“မားကပ်စ်...”
ဟာရဲရားက တောင်ပံတစ်လျှောက် ဘောလုံး ပေးပို့လိုက်ရာ ရက်ရှ်ဖို့ဒ်က ဘောလုံးရှေ့သို့ ရောက်သွားပြီး ဟွမ်ဖရန်ဆီသို့ ဦးတည်ကာ ဘောလုံးဆွဲ၍ တဟုန်ထိုး ပြေးဝင်သွားလေသည်။
အသက် (၃၃) နှစ်အရွယ် ဝါရင့် ကစားသမားကြီးမှာ ရာသီအကုန်တွင် အသင်းမှ ထွက်ခွာမည်ဟု အတည်ပြုထားပြီး ဖြစ်သည်။
ရက်ရှ်ဖို့ဒ်မှာ လျင်မြန်စွာ ပြေးဝင်လာကာ ခံစစ်ကို အင်အားသုံး၍ ဖောက်ထွက်သွားပြီးနောက် ပယ်နယ်တီ ဧရိယာ ဘယ်ဘက်ခြမ်းမှနေ၍ ဘယ်ခြေဖြင့် သာမန် ဖြတ်တင်ဘော တစ်လုံးကို တင်ပေးလိုက်၏။
‘ဒီကောင်လေး ကြီးလာဖို့ ဘာတွေများ စားထားတာလဲ... နွားတစ်ကောင်လို သန်မာနေပါလား...’
ဂျီမီနက်ဇ်က ချူဖုန်းကို အပြင်ဘက်သို့ တွန်းထုတ်ရန် ရည်ရွယ်ထားသော်လည်း သူသာ နောက်ဆုတ်လိုက်ရသည်ကို တွေ့လိုက်ရ၏။
ဘောလုံး ကျဆင်းလာသည်ကို မြင်သောအခါ ဂျီမီနက်ဇ် အံကြိတ်ကာ အစွမ်းကုန် တောင့်ခံထားလိုက်၏။ သို့ရာတွင် ချူဖုန်းက ရုတ်တရက် အင်အားကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး ခြေတစ်ဝက်ခန့် နောက်ဆုတ်ကာ ကိုယ်နေဟန်ထားကို ပြင်ဆင်လိုက်သည်။
အနီးတွင် ရပ်နေသော ဂိုဒင်က လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး ချူဖုန်း၏ ရှေ့သို့ ချက်ချင်း ဝင်ရောက် ပိတ်ဆို့လိုက်လေသည်။
“ချူ ခေါင်းတိုက်လိုက်ပြီ…”
“ကံဆိုးစွာနဲ့ပဲ ချူရဲ့ ခေါင်းတိုက်ချက်က အားပျော့သွားပြီး အိုဘလက်ခ် ကာကွယ်လိုက်နိုင်တဲ့အတွက် ဘေးထွက်သွားခဲ့ပါတယ်...”
ဂယ်ရီနဗီးလ်က စိတ်ပျက်လက်ပျက်ဖြင့် စားပွဲကို လက်သီးဖြင့် ထုလိုက်ရာ ကာရေဂါ တစ်ယောက် ကြက်သေသေသွားရ၏။ “ဟေး... ဂိုးဝင်သွားရင်တောင် အဲဒီလောက်ကြီး စိတ်လှုပ်ရှားနေဖို့ မလိုပါဘူးကွာ...”
“မင်း ဘာမှ နားမလည်ပါဘူး... ဒါက ငါတို့ရဲ့ အစဉ်အလာကွ...” ဂယ်ရီနဗီးလ်က ကာရေဂါကို ရွံရှာသော အကြည့်ဖြင့် ကြည့်လိုက်သည်။
စိမ်းလန်းနေသော ဘောလုံးကွင်းထဲတွင်...
