ဘောလုံးက ရက်ရှ်ဖို့ဒ်ထံသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။
"မားကပ်စ်"
ချူဖုန်းက ဂျီမီနက်ဇ်၏ အရှေ့တွင် အဆက်မပြတ် လှုပ်ရှားနေသော ငါးမျှားစာ တစ်ခုသဖွယ် ဆက်လက် လှည့်လည်နေ၏။
ဤသည်မှာ အက်သလက်တီကို မက်ဒရစ်၏ ခံစစ်ကို ဖိအားပေးရုံသာမက ဗဟိုတိုက်စစ်မှူး တစ်ဦး၏ လမ်းကြောင်းအတိုင်း တောင်ပံများတွင် သူတို့၏ ပံ့ပိုးမှုကို အားဖြည့်ရန် ရည်ရွယ်ခြင်းလည်း ဖြစ်သည်။
မျှော်လင့်ထားသည့် အတိုင်းပင်...။
ဂျီမီနက်ဇ်မှာ ရှေ့သို့ တက်လာကာ သူ့ကို တင်းကျပ်စွာ လူကပ်ရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ဘဲ ရိုဒရီကိုပါ လာကူရန် လှမ်းခေါ်လိုက်ရသည်။
ဥရောပ တစ်ခွင်ရှိ လူတိုင်း သိကြသည်မှာ ချူဖုန်းကို နေရာလွတ် အလုံအလောက် ပေးလိုက်ပါက သူသည် မယုံနိုင်လောက်သော အမြန်နှုန်း၊ ခွန်အားများဖြင့် ရှေ့သို့ အတင်း ထိုးဖောက် ဝင်ရောက်လာမည် ဖြစ်ပြီး သင် လက်တွေ ခြေထောက်တွေ သုံးပြီး ဆွဲထားလျှင်တောင် သူ့ကို တားဆီးနိုင်မည် မဟုတ်ချေ။
မျှော်လင့်မထားဘဲ ချူဖုန်းက ဘောလုံးကို လုံးဝ လက်မခံဘဲ သူ့အနောက်သို့ ကျော်ပေးလိုက်လေသည်။
"ဒီနည်းဗျူဟာကို ကြည့်စမ်းပါဦး... အရမ်းကို ကောက်ကျစ်တာပဲဗျာ"
"ပေါ့ဘာ ထပ်လှုပ်ရှားလာပြန်ပြီ"
မာရက်ဇ်က ဘောလုံးကို ဘယ်ခြေဖြင့် ကျွမ်းကျင်စွာ ပင့်တင်လိုက်ကာ ဂိုဒင်၏ ဖျက်ထုတ်မှုကို ရှောင်လွှဲလိုက်ပြီးနောက် ဝေ့ဝိုက်ကန်ချက် တစ်ချက်ကို ကန်လိုက်သည်။
ဘောလုံးက ညာဘက် အပေါ်ထောင့်ဆီသို့ ရူးသွပ်မတတ် လည်ထွက် ပျံသန်းသွား၏။
"မာရက်ဇ်... အိုး... မရဘူးဗျ... အိုဘလက်ခ် က နောက်ဆုံး အကွာအဝေးလေးကနေ လက်နဲ့ ပုတ်ထုတ်သွားနိုင်ခဲ့တယ်... ဘောလုံး လမ်းကြောင်းပြောင်းပြီး တိုင်ကို သွားမှန်တယ်ဗျာ"
"ဂိုဒင်က ဘောလုံးကို အဝေးကြီး ကန်ထုတ်သွားတယ်... ပြန်ကျဘောအတွက် ယှဉ်လုမှုတွေက ပြင်းထန်နေတယ်ဗျ"
ကိုကီသည် လှုပ်ရှားရန် နေရာလွတ် မရှိသည့်တိုင် မာတစ်၏ ကျောကို အားကုန် တွန်းလိုက်ရာ မာတစ်၏ ဟန်ချက်ကို တိုက်ရိုက် ပျက်ယွင်းသွားစေခဲ့သည်။
တီ...
ဒိုင်လူကြီးက ခရာမှုတ်ကာ လျှောက်လာပြီး နှုတ်ဖြင့် သတိပေးလိုက်သည်။ "ခင်ဗျား... ကျေးဇူးပြုပြီး ကိုယ့်လုပ်ရပ်ကိုယ် သတိထားပါ... နောက်တစ်ကြိမ်ဆိုရင် ကျွန်တော် ကတ်ပြရလိမ့်မယ်..."
