“တကယ်လား... ဒီနေ့ပွဲနဲ့ ပတ်သက်ပြီး မှတ်ချက်လေး နည်းနည်းလောက် ပေးပါဦးလား...” နောက်ထပ် သတင်းထောက် တစ်ယောက်က မေးခွန်းထုတ်လာ၏။
“ဒီနေ့ပွဲမှာ ကျွန်တော်တို့ အတော်လေး ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်... ပွဲကြို အစီအစဉ်အတိုင်း ကစားခဲ့ပြီး ကျွန်တော်တို့ရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ ရည်မှန်းချက်တွေကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ခဲ့တယ်...”
“ပထမဂိုး သွင်းနိုင်မယ်လို့ ကျွန်တော်ကိုယ်တိုင်လည်း မထင်ထားပါဘူး... အဲဒီအချိန်က စမ်းကြည့်ရုံ သက်သက်ပါပဲ...” ချူဖုန်းက နှိမ့်ချစွာဖြင့် ပြောလိုက်သည်။
အင်္ဂလိပ် မီဒီယာများက သတင်းကို အမွှမ်းတင်ရောင်းချရာတွင် အလွန် တော်ကြောင်း လူတိုင်း သိထားကြသည်။ အထူးသဖြင့် အနည်းငယ် ပုံကြီးချဲ့လိုက်မည် ဆိုပါက...
မနက်ဖြန်တွင် “မန်ယူ ကစားသမား ချူက ချန်ပီယံလိဂ် ဖလားကို ကာကွယ်နိုင်မည်ဟု ယုံကြည်ကြောင်း ထုတ်ဖော်ပြောကြား” ဟူသော သတင်းခေါင်းစဉ်မျိုးကို မြင်တွေ့ရနိုင်ပေသည်။
ထို့နောက် ချူဖုန်းသည် နောက်ထပ် မေးခွန်း အနည်းငယ်ကို ဖြေကြားပြီးနောက် ဝန်ထမ်းများထံမှ အကောင်းဆုံး ကစားသမားဆုကို လက်ခံရယူကာ ပွဲကြည့်စင်ပေါ်ရှိ စိတ်အားထက်သန်နေသော ပရိသတ်များကို နှုတ်ဆက်၍ သူ၏ ဂျာစီကို ကောင်လေး တစ်ယောက်ထံသို့ ပစ်ပေးလိုက်သည်။
အဘယ်ကြောင့်ဆိုသော် ထိုကောင်လေး ကိုင်ထားသော ဆိုင်းဘုတ်တွင် “ကျွန်တော့်ကို အစစ်အမှန် မန်ယူအသင်းကို မြင်တွေ့ခွင့် ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” ဟု ရေးသားထားသောကြောင့်ပင်…။
ချူဖုန်း အဝတ်လဲခန်းထဲ ပြန်ရောက်သောအခါ လူတိုင်း ရော့ခ်သီချင်းများ ဖွင့်ကာ ကခုန်နေကြသည်ကို တွေ့လိုက်ရသည်။
“ဒီနေ့ပွဲက မျှော်လင့်ထားတာထက် အများကြီး ပိုလွယ်ခဲ့တယ်ဟေ့... အခုဆို ငါတို့ဆီမှာ လီဗာပူးလ် အသင်းကို အစစ်အမှန် အိမ်မက်ပြဇာတ်ရုံကြီး ဆိုတာ ဘာလဲလို့ ပြသဖို့ ခွန်အားတွေ အပြည့် ရှိနေပြီ...” ရက်ရှ်ဖို့ဒ်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်၏။
ချူဖုန်းကမူ “ငါတို့ ပေါ့ဆလို့ မရဘူး” သို့မဟုတ် “လီဗာပူးလ်ကလည်း အရမ်း တောင့်တင်းတယ်” စသည့် စကားမျိုးကို မပြောခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ ဤအချိန်သည် အောင်ပွဲကို ဂုဏ်ပြုရန် ပျော်ရွှင်စရာ အချိန်အခါ ဖြစ်ပြီး ပျော်ရွှင်မှုကို ဖျက်ဆီးမည့် စကားမျိုး ပြောရန် မလိုအပ်ချေ။
ထိုည ဟေးလ်ဒေသရှိ စံအိမ်သို့ ပြန်ရောက်သောအခါ သန်းခေါင်ယံ အချိန်ပင် ရောက်နေပြီ ဖြစ်သည်။