ချူဖုန်းက နာကျင်နေသော သူ၏ ခါးအောက်ပိုင်းကို ပွတ်သပ်လိုက်၏။ သေချာပေါက် သူ့ကို ဂိုဒင်က အသားလွတ် ဆွဲဆိတ်သွားခြင်း ဖြစ်သည်။ သို့သော် ဤကဲ့သို့သော လှည့်ကွက်မျိုးမှာ အလွန် အဖြစ်များပြီး ခံစစ်ကစားသမားတိုင်းလိုလို အသုံးပြုတတ်ကြသည်။
ဒိုင်လူကြီးကို သွားတိုင်တန်းလျှင်တောင် ဘာမှ အကူအညီ ရမည် မဟုတ်ပေ။
ထို့ပြင် ချူဖုန်းက ထိုမျှ အားနည်း ပျော့ညံ့သောသူ မဟုတ်ချေ။ ပြိုင်ဘက်များ၏ ပစ်မှတ်ထားခြင်းကို ခံရသည့် အခြေအနေများနှင့် သူ ရင်းနှီးနေပြီ ဖြစ်သည်။
ထိတ်လန့်နေဆဲ ဖြစ်သော ဂိုဒင်က အော်ဟစ်လိုက်၏။ “မင်း သူ့ကို မကျော်နိုင်ရင် ဘောလုံးကိုပဲ အာရုံစိုက်... စောစော ခုန်ပြီး ခေါင်းနဲ့ တိုက်ထုတ်ပစ်... အဲဒီကောင်လေး အန္တရာယ်ရှိတဲ့ ဇုန်ထဲ ရောက်လာမယ့် အချိန်ထိ မစောင့်နေနဲ့...”
လှည့်ကွက်ငယ်လေးများ သုံးခြင်းက လက်ခံနိုင်စရာ ရှိသော်လည်း ရေရှည်အတွက်မူ မှန်ကန်သော နည်းလမ်း မဟုတ်ပေ။
တစ်ကြိမ် နှစ်ကြိမ်... သို့မဟုတ် သုံးလေးကြိမ်လောက် ကာကွယ်နိုင်မည်လား။
ခံစစ် ကစားသမား တစ်ယောက်အတွက် ပြိုင်ဘက်ကို အခွင့်အရေး တစ်ကြိမ်လေး ပေးလိုက်ခြင်းကပင် လုံးဝ ပျက်စီးကိန်း ဆိုက်သွားစေနိုင်သည်။
ဂျီမီနက်ဇ်မှာ အလွန်အမင်း နာကြည်းသွားရ၏။
အကယ်၍ သူသာ ချူဖုန်းကို အပြင်ဘက်သို့ မတွန်းထုတ်ထားပါက... ထိုကောင်စုတ်လေး၏ သာမန်ထက် လွန်ကဲနေသော လေထဲတွင် တန့်နေနိုင်စွမ်းနှင့် ပြေးထွက်လာသော အရှိန်တို့ ပေါင်းစပ်သွားပါက သူ အကြီးအကျယ် ဒုက္ခရောက်သွားပေလိမ့်မည်။
အက်သလက်တီကို အသင်းထဲမှာ ဘယ်သူကများ သူ့ကို တားဆီးနိုင်လို့လဲ။
“ယန်... နောက်ပိုင်း ဖြတ်တင်ဘောတွေရဲ့ လမ်းကြောင်းကို သတိထားကြည့်... ဂိုးပေါက်နဲ့ သိပ်မဝေးဘူးဆိုရင် မင်း ထွက်လာပြီး ရှင်းထုတ်လိုက်တာ အကောင်းဆုံးပဲ...” ဂျီမီနက်ဇ်က အိုဘလက်ခ်ထံမှ အကူအညီ တောင်းလိုက်သည်။
ဒါက သူ စဉ်းစားလို့ရသော တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။ ဂိုးသမား၏ လက်မောင်း အင်အားနှင့် လက်အရှည်တို့ဖြင့် ချူဖုန်း၏ ခေါင်းတိုက်ချက်ကို ပိတ်ဆို့ရန်မှာ ပြဿနာ မရှိနိုင်ပေ။
“ကောင်းပြီလေ...” အိုဘလက်ခ်က ခေါင်းညိတ်ပြလိုက်၏။
မာရက်ဇ်၏ ထောင့်ကန်ဘောက ပယ်နယ်တီ ဧရိယာ၏ အနီးတိုင်ဆီ ဦးတည်လာရာ တန်ဖိုးအကြီးဆုံး ဂိုးသမား ဟူသော ဂုဏ်ပုဒ်နှင့်အညီ အိုဘလက်ခ်က ဘောလုံးကို လက်သီးနှစ်ဖက်ဖြင့် ပယ်နယ်တီ ဧရိယာ အပြင်ဘက်သို့ ပြတ်သားစွာ ထိုးထုတ်လိုက်သည်။
“ရော့ဘ်...”
