ယဲ့ပုဖန် အိမ်သို့ ပြန်ရောက်လာသည်နှင့် တစ်ပြိုင်နက် ဝမ်ရွှယ်နင်သည် သူ၏ ရင်ခွင်ထဲသို့ ပြေးဝင်လာကာ ဖက်ထားလိုက်သည်။
"ရှောင်ဖန်... ရှင် ပြန်ရောက်လာပြီပဲ”
"အင်း... ငါ ပြန်ရောက်လာပြီ”
ယဲ့ပုဖန်က သူမ၏ နဖူးပြင်လေးကို ညင်သာစွာ နမ်းရှိုက်လိုက်သည်။
ဝမ်ရွှယ်နင်က သူ့ကို အပေါ်အောက် အကဲခတ်ကြည့်လိုက်ပြီးနောက် မေးလိုက်သည်။ "ရှင် အဆင်ပြေရဲ့လားဟင်”
ယဲ့ပုဖန်သည် သူမကို ပွေ့ချီလိုက်ပြီး ဆိုဖာပေါ်တွင် အတူတကွ ထိုင်လိုက်သည်။ "အဆင်ပြေတာပေါ့။ ငါ ပြောသားပဲ... ချန်ဆွန်းရှမ်းက ဘာပြဿနာမှ ရှာနိုင်မှာ မဟုတ်ပါဘူးလို့”
ဝမ်ရွှယ်နင်က ဆက်မေးသည်။
"ဒါဆို ချန်ဆွန်းရှမ်းက ရှင့်ကို တကယ်ပဲ ထမင်းကျွေးရုံ သက်သက် ခေါ်တာလား။ တခြား ဘာမှ မဖြစ်ခဲ့ဘူးပေါ့”
"ဘယ်ဟုတ်မလဲ... အများကြီး ဖြစ်ခဲ့တာပေါ့။ အရမ်းလည်း စိတ်ဝင်စားဖို့ ကောင်းတယ်”
ယဲ့ပုဖန်က ညစာစားပွဲတွင် ဖြစ်ပျက်ခဲ့သမျှကို အစအဆုံး ပြန်လည် ပြောပြလိုက်သည်။ သို့သော် သူ၏ စိတ်ဝိညာဉ်အာရုံနှင့် အမြင်မှား အစီအရင် အကြောင်းများကိုမူ ချန်လှပ်ထားခဲ့သည်။
ထို့နောက် သူက နိဂုံးချုပ်လိုက်သည်။
"ချန်ဆွန်းရှမ်းက ငါ့ကို အဆိပ်ခတ်ဖို့ ထောင်ချောက်ဆင်ထားတာ။ ဒါပေမဲ့ သူပဲ ပြန်ပြီး လုပ်ကြံခံလိုက်ရတယ်။ အခုတော့ သူ့အသက်က ဆံခြည်တစ်မျှင်ပေါ်မှာ တွဲလောင်းဖြစ်နေပြီ။ ရှင်မလား သေမလားတောင် မသိရသေးဘူး”
ဝမ်ရွှယ်နင်၏ နှုတ်ခမ်းလေးများ ဟသွားကာ အံ့သြတကြီး ဖြစ်သွားသည်။ "ဘယ်လိုလုပ် အဲဒီလို ဖြစ်သွားရတာလဲ။ ရှင် ကျွန်မကို လိမ်နေတာတော့ မဟုတ်ပါဘူးနော်”
"ငါ မင်းကို လိမ်ချင်ရင်တောင် အဲဒီလောက် စိတ်ကူးယဉ်ဉာဏ် ကောင်းမှ ရမှာပေါ့”
ယဲ့ပုဖန်က ရယ်မောလျက် ပြောလိုက်သည်။ "ချန်ဆွန်းရှမ်းကို ဆေးရုံပို့လိုက်ရပြီ”
"ဘယ်လိုလုပ် အဲဒီလို ဖြစ်သွားရတာလဲ။ ကိုယ့်အလုပ်ရှင်ကို ပြန်လုပ်ကြံတဲ့ အဲဒီလောက် တုံးအတဲ့ လူသတ်သမားတွေလည်း ရှိသေးတာပဲလား”
ဝမ်ရွှယ်နင်က မယုံနိုင်စွာ ရေရွတ်လိုက်သည်။