ပွဲစဉ်ကို အတိုချုံး ပြန်လည် သုံးသပ်ပြီးနောက် ချူဖုန်း စောစော အိပ်ရာဝင်လိုက်သည်။
သို့သော်လည်း မန်ချက်စတာမြို့ကြီးကမူ စည်ကား သိုက်မြိုက်နေဆဲပင်။
ပြီးခဲ့သည့် ရာသီက မန်ယူအသင်း ချန်ပီယံလိဂ် ဖလားကို ရရှိခဲ့သည် မှန်သော်လည်း ယခု အက်သလက်တီကို အသင်းကို အနိုင်ယူပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခြင်းက ဂုဏ်ယူစရာ ကောင်းသော အရာတစ်ခု ဖြစ်နေဆဲပင်။
ဒါက ဘာကို သက်သေပြနေသလဲ။
ပရီးမီးယားလိဂ် ဒုတိယ နေရာ > လာလီဂါ ဒုတိယ နေရာ
နောက်တစ်နေ့တွင် လူမှုကွန်ရက် ပလက်ဖောင်း အမျိုးမျိုး၌ အများဆုံး တွေ့ရသော သတင်းများမှာ မန်ယူအသင်းနှင့် ချူဖုန်း အကြောင်းပင် ဖြစ်သည်။
ပရိသတ်များ၏ မှတ်ချက် အရေအတွက်မှာလည်း အလွန် များပြားလွန်းလှ၏။
【ရှောင်ချူ ရဲ့ ပါးစပ်က နည်းနည်းတော့ ခန့်မှန်းရ ခက်တယ်... ပြီးခဲ့တဲ့ တစ်ခေါက်က အက်သလက်တီကို နဲ့ တွေ့ချင်တယ်လို့ ပြောခဲ့ပြီးတော့... အခု...】
【ရိုးရိုးသားသား ပြောရရင်... ဧပြီလမှာ ပွဲစဉ်တွေ အရမ်း ကျပ်နေပြီး မန်ယူကလည်း ပြိုင်ပွဲ စုံကစားနေရတာဆိုတော့ အသင်းငယ်တွေနဲ့ တွေ့တာက ပိုကောင်းပါတယ်...】
【ဒါနဲ့ စကားမစပ်... နောက်တစ်ဆင့်မှာ တစ်နိုင်ငံတည်းက အသင်းတွေ အချင်းချင်း တွေ့လို့မရဘူး ဆိုတဲ့ စည်းမျဉ်း မရှိတော့ဘူးနော်... အဲဒီတော့ မန်ယူအနေနဲ့ အင်္ဂလန် အသင်း အချင်းချင်း ပြန်ဆုံနိုင်ခြေ ရှိတယ်... ဒါပေမဲ့ အချင်းချင်း သိနေကြတဲ့အတွက် အဲဒါက ပိုတောင် လွယ်သွားနိုင်သေးတယ်လို့ ငါ ထင်တယ်...】
【မန်ယူအသင်းရဲ့ လက်ရှိ လူစာရင်း အင်အားနဲ့ဆိုရင် လိဂ်ဖလားကို ရယူနိုင်ခဲ့ပေမဲ့ အက်ဖ်အေ ဖလားကိုပါ ထပ်ပြီး ပစ်မှတ်ထားမယ် ဆိုရင်တော့... သူတို့ လုံးဝ ပြိုကျသွားနိုင်တယ်နော်】
【သေချာတာပေါ့... မော်ရင်ညို ကြိုတင် ပြင်ဆင်ထားဖို့ပဲ မျှော်လင့်ရတာပဲ...】
【လက်ရှိ အခြေအနေကိုပဲ အာရုံစိုက်ကြရအောင်... နောက်လာမယ့် လီဂ်ပွဲစဉ်မှာ လီဗာပူးလ်နဲ့ ကစားရမှာ... တကယ်လို့ မန်ယူသာ အရှုံးပေးလိုက်ရရင် ဦးဆောင်ခွင့်ကို မန်စီးတီး လက်ထဲ ထိုးအပ်လိုက်သလို ဖြစ်သွားလိမ့်မယ်...】
【ငါ လီဗာပူးလ်ရဲ့ ပွဲစဉ် ဇယားကို ကြည့်လိုက်တယ်... သူတို့က ဒီပွဲ ကစားပြီး သုံးရက် အကြာမှာ ဘိုင်ယန်မြူးနစ်နဲ့ ကစားဖို့ ဂျာမနီကို သွားရမှာ... အဲဒီတော့ ကလော့ပ်အနေနဲ့ အစွမ်းကုန် ထုတ်သုံးမယ် မထင်ဘူး】
【မင်း သိပ်တွေ တွေးလွန်းနေပြီ... ဒါက အင်္ဂလန်ဒါဘီပွဲစဉ်ကွ။ အသေအကြေ ကစားရမှာ သေချာတယ်】
မန်ယူအသင်းက လူစိတ်ဝင်စားမှု ရစေရန် ငွေပေး၍ ကြော်ငြာထားသလား ဆိုသည်နှင့် ပတ်သက်၍မူ...