အသင်းဖော်များ ပြန်ကျဘောကို မရလိုက်ကြောင်း ချူဖုန်း သတိပြုမိသွားသဖြင့် အော်ဟစ်လိုက်ကာ ကိုယ့်ကွင်းဘက်ခြမ်းသို့ လှည့်၍ ပြန်ပြေးလေတော့သည်။
အက်သလက်တီကို အသင်း၏ တန်ပြန်တိုက်စစ်များက ဥရောပတွင် အကောင်းဆုံးများထဲမှ တစ်ခု ဖြစ်သောကြောင့် အကောင်းဆုံး ဖြေရှင်းနည်းမှာ ချက်ချင်း ပြန်လည် ဖိအားပေးပြီး သူတို့၏ နောက်တန်းမှ ဘောလုံးပေးပို့မှု စနစ်ကို ဖျက်ဆီးပစ်ရန်ပင် ဖြစ်သည်။
ရိုဒရီက ထိုပြဿနာကို နားလည်သောကြောင့် ပြန်ကျဘောကို ထိန်းချုပ်ပြီးနောက် အချိန်ဆွဲကာ တိုတိုလေး ပေးပို့မနေတော့ဘဲ မိုရာတာထံသို့ တိုက်ရိုက် ပေးပို့လိုက်၏။
“တကယ်ကို ကောင်းမွန်တဲ့ ပေးပို့မှုပါပဲဗျာ...”
“ရှားရှားပါးပါး ရလာတဲ့ တန်ပြန်တိုက်စစ် အခွင့်အရေးကို အက်သလက်တီကို အသင်းက ဘယ်လို အသုံးချမလဲဆိုတာ စောင့်ကြည့်ရအောင်...”
ပြင်ပလောကက မိုရာတာကို ခြေစွမ်းမရှိသူ၊ လူကျွံဘော ထောင်ချောက်ထဲ အမြဲတမ်း မိနေသူဟု ရှုမြင်ကြသော်လည်း လက်တွေ့တွင်မူ မိုရာတာ၌ အလွန်ကောင်းမွန်သော တန်ပြန်တိုက်စစ် စွမ်းရည် ရှိပေသည်။
မိုရာတာက သူ၏ ကျွမ်းကျင်လှသော လှည့်စားမှုနှင့် ဆွဲပြေးမှုတို့ကြောင့် မက်ဂွိုင်းယားကို ရှောင်တိမ်းနိုင်ခဲ့၏။ သို့သော် နောက်တစ်စက္ကန့်တွင် မက်ဂွိုင်းယားက လှမ်းဆွဲလိုက်ပြီး အက်သလက်တီကို အသင်းကို တားဆီးရန် နည်းစနစ်ပိုင်းဆိုင်ရာ ဖောင်းဘော တစ်ခုကို ကျူးလွန်လိုက်လေသည်။
မိုရာတာ ရီးရဲလ်မက်ဒရစ် ပထမအသင်းသို့ ရောက်ရှိလာခြင်းမှာ မော်ရင်ညို၏ ပါရမီကို မြင်တတ်သော စူးရှသည့် အမြင်ကြောင့်သာ ဖြစ်ကြောင်း သတိပြုသင့်ပေသည်။
မိုရာတာ၏ ဝိသေသလက္ခဏာများကို သူက ဘယ်လိုလုပ် နားမလည်ဘဲ နေမည်နည်း။ ထို့ကြောင့် သူက မန်ယူ ကစားသမားများကို မှာကြားထားခဲ့သည်။
“တန်ပြန်တိုက်စစ်မှာ သူ့ရဲ့ ထိုးဖောက်နိုင်စွမ်းက ကောင်းတယ်... ဒါပေမဲ့ ပြိုင်ဘက်ကို ကျော်ဖြတ်ပြီးရင် သူက အခြေအနေကို စောင့်ကြည့်တတ်တဲ့ အကျင့်ရှိတယ်... အဲဒါက တန်ပြန်တိုက်စစ်ရဲ့ အရှိန်ကို ကျဆင်းသွားစေလိမ့်မယ်...”