"သေချာတာပေါ့... ခင်ဗျား ကျွန်တော့်ကို မယုံဘူးဆိုရင် စမ်းကြည့်ဖို့ ဖိတ်ခေါ်ပါတယ်"
ယူအီးအက်ဖ်အေက အိမ်ကွင်း အားသာချက်ဖြင့် ဒိုင်စီရင်ခြင်းကို အသိအမှတ် မပြုသော်လည်း ယင်းမှာ အမှန်တကယ်ပင် တည်ရှိနေပါသည်။
အိမ်ကွင်း အားသာချက်ဆိုတာ ဘာကိုဆိုလိုတာလဲ ဆိုရင်တော့...
အမည်နှင့် လိုက်ဖက်စွာပင် ပွဲတစ်ပွဲတွင် အဆုံးအဖြတ်ပေးရန် ခက်ခဲနေပြီး ရလဒ်ချင်း တူညီနေပါက ဒိုင်လူကြီးသည် ကွင်းတွင်း အခြေအနေအပေါ် မူတည်၍ အိမ်ကွင်း အသင်းအား အနည်းငယ် အားသာချက် ပေးလေ့ ရှိသည်။
ထို့ပြင် ကိုကီ၏ လုပ်ရပ်မှာ အကဲဖြတ်ရန် လုံးဝ မခက်ခဲပါချေ။
ယင်းကို မြင်သောအခါ ကွင်းဘေးတွင် ရပ်နေသော ဆီမြွန်နီသည် စတုတ္ထ ဒိုင်လူကြီးထံသို့ ဒေါသတကြီး ချဉ်းကပ်သွားကာ ပြောလိုက်သည်။ "ဒီလောက် အထိအတွေ့လေးကိုတောင် ဖောင်းဘောလို့ သတ်မှတ်မယ် ဆိုရင်... အလယ်မှာ ပိုက်ကွန် တစ်ခု ထောင်ပြီး အသင်းနှစ်သင်းကို ဘော်လီဘော ကစားသလိုမျိုး ပေးကစားလိုက်ပါလား..."
ဘေးရှိ ဖာရီယာမှာ ရယ်ချင်စိတ်ကို အောင့်မထားနိုင်တော့ဘဲ ပါးစပ်ထဲရှိ ရေများ အားလုံးကို ထွေးထုတ်လိုက်ရလေသည်။
စတုတ္ထ ဒိုင်လူကြီးက ဆီမြွန်နီ ကို တစ်ချက် ကြည့်လိုက်၏။ "ခင်ဗျား အကြောင်းပြချက် မရှိဘဲ ကျွန်တော့်ကို ဆက်ပြီး နှောင့်ယှက်နေမယ် ဆိုရင်... ဒီကိစ္စကို ဒိုင်လူကြီး အဖွဲ့ဆီ အစီရင်ခံရလိမ့်မယ်..."
ဆီမြွန်နီက သူ၏ လက်ကို ဒေါသတကြီး ခါယမ်းလိုက်ပြီး နည်းပြ ဧရိယာသို့ ပြန်လျှောက်သွားကာ စိမ်းစိုနေသော ကွင်းပြင်ကြီးဆီသို့ ဟိန်းဟောက်လိုက်လေသည်။
ဤသည်မှာ အက်သလက်တီကို မက်ဒရစ် ကစားသမားများ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးရန် ကြိုးစားမှု တစ်ခုပင်။
ယနေ့ပွဲတွင် အက်သလက်တီကို မက်ဒရစ် အနိုင်ရရန် တစ်ခုတည်းသော အခွင့်အရေးမှာ ပထမဆုံး ခံစစ်ကို တည်ငြိမ်အောင် ထားပြီးနောက် တန်ပြန်တိုက်စစ် ဆင်ကာ ဂိုးခိုးသွင်းရန် အခွင့်အရေး ရှာဖွေရေးပင် ဖြစ်သည်။
သို့သော် သူသည် မော်ရင်ညိုကို အထင်သေးမိခဲ့လေသည်။ မော်ရင်ညို၏ နည်းဗျူဟာ အခင်းအကျင်းက အက်သလက်တီကို မက်ဒရစ်ကို လုံးဝ အသာစီး ရသွားစေခဲ့ပြီး သူတို့ကို ပြန်လည် တိုက်ခိုက်ရန် အခွင့်အရေး လုံးဝ မပေးခဲ့ချေ။