ယဲ့ပုဖန်က ခေါင်းခါလိုက်သည်။ "ကိုယ့်အထင်တော့ အဲဒီလူသတ်သမားက ချန်ဆွန်းရှမ်း ငှားထားတဲ့လူ မဟုတ်ဘူး”
"သူ ငှားထားတာ မဟုတ်ရင် ဘယ်သူ ဖြစ်နိုင်မလဲ”
"လုမိသားစုက လွှတ်လိုက်တဲ့သူပဲ ဖြစ်ရမယ်” ယဲ့ပုဖန်က ဆက်ပြောသည်။
"လုမိသားစုက ရေနောက်တုန်း ငါးဖမ်းပြီး ကိုယ့်ကို သတ်ချင်နေတာ။ ဒါပေမဲ့ သူတို့ကိုယ်တိုင် ပြဿနာထဲ ဝင်မိသွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူးလေ။ အခုတော့ ချန်ဆွန်းရှမ်းလည်း အပြင်းအထန် ဒဏ်ရာရသွားပြီဆိုတော့ လုမိသားစုလည်း ချန်ဆွန်းမိသားစုရဲ့ ဒေါသကို ရင်ဆိုင်ရတော့မှာပဲ။ အဲဒီတော့ ဒီခရီးက အရမ်းကို တန်သွားပြီ။ ချန်ဆွန်းရှမ်းလည်း တန်ရာတန်ကြေး ပေးလိုက်ရသလို လုမိသားစုရဲ့ ပြဿနာလည်း ရှင်းသွားတာပေါ့”
ဝမ်ရွှယ်နင်သည် တကယ်ဖြစ်ပျက်ခဲ့သည်ဟုပင် မယုံနိုင်လောက်အောင် ခေါင်းကို အကြိမ်ကြိမ် ခါရမ်းနေမိသည်။ "ဒီလို ဖြစ်သွားလိမ့်မယ်လို့ ကျွန်မ လုံးဝကို မထင်ထားခဲ့ဘူး”
"မင်းနဲ့ ငါမှ မဟုတ်ပါဘူး... ဘယ်သူမှလည်း ထင်ထားမှာ မဟုတ်ဘူး။ ချန်ဆွန်းရှမ်းလည်း မထင်ထားသလို လုထျန်းချီလည်း ထင်ထားမှာ မဟုတ်ဘူး”
ယဲ့ပုဖန်က ပြုံးလိုက်သည်။
"ကဲ... သူတို့အကြောင်း မပြောကြနဲ့တော့။ မင်းအကြောင်း ပြောရအောင်”
ဝမ်ရွှယ်နင်က အံ့အားသင့်စွာ မေးလိုက်သည်။
"ကျွန်မအကြောင်း ဘာပြောစရာ ရှိလို့လဲ”
"မင်း စကားနားထောင်ရဲ့လား”
"ဘာကို နားထောင်ရမှာလဲ” ဝမ်ရွှယ်နင်က လုံးဝ နားမလည်စွာဖြင့် ပြန်မေးလိုက်သည်။
ယဲ့ပုဖန်က ခေါင်းငုံ့ကာ သူမ၏ ဆံနွယ်များကို နမ်းရှိုက်လိုက်သည်။
"မင်း တကယ်ပဲ စကားနားမထောင်ဘူးပဲ။ ရေချိုးပြီး ကုတင်ပေါ်မှာ ငါ့ကို စောင့်နေပါလို့ ငါ ပြောခဲ့တယ်လေ။ ဘာလို့ ငါ ပြောတဲ့အတိုင်း မလုပ်တာလဲ”
"ရှင် ဘယ်လို လုပ်လိုက်တာလဲ”
"ရှင် တကယ့် လူဆိုးပဲ”