အင်တာနက် နာမည်ကြီး အသင်းတစ်သင်း၏ စွမ်းဆောင်ရည်ကို သံသယ မဝင်ပါနှင့်။ ၁၉၉၀ ပြည့်နှစ်များ ကတည်းက အားကစား ဂျာနယ်များနှင့် ဘောလုံး သတင်းစာများတွင် မန်ယူအသင်း အကြောင်းကို မကြာခဏ တွေ့မြင်ရမည် ဖြစ်သည်။
ထိုအထဲတွင် မန်ဒက်စ်ကလည်း များစွာ ပါဝင် ပံ့ပိုးပေးထားသည်။
ယခုရာသီတွင် ကမ္ဘာ့ဖလား သို့မဟုတ် ဥရောပဖလား ပြိုင်ပွဲများ မရှိသောကြောင့် ချူဖုန်း အနေဖြင့် ပြီးခဲ့သည့် ရာသီက စွမ်းဆောင်ရည်မျိုးကိုသာ ထပ်မံ ပြသနိုင်ပါက ဘလွန်းဒီအောဆုကို ရရှိရန် အခွင့်အရေး အလွန် များပြားပေလိမ့်မည်။
ထို့ကြောင့် မန်ဒက်စ်သည် ချူဖုန်းအတွက် အများပြည်သူနှင့် ဆက်ဆံရေးပိုင်းတွင် အစွမ်းကုန် ကြိုးပမ်းအားထုတ်နေခြင်း ဖြစ်သည်။ ထို့ပြင် ခရစ္စတီယာနို ရော်နယ်ဒို ကဲ့သို့သော အောင်မြင်သည့် နမူနာများ ရှိနေသောကြောင့် မန်ဒက်စ်သည် ဤကိစ္စရပ်များကို အလွန် ကျွမ်းကျင်နေလေပြီ။
ဥပမာအားဖြင့် မီဒီယာ အစီအစဉ်များ၊ လူမှုကွန်ရက် ဆောင်းပါးများနှင့် သတင်းမီဒီယာများကို စပွန်ဆာ ပေးခြင်း၊ ဩဇာလွှမ်းမိုးမှု တိုးမြင့်လာစေရန် ငွေကြေး သုံးစွဲခြင်းများပင် ဖြစ်၏။
ထိုမျှမက သူတို့ကိုယ်တိုင် ငွေပေးစရာပင် မလိုချေ။ စပွန်ဆာ ပေးချင်နေသော ကုမ္ပဏီများက တန်းစီနေကြသည်။
ဤသည်မှာ လုပ်ငန်းခွင် အတွင်းမှ အစစ်အမှန် အတွင်းရေး ဇာတ်လမ်းများပင် ဖြစ်ပေသည်။
တစ်ခါက မန်ဒက်စ်က ချူဖုန်းကို ပြောခဲ့ဖူးသည်။ “မင်းက အရည်အချင်း ရှိရုံနဲ့ ဘလွန်းဒီအောဆုကို ရနိုင်မယ်လို့ တကယ် ထင်နေတာလား... အဲဒီအထဲမှာ စီးပွားရေးအရ ကြိုးကိုင်ခြယ်လှယ်မှုတွေ အများကြီး ပါဝင်နေတယ်... ပြီးတော့ ကစားသမားတိုင်းကလည်း အဲဒီလို လုပ်နေကြတာချည်းပဲ...”
“ဒါပေမဲ့ စွမ်းဆောင်ရည်ကတော့ အရေးအကြီးဆုံး အချက်ပေါ့လေ...”
ချူဖုန်းကလည်း သူတော်စင် တစ်ယောက်လို စံတန်ဖိုးများကို ဖက်တွယ်မထားပေ။ သတင်းလုပ်၍ အမွှမ်းတင်ရမည် ဖြစ်စေ၊ အများပြည်သူ ဆက်ဆံရေး လုပ်ရမည် ဖြစ်စေ... လိုအပ်သမျှကို သူ လုပ်ဆောင်မည် ဖြစ်သည်။
သို့ရာတွင် သူသည် ဘောလုံး ကစားသမား တစ်ယောက် ဖြစ်ကြောင်းကိုတော့ အမြဲတမ်း စိတ်ထဲ၌ မှတ်သားထား၏။
ချူဖုန်း အနေဖြင့် လင်ဂတ် ကဲ့သို့ အင်တာနက် ဆယ်လီ တစ်ယောက် ဖြစ်လာမည့် အရေးကိုတော့ လုံးဝ လက်ခံနိုင်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် အနည်းငယ် ကြွားလုံးထုတ်၍ ပြောရမည် ဆိုပါက...
သူက ဘောလုံးအားကစားကို အစစ်အမှန် မြတ်နိုးသူ တစ်ယောက် ဖြစ်သောကြောင့်တည်း။
နောက်တစ်နေ့တွင် ချူဖုန်းက အသင်းဖော်များကို သူ၏ အိမ်သို့ ဖိတ်ခေါ်ကာ အိမ်အပြင်ဘက်တွင် ပါတီငယ်လေး တစ်ခု ပြုလုပ်ခဲ့သည်။
ပါတီ လုပ်ရင်းနှင့် ချန်ပီယံလိဂ် ပွဲစဉ်များကိုလည်း အတူတူ ကြည့်ရှုခဲ့ကြ၏။
“သောက်ကျိုးနည်း... ရီးရဲလ်မက်ဒရစ်က တော်တော် စုတ်ပြတ်နေပါလား... ဆယ်မိနစ်တောင် မပြည့်သေးဘူး အေဂျက်စ်ကို ဂိုးပေးလိုက်ရပြီလား...”