မက်ဂွိုင်းယားက သူ နောက်လှည့်ရန် နှေးကွေးကြောင်း ကောင်းကောင်း သိထားသည်။ ထို့ကြောင့် သူတို့က နောက်ကို ပြန်လိုက်ရန်ပင် မကြိုးစားကြတော့ဘဲ ပြိုင်ဘက် ဘောလုံး မဆွဲနိုင်စေရန် နည်းစနစ်ပိုင်းဆိုင်ရာ ဖောင်းဘောကိုသာ ကျူးလွန်လိုက်ကြခြင်း ဖြစ်သည်။
“စောစောကတည်းက ပေးစမ်းပါကွာ...”
ဂရစ်ဇ်မန်းက စိတ်မရှည်စွာဖြင့် မိုရာတာကို ဆဲဆိုလိုက်သည်။ “မင်းသာ မန်ယူ နောက်တန်းရဲ့ အနောက်ကို မျှောထိုးပေးပို့မှု လုပ်လိုက်ရင်... ငါ သူတို့နဲ့ တစ်ယောက်ချင်း ရင်ဆိုင်ရပြီ မဟုတ်ဘူးလား...”
မိုရာတာ အနည်းငယ် ရှက်သွားသော်လည်း သူ မှားသွားမှန်း သူ သိပါသည်။ သူတို့ နှစ်ယောက် ခေါင်းငိုက်စိုက်ကျကာ ပြန်လျှောက်သွားရုံမှလွဲ၍ တတ်နိုင်စရာ မရှိတော့ပေ။
ဂရစ်ဇ်မန်း၏ စကားကို ကြားသောအခါ ချူဖုန်း တစ်ယောက် စိတ်ထဲတွင် အနည်းငယ် ခံစားသွားရသည်။
ဘောလုံး ဆိုသည်မှာ အသင်းလိုက် ကစားရသော အားကစား တစ်ခု ဖြစ်ပြီး ဟာလော့ခ် သက်ရောက်မှု ကဲ့သို့သော နိယာမများစွာက ယင်းနှင့် သက်ဆိုင်နေသည်။ သင့်တင့် လျောက်ပတ်သော ချီးကျူးမှုက ဝေဖန်ခြင်းထက် သိသိသာသာ ပို၍ ထိရောက်မှု ရှိပေသည်။
ထို့ကြောင့် ချူဖုန်းသည် သူ၏ အသင်းဖော်များကို လူပုံအလယ်တွင် ဝေဖန်လေ့ မရှိပေ။
အော်… ဂိုးပေါက်ရှေ့ မီတာဝက်လောက် အကွာကနေ လူကာကူ တစ်ယောက် အခွင့်အရေးကို ဖြုန်းတီးပစ်ခဲ့တဲ့ တစ်ခေါက်ကလွဲရင်ပေါ့လေ။
အလွန်အကျွံ ဖိအားပေးခြင်းက တစ်ဦးတစ်ယောက်၏ စွမ်းရည်များကို အပြည့်အဝ ထုတ်ဖော် ပြသနိုင်မှုကို အဟန့်အတား ဖြစ်စေနိုင်ပြီး သင့်လျော်သော နားလည်မှုနှင့် လေးစားမှုကမူ စိတ်ဓာတ်ခွန်အားကို တိုးတက်စေရန် ကူညီပေးနိုင်ပေသည်။
အက်သလက်တီကို အသင်း၏ တန်ပြန်တိုက်စစ် မအောင်မြင်ပြီးနောက် မန်ယူအသင်းက နည်းစနစ်များကို လျင်မြန်စွာ ပြောင်းလဲလိုက်သည်။