ဝမ်ရွှယ်နင်၏ ပါးပြင်လေးများ ချက်ချင်း နီရဲသွားသည်။ သူမက မတ်တပ်ရပ်ကာ ထွက်ပြေးရန် ပြင်လိုက်သော်လည်း ယဲ့ပုဖန်က သူမ၏ ခါးသိမ်သိမ်လေးကို ဆွဲဖက်လိုက်ပြီး ရေချိုးခန်းထဲသို့ အတူတကွ ပွေ့ချီသွားလေတော့သည်။
ရေချိုးခန်းဆီသို့ သွားရာ လမ်းတစ်လျှောက်တွင် သူတို့၏ အဝတ်အစားများသည် လိပ်ပြာလေးများ အလား လွင့်စင်ကျန်ရစ်ခဲ့ပြီး အခန်းအတွင်းဝယ် နွေဦးရာသီ၏ ပြင်းပြသော ရမ္မက်မီးတောက်များသာ လွှမ်းခြုံသွားလေတော့သည်။
*
တစ်ညလုံး အပြင်းအထန် တိုက်ပွဲဝင်ပြီးနောက် ဝမ်ရွှယ်နင်မှာ အလွန် ပင်ပန်းနွမ်းနယ်နေသဖြင့် နောက်တစ်နေ့တွင် အနည်းငယ် နောက်ကျမှ နိုးလာခဲ့သည်။
သူမ မျက်လုံးဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် မွှေးပျံ့သော အစားအသောက် ရနံ့များက သူမထံသို့ ပျံ့လွင့်လာသည်။
ယဲ့ပုဖန်က အခန်းတံခါးကို တွန်းဖွင့်ကာ ဝင်လာသည်။
"အပျင်းမလေး... ထတော့။ ထမင်းစားရအောင်”
ဝမ်ရွှယ်နင်က သူ့ကို ဆွဲဆောင်မှုရှိစွာ မျက်စောင်းထိုးလိုက်ပြီး ပြောလိုက်သည်။
"ဒါတွေ အားလုံး ရှင့်အပြစ်တွေချည်းပဲ မဟုတ်လား”
ယဲ့ပုဖန်က ကောက်ကျစ်စွာ ပြုံးလိုက်သည်။
"ငါ့ကို အဲဒီလို လာမကြည့်နဲ့နော်။ ထမင်းမစားခင် တစ်ပွဲလောက် ထပ်နွှဲချင်နေတာလား”
"ဟင့်အင်း... တော်ပါတော့”
ဝမ်ရွှယ်နင်သည် ကုတင်ပေါ်မှ ခုန်ဆင်းကာ ရေချိုးခန်းထဲသို့ ထွက်ပြေးသွားတော့သည်။
သူမ ရေချိုးခန်းထဲမှ ထွက်လာပြီး ထမင်းစားခန်းထဲသို့ ဝင်လာသောအခါ ယဲ့ပုဖန်က ပန်းကန်များနှင့် တူများကို ပြင်ဆင်ထားပြီး ဖြစ်သည်။ စားပွဲပေါ်တွင်လည်း အရသာရှိသော ဟင်းလျာများက မွှေးပျံ့သော ရနံ့များကို သင်းပျံ့နေစေသည်။
"လာ... စားကြရအောင်”
သူတို့နှစ်ဦး ထမင်းစားပွဲတွင် ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် လူခေါ်ခေါင်းလောင်းသံ ထွက်ပေါ်လာသည်။
"ဒီလောက် အစောကြီး ဘယ်သူ ရောက်လာတာပါလိမ့်”
ဝမ်ရွှယ်နင်က တံခါးသွားဖွင့်လိုက်ရာ အပြင်ဘက်တွင် ရပ်နေသူမှာ အခြားသူမဟုတ်ဘဲ ချန်ဆွန်းတုန်းကျွီး ဖြစ်နေပြီး သူမ၏ နောက်တွင် အဘွားအိုယင်း ပါလာသည်။