တာဒစ်ချ်က ဇီယက်ချ်ကို ဂိုးဖန်တီးမှု ပြုလုပ်ပေးလိုက်သည်ကို မြင်သောအခါ ဒီဂီယာ တစ်ယောက် မချင့်မရဲ ညည်းတွားလိုက်သည်။
သူ့အမြင်တွင် ရီးရဲလ်မက်ဒရစ် ဆိုသည်မှာ အမြဲတမ်း အင်အားကြီး အသင်းတစ်သင်း ဖြစ်ခဲ့ပြီး ပြီးခဲ့သည့် ရာသီကဆိုလျှင် မန်ယူအသင်းကို အရှုံးပေးရလုနီးပါး အခြေအနေသို့ ရောက်အောင် ဖိအားပေးနိုင်ခဲ့သည်။
အကယ်၍ လူတိုင်းသာ အစွမ်းကုန် မကြိုးစားခဲ့ကြလျှင် ၊ ပြီးတော့ မန်ယူအသင်းသာ ကံမကောင်းခဲ့လျှင် ရီးရဲလ်မက်ဒရစ် အနေဖြင့် ချန်ပီယံ သုံးနှစ်ဆက် ဆုကို အမှန်တကယ် ရရှိသွားနိုင်ပေသည်။
“ဒေးဗစ်... မင်း ရီးရဲလ်ကို သွားချင်သေးလား...”
မက်ဂွိုင်းယားက ပေါ့ပေါ့ပါးပါး မေးလိုက်၏။
အဲဒီတုန်းက “ဖက်စ်စက်ဖြစ်ရပ်” မှာ တော်တော်လေး ဟိုးလေးတကျော် ဖြစ်ခဲ့သည် မဟုတ်ပါလား။
“မန်ယူမှာ နေရတာက ပိုပြီး သက်သောင့်သက်သာ ရှိပါတယ်ကွာ...” ဒီဂီယာ ခေါင်းခါလိုက်သည်။
“ငါကြားတာတော့ မိုဒရစ်နဲ့ ကတ်စ်မဲရိုးလို ကစားသမားတွေရဲ့ ဈေးကွက်တန်ဖိုးက သုံးပုံ တစ်ပုံလောက် ကျဆင်းသွားတယ်တဲ့...”
“အေး ဟုတ်တယ်... သူတို့ရဲ့ စွမ်းဆောင်ရည်တွေက သိသိသာသာ ကျဆင်းသွားတာကိုး...”
လူစုလေးမှာ ဟိုစကား ဒီစကား ပြောနေကြစဉ် မကြာမီမှာပင် အေဂျက်စ်က နောက်ထပ် ဂိုးတစ်ဂိုး ထပ်သွင်းသွားပြန်သည်။
“အေဂျက်စ်က တကယ်ကြီး ရီးရဲလ်မက်ဒရစ်ကို ကျော်နိုင်တော့မှာလား” မက်တော်မီနေး တစ်ယောက် အလိုအလျောက် ခါးမတ်သွားရ၏။
သို့ရာတွင် ပထမပိုင်းမှာ များစွာ ထူးခြားမှု မရှိခဲ့ပေ။ ဗီနီရှပ်စ်မှာ ဘယ်ဘက်ခြမ်းမှ မကြာခဏ ထိုးဖောက်ရန် ကြိုးစားခဲ့သော်လည်း အန္တရာယ် ရှိသော တိုက်စစ်မျိုးကို ဖန်တီးနိုင်ခြင်း မရှိခဲ့ချေ။
ညာတောင်ပံမှ ဘေးလ်၏ စွမ်းဆောင်ရည်မှာလည်း ယေဘုယျအားဖြင့် ညံ့ဖျင်းနေခဲ့သည်။
သူ၏ ယခင်က ပြင်းထန်သော ကစားဟန်မှာ ခန္ဓာကိုယ်အပေါ် များစွာ ဝန်ပိစေခဲ့သောကြောင့် မြင့်မားသော စွမ်းဆောင်ရည်ကို ထိန်းသိမ်းထားရန် ခက်ခဲနေပြီ ဖြစ်သည်။ ထို့ပြင် မကြာခဏ ဒဏ်ရာရခြင်းများကလည်း ဘေးလ်ကို အကြီးအကျယ် ဒုက္ခပေးလျက် ရှိ၏။
ဆန့်ကျင်ဘက် အနေဖြင့် အေဂျက်စ် အသင်းကမူ တစ်ပွဲထက် တစ်ပွဲ ပို၍ ကောင်းမွန်အောင် ကစားနိုင်လာခဲ့သည်။
နောက်တန်းတွင် ဒီလစ် ၊ ကွင်းလယ်တွင် ဒီဂျောင်နှင့် ရှေ့တန်းတွင် ဇီယက်ချ်တို့ ရှိနေခြင်းကြောင့် လူငယ်များဖြင့် ဖွဲ့စည်းထားသော ဖွဲ့စည်းထားသော အေဂျက်စ်အနေဖြင့် အလွန် လွတ်လွတ်လပ်လပ် ကစားနိုင်နေလေသည်။
တန်ဟက်ဂ်၏ သေသပ် ကောင်းမွန်သော တိုက်စစ် နည်းစနစ်များနှင့် ပေါင်းစပ်လိုက်သောအခါ ပွဲချိန် (၆၀) မိနစ်တွင် နောက်ထပ် သွင်းဂိုး တစ်ဂိုးကို ရရှိသွားပြန်သည်။
“ရာမို့စ် အနီကတ် ထိပြီး ပွဲပယ်ခံရတာက ရီးရဲလ်မက်ဒရစ် အပေါ်ကို ကြီးမားတဲ့ သက်ရောက်မှု ရှိသွားခဲ့တယ်... ဗာရန်းနဲ့ နာချိုတို့ရဲ့ ကစားပုံကို ကြည့်လိုက်စမ်းပါ... ပြင်းထန် ကြမ်းတမ်းမှု ဆိုတာ လုံးဝ မရှိတော့ဘူး...”
