“မန်ယူအသင်းရဲ့ ပွဲထွက် ကစားကွက်က အလုပ်မဖြစ်သေးခင်မှာပဲ ရှောင်ချူက သူ့ရဲ့ တစ်ဦးချင်း စွမ်းရည်တွေကို ထုတ်ပြပြီး ဦးဆောင်ဂိုး သွင်းသွားခဲ့ပါပြီ...”
“ပြိုင်ဘက် ကစားသမား သုံးယောက် ဝိုင်းပိတ်ထားတဲ့ ကြားထဲကနေ မယုံနိုင်စရာ ကောင်းလောက်အောင် ဂိုးသွင်းယူသွားတာဗျာ။ ကိုယ့်မျက်စိနဲ့သာ ကိုယ်တိုင် မမြင်ရဘူးဆိုရင် ဘယ်သူကမှ ဒီလို လုပ်နိုင်မယ်လို့ ယုံကြည်မှာ မဟုတ်ဘူး...”
“မန်ယူတို့ ဒီဂိုး သွင်းသွားတဲ့အတွက် အက်သလက်တီကိုမက်ဒရစ် အနေနဲ့ နှစ်ကျော့ပေါင်းရလဒ်မှာ မန်ယူကို ကျော်တက်ချင်ရင် အနည်းဆုံး နှစ်ဂိုးသွင်းဖို့ လိုအပ်သွားလေပြီ...”
“ဒါပေမဲ့ မေးစရာရှိတာက... အင်အားချည့်နဲ့နေတဲ့ တပ်ပျက်ကြီးနဲ့ သူတို့ လုပ်နိုင်ပါ့မလား...”
စိမ်းလန်းနေသော ဘောလုံးကွင်းထဲတွင် ချူဖုန်းအား အသင်းဖော်များက ဝိုင်းပတ်ထားပြီး အော်ဟစ် အောင်ပွဲခံနေကြသည်။
“ချူ... မင်းက သောက်ရမ်း မိုက်တာပဲကွာ...”
“ငါလည်း ဒီအကွက်ကို သင်ချင်တယ်ဟေ့...”
“ဟား ဟား ဟား... အက်သလက်တီကို ကစားသမားတွေရဲ့ မျက်နှာကို ကြည့်စမ်းပါဦးကွာ... ယင်ကောင် တစ်ရာလောက် မျိုချထားရတဲ့ အတိုင်းပဲ...”
မန်ယူကစားသမားများထံမှ သွယ်ဝိုက်၍တစ်မျိုး၊ ဗြောင်ကျကျတစ်ဖန် ထွက်ပေါ်လာသော လှောင်ပြောင်သံများကြောင့် အက်သလက်တီကို ကစားသမားများမှာ အလွန်အမင်း ဂုဏ်သိက္ခာ ကျဆင်းသွားသလို ခံစားလိုက်ရပြီး အချို့ဆိုလျှင် ဒေါသမထိန်းနိုင်ဘဲ နှုတ်မှ ပြန်လည် တုံ့ပြန်ကြလေသည်။
ဤသည်ကပင် အက်သလက်တီကို အသင်း၏ အကြီးမားဆုံး ပြဿနာ ဖြစ်ပေသည်။ အသိစိတ် လွတ်သွားတတ်ခြင်းပင်…။
အဘယ်ကြောင့်ဆိုသော် ယင်းမှာ ဆီမြွန်နီက အက်သလက်တီကို အသင်းထံ ယူဆောင်လာပေးခဲ့သော ကစားဟန် ဖြစ်သောကြောင့်တည်း။ သူကိုယ်တိုင်ကပင် ကွင်းထဲတွင် ရိုင်းစိုင်းကြမ်းတမ်းပြီး အနိုင်ရရန် အတွက် မည်သည့် အလုပ်ကိုမဆို လုပ်ရဲသူ ဖြစ်သည်။
လွန်ခဲ့သော နှစ်အနည်းငယ်က ဤကစားဟန်မှာ တော်တော်လေး ရေပန်းစားခဲ့ပြီး ပရိသတ်များက “သံမဏိ စိတ်ဓာတ်” ဟုပင် တင်စားခဲ့ကြ၏။