ဤအတိုင်းသာ ဆက်သွားမည် ဆိုပါက ဂိုးဝင်ရန်မှာ အချိန်ပိုင်း ကိစ္စသာ ဖြစ်ပေသည်။
အက်သလက်တီကို မက်ဒရစ်၏ ကစားဟန်မှာမူ ယခင်အတိုင်း ပွဲအစပိုင်းတွင် ဒိုင်လူကြီး၏ စံနှုန်းများကို စမ်းသပ်ရန် ဖြစ်ပြီး ထို့နောက် သူတို့၏ ဖောင်းဘော အရှိန်အဟုန်ကို ယင်းအပေါ် မူတည်၍ ချိန်ညှိရန် ဖြစ်သည်။
သို့သော် ယနေ့တွင် ဒိုင်လူကြီးက သတိပေးချက်ဖြင့် စတင်ခဲ့သဖြင့် သူတို့ကို အနည်းငယ် တုံ့ဆိုင်းသွားစေခဲ့သည်။
ပွဲချိန်က ၁၅ မိနစ်သို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။
ထိုကာလအတွင်း မန်ယူအသင်းက အခွင့်အရေး နှစ်ကြိမ် ရရှိခဲ့ပြီး ထိုနှစ်ကြိမ်စလုံးမှာ လီမာဘက်မှ ဖောက်ထွက်ကာ ပင်နယ်တီ ဧရိယာထဲသို့ ဘောလုံး ပေးပို့ခြင်းများ ဖြစ်လေသည်။ သို့သော် ကန်ချက်များကတော့ ဂိုးပေါက်နှင့် အနည်းငယ် လွဲသွားခဲ့ပေသည်။
သို့သော် မန်ယူအသင်း၏ တိုက်စစ်က မည်သည့်အခါမျှ ရပ်တန့်မသွားဘဲ ဘောလုံးကို ဂိုးထဲသို့ ရောက်အောင် ထည့်သွင်းရန် ရှင်းလင်းစွာ သန္နိဋ္ဌာန် ချထားပုံရသည်။
"နောက်ထပ် အခွင့်အရေး တစ်ခု လာပြန်ပြီဗျ"
ရက်ရှ်ဖို့ဒ်က တောင်ပံတစ်လျှောက် အကြိမ်ကြိမ် ပြေးထွက်မှုများ ပြုလုပ်ကာ လီမာကို လှည့်စားပြီး ရိုဒရီကို ဆွဲထုတ်သွားခဲ့ပြီးနောက် အလယ်ရှိ ပေါ့ဘာထံသို့ ဘောလုံး ပေးပို့လိုက်သည်။
အက်သလက်တီကို မက်ဒရစ်၏ ခံစစ်မှာ ချက်ချင်း ကမောက်ကမ ဖြစ်သွားတော့သည်။
"ပေါလ်... ငါ့ဆီ ပေးစမ်း"
ချူဖုန်းသည် ပယ်နယ်တီ ဧရိယာ ထောင့်စွန်းတွင် ရပ်နေပြီး သူ့အနောက်တွင် လူများ ရှိနေသည့်တိုင် ဘောလုံးကို ရဲရဲတင်းတင်း တောင်းလိုက်သည်။
သူ၏ ပုံစံ အလွန် ကောင်းမွန်နေကြောင်းကို သူ ရှင်းလင်းစွာ ခံစားသိရှိနေ၏ ယင်းကိုကြားသော် ပေါ့ဘာမှာ ခဏမျှ တုံ့ဆိုင်းသွားသော်လည်း ဘောလုံးကို ပေးပို့လိုက်ရာ အခွင့်အရေးကို နှောင့်နှေးသွားစေခဲ့သည်။
ထို့ပြင် ပေးပို့မှုမှာ အနည်းငယ် အားနည်းချက် ရှိနေပြီး ခါးလောက် အမြင့်ဘော ဖြစ်နေသဖြင့် ထိန်းသိမ်းရန် အလွန် ခက်ခဲလှသည်။
ဂျီမီနက်ဇ်နှင့် ဂိုဒင်တို့ကလည်း ခံစစ် ကစားရန် သူတို့၏ နေရာများကို ယူလိုက်ကြပြီ။
ယခုတစ်ကြိမ် တိုက်စစ်ဆင်မှုတော့ အလဟဿ ဖြစ်သွားပြီဟု လူတိုင်းက ထင်မှတ်လိုက်ကြသည်။
သို့သော် ချူဖုန်းတွင် ညည်းတွားနေရန် အချိန်မရှိချေ။