“အေဂျက်စ် အနေနဲ့ အဝေးကွင်းမှာ အခုလို နောက်ကလိုက်ပြီး အနိုင်ယူနိုင်တာ သိပ်တော့ မဆန်းပါဘူးဗျာ...”
ဘောလုံး ဝေဖန်ရေးဆရာ၏ သုံးသပ်ချက်ကို နားထောင်ရင်း ချူဖုန်း ခေါင်းညိတ် သဘောတူလိုက်၏။
ရီးရဲလ်မက်ဒရစ်၏ လက်ရှိ အဆင့်အတန်းမှာ လုံလောက်သော အမြင့်တစ်နေရာတွင် ရှိနေသော်လည်း နည်းပြ ဆိုလာရီ၏ အစွန်းရောက်သော ပြုပြင်ပြောင်းလဲမှုများက အဝတ်လဲခန်း အတွင်း၌ ပဋိပက္ခ များစွာကို ဖြစ်ပေါ်စေခဲ့သည်။
ရိုးရိုးရှင်းရှင်း ပြောရလျှင် သူသည် ကစားသမားများ၏ လေးစားမှုကို မရရှိခဲ့ခြင်းပင် ဖြစ်၏။
မျှော်လင့်ထားသည့် အတိုင်းပင် ကျန်ရှိနေသော ပွဲချိန်များတွင် အေဂျက်စ်က ရီးရဲလ်မက်ဒရစ်ကို ၃-၁ ဖြင့် အနိုင်ယူကာ ရလဒ်ကို နောက်ကလိုက် ပြောင်းပြန်လှန်ပြီး နောက်တစ်ဆင့်သို့ တက်ရောက်သွားလေသည်။
ထိုအချိန်တွင် ဘာနေဗျူး ကွင်း၏ အထူးတန်း ပွဲကြည့်စင်ပေါ်၌မူ...
ဖလော်ရန်တီနို ပီရက်ဇ် တစ်ယောက် ဒေါသတကြီးဖြင့် သူ၏ လက်ကို ခါရမ်းပစ်လိုက်သည်။
“ခွမ်း...”
စားပွဲပေါ်ရှိ ဖန်ခွက်မှာ မြေပြင်ပေါ်သို့ လွင့်စင် ပြုတ်ကျသွားပြီး ကွဲကြေသွားတော့၏။
ယခုပွဲအပြီးတွင် ရီးရဲလ်မက်ဒရစ်သည် ကိုပါဒယ်ရေး ၊ လာလီဂါနှင့် ချန်ပီယံလိဂ် ဟူသော ပြိုင်ပွဲ သုံးရပ်လုံးတွင် အရေးနိမ့်သွားခဲ့ပြီ ဖြစ်သည်။ တစ်နည်းအားဖြင့် ယခုရာသီတွင် အဓိက ဆုဖလား လေးခုလုံးကို လက်လွှတ်လိုက်ရခြင်းပင် ဖြစ်ပေသည်။
‘ရီးရဲလ်မက်ဒရစ်တို့ (၁၆) သင်း အဆင့်ကနေ ထပ်ပြုတ်ရပြန်ပြီလား...’