သို့ရာတွင် ယခုအခါ မည်သူကမျှ ထိုအရာများကို အဖက်မလုပ်ကြတော့ပေ။
အသင်းဖော်များ၏ မျှော်လင့်ချက် ကင်းမဲ့နေသော မျက်နှာများကို ကြည့်ရင်း ဂရစ်ဇ်မန်း တစ်ယောက် အသင်းမှ ထွက်ခွာရန် မတွေးဘဲ မနေနိုင်တော့ချေ။
လွန်ခဲ့သော အချိန်အနည်းငယ်က ဘာစီလိုနာ အသင်း၏ စီမံခန့်ခွဲမှု အဖွဲ့သည် သူ၏ အေးဂျင့်နှင့် ဆက်သွယ်ခဲ့ပြီး ယူရို သန်း (၁၂၀) တန် စာချုပ်ဖျက်သိမ်းကြေးကို ပေးချေရန် ကမ်းလှမ်းခဲ့သည်။
ရိုးရိုးသားသား ပြောရလျှင် ရည်မှန်းချက် ကြီးမားသော ကစားသမား တစ်ယောက်အတွက် ချန်ပီယံလိဂ် ဖလားကို မဆွတ်ခူးနိုင်ခြင်းက အကြီးမားဆုံး နောင်တပင် ဖြစ်ပေသည်။ ထိုအကြောင်းကို တွေးမိသောအခါ ဂရစ်ဇ်မန်းသည် ချူဖုန်းအား မနာလိုမှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်လိုက်မိသည်။
ဒီကောင်လေးက တကယ်ကို ကံကောင်းလွန်းသည်။ ပွဲထွက်ခွင့်ရသည့် ပထမနှစ်မှာတင် ချန်ပီယံဖလား နှစ်လုံးကို ဆွတ်ခူးထားနိုင်ခဲ့သည် မဟုတ်ပါလား…။
ဂရစ်ဇ်မန်း ဘောလုံး လက်ခံရယူပြီး ကွင်းလယ်စက်ဝိုင်းထဲတွင် နေရာယူလိုက်သည်။ ဒိုင်လူကြီး နှရာမှုတ်လိုက်သည်နှင့် ရိုဒရီထံသို့ ဘောလုံး ပြန်ချပေးလိုက်၏။
ထင်မှတ်ထားသည်နှင့် ဆန့်ကျင်ဘက်ပင်... အက်သလက်တီကို အသင်းသည် ဂိုးပေးလိုက်ရသော်လည်း တိုက်စစ်ဆင်လိုစိတ်များ ပျောက်ကွယ်မသွားခဲ့ပေ။
နှစ်များစွာကြာ အနိမ့်အမြင့် အတက်အကျများကို ဖြတ်သန်းခဲ့ပြီး သုံးနှစ်အတွင်း ချန်ပီယံလိဂ် ဗိုလ်လုပွဲသို့ နှစ်ကြိမ် တက်ရောက်နိုင်ခဲ့သော အတွေ့အကြုံများနှင့်ဆိုလျှင် ဤမျှ သေးငယ်သော အခက်အခဲလေးကြောင့် သူတို့က ဘယ်လိုလုပ် အလွယ်တကူ အရှုံးပေးပါမည်နည်း။
ထိုသို့ အရှုံးပေးလိုက်ခြင်းက “ပရော်ဖက်ရှင်နယ် ကစားသမား” ဟူသော ဝေါဟာရ၏ တန်ဖိုးကို ကြီးကြီးမားမား လျှော့တွက်ရာ ကျပေလိမ့်မည်။
ထို့ပြင် ဆီမြွန်နီ၏ နည်းစနစ်များက ညစ်ပတ်သည် ဆိုသော်ငြား...