ပွဲတစ်ပွဲမှာ ဘောလုံးတိုင်းက ကိုင်တွယ်ရ လွယ်ကူနေမယ် ဆိုရင်... ကစားသမားတိုင်း စူပါစတား ဖြစ်လာနိုင်တာပေါ့။
လက်တွေ့ အခြေအနေက ဘာလဲ။
အကောင်းဆုံး ခံစစ်နဲ့ ရင်ဆိုင်ရချိန်မှာတောင် အကောင်းဆုံး စွမ်းဆောင်ရည်ကို ထုတ်ပြနိုင်ပြီး အတိုတောင်းဆုံး အချိန်အတွင်းမှာ အသင့်လျော်ဆုံး ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်မှသာလျှင်... တကယ့် စူပါစတား ဖြစ်လာနိုင်ပေမည်။
ချူဖုန်းက သူ့ကို လူကပ်ထားသူ မရှိသည်ကို သတိပြုမိလိုက်သဖြင့် ရဲရဲတင်းတင်းပင် ဘောလုံးကို သူ၏ ဘေးဘက်သို့ ထိန်းယူလိုက်ပြီး လေထဲမှ အပိုင် ပိတ်သွင်းတော့မည့်အလား သူ၏ ဘယ်ခြေကို လွှဲလိုက်လေသည်။
ဂိုဒင်က မသိစိတ်အရ ချူဖုန်း၏ ကန်ချက်ကို ပိတ်ဆို့ရန် ကြိုးစားလိုက်သော်လည်း သူက အခြေအနေကို မျက်ခြည်မပြတ် စောင့်ကြည့်နေဆဲပင်။
ဂိုဒင်မှာ ဟန်ပြလှုပ်ရှားမှုများကြောင့် တုန်လှုပ်မသွားသည်ကို မြင်သောအခါ ချူဖုန်းက သူ၏ ခန္ဓာကိုယ်ကို အကြီးအကျယ် ယိမ်းထိုးလိုက်ပြီး နောက်ထပ် ဟန်ပြလှုပ်ရှားမှု အချို့ကို အသုံးပြုလိုက်ပြန်သည်။
ထို့နောက် ဂိုဒင် မည်သို့ တုံ့ပြန်သည်ဖြစ်စေ သူ၏ အားကောင်းသော ပေါက်ကွဲထွက်မှုကို အသုံးပြု၍ ခြေတစ်လှမ်းတည်းဖြင့် ဖောက်ထွက်သွားလေတော့သည်။
နေရာလွတ် ဖန်တီးလိုက်ပြီး ခြေထောက်ကို နောက်တစ်ကြိမ် လွှဲလိုက်ပြန်သည်။
နောက်ဆုံးတွင် ဂိုဒင်မှာ မခံနိုင်တော့ဘဲ ပိတ်ဆို့ရန် လျှောတိုက် ဖျက်ထုတ်လိုက်လေပြီ
ဖြောင်း...
ချူဖုန်းက သူ၏ ဘယ်ခြေဖြင့် ဘောလုံးကို နောက်သို့ ကျွမ်းကျင်စွာ ပြန်ဆွဲယူလိုက်ပြီး ဂိုဒင်ကို ကျော်ဖြတ်လိုက်သည်။
'ရွှစ်... ရွှစ်... ရွှစ်...'
ထိုအခိုက်အတန့်တွင် ချူဖုန်း၏ နှလုံးသားမှာ ဗုံတစ်လုံးကဲ့သို့ ပြင်းထန်စွာ ခုန်ပေါက်နေပြီး လျှပ်စစ်စီးကြောင်း တစ်ခုက သူ၏ ခန္ဓာကိုယ်အတွင်း အဟုန်ပြင်းစွာ စီးဆင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
သူ့အရှေ့တွင် ခံစစ်မှူးများ ရှိနေသည့်တိုင် သူ ဂိုးသွင်းနိုင်မည်ဟူသော ထူးဆန်းသည့် ခံစားချက်ကြီးကို ရရှိနေ၏။
မော်ရင်ညိုက သူ့ကို တစ်ခါက ပြောဖူးသည်။ "ပါရမီနဲ့ ကြိုးစားအားထုတ်မှုအပြင် ကစားသမား တစ်ယောက်အတွက် အရေးအကြီးဆုံးအရာက ယုံကြည်မှုပဲ..."
