"အစ်ကိုယဲ့... ဖြစ်ပုံက ဒီလိုပါ”
ကျူးကျားယီက သူမ၏ ဇာတ်ကြောင်းကို စတင် ပြောပြလေသည်။
တုန်းချန်သည် သူမ၏ အထက်တန်းကျောင်း အတန်းဖော် ဖြစ်ခဲ့ပြီး သူတို့နှစ်ဦးမှာ ရွာတစ်ရွာတည်းသားများ ဖြစ်ကြသည်။ သူတို့ရွာလေး၏ အမည်မှာ ခေါက်ရှန်ထွန်းဖြစ်ပြီး ကျန်းပေ့မြို့ပြင်ဘက် မိုင် ၅၀ ခန့်အကွာတွင် တည်ရှိသည်။
ကျောင်းတက်နေစဉ် ကာလတစ်လျှောက်လုံး တုန်းချန်က ကျူးကျားယီကို လိုက်ခဲ့သော်လည်း သူ၏ ရုပ်ရည်မှာ သာမန်သာဖြစ်ပြီး စရိုက်မှာလည်း အလွန် ဆိုးရွားလှသဖြင့် သူ ဖွင့်ပြောတိုင်း အငြင်းခံခဲ့ရသည်။
လွန်ခဲ့သော သုံးနှစ်က ကြီးမားသော ပြဿနာကြီး တစ်ခု မဖြစ်ပွားခင် အချိန်အထိပေါ့...။
ကျူးကျားယီ၏ မိသားစုမှာ ဆင်းရဲနွမ်းပါးပြီး သူမ၏ မိဘများမှာ သာမန် တောင်သူလယ်သမားများသာ ဖြစ်ကြသည်။ မိခင်ဖြစ်သူ လျိုကွေဖုန်းက လယ်ယာအလုပ်နှင့် အိမ်မှုကိစ္စများကို လုပ်ကိုင်ပြီး ဖခင်ဖြစ်သူ ကျူးပေါင်ကော်ကမူ နေ့စဉ် မြို့ထဲသို့ ဝင်ကာ မိုးလင်းမှ မိုးချုပ်အထိ အလုပ် သွားလုပ်ရသည်။
တုန်းချန်၏ ဖခင်အမည်မှာ တုန်းလီကျူးဖြစ်ပြီး မိခင်အမည်မှာ နျူယွဲအော် ဖြစ်သည်။ သူတို့နှစ်ဦးစလုံးမှာ လူကောင်းများ မဟုတ်ကြဘဲ ရွာထဲတွင် နာမည်ကြီး လူဆိုးလူမိုက် လင်မယား ဖြစ်ကြသည်။ အထူးသဖြင့် တုန်းလီကျူးမှာ နှစ်ပေါင်းများစွာ အရက်စွဲနေသူ ဖြစ်ပြီး အရက်မူးလာလျှင် ပြဿနာရှာတတ်သူအဖြစ် နာမည်ကြီးသည်။
ထိုနေ့ညနေက ကျူးပေါင်ကော်သည် အလုပ်မှ ပြန်လာစဉ် ရွာထိပ်လမ်းဘေးရှိ ရေမြောင်းထဲတွင် အရက်မူးပြီး လဲကျနေသော တုန်းလီကျူးကို တွေ့လိုက်ရသည်။ ထိုအချိန်က ဆောင်းရာသီ ဖြစ်သည်။ ကျန်းပေ့၏ ဆောင်းရာသီသည် အရှေ့မြောက်ပိုင်းဒေသလောက် မအေးခဲလှသော်လည်း အပြင်ဘက်တွင် တစ်ညလုံး အိပ်မိပါက အအေးဒဏ်ကြောင့် သေချင်သေ၊ မသေလျှင်တောင် သေလုမျောပါး ဖြစ်သွားနိုင်ပေသည်။