ခံစစ်ကို အာရုံစိုက်ပြီး တန်ပြန်တိုက်စစ်ဆင်ရန် အခွင့်အရေးကို စောင့်ဆိုင်းခြင်းပင်…။
“မော်ရင်ညိုရဲ့ အရှိန်အဟုန် ထိန်းချုပ်နိုင်စွမ်းက ပြီးခဲ့တဲ့ရာသီကထက် သိသိသာသာ ကောင်းမွန်လာပါတယ်... အင်တာနက် သုံးစွဲသူတွေ ပြောသလိုပါပဲ... Special Oneက သူ့ရဲ့ မှော်အတတ်တွေကို ပြန်လည် ရရှိသွားပါပြီ...”
“ဟာနန်ဒက်ဇ်ရဲ့ ဂိုးစည်းအစွန်ကနေ ဖြတ်တင်ပေးမှုဗျာ...”
“မိုရာတာက ခန္ဓာကိုယ်ချင်း ယှဉ်တိုက်ရမှာကို ကြောက်နေပုံရတယ်... အဲဒါကြောင့် မက်ဂွိုင်းယားက ခေါင်းတိုက်ဘောကို အလွယ်တကူ ယူသွားနိုင်ခဲ့တာပါ...”
“ဒါက သူနဲ့ ဒီယေဂို ကော်စတာ ကြားက အကြီးမားဆုံး ကွာခြားချက် ဖြစ်ပြီး သူ့ရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ အခန်းကဏ္ဍကိုလည်း ကန့်သတ်ထားသလို ဖြစ်နေပါတယ်...”
အက်သလက်တီကို ပရိသတ်များ၏ အားပေးသံများ တဖြည်းဖြည်း တိတ်ဆိတ်သွားသည်နှင့်အမျှ ပွဲ၏ အရှိန်အဟုန်မှာလည်း နှေးကွေးသွားခဲ့သည်။
မကြာမီမှာပင် ဒိုင်လူကြီးက ခရာမှုတ်လိုက်ပြီး ပွဲစဉ်၏ ပထမပိုင်း တရားဝင် ပြီးဆုံးသွားလေသည်။
မန်ယူ ၁-၀ အက်သလက်တီကို။
မန်ချက်စတာ ယူနိုက်တက်က နှစ်ကျော့ပေါင်း ရလဒ် ၂-၁ ဖြင့် ဦးဆောင်နေ၏။
အသင်းနှစ်သင်းလုံးမှ ကစားသမားများ အဝတ်လဲခန်းသို့ အလျင်အမြန် ပြန်သွားကြပြီး ဒုတိယပိုင်း အတွက် နည်းစနစ်များကို စတင် ဆွေးနွေးကြသည်။
ဆီမြွန်နီတွင် သူ့လက်ထဲတွင် အလှည့်အပြောင်း လုပ်စရာ ဖဲချပ်ကောင်း မရှိတော့သဖြင့် ကစားသမားများကို စကားလုံးများဖြင့်သာ လှုံ့ဆော်နိုင်တော့သည်။ “ငါတို့က ကလပ်အသင်းကြီးတွေရဲ့ အစဉ်အလာကို မယှဉ်နိုင်ဘူး... ငါတို့ဆီမှာ ပိုက်ဆံ အများကြီးလည်း မရှိဘူး... ငါတို့ အားကိုးစရာဆိုလို့ ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်ဖို့ပဲ ရှိတယ်...”