ယင်းမြင်ကွင်းကို မြင်သောအခါ မန်ယူ ပရိသတ်များမှာ အသက်အောင့်ထားလိုက်ကြပြီး သူတို့၏ လက်သီးများကို တင်းကျပ်စွာ ဆုပ်ထားလိုက်ကြသည်။
ဝေဖန်ရေး အခန်းမှာလည်း လုံးဝကို ကမောက်ကမ ဖြစ်သွားတော့သည်။
"မရဘူးဗျ။ ဟန်ပြ ကန်ချက်ပဲ... နောက်တစ်ကြိမ် ထပ်ကန်ပြီ"
"သောက်ကျိုးနည်း"
“သူ ပင်နယ်တီ ဧရိယာထဲမှာ ကနေတာလား”
နဗီးလ်က နေရာမှ ခုန်ထလိုက်ပြီး သူ၏ မျက်နှာတွင် မယုံနိုင်မှုများ ပြည့်နှက်နေကာ အဆက်မပြတ် ဝေဖန် မှတ်ချက်ပေးနေလေသည်။ "ဟန်ပြ လှုပ်ရှားမှုပဲ ရှိသေးတယ်... သူ ဂျီမီနက်ဇ်ကို ကာထားတယ်... ပြီးတော့ သူ ကန်သွင်းလိုက်ပြီဗျာ"
အိုဘလက်ခ်က အနီးတိုင်ကို လုံးဝ ပိတ်ဆို့ထားပြီး ချူဖုန်း မည်သို့မျှ ဂိုးသွင်းနိုင်လိမ့်မည် မဟုတ်ဟု ယုံကြည်ထားလေသည်။ သို့သော် သူ အချက်တစ်ချက်ကို လျစ်လျူရှုထားခဲ့မိသည်။
သူ၏ အောက်စိုက်ကြည့်နေသော အကြည့်နောက်သို့ လိုက်ကြည့်လိုက်ရာ ဘောလုံးက ရိုဒရီ၏ ဖိနပ်ကို ရှပ်တိုက်သွားပြီး သူ၏ ခြေထောက် နှစ်ချောင်းကြားမှတစ်ဆင့် အရှိန်ပြင်းပြင်း ဖြတ်သန်းသွားသည်ကို မြင်လိုက်ရသည်။ ချူဖုန်းသည် အက်သလက်တီကို မက်ဒရစ်၏ ဗဟိုနောက်ခံလူ နှစ်ဦးကို ဟန်ပြ ကန်ချက် နှစ်ကြိမ်ဖြင့် ကျော်ဖြတ်ပြီး အိုဘလက်ခ်၏ ပေါင်ကြားတည့်တည့်ထဲမှ လှလှပပ သွင်းဂိုး သွင်းယူသွားခဲ့ခြင်း ဖြစ်ပေသည်။
၁-၀
ဝုန်း...
အိုးထရက်ဖို့ဒ် ကွင်းကြီးတွင် အောင်ပွဲခံ အော်ဟစ်သံများ ဟိန်းထွက်သွားပြီး မန်ယူ ပရိသတ်များက ညာဘက် လက်သီးများကို မြှောက်ကာ တုံ့ပြန်လိုက်ကြသည်။ ချူဖုန်းသည် အရှိန်ပြင်းပြင်း ပြေးသွားကာ လေပေါ်သို့ ခုန်တက်လိုက်ပြီး သူ၏ လက်သီးကို လွှဲကာ လေဟာနယ်ကို ထိုးချလိုက်လေသည်။
သူက အက်သလက်တီကို မက်ဒရစ်၏ ခံစစ်ကို တစ်ယောက်ချင်း ထိပ်တိုက် ရင်ဆိုင်ကာ ဂိုးသွင်းယူနိုင်ခဲ့ပြီး သူ၏ စိတ်ခံစားမှုများက မီးတောင် တစ်ခု ပေါက်ကွဲသွားသကဲ့သို့ ခဏအတွင်းမှာပင် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့လေပြီ။
***