ထိုခေါင်းစဉ်ကို တွေးမိရုံဖြင့် သူ့မှာ ဒေါသထွက်လွန်း၍ သွေးဆူလာရသည်။
ပြီးခဲ့သည့် နှစ်က ဖလော်ရန်တီနို ပီရက်ဇ်သည် ခရစ္စတီယာနို ရော်နယ်ဒိုကို ရောင်းချပြီး ဂါရတ်ဘေးလ်ကို ထောက်ပံ့ရန် ရွေးချယ်ခဲ့သည်။ ထိုအတွက် အကြောင်းပြချက်များ ရှိသော်လည်း ငြင်းဆို၍ မရနိုင်သော အမှန်တရားက သူ၏ အတွေးမှာ လုံးဝ မှားယွင်းခဲ့ပေသည်။
ထို့ပြင် သူ၏ ကိုယ်ရည်ကိုယ်သွေးကြောင့်လား မသိ... ဘေးလ်မှာ အခြားသူများနှင့် ဆက်သွယ် ပြောဆိုရသည်ကို မနှစ်သက်သလို မီဒီယာများ ရှေ့တွင်လည်း သူ၏ စွမ်းဆောင်ရည်မှာ ကောင်းမွန်လှသည် မဟုတ်ပေ။ ထို့ကြောင့် သူ လိုချင်သော စံပြပုံစံနှင့် တဖြည်းဖြည်း ဝေးကွာလာနေခဲ့သည်။
‘ဂေါက်ရိုက်ရတာ အဲဒီလောက်တောင် ပျော်စရာ ကောင်းနေလား... သောက်ခွပဲ...’ ဖလော်ရန်တီနို ပီရက်ဇ် ရင်ထဲမှ ဟိန်းဟောက်လိုက်သည်။
ကလပ်အသင်း၏ ဆုံးရှုံးမှုများကို အနည်းဆုံး ဖြစ်စေရန် ဘေးလ်ကို ရောင်းချ၍ ငွေပေါ်အောင် လုပ်မည် ဟူသော အကြံတစ်ခုက သူ၏ ခေါင်းထဲသို့ ဝင်ရောက်လာ၏။
သို့သော် ပို၍ အရေးကြီးသော မေးခွန်းက... ဘေးလ် နေရာကို အစားထိုးရန် မည်သူ့ကို ရှာရမည်နည်း။
ပထမဦးစွာ ထိုသူသည် လုံလောက်သော အရည်အချင်း ရှိရမည့်အပြင် မြင့်မားသော စီးပွားရေး တန်ဖိုးလည်း ရှိရပေမည်။ လက်ရှိ ဘောလုံးလောကတွင် ဤသတ်မှတ်ချက်များနှင့် ကိုက်ညီသူ မည်မျှ ရှိပါသနည်း။
ရုတ်တရက် ဘာနေဗျူး ကွင်းကြီး၏ နေရာအနှံ့မှ အသံတစ်သံ ထွက်ပေါ်လာသည်။
“ဖလော်ရန်တီနို ပီရက်ဇ်... နှုတ်ထွက်ပေးစမ်း”
ရီးရဲလ်မက်ဒရစ် ပရိသတ်များ၏ ဟိန်းဟောက်သံများကို ကြားလိုက်ရသောအခါ ဖလော်ရန်တီနို ပီရက်ဇ်၏ မျက်နှာမှာ ချက်ချင်း မည်းမှောင်သွား၏။ သူက ကွင်းထဲရှိ ရီးရဲလ်မက်ဒရစ် ကစားသမားများကို စိုက်ကြည့်ရင်း နက်နက်ရှိုင်းရှိုင်း တွေးတောနေမိသည်။
သူသည် အန္တရာယ် အများဆုံး အချိန်အခါသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းကို သူ့ကိုယ်သူ ကောင်းကောင်း သိထားသည်။
လာမည့်ရာသီတွင် ရီးရဲလ်မက်ဒရစ် အသင်းကို ပြန်လည် တည်ဆောက်ခြင်းက ကလပ်အသင်း သမိုင်းတစ်လျှောက် အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်လာပေလိမ့်မည်။ ပရိသတ်များ၏ တောင်းဆိုမှုကို နားထောင်ပြီး ရာထူးမှ နှုတ်ထွက်ပေးမည်လား... သို့မဟုတ် ရီးရဲလ်မက်ဒရစ်ကို ပြန်လည် တည်ဆောက်ရန် သူ၏ ခွန်အားများကို ပေးဆပ်မည်လား... ရွေးချယ်စရာ နှစ်လမ်းသာ ရှိတော့သည်။
ပြောရတာကတော့ လွယ်ပေမယ့် တကယ် လုပ်ရမှာကတော့...
“မနက်ဖြန် မန်ဒက်စ်နဲ့ တွေ့ဖို့ အစီအစဉ်လေး တစ်ခု လုပ်ပေးပါ... သူနဲ့ ဆွေးနွေးစရာ အရေးကြီး ကိစ္စလေး တစ်ခု ရှိနေတယ်...”