ဘောလုံးလောကတွင် သူ၏ အဆင့်အတန်းကို မည်သူကမျှ သံသယ မဝင်ကြချေ။ မော်ရင်ညိုပင် အပါအဝင် ဖြစ်၏။
ပို၍ အရေးကြီးသည်မှာ ဆီမြွန်နီ၏ စရိုက်လက္ခဏာက အသေအကြေ အကျပ်အတည်း ရောက်နေချိန်မျိုးတွင် မကြုံစဖူး လုပ်ရပ်များကို လုပ်ဆောင်နိုင်စွမ်း ရှိနေခြင်းပင်တည်း။
ဤကဲ့သို့သော လူမျိုးများထံတွင် ရဲရင့်ခြင်း သတ္တိဆိုသည်မှာ ဘယ်သောအခါမှ ကင်းမဲ့နေမည် မဟုတ်ပေ။
အက်သလက်တီကို အသင်းသည် ဒိုင်လူကြီး၏ စည်းမျဉ်း သတ်မှတ်ချက်များကို ဂရုမစိုက်တော့ဘဲ အိုးထရက်ဖို့ဒ်ကွင်းကို သူတို့၏ အိမ်ကွင်းသဖွယ် သဘောထားလိုက်ကြတော့သည်။
‘ငါတို့ နောက်တစ်ဆင့် မတက်နိုင်ရင်တောင် မင်းတို့လည်း အလွယ်တကူ အနိုင်ရမယ် မထင်နဲ့... အတူတူ သေဖို့သာ ပြင်ထားလိုက်တော့...’
ပွဲချိန် (၂၁) မိနစ်…
ပေါ့ဘာ ကွင်းလယ်တွင် ဘောလုံး ဆွဲပြေးလာစဉ် ကိုကီနှင့် ရိုဒရီတို့က ဝင်ရောက် ဖျက်ထုတ်လိုက်ရာ သူရော ဘောလုံးပါ မြေပြင်ပေါ်သို့ လဲကျသွားရသည်။
“ဖောင်းဘော မဟုတ်ဘူး...”
ဒိုင်လူကြီးက လက်နှစ်ဖက်ကို ယှက်ပြကာ ပွဲဆက်ကစားရန် အချက်ပြလိုက်၏။
အက်သလက်တီကို ကစားသမားများက လှုပ်ရှားမှု စတင်နေကြပြီ ဖြစ်ပြီး ခရာမှုတ်သံ မကြားရသရွေ့ သူတို့ ဘယ်တော့မှ ရပ်တန့်မည် မဟုတ်ပေ။
သို့သော်လည်း မန်ယူအသင်း၏ တုံ့ပြန်မှုကလည်း အလားတူပင် ထက်မြက်လွန်းလှသည်။
အက်ရှ်လေယန်းက လီမာအား မြေပြင်ပေါ်မှ လျှောထိုးကာ ပျံသန်း ဝင်ရောက် ဖျက်ထုတ်လိုက်၏။
ဝုန်း...
ငယ်ရွယ်သော ပြင်သစ်ကစားသမားလေးမှာ မီတာအနည်းငယ်ခန့် လွင့်စင်သွားပြီး ကွင်းဘေးရှိ ကြော်ငြာဘုတ်ကို ဝင်တိုက်မိသွားကာ ခြေထောက်ကို ဖက်၍ နာကျင်စွာ အော်ဟစ်နေရတော့သည်။
ပွဲကြည့်စင်ပေါ်ရှိ မန်ယူပရိသတ်များက နိုင်ငံတကာ ချစ်ကြည်ရေး သင်္ကေတများ (လက်ခလယ် ထောင်ပြခြင်း) ကို ထပ်ခါတလဲလဲ ပြသကာ မီးလောင်ရာ လေပင့်ပေးနေကြ၏။
“ကောင်လေး... မင်း ဒါလေးတောင် ခံနိုင်ရည် မရှိဘူးလား...”