မနေ့က နေ့လယ်ပိုင်း တွေ့ဆုံခဲ့စဉ်ကနှင့် နှိုင်းယှဉ်လျှင် ချန်ဆွန်းတုန်းကျွီး၏ မျက်နှာပေါ်တွင် အပြုံးများ လျော့နည်းသွားပြီး ပို၍ တည်ငြိမ်အေးစက်နေပုံပေါ်သည်။
"အန်တီချန်ဆွန်း... ရောက်လာတာလား”
ဝမ်ရွှယ်နင် အတော်လေး အံ့အားသင့်သွားသည်။ သူမ၏ အထင်အရဆိုလျှင် ချန်ဆွန်းတုန်းကျွီးသည် ချန်ဆွန်းရှမ်း၏ အနားတွင် စောင့်ရှောက်နေသင့်သည် မဟုတ်ပါလား။ အဘယ်ကြောင့် သူမ၏ အိမ်သို့ ရောက်လာရသနည်း။
ထို့နောက် သူမက တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားကာ အလျင်အမြန် ရှင်းပြလိုက်သည်။ "အန်တီချန်ဆွန်း... မနေ့ညက လူသတ်သမားက ရှောင်ဖန်နဲ့ တကယ်ကို ဘာမှ မပတ်သက်ပါဘူးနော်”
ချန်ဆွန်းတုန်းကျွီးသည် သူမကို စစ်ဆေးမေးမြန်းရန် လာသည်ဟု ဝမ်ရွှယ်နင် ထင်မှတ်ထားသော်လည်း ချန်ဆွန်းတုန်းကျွီး၏ တုံ့ပြန်မှုမှာ အလွန်ပင် တည်ငြိမ်နေသည်။
"အန်တီ အထဲဝင်လို့ ရမလား”
"ဟုတ်... ရတာပေါ့”
ဝမ်ရွှယ်နင်က အလျင်အမြန် ဘေးသို့ ဖယ်ပေးလိုက်ရာ ချန်ဆွန်းတုန်းကျွီးက အိမ်ထဲသို့ ဝင်လာပြီး အဘွားအိုယင်းကတော့ အပြင်ဘက်တွင်သာ ကျန်ရစ်ခဲ့သည်။
ယဲ့ပုဖန်လည်း အနည်းငယ် အံ့အားသင့်သွားသည်။ သူက မတ်တပ်ရပ်ကာ နှုတ်ဆက်လိုက်သည်။
"အန်တီချန်ဆွန်း... မနက်စာ စားပြီးပြီလား။ ကျွန်တော်တို့နဲ့ အတူတူ စားမလား”
"အန်တီက အနည်းငယ် ကမန်းကတန်း လာခဲ့ရတာဆိုတော့ မစားရသေးဘူး။ ဒါဆိုလည်း အားမနာတော့ဘူးကွယ်”
စကားဆုံးသည်နှင့် ချန်ဆွန်းတုန်းကျွီးသည် ထမင်းစားပွဲတွင် ထိုင်လိုက်ပြီး ပေါက်စီလေး တစ်လုံးကို ယူကာ ကိုက်စားလိုက်သည်။ ထို့နောက် သူမက ခေါင်းညိတ်လိုက်သည်။
"အရသာ မဆိုးပါဘူး”
ယဲ့ပုဖန်နှင့် ဝမ်ရွှယ်နင်တို့ နှစ်ဦးသား တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး အခြေအနေကို နားမလည်နိုင်အောင် ဖြစ်နေကြသည်။
ကိုယ့်သားက ဆေးရုံမှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်နေတာတောင် အေးအေးဆေးဆေး မနက်စာ လာစားနေတာကတော့ သိပ်သဘာဝမကျလှပေ။