သာမန်အားဖြင့် တည်ငြိမ်တတ်သော ပီရက်ဇ်ပင်လျှင် ယခုအခါ ဘာလုပ်ရမှန်း မသိသော ရှုပ်ထွေးမှုများ ကြားတွင် ပိတ်မိနေချေပြီ။
အဘယ်ကြောင့်ဆိုသော် ချူဖုန်းကို ခိုးယူရန်မှာ လုံးဝ မဖြစ်နိုင်သလောက် ရှိကြောင်းကို သူ သိထားသောကြောင့်တည်း။
ချူဖုန်းသည် မန်ယူအသင်းတွင် ထူးခြားသော အဆင့်အတန်း၊ ကျော်ကြားမှုနှင့် ချန်ပီယံ တစ်ယောက်၏ ဆက်ဆံခံရမှုတို့ကို ရရှိထားရုံသာမက မန်ယူအသင်း၏ လူငယ် အကယ်ဒမီ ထွက် ကစားသမား တစ်ဦးလည်း ဖြစ်သည်။
သူ့ကို ခေါ်ယူရန် ရီးရဲလ်မက်ဒရစ်ဘက်မှ ဘာတွေ ကမ်းလှမ်းနိုင်မည်နည်း။
နောက်ထပ် ဖိနပ်ပျံ ဖြစ်ရပ်မျိုး ထပ်မပေါ်လာသရွေ့ သူ့အနေဖြင့် ချူဖုန်းကို ခေါ်ယူရန် လွယ်ကူမည် မဟုတ်ချေ။
သို့သော် မန်ယူအသင်း၏ စီမံခန့်ခွဲမှု အဖွဲ့က မော်ရင်ညိုကို ထုတ်ပယ်လိမ့်မည်ဟု သံသယဝင်စရာ အကြောင်းပြချက် ဖလော်ရန်တီနို ပီရက်ဇ်ထံတွင် ရှိနေသည်။
နောက်ရက် အနည်းငယ် အတွင်းတွင် ချူဖုန်းသည် သူ၏ အချိန်များကို လေ့ကျင့်ရေးတွင်သာ ကုန်ဆုံးစေခဲ့ပြီး တစ်ခါတစ်ရံ မာရီယာကို တက္ကသိုလ်သို့ လိုက်ပို့ကာ အံ့သြဖွယ် ကောင်းသော တက္ကသိုလ် ဘဝကို ခံစားလေ့ ရှိသည်။
အို... ဟုတ်သားပဲ... သူက မန်ချက်စတာ တက္ကသိုလ် ဘောလုံးအသင်းကိုတောင် နည်းစနစ် အနည်းငယ် သင်ပြပေးခဲ့သေးသည်။
ဥရောပ တက္ကသိုလ်များ လိဂ်ပြိုင်ပွဲများမှာ လက်ရှိတွင် အကြိတ်အနယ် ယှဉ်ပြိုင်နေကြပြီး မန်ချက်စတာ တက္ကသိုလ်သည် ရှုံးထွက်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ကျောင်းအုပ်ကြီးက မန်ချက်စတာ တက္ကသိုလ် ကိုယ်စားပြု အနေဖြင့် ဝင်ရောက် ကစားပေးရန် ချူဖုန်းကို ယခင်က သွယ်ဝိုက်၍ ပြောဆိုခဲ့ဖူးသော်လည်း ချူဖုန်းက ပြတ်ပြတ်သားသားပင် ငြင်းဆန်ခဲ့၏။
အဓိပ္ပာယ် မရှိလိုက်တာ။
ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုရှင် တစ်ယောက်ကို တက္ကသိုလ် လိဂ်ပြိုင်ပွဲတွေမှာ လာကစားခိုင်းရတယ်လို့။
သူသည် မန်ချက်စတာ ကျောင်းသား တစ်ဦး ဖြစ်သည် မှန်သော်လည်း ယူအီးအက်ဖ်အေတွင် မှတ်ပုံတင်ထားသော ပရော်ဖက်ရှင်နယ် ကစားသမား တစ်ဦးလည်း ဖြစ်ပေသည်။
ဤလုပ်ရပ်မှာ တရားဝင်သလား၊ မဝင်ဘူးလား ဆိုသည်ကို ဘေးဖယ်ထားလိုက်လျှင်တောင် ချူဖုန်း ကိုယ်တိုင်က ဤကိစ္စကို လုပ်ဆောင်ရန် စိတ်မပါချေ။ ဒါက ပြိုင်ဘက်တွေကို အနိုင်ကျင့်တာ လွန်လွန်းရာ မကျဘူးလား။
ကျောင်းအုပ်ကြီးကလည်း အလွတ်သဘော ပြောလိုက်ခြင်းသာ ဖြစ်သဖြင့် ငြင်းဆန်ခံရပြီးနောက် သိပ်ပြီး တုံ့ပြန်မှု မရှိခဲ့ပေ။
အကယ်၍သာ အလုပ်ဖြစ်ခဲ့လျှင်...
