မကြာမီတွင် အိုးထရက်ဖို့ဒ်ကွင်းကြီး ပြန်လည် စည်ကားလာပြန်သည်။
အသင်းနှစ်သင်း နေရာချင်း လဲကာ ကစားပွဲကို စတင်လိုက်ကြ၏။
ပွဲတစ်ပိုင်း နားပြီးနောက် အက်သလက်တီကို အသင်းမှာ သူတို့၏ တိုက်ပွဲဝင်လိုစိတ်ကို ပြန်လည် မရရှိခဲ့ဘဲ ပို၍ပင် ထိုင်းမှိုင်းလေးလံ လာခဲ့သည်။
လီမာ၏ ခြေအောက်သို့ ဘောလုံး ရောက်သွားသောအခါ...
ပြင်သစ်လူငယ်လေးမှာ တည်ငြိမ်မှု ကင်းမဲ့နေပုံရပြီး ဟာရဲရားကို အင်အားသုံး၍ ကျော်ဖြတ်ရန် ကြိုးစားနေသည်။
ဟာရဲယားသည် အခြား အရာများ၌ မထူးချွန်သော်လည်း ခံစစ်ပိုင်းတွင်မူ တော်တော်လေး ကောင်းမွန်သူ ဖြစ်သည်။ ၂၀၁၅-၁၆ ရာသီက သူသည် ဟာဇက်ကို လုံးဝ ပိတ်ဆို့ထားနိုင်ခဲ့ပြီး ကွင်းထဲတွင် ပျောက်သွားအောင်ပင် လုပ်နိုင်ခဲ့သည်။ ထို့ကြောင့် သူက လီမာ၏ ခြေထဲမှ ဘောလုံးကို အသာအယာ လုယူလိုက်နိုင်၏။
“ဒုတိယပိုင်း အစမှာပဲ အက်သလက်တီကို အသင်းက ဘောလုံး ပိုင်ဆိုင်မှုကို စွန့်လွှတ်လိုက်ရပါတယ်...”
“သူတို့က ခံစစ်ကနေ တန်ပြန်တိုက်စစ်ဆင်ဖို့ စီစဉ်နေတာလား...”
ဂယ်ရီနဗီးလ် တစ်ယောက် လုံးဝ ဇဝေဇဝါ ဖြစ်သွားရသည်။ ကွင်းဘေးတွင် ရပ်နေသော ဆီမြွန်နီမှာ ဒေါသတကြီး ဖြစ်နေပြီး သူ၏ ရေသန့်ဗူးကို မြက်ခင်းပြင်ပေါ်သို့ စတင် ရိုက်ချနေတော့၏။
မျက်တောင်တစ်ခတ် အတွင်းမှာပင်...
ဟာရဲရားသည် အက်သလက်တီကို ကွင်းဘက်ခြမ်းသို့ ချင်းနင်းဝင်ရောက်လာပြီး ပေါ့ဘာနှင့် ဝမ်းတူး ကစားကာ ကွင်းလယ်ဗဟိုချက်ထဲသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားသည်။
တစ်ချိန်တည်းမှာပင်...
မန်ယူအသင်းက တိုက်စစ်ပိုင်းတွင် လူစားလဲမှု တစ်ခု ပြုလုပ်လိုက်ရာ အက်သလက်တီကို အသင်း၏ ခံစစ်ကို ခဏတာ ကမောက်ကမ ဖြစ်သွားစေ၏။
“ရိုဒရီနဲ့ ကိုကီတို့က ဟာရဲရားကို နှစ်ယောက်ညှပ်ပြီး လူကပ်နေတယ်... ဒါပေမဲ့ ဘယ်ဘက်ခြမ်းမှာ နေရာလွတ်တွေ အများကြီး ရှိနေတယ်ဗျ...”
သူ စကားပြောလို့ပင် မဆုံးသေးခင်...