ရွာတစ်ရွာတည်း နေထိုင်ကြသူများ ဖြစ်သည့်အပြင် ရွာသူရွာသားအချင်းချင်း မျက်နှာမြင်နေရသူများ ဖြစ်သဖြင့် သဘောကောင်းသော ကျူးပေါင်ကော်သည် တုန်းလီကျူးကို အပြင်ဘက်တွင် အအေးပတ် မသေစေရန် သူ၏ လျှပ်စစ်သုံးဘီးဆိုင်ကယ် နောက်ခန်းပေါ်သို့ တင်ကာ အိမ်သို့ ပြန်ပို့ပေးရန် ရည်ရွယ်ခဲ့သည်။
သို့သော် မမျှော်လင့်ဘဲ ဆိုင်ကယ် မောင်းထွက်သွားပြီး မကြာမီမှာပင် တုန်းလီကျူး နိုးလာခဲ့သည်။ သူက အရက် အလွန်အကျွံ သောက်ထားသဖြင့် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျသွားခဲ့သည်။ လျှပ်စစ်သုံးဘီး ဆိုင်ကယ်မှာ သိပ်မမြန်သော်လည်း ထိုမတော်တဆမှုကြောင့် သူ၏ ကျောရိုးအာရုံကြော ထိခိုက်သွားကာ ခန္ဓာကိုယ် အောက်ပိုင်း လေဖြတ်သွားခဲ့လေသည်။
ထိုအကြောင်းကို ကြားလျှင် ယဲ့ပုဖန်က မှတ်ချက်ချလိုက်သည်။
"သူ ဒဏ်ရာရသွားတယ် ဆိုရင်တောင် အဲဒါက မင်းအဖေရဲ့ အပြစ်မှ မဟုတ်တာ။ မတော်တဆ ဖြစ်တာပဲလေ။ ပြီးတော့ မင်းအဖေသာ မကယ်ခဲ့ရင် သူ အပြင်မှာ အအေးပတ်ပြီး သေသွားလောက်ပြီ”
ကျူးကျားယီက ခေါင်းခါယမ်းကာ ရှင်းပြသည်။
"အဲဒါက အမှန်တရားပါ။ ဒါပေမဲ့ တုန်းလီကျူးရဲ့ မိသားစုက လူဆိုးလူမိုက်တွေလေ။ ဘာပြဿနာမှ မရှိရင်တောင် လူတွေဆီကနေ ငွေညှစ်တတ်တဲ့သူတွေ။ အခုလို ကိစ္စကြီး ဖြစ်သွားမှတော့ ဘယ်ပြောမလဲ”
ယဲ့ပုဖန်က မေးလိုက်သည်။ "သူတို့က မင်းမိသားစုဆီကနေ ငွေညှစ်ကြတာလား”
"အစတုန်းကတော့ နျူယွဲအော်က သမီးတို့ အိမ်ကို လာပြီး ငိုယိုသောင်းကျန်းတယ်။ လျော်ကြေးငွေ ယွမ် ၅ သိန်း ပေးရမယ်ဆိုပြီး အဆမတန် တောင်းတာ။ နောက်တော့ တုန်းချန် ပြန်ရောက်လာပြီး သမီးတို့ မိသားစုမှာ အဲဒီလောက် ငွေအများကြီး မရှိမှန်းသိတော့ စည်းကမ်းချက်ကို ပြောင်းလိုက်တယ်။ သမီးက သူ့ရည်းစား လုပ်ရမယ်တဲ့။ ပြီးတော့ သူ့မိသားစုရဲ့ စားဝတ်နေရေး စရိတ်တွေရယ်၊ သူ့ကျောင်းစရိတ်တွေရယ် အားလုံးကို သမီးတို့က တာဝန်ယူရမယ်တဲ့။ ပြီးရင် တက္ကသိုလ် ဘွဲ့ရတာနဲ့ သမီးက သူ့ကို လက်ထပ်ရမယ်တဲ့”
ယဲ့ပုဖန်က မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