“...”
အက်သလက်တီကို အသင်းသို့ ရောက်ကတည်းက ဂရစ်ဇ်မန်းသည် ဤစကားကို နှစ်စဉ်နှစ်တိုင်းလိုလို ကြားခဲ့ရပြီး ယင်းနှင့် ပတ်သက်၍ ကာကွယ်ဆေး ထိုးပြီးသလို ဖြစ်နေလေသည်။ ထို့ကြောင့် ဆီမြွန်နီ၏ စကားများက သူ့ကို စိတ်လှုပ်ရှားအောင် မလုပ်ပေးနိုင်တော့ချေ။
ဘောလုံးလောကတွင် စိတ်ဓာတ်လှုံ့ဆော်မှုကို အလွန်အကျွံ မသုံးသင့် ဟူသော လက်သုံးစကား ရှိပေသည်။ အကြောင်းမှာ ကစားသမားများက စိတ်ဓာတ်လှုံ့ဆော်မှုကို တစ်ရာသီ သို့မဟုတ် နှစ်ရာသီခန့် လက်ခံကောင်း လက်ခံနိုင်သော်လည်း ထိုထက် ပိုကြာလာပါက မည်သူကမျှ ယင်းကို အဖက်လုပ်တော့မည် မဟုတ်ပေ။
အဝတ်လဲခန်း အတွင်းရှိ ဖိစီးမှုများသော လေထုကို ခံစားရင်း ဆီမြွန်နီ၏ နှလုံးသားမှာ ပို၍ တင်းကြပ်လာသည်။ ယနေ့ ထူးခြားသော အံ့ဖွယ်တစ်ခု ဖြစ်လာရန် မဖြစ်နိုင်တော့ကြောင်း သူ သိလိုက်သည်။
တစ်ဖက်တွင်မူ...
ပထမပိုင်း၌ မန်ယူအသင်း အတော်လေး ကောင်းမွန်စွာ ကစားနိုင်ခဲ့သောကြောင့် မော်ရင်ညိုက နည်းစနစ် အပြောင်းအလဲများကို မပြောခဲ့ချေ။ မူလ နည်းစနစ်များကို ဆက်လက် ထိန်းသိမ်းထားခြင်းက လုံလောက်ပေသည်။
ဖြစ်ကတတ်ဆန်း ပြောင်းလဲမှုများ ပြုလုပ်ခြင်းက ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေနိုင်သည်။
“ချူ... ရှေ့တန်းမှာ မင်းရဲ့ တိုက်စစ်ဆင်မှုတွေကို ပိုပြီး စုံလင်အောင် ကစားပေး... အထူးသဖြင့် အသင်းဖော်တွေနဲ့ နေရာရွှေ့ပြောင်းတာတွေ၊ နေရာယူတာတွေကို ဂရုစိုက်...”
“အက်သလက်တီကို အသင်းရဲ့ တစ်ယောက်ချင်း လူကပ်တဲ့ စနစ်ကို တတ်နိုင်သမျှ ချိုးဖျက်ပစ်ဖို့ပဲ...”
ပွဲတစ်ပိုင်း နားချိန် မကုန်ဆုံးမီလေးတွင် မော်ရင်ညိုက အကြံပြုချက် တစ်ခု ပေးလိုက်သည်။
“ဟုတ်ကဲ့ ဘော့စ်... ကျွန်တော် သတိထားလိုက်ပါ့မယ်...”
ချူဖုန်းက နားလည်ကြောင်း ပြသသည့် အနေဖြင့် ခေါင်းညိတ်လိုက်၏။ ထို့နောက် သူသည် ရက်ရှ်ဖို့ဒ်၊ မာရက်ဇ်တို့နှင့် စကားပြောကာ သူတို့၏ နေရာယူမှု မဟာဗျူဟာများကို အတိုချုံး ဆွေးနွေးခဲ့ကြသည်။
***