ဟာရဲရားက ဘယ်ဘက်ခြမ်းသို့ နေရာယူထားသော ချူဖုန်းထံသို့ ဘောလုံးကို ပေးပို့လိုက်သည်။
ဟွမ်ဖရန်မှာ ပထမပိုင်း တစ်ပိုင်းလုံး ရက်ရှ်ဖို့ဒ်၏ ဖိအားပေးမှုကို ခံခဲ့ရပြီး သူ၏ အားအင်မှာ ပြင်းပြင်းထန်ထန် ကုန်ခမ်းမသွားသေးသော်လည်း ပွဲစကလောက်တော့ မကောင်းတော့ချေ။
ထို့ကြောင့်...
ချူဖုန်းသည် ဟာရဲရားထံမှ ဘောလုံး လက်ခံရရှိသည်နှင့် တစ်ပြိုင်နက် ဘေးစည်းတစ်လျှောက် အပြေးအလွှား သွားကာ ပြိုင်ဘက်ကို ကျော်တက်သွားလေသည်။
“ဟိုဆေး... သတိထား...”
ဟွမ်ဖရန် အစွမ်းကုန် ကြိုးစားသော်လည်း မမီနိုင်တော့ဘဲ သူ့ကို ကူညီကာကွယ်ပေးရန် အသင်းဖော်များကိုသာ အလျင်စလို တိုက်တွန်းနိုင်တော့သည်။
ချူဖုန်း တစ်ယောက် လျင်မြန်စွာ ချဉ်းကပ်လာသည်ကို မြင်လိုက်ရသောအခါ ဂျီမီနက်ဇ်၏ နှလုံးသားမှာ ဒိတ်ဒိတ်ကြဲအောင် ခုန်ပေါက်သွားသော်လည်း သူ၏ အနောက်တွင် ရက်ရှ်ဖို့ဒ်က အထောက်အပံ့ ပေးရန် ရှိနေသည်ကို သတိပြုမိသွားသည်။
ထိုသို့ အာရုံစိုက်မှု လွဲချော်သွားသည့် အခိုက်အတန့်လေးတွင်ပင်…
ချူဖုန်းက ထူးထူးခြားခြား ပြင်ဆင်မှုမျိုးပင် မလုပ်ဘဲ အဝေးတိုင်ထောင့်ဆီသို့ ပြင်းထန်သော ကန်ချက် တစ်ချက်ကို ကန်သွင်းလိုက်လေသည်။
အိုဘလက်ခ်မှာ ချူဖုန်း၏ ရုတ်တရက် ကန်သွင်းလိုက်သော ကန်ချက်ကြောင့် အငိုက်မိသွားပြီး ဘောလုံး ဂိုးပေါက်ထဲသို့ ဝင်သွားသည်ကို မျက်တောင်မခတ်တမ်း ရပ်ကြည့်နေရုံမှလွဲ၍ ဘာမှ မတတ်နိုင်တော့ချေ။
ဝုန်း…
အိုးထရက်ဖို့ဒ်ကွင်း အတွင်းရှိ သောင်းနှင့်ချီသော မန်ယူ ပရိသတ်များထံမှ ကျယ်လောင်သော အောင်ပွဲခံ သြဘာသံကြီး ပေါက်ကွဲထွက်လာ၏
ဒီဂိုးက အနိုင်ရလဒ်ကို အခြေခံအားဖြင့် သေချာသွားစေခဲ့ပြီ ဖြစ်သည်။
အက်သလက်တီကို အသင်း အနေဖြင့် နောက်တစ်ဆင့် တက်ရန် သွင်းဂိုး သုံးဂိုး အထိ သွင်းယူဖို့ လိုအပ်သေးသော်လည်း ပြဿနာက...