"ဒီလောက် အလွန်အကျွံ တောင်းဆိုတာကို မင်းမိသားစုက... သဘောတူလိုက်တာလား”
ကျူးကျားယီက ခေါင်းညိတ်ကာ ဝမ်းနည်းစွာဖြင့် ပြောပြသည်။
"အစကတော့ သမီး မိဘတွေက ဒီလက်ထပ်ပွဲကို သဘောမတူခဲ့ပါဘူး။ ဒါပေမဲ့ သမီးသာ သဘောမတူရင် သူတို့က ရဲတိုင်မယ်တဲ့။ အဲဒီလိုဆိုရင် သမီး အဖေက ယာဉ်တိုက်မှု ဖြစ်စေတဲ့ ပြစ်မှုနဲ့ အဖမ်းခံရပြီး ထောင် နှစ်နှစ်၊ သုံးနှစ်လောက် ကျသွားနိုင်တယ်။ သမီးက အဖေ ထောင်ကျပြီး ဒုက္ခရောက်မှာကို မကြည့်ရက်လို့ သဘောတူလိုက်ရတာပါ။ အဲဒါကြောင့် သမီး သူ့ရည်းစား ဖြစ်သွားတာ”
ယဲ့ပုဖန်က သက်ပြင်း တချချဖြင့် ခေါင်းခါလိုက်သည်။
သဘောကောင်းသော လူများသည် အမြဲတမ်း အခွင့်အရေး ယူခံရတတ်သည်ဆိုသည်မှာ အမှန်ပင် ဖြစ်ပေသည်။ ကျူးပေါင်ကော်သည် မူလက လူတစ်ယောက်ကို ကယ်တင်ရန် ရည်ရွယ်ခဲ့သော်လည်း နောက်ဆုံးတွင် ဤကဲ့သို့ ငွေညှစ်ခံရရုံသာမက သူ၏ သမီးဖြစ်သူ၏ အနာဂတ် ပျော်ရွှင်မှုကိုပါ ဆုံးရှုံးလိုက်ရလေသည်။
ကျူးကျားယီက ဆက်ပြောသည်။
"အဲဒါကြောင့် တုန်းချန်က ဘယ်လောက်ပဲ ဆိုးဆိုးရွားရွား လုပ်လုပ် သမီး သူ့ကို ဖြတ်လို့ မရသလို ဒီနေ့ ဖြစ်ခဲ့တဲ့ ကိစ္စကိုလည်း ရဲတိုင်လို့ မရတာပါ။ တုန်းချန်သာ အဖမ်းခံရရင် သူ့မိသားစုက ချက်ချင်း ရဲတိုင်ကြလိမ့်မယ်။ အဲဒီအခါကျရင် သမီး အဖေလည်း ထောင်ကျသွားမှာပေါ့”
ယဲ့ပုဖန်သည် ဤရှက်တတ်သော ကောင်မလေးအပေါ် အမြင်ကောင်း ရှိထားပြီးသား ဖြစ်ရာ ယခုကဲ့သို့ သဘောကောင်းသော မိသားစုလေး တစ်ခု လူဆိုးလူမိုက်များ၏ အနိုင်ကျင့် ငွေညှစ်ခြင်းကို ခံနေရသည်ကို လုံးဝ မကြည့်ရက်နိုင်ပေ။
သူက မေးလိုက်သည်။
"မင်း အဖေရဲ့ အခြေအနေက အဲဒီလောက်တောင် ဆိုးရွားလို့လား။ တစ်ဖက်က ရဲတိုင်ရင်တောင်မှ ဖမ်းဆီးရလောက်တဲ့ အထိတော့ မဖြစ်သင့်ဘူး မဟုတ်လား”
"နောက်ပိုင်း သမီး စုံစမ်းကြည့်တော့ သမီး အဖေက ကယ်ချင်တဲ့ စေတနာနဲ့ လုပ်ခဲ့တယ် ဆိုပေမဲ့ ဥပဒေက ပုဂ္ဂိုလ်ရေး ခံစားချက်တွေကို ထည့်တွက်မှာ မဟုတ်ဘူးတဲ့။ ဘာပဲဖြစ်ဖြစ် တုန်းလီကျူးက အပြင်းအထန် ဒဏ်ရာရသွားတာကိုး။ တကယ်လို့ သူတို့သာ ရဲတိုင်ခဲ့ရင် ယာဉ်တိုက်မှု ပြစ်မှု မြောက်သွားပြီး သမီး အဖေ ထောင်ကျသွားနိုင်တယ်လို့ သိရတယ်”