“မက်ဒရစ်ကို ပြန်ပြီး ငိုနေလိုက်တော့... ဒီမှာ မင်းကို သနားမယ့်သူ တစ်ယောက်မှ မရှိဘူး...”
“ယူရို သန်း (၇၀) တန် ကစားသမား ဆိုတာ ဒီလောက်ပဲလားကွ...”
အသင်းနှစ်သင်းကြား ပြင်းထန်သော ပဋိပက္ခ တစ်ခု ပေါက်ကွဲထွက်လာသည်မှာ ပြောနေစရာပင် မလိုတော့ပေ။ အနီးဆုံးတွင် ရှိနေသော ရိုဒရီက ပြေးလာပြီး အက်ရှ်လေယန်း၏ အင်္ကျီကော်လာကို ဆွဲကာ ဟိန်းဟောက်လိုက်သည်။
မန်ယူ နောက်ခံလူ ၄ ယောက် ဆိုသည်မှာလည်း ရန်စ၍ ရသော သူများ မဟုတ်ပေ။ အက်ရှ်လေယန်းက ရိုဒရီကို လက်ပြန်တွန်းထုတ်လိုက်၏။
ထိုနှစ်ယောက် စတင် မချကြခင်မှာပင် အခြား ကစားသမားများက တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။
အချို့က ပြဿနာ ဖြေရှင်းပေးသူအဖြစ် ဟန်ဆောင်နေကြသော်လည်း အချို့ကမူ ပြဿနာကို ပိုမို ကြီးထွားအောင် သွေးထိုးလှုံ့ဆော်နေကြ၏။ ဥပမာအားဖြင့် ကော်ရီယာဆိုလျှင် သူ၏ အမည်မှာ ကောင်းကင်တမန် ဟု အဓိပ္ပာယ်ရသော်လည်း သူ၏ ကစားဟန်က အက်သလက်တီကို အသင်းနှင့် ကွက်တိကျလွန်းလှသည်။
သို့သော်ငြား သူ လက်ပါရန် အခွင့်အရေး မရှာနိုင်ခင်မှာပင် အရပ်ရှည်ရှည် တောင့်တောင့်တင်းတင်း ရှိလှသော ချူဖုန်းက သူ့ကို အင်အားသုံး၍ ဘေးသို့ တွန်းဖယ်လိုက်လေသည်။
“ငါက ချဖို့လည်း အသင့်ပဲ... မင်းတို့ ဘောလုံးကစားချင်ရင်လည်း ရတယ်... ငါ မင်းတို့ကို နှစ်ခုစလုံးမှာ အနိုင်ယူပြမယ်...”