ကွင်းထဲရှိ အက်သလက်တီကို ကစားသမားများ၏ မျှော်လင့်ချက်မဲ့နေသော မျက်နှာများကို ကြည့်လိုက်စမ်းပါ။ သူတို့ဆီမှာ တိုက်ပွဲဝင်လိုစိတ်က ဘယ်နား ကျန်နေတော့လို့လဲ။
ခဏတာ အောင်ပွဲခံပြီးနောက် ချူဖုန်းက သူ၏ နေရာသို့ အမြန်ပြန်ရန် အသင်းဖော်များကို လက်ဝှေ့ယမ်း ပြလိုက်သည်။ သူက ချန်ပီယံလိဂ် ရွှေဖိနပ်ဆုကို ချိန်ရွယ်ထားသော သူတစ်ယောက် မဟုတ်ပါလား…။
သို့သော် မော်ရင်ညိုက သူ့ကို ကွင်းဘေးသို့ ခေါ်ကာ ပြောလိုက်၏။ “ငါတို့ နောက်ပွဲ လီဗာပူးလ်နဲ့ ကစားရဦးမယ်... အဲဒီတော့ အက်သလက်တီကို အသင်းကို အရမ်းကြီး ဖိအားမပေးတာ အကောင်းဆုံးပဲ...”
“ဘော့စ်... ကျွန်တော် နားလည်ပါတယ်...” ချူဖုန်းက မတတ်သာသည့်ဟန်ဖြင့် နှုတ်ခမ်းကို စေ့လိုက်သည်။
တကယ်တော့ မော်ရင်ညို ပြောသည်မှာ အကြောင်းပြချက် ကောင်းတစ်ခု ဖြစ်၏။ လက်ရှိ အခြေအနေအရ သူ့တွင် ဂိုးသွင်းရန် အခွင့်အရေး ရှိနေသည်။
သို့သော် အက်သလက်တီကို အသင်းသာ အဆုံးစွန် အခြေအနေသို့ ရောက်သွားပြီး အသိစိတ်လွတ်ကာ ကြမ်းတမ်းသော ဖောင်းဘောများကို စတင် ကျူးလွန်လာပါက...
သူ့မှာ ဒဏ်ရာ ကင်းလွတ်ခွင့် မော်ဂျူး ရှိလို့ မကြောက်ပေမဲ့ သူ့အသင်းဖော်တွေမှာ မရှိဘူးလေ။
ထို့ကြောင့် မိမိကိုယ်ကို အနည်းငယ် ချုပ်တည်းထားရန် လိုအပ်ပေသေးသည်။
“ချူ... လီဗာပူးလ်နဲ့ ပွဲက ငါတို့အတွက် အရမ်း အရေးကြီးတယ်... အဲဒါကြောင့်...”
မော်ရင်ညိုက စိတ်ရှည်လက်ရှည် ရှင်းပြနေသည်။
“ဘော့စ်... ကျွန်တော့်ကို အကြောင်းအကျိုး နားမလည်တဲ့သူလို့ ထင်နေတာလား... ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲတွေ ရှိသေးတာပဲ... ကျွန်တော် အဲဒီကျရင် ဒီထက်ပိုပြီး ဂိုးတွေ သွင်းနိုင်မယ်လို့ ယုံကြည်တယ်...”
ချူဖုန်းက ပေါ့ပေါ့ပါးပါးပင် လက်ဝှေ့ယမ်းပြလိုက်ပြီးနောက် လှည့်ကာ သူ၏ နေရာသို့ ပြန်သွားလေသည်။
ပွဲစဉ်၏ ကျန်ရှိသော အချိန်များမှာ နှိုင်းယှဉ်ချက်အားဖြင့် ချောမွေ့စွာ ကုန်ဆုံးသွားခဲ့သည်။ အက်သလက်တီကို ကစားသမားများမှာ အစပိုင်းတွင် ပြင်းပြင်းထန်ထန် ကစားရန် စိတ်အားထက်သန်နေကြသေး၏။
သို့သော် ချူဖုန်းက အားပါသော တန်ပြန်တိုက်စစ် အချို့ကို ဦးဆောင်လာခဲ့ပြီး အက်သလက်တီကို အသင်း၏ ဂိုးပေါက်ကို ထပ်မံ ဖောက်ထွင်းလုနီးပါး ဖြစ်ခဲ့သောအခါ အက်သလက်တီကို ကစားသမားများလည်း နောက်ဆုံးတွင် လက်တွေ့ အခြေအနေကို လက်ခံသွားကြတော့သည်။
အဆုံးတွင်မူ ပွဲပြီးဆုံးချိန်အထိ ရလဒ်မှာ ပြောင်းလဲခြင်း မရှိတော့ပေ။
မန်ချက်စတာ ယူနိုက်တက်က အက်သလက်တီကို မက်ဒရစ်ကို အိုးထရက်ဖို့ဒ်တွင် ၂-၀ ဆိုသော ရလဒ်ဖြင့် အနိုင်ယူ၍ နောက်တစ်ဆင့်သို့ တက်သွားလေတော့သည်။
“ပွဲကတော့ ပြီးဆုံးသွားပါပြီဗျာ... မန်ယူအသင်းက နှစ်ကျော့ပေါင်းရလဒ် ၃-၁ နဲ့ အက်သလက်တီကို မက်ဒရစ်ကို အနိုင်ယူပြီး ချန်ပီယံလိဂ် နောက်တစ်ဆင့်ကို အောင်မြင်စွာ တက်လှမ်းသွားနိုင်ခဲ့ပါပြီ...”