ယဲ့ပုဖန်က တည်ငြိမ်စွာဖြင့် မေးလိုက်သည်။
"တကယ်လို့ ငါက တုန်းလီကျူးရဲ့ ဒဏ်ရာတွေကို ကုသပေးနိုင်မယ် ဆိုရင်ရော”
"ပျောက်အောင် ကုပေးနိုင်ရင်တော့ သမီး အဖေ ဥပဒေကြောင်းအရ တာဝန်ယူစရာ မလိုတော့ဘူးပေါ့။ ပြီးတော့ သမီးတို့ မိသားစုလည်း သူတို့ရဲ့ ခြိမ်းခြောက်မှု အောက်ကနေ လွတ်မြောက်သွားမှာပေါ့။ ဒါပေမဲ့..."
ကျူးကျားယီက ခေါင်းခါလိုက်သည်။
"ဒီနှစ်တွေ တစ်လျှောက်လုံး သမီးတို့ မိသားစုက တုန်းလီကျူးရဲ့ ဆေးဖိုးဝါးခအတွက် ယွမ် တစ်သိန်းကျော်တောင် ကုန်ခဲ့ပြီးပြီ။ ဆေးရုံကြီးတွေ အများကြီးကို သွားပြခဲ့ပေမဲ့ ဆရာဝန်တွေ အားလုံးက သူ့ရဲ့ ကျောရိုးက အာရုံကြောတွေကို ထိခိုက်သွားလို့ တစ်သက်လုံး ဘီးတပ် ကုလားထိုင်ပေါ်မှာပဲ နေရတော့မယ်လို့ ပြောကြတယ်။ ကုလို့ရမယ့် နည်းလမ်း လုံးဝ မရှိဘူးတဲ့”
ယဲ့ပုဖန်က ခေါင်းညိတ်ကာ မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်သည်။ "လာ... ငါ့ကို တုန်းလီကျူး အိမ်ကို လိုက်ပို့ပေး”
ကျူးကျားယီက အံ့အားသင့်စွာ မေးလိုက်သည်။ "အစ်ကိုယဲ့... ဘာသွားလုပ်မလို့လဲဟင်”
"တုန်းလီကျူးကို သွားကုပေးမလို့။ အဲဒီလိုဆိုရင် မင်းတို့ မိသားစုလည်း ဒီဝန်ထုပ်ဝန်ပိုးကြီးကနေ လွတ်မြောက်သွားပြီလေ”
ကျူးကျားယီ အလွန်အမင်း အံ့အားသင့်သွားသည်။
"အစ်ကိုယဲ့... သမီးကို နောက်နေတာတော့ မဟုတ်ပါဘူးနော်”
"ငါက ဘာလို့ နောက်ရမှာလဲ။ ငါက ဆရာဝန် တစ်ယောက်လေ။ ပြီးတော့ ငါ့ရဲ့ ဆေးပညာက အရမ်းကို အစွမ်းထက်တယ်”
ယဲ့ပုဖန်က ပြုံးလျက် ဖြေလိုက်သည်။
"ဒါပေမဲ့ တုန်းလီကျူးရဲ့ ရောဂါက ကုဖို့ အရမ်းခက်တယ်။ ဆေးရုံကြီးတွေ အများကြီးကို သွားပြခဲ့ပြီးပြီ။ အဲဒီက ပါရဂူတွေတောင် ဘာမှ မတတ်နိုင်ဘူးတဲ့”
ယဲ့ပုဖန်က ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။