ဝမ်ရွှယ်နင်က မေးလိုက်သည်။
"အန်တီချန်ဆွန်း... သမီး ဘာကူညီပေးရမလဲဟင်”
ချန်ဆွန်းတုန်းကျွီးက ပန်းကန်နှင့် တူကို ချထားလိုက်ပြီးနောက် ပြောလိုက်သည်။
"အန်တီ မကြာခင် မြို့တော်ကို ပြန်တော့မယ်။ မပြန်ခင် ရှောင်ယဲ့ကို ကိုယ်တိုင် ကျေးဇူးတင်စကား လာပြောတာပါ”
ဝမ်ရွှယ်နင်က လုံးဝ နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
"အန်တီ... ဘာကို ဆိုလိုတာလဲဟင်”
"မနေ့ညက ရှောင်ယဲ့သာ မကူညီခဲ့ရင် အမှန်တရားနဲ့ လျှို့ဝှက်ချက် တစ်ခုကို အန်တီ သိခွင့်ရခဲ့မှာ မဟုတ်ဘူး။ ဒီကိစ္စက နည်းနည်း ရက်စက်တယ် ဆိုပေမဲ့ ကျန်းပေ့ကို လာရတဲ့ ခရီးကတော့ တကယ်ကို တန်သွားပါပြီ”
"အန်တီ... သမီး နားမလည်သေးဘူး”
"ချန်ဆွန်းရှမ်းက အန်တီ့ရဲ့ သားအရင်း မဟုတ်ဘူး”
ချန်ဆွန်းတုန်းကျွီး၏ စကားကို ကြားလိုက်ရသောအခါ ယဲ့ပုဖန်နှင့် ဝမ်ရွှယ်နင်တို့ နှစ်ဦးစလုံး အလွန်အမင်း အံ့အားသင့်သွားကြသည်။ ချန်ဆွန်းတုန်းကျွီးသာ ပုံမှန်အခြေအနေတွင် ရှိမနေလျှင် သူမ ရူးသွားပြီဟုပင် ထင်မှတ်မိကြပေလိမ့်မည်။
"အန်တီ့ကို အဲဒီလို မကြည့်ကြပါနဲ့။ အန်တီ မရူးသေးပါဘူး”
ချန်ဆွန်းတုန်းကျွီးက မနေ့ညက ဖြစ်ပျက်ခဲ့သမျှကို အစအဆုံး ပြန်လည် ပြောပြလိုက်သည်။
"မနေ့ညက လုပ်ကြံခံရမှုကြောင့်ပဲ အန်တီ့ သွေးအမျိုးအစားနဲ့ ချန်ဆွန်းရှမ်းရဲ့ သွေးအမျိုးအစား လုံးဝ မတူဘူးဆိုတာ သိလိုက်ရတယ်။ နောက်တော့ DNA စစ်ဆေးကြည့်လိုက်တော့မှ သူက အန်တီ့သား လုံးဝ မဟုတ်ဘူးဆိုတဲ့ အဖြေထွက်လာတာပဲ”
ဤနေရာသို့ ရောက်သောအခါ သူမ၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။
"ဒီနှစ်တွေ တစ်လျှောက်လုံး အန်တီ မြတ်မြတ်နိုးနိုးနဲ့ အသည်းနှလုံးလို ယုယချစ်ခင်ခဲ့တဲ့ ကလေးက သူများကလေး ဖြစ်နေပြီး အန်တီနဲ့ သွေးသား လုံးဝ မတော်စပ်ဘူးဆိုတာကို အန်တီ ဘယ်တုန်းကမှ မတွေးမိခဲ့ဘူး”