“ဒီနေ့ပွဲကို ပြန်ကြည့်ရရင် သိပ်ပြီး စိတ်လှုပ်ရှားစရာတော့ မကောင်းလှပါဘူး...”
“အဝါကတ် ပြစ်ဒဏ်တွေကြောင့် အက်သလက်တီကိုရဲ့ အဓိက ကစားသမား သုံးယောက် ပါဝင်နိုင်ခြင်း မရှိတာက ဒီနေ့ပွဲရဲ့ ရလဒ်ကို ကြိုတင် နိမိတ်ပြနေခဲ့တာလည်း ဖြစ်နိုင်ပါတယ်...”
“အရင်တုန်းက အက်သလက်တီကိုမက်ဒရစ် ဆိုတာ နာမည်ကြီး ကြယ်ပွင့်ကစားသမားတွေ မရှိ။ ငွေကြေး အင်အားလည်း မတောင့်တင်းသလို ထိပ်တန်းကလပ် တစ်ခုရဲ့ အရှိန်အဝါမျိုးလည်း မရှိတဲ့ သာမန် အသင်းငယ်လေး တစ်သင်းပါပဲ...”
“ဒါပေမဲ့ သူတို့ရဲ့ သံမဏိ စိတ်ဓာတ်တွေကြောင့် ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာတို့နဲ့ ပခုံးချင်းယှဉ်နိုင်ခဲ့ပြီး သုံးနှစ်အတွင်းမှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို နှစ်ကြိမ်တောင် တက်ရောက်နိုင်ခဲ့ပါတယ်...”
“ကံဆိုးစွာနဲ့ပဲ ဆီမြွန်နီ တစ်ယောက် အက်သလက်တီကို အသင်းကို ကိုင်တွယ်လာတာ နှစ်တွေ တော်တော် ကြာနေပြီ ဖြစ်တဲ့အတွက် အသင်းနဲ့ သူနဲ့ကြားမှာ အချစ်ပေါ့သွားခြင်းမျိုးတွေ ကြုံတွေ့နေရတာ ဖြစ်နိုင်ပါတယ်...”
“ဒါကြောင့်... ပတ်ဝန်းကျင် အသစ်တစ်ခုကို ပြောင်းလဲလိုက်တာက သူ့အတွက် ပိုကောင်းမလားလို့ ကျွန်တော် တွေးနေမိတယ်ဗျာ...”