"စိတ်မပူပါနဲ့။ ငါ့ရဲ့ ဆေးပညာက အဲဒီ ပါရဂူတွေထက် အများကြီး သာပါတယ်။ ပြီးတော့ ငါ မကုပေးနိုင်ဘူး ဆိုရင်တောင် သူ့အခြေအနေ ပိုဆိုးသွားအောင်တော့ လုပ်မှာ မဟုတ်ပါဘူး”
"အို... ကျေးဇူးတင်ပါတယ် အစ်ကိုယဲ့”
ကျူးကျားယီက ဝမ်းသာအားရ ပြောလိုက်သည်။
"သမီးတို့ ဘယ်တော့ သွားကြမလဲဟင်”
"အခုပဲ သွားကြတာပေါ့”
ယဲ့ပုဖန်သည် ကျူးကျားယီကို ရှန်းရှီး မေယန် ကုမ္ပဏီသို့ ပြန်ခေါ်သွားလိုက်သည်။ ဝမ်ရွှယ်နင်၏ အစည်းအဝေး မပြီးသေးသဖြင့် သူက စာတစ်စောင် ချန်ထားရစ်ခဲ့ပြီးနောက် ကားကို ယူကာ မြို့ပြင်သို့ မောင်းထွက်လာခဲ့သည်။
ခေါက်ရှန်ထွန်း ရွာလေးသည် ကျန်းပေ့ မြို့လယ်ခေါင်မှ ကီလိုမီတာ ၅၀ ခန့် ကွာဝေးသည်။ သူတို့နှစ်ဦး ကားမောင်းရင်း စကားစမြည် ပြောလာခဲ့ကြသည်။
ယဲ့ပုဖန်က မေးလိုက်သည်။
"ဒီနှစ်တွေ တစ်လျှောက်လုံး တုန်းလီကျူးရဲ့ ဆေးကုသစရိတ်အတွက် မင်းတို့ မိသားစု ပိုက်ဆံတွေ အများကြီး ကုန်ခဲ့မှာပဲနော်”
ကျူးကျားယီက ခေါင်းညိတ်ပြသည်။
"တုန်းလီကျူး ဒဏ်ရာရပြီးကတည်းက သူ့မိသားစုက ဘာအလုပ်မှ မလုပ်တော့ဘူး။ သမီး အဖေ ရှာကျွေးတာကိုပဲ ထိုင်စားနေကြတာ။ ဒီနှစ်တွေထဲမှာ ပိုက်ဆံတွေ အများကြီး ကုန်ရုံတင် မကဘူး။ အကြွေးတွေလည်း အများကြီး တင်နေပြီ”
"ဒါဆို မင်း တက္ကသိုလ်တက်ဖို့ ကျောင်းစရိတ်ကို ဘယ်လို ဖြေရှင်းလဲ”
"အစတုန်းကတော့ ကျောင်းပိတ်ရက်တွေမှာ အချိန်ပိုင်းအလုပ် လုပ်ပြီး လူနှစ်ယောက်စာ ရှာရတယ်။ ဒါပေမဲ့ အရမ်း ပင်ပန်းပြီး တခြားလူတွေရဲ့ အနှောင့်အယှက် ပေးတာကိုလည်း ခဏခဏ ခံရတယ်။ နောက်တော့ ရှောင်ကျင်းက သမီးကို အွန်လိုင်းကနေ Live လွှင့်ကြည့်ဖို့ အကြံပေးတယ်။ သမီးက သီချင်းဆိုတာ မဆိုးဘူးဆိုတော့ ပိုက်ဆံ ရကောင်းရနိုင်တယ်လို့ ပြောလို့လေ။ သမီးလည်း သူ အကြံပေးတဲ့အတိုင်း စမ်းကြည့်လိုက်တော့ အဆင်ပြေသားပဲ။ အနည်းဆုံးတော့ သာမန် အချိန်ပိုင်း အလုပ် လုပ်တာထက် ပိုရတယ်။ အစကတော့ အဆောင်မှာ နေရတာဆိုတော့ နည်းနည်း အဆင်မပြေဘူး။ အခု အပြင်မှာ ပြောင်းနေတော့မှ ရှောင်ကျင်းက သမီးကို သီးသန့်အခန်းလေး တစ်ခန်း ပေးထားလို့ အများကြီး အဆင်ပြေသွားတယ်”