ဤသည်မှာ မန်ယူအသင်း စတင် တည်ထောင်စက ကစားသမားများ ပြောလေ့ရှိသော စကားစု တစ်ခု ဖြစ်ပြီး တဖြည်းဖြည်းနှင့် သရဲနီတို့၏ အစဉ်အလာ တစ်ခု ဖြစ်လာခဲ့သည်။
ချူဖုန်းက ဤစကားကို သုံးရန် အကောင်းဆုံး အချိန်ဟု ခံစားလိုက်ရ၏။
ကော်ရီယာ တစ်ယောက် နှာခေါင်းရိုး ကျိုးသွားပြီး တရားမျှတမှုကို ရှာဖွေစရာ နေရာမရှိဘဲ ဥရောပ ဘောလုံးလောကတွင် ရယ်စရာအမော ဖြစ်ခဲ့ရသော ဖိလစ်ပီ၏ ကံကြမ္မာကို ချက်ချင်း သတိရသွားသည်။
ချူဖုန်း လက်ပါရဲမည် မဟုတ်ကြောင်း သူ သိပါသည်။
ဒါပေမဲ့ ဒီကောင်လေးက အပြင်ပန်းမှာသာ ရိုးသားအေးဆေးတဲ့ပုံ ပေါက်နေပြီး အတွင်းစိတ်က ရူးသွပ်နေတဲ့ ကောင်မျိုးဆိုရင် ဘယ်လိုလုပ်မလဲ။
မဟုတ်လျှင် သူတို့က ဖိလစ်ပီကို ထိုမျှ ဆိုးဆိုးရွားရွား ရိုက်နှက်ခဲ့မည် မဟုတ်ပေ။
ဒိုင်လူကြီး၏ ပွဲကို ထိန်းချုပ်နိုင်စွမ်းက တော်တော်လေး ကောင်းမွန်လှသည်။ သူက အက်ရှ်လေယန်းကို အဝါကတ် ပြလိုက်ပြီး ဂိုဒင်နှင့် ချူဖုန်းတို့ကို သူ၏ အနီးသို့ ခေါ်ကာ ပြင်းပြင်းထန်ထန် နှုတ်ဖြင့် သတိပေးလိုက်၏။
ကော်ရီယာလည်း အခြေအနေကို ကြည့်၍ နောက်ဆုတ်သွားတော့သည်။
ကွင်းထဲတွင် လှိုင်းတစ်လုံး ငြိမ်သက်သွားချိန်၌ နောက်ထပ် လှိုင်းတစ်လုံး ထပ်မံ ထကြွလာမည်ကို မည်သူက သိမည်နည်း။
ဆီမြွန်နီက စတုတ္ထဒိုင်အား ဟိန်းဟောက်လိုက်သည်။ “မန်ယူ နံပါတ် (၇) က ငါ့လူကို တမင်သက်သက် တွန်းသွားတာလေ... ခင်ဗျားတို့က သူ့ကို ဘာလို့ အဝါကတ် မပြတာလဲ...”
ဘာသာစကား (၈) မျိုးကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သော မော်ရင်ညိုက ဆီမြွန်နီ၏ တောင်းဆိုချက်ကို ကြားသောအခါ မဲ့ပြုံး ပြုံးလိုက်မိ၏။ သူက ဘောင်းဘီအိတ်ကပ်ထဲ လက်နှိုက်ထားရင်း ဆီမြွန်နီ အနီးသို့ လျှောက်သွားကာ ပြောလိုက်သည်။
“အဲဒီလိုသာ ဆိုရင်... ခင်ဗျား လူတွေ အားလုံး ကွင်းထဲကနေ ထုတ်ခံရဖို့ပဲ ရှိတော့တယ်...”
“ခင်ဗျားက ဘာအခွင့်အရေးနဲ့ လာပြောနေတာလဲ...” ဆီမြွန်နီက မော်ရင်ညိုကို စောင်းကြည့်ကာ မေးလိုက်သည်။
“၂၀၀၀ ခုနှစ် ဘင်ဖီကာ အသင်းကို စကိုင်ကတည်းက ငါ ဆုဖလား (၂၉) လုံး ရခဲ့တယ်...” မော်ရင်ညိုက ပြိုင်ဘက်ကို အေးစက်စက် ကြည့်ကာ ပြောလိုက်သည်။ “မင်းကရော...”
“မင်းရဲ့ ကစားသမား ဘဝမှာ ရခဲ့တဲ့ ချန်ပီယံဆုတွေကို ပါ ထည့်ပေါင်းရင်တောင်... ငါရခဲ့တဲ့ ဆုဖလား အရေအတွက်ရဲ့ တစ်ဝက်လောက် ရှိရဲ့လား...”