ဘက်မလိုက်သော ဘောလုံးဝေဖန်ရေးဆရာပီပီ ဆရာကျန်းက အက်သလက်တီကို အသင်းဘက်မှ ရပ်၍ စကားအနည်းငယ် ပြောပေးလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ သူက ရှောင်ချူ၏ ဘက်တော်သား တစ်ယောက် ဖြစ်ပြီး အနိုင်ရရှိသူ ဆိုသည်မှာ ပြိုင်ဘက်က မည်မျှပင် ရွံရှာဖွယ် ကောင်းနေပါစေ အမြဲတမ်း သဘောထား ကြီးသင့်သည် မဟုတ်ပါလား…။
ယင်းနှင့် ဆန့်ကျင်ဘက် အနေဖြင့် ဂယ်ရီနဗီးလ်မှာမူ မည်သည့် ရပ်တည်ချက်မှ မရှိဘဲ မန်ယူအသင်း၊ ချူဖုန်းနှင့် မော်ရင်ညိုတို့ကို မျက်ကန်းတစ္ဆေမကြောက် ချီးကျူးနေတော့သည်။
“အရင်တုန်းက လူတော်တော်များများက မန်ယူအသင်းရဲ့ ကျောနံပါတ် (၇) ဂျာစီကို ကျိန်စာသင့်နေတယ်လို့ ထင်ခဲ့ကြတယ်... အဲဒီဂျာစီက ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ကန့်သတ်ထားရုံတင် မကဘူး... အရင်က ဘယ်လောက်ပဲ ကောင်းကောင်း ကစားနိုင်ခဲ့ပါစေ သူတို့ကိုယ်သူတို့ တဖြည်းဖြည်း ပျောက်ဆုံးသွားစေတယ်လို့ပေါ့...”
“ဒါပေမဲ့ ကျွန်တော် ပြောချင်တာက...” နဗီးလ်၏ အသံက မြင့်တက်လာ၏။ “အဲဒါဟာ အဲဒီကစားသမားတွေက ဒီဂျာစီကို တကယ် သယ်ပိုးနိုင်စွမ်း မရှိလို့ပဲဗျ...”
“ဘတ်စ်ရဲ့ ပါရမီနဲ့ ကိုယ်ရည်ကိုယ်သွေး၊ ရော့ဘ်ဆန်ရဲ့ တိုက်ပွဲဝင်လိုစိတ်နဲ့ စိတ်ဓာတ်ခွန်အား၊ ကန်တိုနာရဲ့ လွှမ်းမိုးနိုင်စွမ်းနဲ့ ပြတ်သားမှု... ပြီးတော့ ဘက်ခမ်း...”
“ဒီဂျာစီကို ပိုင်ဆိုင်ခဲ့သူတိုင်းမှာ ထူးခြားတဲ့ ကိုယ်ပိုင် ဆွဲဆောင်မှုတွေ ရှိကြတယ်...”
“ချူရဲ့ ဝိသေသလက္ခဏာတွေက ဘာလဲဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော့်ရဲ့ ကိုယ်ပိုင် လူမှုကွန်ရက် အကောင့်မှာ စစ်တမ်း တစ်ခု ကောက်သွားပါမယ်... အကောင်းဆုံး ဖြေဆိုနိုင်တဲ့ ပရိသတ်တွေကို ချူဖုန်း ကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့ ဂျာစီကို လက်ဆောင် ပေးသွားမှာပါ...”
သူ့ဘေးတွင် ရပ်နေသော ကာရေဂါ တစ်ယောက် ရယ်ချင်စိတ်ကို မနည်း ထိန်းထားလိုက်ရ၏။ လက်စသတ်တော့ ဒီကောင် ပြောသွားတဲ့ စကားတွေ အားလုံးက သူ့ကိုယ်သူ လူစိတ်ဝင်စားမှု ရအောင် ဆွဲဆောင်နေတာကိုး။
တကယ်ကို အပေးအယူ တည့်လွန်းတဲ့ ပါတနာကြီးပါပေ။ သူက လုပ်ချင်တာဆို ဘာမဆို လုပ်ရဲတဲ့ ကောင်မျိုး။
ထိုအချိန်တွင် ချူဖုန်းမှာလည်း ပွဲအပြီး အင်တာဗျူးတွင် ပါဝင်ရန် မီဒီယာများ၏ ဖိတ်ကြားခြင်းကို ခံရလေသည်။ ချန်ပီယံလိဂ် အမှတ်တံဆိပ် နောက်ခံကားချပ်ရှေ့တွင် မတ်တတ်ရပ်နေသော သူ့အား သတင်းထောက်က မေးလိုက်၏။
“ဘယ်အသင်းနဲ့ ရင်ဆိုင်ရဖို့ မျှော်လင့်ထားလဲ...”