ယဲ့ပုဖန်က အံ့အားသင့်စွာ မေးလိုက်သည်။
"မင်းမှာ ဒီလို အရည်အချင်းမျိုးလည်း ရှိတာလား။ ပရိသတ် ဘယ်လောက်တောင် ရှိလဲ”
ကျူးကျားယီသည် သူမ၏ အကျင့်အတိုင်း ပါးပြင်လေးများ နီမြန်းသွားကာ ပြန်ဖြေလိုက်သည်။
"သိပ်မများပါဘူး။ တစ်သိန်းလောက်ပါပဲ”
ယဲ့ပုဖန်က လက်မထောင်ပြလိုက်သည်။
"ဒါ အရမ်းကို တော်နေပါပြီ”
သူတို့နှစ်ဦး စကားပြောရင်း လာခဲ့ကြရာ နာရီဝက်ခန့် အကြာတွင် ခေါက်ရှန်ထွန်း ရွာလေးသို့ ရောက်ရှိလာကြသည်။ ရွာလမ်းလေးမှာ ကျဉ်းမြောင်းသဖြင့် သူတို့၏ မေဘက်ခ် ကားကြီးကို ရွာထိပ်တွင် ရပ်ထားခဲ့ပြီး ရွာထဲသို့ လမ်းလျှောက် ဝင်လာခဲ့ကြသည်။
တုန်းလီကျူး၏ အိမ်ရှေ့သို့ ရောက်သောအခါ ခြံတံခါးမှာ ပွင့်နေပြီး ခြံဝင်းအလယ်တွင် လူလေးယောက် မာကျောက် ကစားနေကြသည်ကို မြင်လိုက်ရသည်။ ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေသူမှာ အခြားသူမဟုတ်ဘဲ လေဖြတ်နေသော တုန်းလီကျူးပင် ဖြစ်ပေမည်။
သူ၏ ဘေးတွင် ရှိနေသော အသက် ၅၀ အရွယ် အမျိုးသမီးမှာ သူ၏ ဇနီး နျူယွဲအော် ဖြစ်သည်။ သူတို့နှင့်အတူ ကစားနေသော အခြား ယောကျ်ားတစ်ယောက်နှင့် မိန်းမတစ်ယောက်မှာလည်း သူတို့၏ ဆွေမျိုးများသာ ဖြစ်ပုံရသည်။
မာကျောက် စားပွဲဘေးတွင် သာမန် အဝတ်အစားများကို ဝတ်ဆင်ထားသော သက်လတ်ပိုင်း အမျိုးသမီး တစ်ဦးက ရေနွေးကြမ်း ဖျော်ပေးခြင်း၊ ရေငဲ့ပေးခြင်းတို့ကို ဂရုတစိုက် ပြုလုပ်ပေးနေသည်။ သူမမှာ ကျူးကျားယီ၏ မိခင် လျိုကွေဖုန်း ဖြစ်လေသည်။
တုန်းမိသားစု၏ တောင်းဆိုချက်အရ ကျူးပေါင်ကော်က အပြင်ထွက်၍ ငွေရှာရပြီး လျိုကွေဖုန်းကမူ သူတို့အိမ်သို့ လာရောက်ကာ အဝတ်လျှော်၊ ထမင်းဟင်းချက်နှင့် အိမ်မှုကိစ္စ အဝဝကို ပြုလုပ်ပေးရလေသည်။
ကျူးကျားယီ ဝင်လာသည်ကို မြင်လိုက်ရသောအခါ လျိုကွေဖုန်းမှာ အနည်းငယ် အံ့အားသင့်သွားပြီး မေးလိုက်သည်။
"သမီး... ဘာလို့ ပြန်လာတာလဲ”
***