှင်း ပြောရလျှင် သူသည် ပရော်ဖက်ရှင်နယ် ကစားသမား ဘဝမှနေ၍ အင်တာနက် ဆယ်လီ တစ်ဦး အဖြစ်သို့ ကူးပြောင်းချင်နေသကဲ့သို့ ခံစားရသည်။
မော်ရင်ညိုက ချူဖုန်းကို တစ်ချက် ကြည့်ကာ ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်၏။
သူ၏ တပည့်ဖြစ်သူက သံယောဇဉ် ကြီးမားကြောင်း သူ သိသည်။ မဟုတ်ပါက ဤအချိန်တွင် သူ၏ သူငယ်ချင်းဘက်မှ မားမားမတ်မတ် ရပ်တည်ပေးမည် မဟုတ်ချေ။
ဘာပဲဖြစ်ဖြစ် လင်ဂတ်ဘက်ကနေ ဝင်ပြောပေးတာက နည်းပြချုပ်ကို စော်ကားသလို ဖြစ်သွားမယ်ဆိုတာ လူတိုင်း သိကြတာပဲလေ။ ရက်ရှ်ဖို့ဒ်၊ ပေါ့ဘာနဲ့ တခြားသူတွေ တတ်နိုင်သမျှ ဝေးဝေးမှာ နေဖို့ ကြိုးစားနေကြတာကို မင်း မတွေ့ဘူးလား။
အကယ်၍ လွန်ခဲ့သော ငါးနှစ်က သူသာ ဆိုလျှင် လင်ဂတ်သည် ယခုရာသီတွင် ကစားခွင့် ရတော့မည် မဟုတ်ပေ။ မော်ရင်ညိုက နောက်ဆုံးတွင် လက်ကာပြကာ ပြောလိုက်သည်။
"ဒီနေ့ အစည်းအဝေးက ဒီလောက်ပဲ"
မန်ယူ ကစားသမား အားလုံးမှာ တတ်နိုင်သမျှ မြန်မြန် လစ်ထွက်သွားကြလေသည်။ လင်ဂတ်က ချူဖုန်းကို ကျေးဇူးတင်စကား ပြောချင်ခဲ့သော်လည်း ချူဖုန်းက သူ့ကို လျစ်လျူရှုထားလိုက်သည်။
ငါ့မှာကော ဒေါသ မရှိဘူးလို့ တကယ် ထင်နေတာလား။
ကျောင်းနေဖက် သူငယ်ချင်းတွေအဖြစ် နှစ်ပေါင်းများစွာ ခင်မင်လာခဲ့တဲ့ သံယောဇဉ်သာ မရှိခဲ့ရင် ဒီနေ့ အဲဒီစကားကို သူ ဘယ်တော့မှ ပြောခဲ့မှာ မဟုတ်ပေ။
မြို့ထဲရှိ သူ၏ တိုက်ခန်းသို့ ကားမောင်းပြန်လာပြီးနောက် ချူဖုန်းသည် ထိုဖြစ်ရပ်ကြောင့် စိတ်အနှောင့်အယှက် မဖြစ်တော့ပေ။ ပုံမှန်အတိုင်းပင် သူက ရုပ်မြင်သံကြားကို ဖွင့်ကာ အက်သလက်တီကို မက်ဒရစ်၏ ပွဲစဉ်များအား ပြန်လည်ပြသမှုကို ကြည့်ရှုနေလိုက်သည်။
ဘောလုံး ကစားချိန်တွင် သူ စိတ်အားထက်သန်မှု လွန်ကဲသွားနိုင်သော်လည်း သာမန်အချိန်များ၌ နှောင့်ယှက်မှုများကိုမူ တတ်နိုင်သမျှ ရှောင်ရှားရန် ကြိုးစားလေ့ ရှိသည်။
ဤသည်မှာ အခြေခံအကျဆုံး ပရော်ဖက်ရှင်နယ် အရည်အသွေးပင် ဖြစ်သည်။
ယနေ့မှစ၍ မန်ယူအသင်း၏ အဝတ်လဲခန်းမှာ ပိုမို တိတ်ဆိတ်သွားခဲ့ပြီး လူတိုင်းမှာ လင်ဂတ်၏ ခြေရာကို နင်းရမည်ကို ကြောက်ရွံ့ကာ အစွမ်းကုန် လေ့ကျင့်နေကြတော့သည်။
သို့သော် လေထုမှာ အနည်းငယ် ဖိနှိပ်ခံထားရသကဲ့သို့ ဖြစ်နေသည်။
ကံကောင်းစွာဖြင့် ဗလင်စီယာနှင့် အက်ရှလေယန်း တို့ကဲ့သို့သော ဝါရင့် ကစားသမားများက နှစ်သိမ့် စကား အချို့ ပြောကြားပေးခဲ့ပြီး ကစားသမား အများစုမှာ အကြောင်းအကျိုး သိတတ်သူများ ဖြစ်ကြသဖြင့် သဟဇာတဖြစ်သော လေထုမှာ လျင်မြန်စွာ ပြန်လည် ရောက်ရှိလာခဲ့သည်။
***