“နောက်တစ်ဆင့်ကို တက်ရောက်ခွင့် သေချာသွားတဲ့ အသင်းတွေက တော့တင်ဟမ်နဲ့ ပေါ်တိုတို့ပါ... ပြီးတော့ တက်ရောက်ဖို့ ရာခိုင်နှုန်း များနေတဲ့ အသင်းတွေက ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ်နဲ့ ဘာစီလိုနာတို့ပါ...” သတင်းထောက်က အလျင်အမြန်ပင် ရွေးချယ်စရာများကို ထုတ်ပြလိုက်သည်။
“ဟင်း...”
ချူဖုန်းက ခဏတာ တုံ့ဆိုင်းသွားပြီးနောက် ပြန်ဖြေလိုက်၏။ “ကျွန်တော်သာ ရွေးရမယ်ဆိုရင်... ရီးရဲလ်မက်ဒရစ်ကို ရွေးချင်တယ်...”
ရော်နယ်ဒို တစ်ယောက် ဂျူဗင်တပ်စ်သို့ ထွက်ခွာသွားပြီးကတည်းက ရီးရဲလ်မက်ဒရစ်၏ ခြေစွမ်းမှာ အောက်ဆုံးအထိ ထိုးကျသွားခဲ့ပြီး ပြီးခဲ့သည့် နည်းပြဆိုလျှင် လေးလပင် မပြည့်သေးဘဲ ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။
ထို့ကြောင့် အကယ်၍ ရီးရဲလ်မက်ဒရစ်နှင့်သာ ထပ်မံ ရင်ဆိုင်ရပါက မန်ယူအသင်း အနေဖြင့် အနိုင်ရရန် အခွင့်အရေး အတော်လေး များပြားသည်ဟု ချူဖုန်း တွေးထား၏။
နောက်ဆုံးတွင် ချူဖုန်းက ထပ်မံ ဖြည့်စွက် ပြောကြားလိုက်သည်။ “အာ... အေဂျက်စ် အသင်း ဆိုရင်လည်း မဆိုးဘူးဗျ...”
သူ ပြန်လည် မမွေးဖွားလာခင်က အမုန်းဆုံး လူတွေက ဘယ်သူတွေလဲ။
သေချာပေါက် တန်ဟက်ဂ်နှင့် အိုနာနာတို့ပင် ဖြစ်ပေသည်။
တန်ဟက်ဂ်မှာ မေးခွန်းထုတ်စရာ ကောင်းလှသော သူ၏ နည်းစနစ်များကြောင့် နာမည်ကြီး၏။ ရိုးရိုးသားသား ပြောရလျှင် ထိုကတုံးကြီးသည် ယူရို သန်းရာချီ တန်သော ကစားသမား ခေါ်ယူမှုများတွင် ပွဲစားအဖြစ် ပါဝင်ခဲ့သည် ဟုပင် ချူဖုန်း သံသယ ဝင်မိသည်။
အိုနာနာမှာမူ ပရီးမီးယားလိဂ်တွင် ရိုးရှင်းသော ဂိုးပေါက်တည့်ကန်ချက်များကို ကာကွယ်နိုင်ခြင်း မရှိရုံသာမက သူ၏ အသင်းဖော်များကို မကြာခဏ အပြစ်တင် ဝေဖန်ကာ အရှက်ခွဲလေ့ ရှိသူ ဖြစ်သည်။
‘ငါသာ အေဂျက်စ်နဲ့ ကစားခွင့်ရရင်... အိုနာနာ ကွင်းထဲမှာ ဘယ်လောက် မြန်မြန် ပြေးနိုင်လဲ ဆိုတာ စမ်းသပ်ပစ်ဦးမယ်... သောက်ကောင်တွေ...’
***