ယဲ့ပုဖန်နှင့် ဝမ်ရွှယ်နင်တို့ နှစ်ဦးသား တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ မနေ့ညက ညစာစားပွဲလေးသည် ဤမျှ မမျှော်လင့်ထားသော အခြေအနေဆီသို့ ဦးတည်သွားလိမ့်မည်ဟု သူတို့ နှစ်ဦးစလုံး မထင်မှတ်ထားခဲ့ပေ။
"နှစ်ပေါင်းများစွာ ကြာတဲ့အထိ အန်တီ့ ရင်ထဲမှာ ဆူးတစ်ချောင်း စူးဝင်နေသလို ခံစားခဲ့ရတဲ့ အထုံးအဖွဲ့ တစ်ခု ရှိတယ်”
ချန်ဆွန်းတုန်းကျွီးက မိမိဘာသာ ရေရွတ်နေသည့်အလား ဆက်ပြောသည်။
"မနေ့က အန်တီ ပြောပြခဲ့တဲ့ အန်တီ့ ချစ်သူအကြောင်း မှတ်မိသေးလား။ သူ့နာမည်က လင်းကျန့်ထျန်း တဲ့။ သူက အန်တီ့ ဘဝမှာ တစ်ဦးတည်းသော ချစ်ရသူ ဖြစ်သလို အန်တီ့ ကလေးရဲ့ ဖခင်လည်း ဖြစ်တယ်။ အန်တီတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးက အရမ်းကို ကောင်းခဲ့တာ။ ဒါပေမဲ့ ကလေး မွေးတဲ့နေ့မှာပဲ သူ ရုတ်တရက် ပျောက်ကွယ်သွားခဲ့တယ်။ အခုဆို အဆက်အသွယ် ပြတ်သွားတာ အနှစ် နှစ်ဆယ်တောင် ကျော်ခဲ့ပြီ။ အန်တီ့ကို အရမ်းအလိုလိုက်ပြီး ချစ်ခဲ့တဲ့သူက ဘာလို့ ရုတ်တရက်ကြီး ထားသွားရတာလဲဆိုတာ အန်တီ တစ်ခါမှ နားမလည်နိုင်ခဲ့ဘူး”
"အခုတော့ အဲဒီ လျှို့ဝှက်ချက်က မနေ့ညကပဲ ဖြေရှင်းပြီးသား ဖြစ်သွားပြီ။ အစ်ကိုထျန်းက ကလေးရဲ့ လျှို့ဝှက်ချက်ကို သိသွားပြီး အန်တီကပဲ သူ့အပေါ် ဖောက်ပြန်ခဲ့တယ်လို့ ထင်သွားလို့ နေမှာပေါ့။ တကယ်တော့ ဘာတွေ ဖြစ်ခဲ့လဲဆိုတာ အန်တီကိုယ်တိုင်တောင် မသိပါဘူး။ ဒါပေမဲ့ သေချာတာ တစ်ခုကတော့ ချန်ဆွန်းတုန်းကျွီးဆိုတဲ့ ဒီမိန်းမရဲ့ ဘဝမှာ ယောကျ်ား တစ်ယောက်ပဲ ရှိခဲ့တယ်။ အစ်ကိုထျန်းကို သစ္စာဖောက်တဲ့ အလုပ်မျိုး လုံးဝ မလုပ်ခဲ့ဘူးဆိုတာပဲ”
ထမင်းစားခန်းလေးအတွင်းဝယ် တစ်ခဏမျှ တိတ်ဆိတ်သွားသည်။
အချိန်အနည်းငယ် အကြာတွင် ဝမ်ရွှယ်နင်က မေးလိုက်သည်။
"အန်တီချန်ဆွန်း... ချန်ဆွန်းရှမ်းရဲ့ DNA က အန်တီနဲ့ မကိုက်ညီဘူးဆိုတော့ ဒါက အန်တီ့ အမှား မဟုတ်တာ သေချာပါတယ်။ မွေးတုန်းက ကလေးချင်း မှားသွားတာများလားဟင်”
***