ထိုစကားကို ကြားသောအခါ ဆီမြွန်နီ ဆွံ့အသွားပြီး အတိတ်ကိုပင် ခဏတာ ပြန်လည် စဉ်းစားခန်း ဝင်သွားရ၏။
သူ ကစားသမား ဘဝတွင် ချန်ပီယံဆု (၇) ကြိမ်၊ နည်းပြဘဝတွင် ချန်ပီယံဆု (၇) ကြိမ် ရရှိခဲ့ပြီး စုစုပေါင်း (၁၄) ကြိမ်သာ ရှိရာ သူတစ်ပါး ရရှိခဲ့သည့် အရေအတွက်၏ တစ်ဝက်ပင် မပြည့်ချေ။
အကယ်၍ ယခုရာသီတွင် မန်ယူအသင်းသာ ယူအီးအက်ဖ်အေ စူပါဖလားကို မရရှိခဲ့ပါက...
“ဒါကို ခင်ဗျားနဲ့ ယှဉ်နေရတာ ဘာအဓိပ္ပာယ် ရှိလို့လဲ... ချန်ပီယံဆု ပိုများတာနဲ့ပဲ ခင်ဗျားက အရည်အချင်း ပြည့်မီသွားရောလား...”
ဆီမြွန်နီက စကားတစ်ခွန်းသာ ပြောပြီး နည်းပြ ခုံတန်းလျားသို့ ပြန်သွားလေသည်။
မော်ရင်ညိုက ပခုံးတွန့်ကာ ‘ဒီလောက်ပါပဲလေ’ဆိုသည့် ဟန်ပန်ဖြင့် လက်နှစ်ဖက်ကို ဖြန့်ပြလိုက်၏။
သူတို့ နှစ်ယောက်ကြားမှ ပဋိပက္ခကို တိုက်ရိုက် ထုတ်လွှင့်နေသောကြောင့် ပရိသတ်များမှာ အလွန် သဘောကျနေကြပြီး ပွဲစဉ်ထက်ပင် ပို၍ စိတ်လှုပ်ရှားစရာ ကောင်းနေသည်ဟု ခံစားလိုက်ရသည်။
ယခုအခါ ပွဲချိန် (၃၄) မိနစ်သို့ ရောက်ရှိလာချေပြီ။
အက်သလက်တီကို အသင်း၏ အဓိက ကစားသမား သုံးဦး မပါဝင်နိုင်ခြင်းက ကြီးမားသော သက်ရောက်မှု ရှိနေပြီး သူတို့၏ ရှေ့တက် ဖိအားပေး ကစားဟန်မှာ ဟန်ချက်ညီမှု မရှိတော့သောကြောင့် အင်အားနည်းပါးနေ၏။ ထို့ကြောင့် သူတို့မှာ ကိုယ့်ကွင်းဘက်ခြမ်းတွင်သာ အခိုင်အမာ ခံစစ်ချ၍ ဆုတ်ကစားရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ပေ။
မန်ယူအသင်းကမူ ဦးဆောင်နေသည့်တိုင် အေးဆေးတည်ငြိမ်စွာပင် ဘောလုံးကို အပြင်ဘက် ပတ်လည်တွင်သာ ပေးပို့ ကစားနေကြသည်။
အက်သလက်တီကို အသင်းက သေချာပေါက် အရင်ဆုံး လှုပ်ရှားလာမည် ဖြစ်ပြီး ထိုအခါမှ အခြေအနေ အရ လိုက်လံ ပြောင်းလဲ ကစားခြင်းက ခွန်အားစိုက်ထုတ်မှု တစ်ဝက်ဖြင့် ရလဒ် နှစ်ဆ ရရှိစေမည် ဖြစ်သည်။
လီမာ၏ လျင်မြန်သော ဖိအားပေးမှုကြောင့် ညာဘက်အခြမ်းတွင် နေရာလွတ် ပေါ်ထွက်လာသည်။ ရက်ရှ်ဖို့ဒ်က ဘောလုံးကို နောက်သို့ ပြန်ချပေးလိုက်ပြီးနောက် ချက်ချင်း လှည့်ကာ ရှေ့သို့ ပြေးထွက်သွား၏။
***