ကျောင်း၏ ဂုဏ်သတင်းကို မြှင့်တင်ရန် အကောင်းဆုံး နည်းလမ်း ဖြစ်ရုံသာမက ဥရောပ တက္ကသိုလ် လိဂ်ချန်ပီယံဆု ကိုလည်း အလွယ်တကူ ရရှိနိုင်မည် မဟုတ်ပါလော။
အချိန်တွေက ကုန်လွန်မြန်လွန်းလှပြီး ယခုဆိုလျှင် မတ်လ (၁၁) ရက်နေ့သို့ပင် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
မန်ချက်စတာ မြို့ကြီး ပျော်ရွှင်မှုများဖြင့် လွှမ်းခြုံနေစဉ် နောက်ထပ် အဖြစ်အပျက် တစ်ခုက စိတ်လှုပ်ရှားမှု လှိုင်းတံပိုး တစ်ခုကို ထပ်မံ ယူဆောင်လာခဲ့ပြန်၏။
ယနေ့တွင် အိုးထရက်ဖို့ဒ်ကွင်းကြီး တစ်ခုလုံး လူတံတိုင်းများဖြင့် ပြည့်နေသည်။
လမ်းမများပေါ်တွင် အနီရောင် ဂျာစီများ ဝတ်ဆင်ထားသော ပရိသတ်များဖြင့် ပြည့်နှက်နေပြီး လွန်ခဲ့သော ရက်အနည်းငယ်က အက်သလက်တီကို အသင်းနှင့် ကစားခဲ့စဉ်ကထက်ပင် များပြားနေသေးသည်။
မည်သို့ပင်ဆိုစေကာမူ အင်္ဂလန်ဒါဘီပွဲစဉ်သည် အင်္ဂလန်နိုင်ငံ၏ နှစ်စဉ် အထူးခြားဆုံး ပွဲစဉ် တစ်ခုပင် မဟုတ်ပါလော။
မန်ချက်စတာ တူးမြောင်းကို တည်ဆောက်ပြီးနောက်ပိုင်း အင်္ဂလန် အနောက်မြောက်ပိုင်းမှ ညီနောင် နှစ်ဦးလုံး လုံးဝ ကွဲကွာသွားခဲ့ကြပြီး သူတို့ကြားရှိ အမုန်းတရားများမှာ ရာစုနှစ် တစ်ခုတိုင်အောင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
သူတို့သည် သစ္စာဆိုထားသော ရန်သူများ ဖြစ်ပြီး မည်သည့်အခါမျှ ပြန်လည် မသင့်မြတ်နိုင်သော ဆန့်ကျင်ဘက် အုပ်စုများပင်…။
ဤသည်မှာ သာမန် ဘောလုံးပွဲ တစ်ပွဲ မဟုတ်တော့ဘဲ လီဗာပူးလ်နှင့် မန်ချက်စတာ မြို့တို့၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်နေပေပြီ။
လီဗာပူးလ် ပရိသတ်များ အိုးထရက်ဖို့ဒ် ကွင်းအဝင်ဝသို့ ရောက်ရှိလာသောအခါ သူတို့သည် ဆာမက်ဘတ်စ်ဘီ၏ ရုပ်တုကို လက်ခလယ် ထောင်ပြကာ “သစ္စာဖောက်” ဟု အော်ဟစ်လိုက်ကြသည်။
ထိုလုပ်ရပ်က မန်ယူ ပရိသတ်များကို အကြီးအကျယ် ဒေါသထွက်သွားစေ၏။
မြူးနစ် လေယာဉ်ပျက်ကျမှု အပြီးတွင် မန်ယူအသင်း ဘာကြောင့် ပြာပုံထဲကနေ ပြန်လည် ထမြောက်နိုင်ခဲ့သနည်း။
ဆာမက်ဘတ်စ်ဘီသည် မန်ယူ စိတ်ဓာတ်၏ ကိုယ်စားပြု သင်္ကေတပင်တည်း။
“မန်ချက်စတာဟာ ငါ့ရဲ့ နိဗ္ဗာန်ဘုံပဲ...”
ဆာဘတ်စ်ဘီ၏ ထိုစကားစုကို အိုးထရက်ဖို့ဒ် ကွင်းအဝင်ဝတွင် ယနေ့တိုင် ပြသထားဆဲ ဖြစ်သည်။
ထို့ကြောင့် မန်ယူ ပရိသတ်များ ဒေါသတကြီးဖြင့် တားမြစ်ထားသော ကန့်သတ်မျဉ်းများကို ကျော်ဖြတ်ကာ လီဗာပူးလ် ပရိသတ်များဆီသို့ တဟုန်ထိုး ပြေးဝင်သွားကြတော့သည်။
ဝုန်း...
ပီ... ပီ... ပီ
ကံကောင်းထောက်မစွာဖြင့် အစိုးရက ရဲတပ်ဖွဲ့ဝင် အများအပြားကို ကြိုတင် ချထားပေးခဲ့သောကြောင့် ပရိသတ် အုပ်စု နှစ်ခုကို အင်အားသုံး၍ လူစုခွဲနိုင်ခဲ့ပြီး အစွန်းရောက် ပရိသတ် အချို့ကို ဖမ်းဆီးနိုင်ခဲ့သည်။
ထိုအခါမှသာ အခင်းဖြစ်ပွားရာ နေရာရှိ ပဋိပက္ခမှာ ပြန်လည် ငြိမ်သက်သွားခဲ့၏။
ပွဲမစမီ ဖြစ်ပွားခဲ့သော ဤပဋိပက္ခက ယနေ့ပွဲစဉ်သည် ထူးထူးခြားခြား ပြင်းထန်မည် ဖြစ်ကြောင်း ကြိုတင် နိမိတ်ပြနေသကဲ့သို့ ရှိနေတော့သည်။
***