တုန်းလီကျူးက ဆက်ပြောသည်။
"ဒါက အရင်ကတည်းက အားလုံး သဘောတူထားပြီးသား ကိစ္စပဲ။ လုံးဝ ပြောင်းလဲလို့ မရဘူး”
"ဘာလို့ မရရမှာလဲ”
ယဲ့ပုဖန်က ချေပလိုက်သည်။ "ကျူးကျားယီက အသက်ရှင်နေတဲ့ လူတစ်ယောက်လေ။ ပစ္စည်း တစ်ခုမှ မဟုတ်တာ။ ခင်ဗျားတို့ဆီကို ရောင်းစားထားတာမှ မဟုတ်တာ”
တုန်းလီကျူးက ပြန်အော်သည်။
"ဘာဖြစ်လို့လဲ ဆိုတော့ သူ့အဖေက ငါ့ကို တိုက်ခဲ့လို့ပေါ့”
ယဲ့ပုဖန်က ဓားတစ်လက်လို ထက်ရှသော အကြည့်ဖြင့် သူ့ကို အေးစက်စွာ ကြည့်ကာ ပြောလိုက်သည်။ "လူဆိုတာ ကိုယ်ချင်းစာတရား ရှိသင့်တယ်။ အဲဒီညက ဦးလေးကျူးသာ ခင်ဗျားကို မကယ်ခဲ့ရင် ခင်ဗျား ခန္ဓာကိုယ် အောက်ပိုင်း လေဖြတ်ရုံတင် မကဘူး။ အပြင်ဘက်မှာ အအေးပတ်ပြီး သေနေတာ ကြာလှပေါ့”
"အပိုတွေ လာမပြောစမ်းပါနဲ့။ အဲဒါတွေက ဘာမှ အဓိပ္ပာယ် မရှိဘူး”
တုန်းလီကျူးက လုံးဝ အရှက်အကြောက် ကင်းမဲ့သော မျက်နှာဖြင့် ပြောလိုက်သည်။ "ငါ့တစ်သက်မှာ ကိုယ်ချင်းစာတရား ဆိုတာကို တစ်ခါမှ ဂရုမစိုက်ခဲ့ဖူးဘူး။ စားလို့လည်း မရ၊ သောက်လို့လည်း မရတဲ့ အရာက ဘာအသုံးကျလို့လဲ”
နျူယွဲအော်ကလည်း ဝင်အော်သည်။
"အော်... နင်က ဒီနေ့ သိပ်သဘောကောင်းနေပြီး ငါ့ယောက်ျားကို ဆေးကုပေးဖို့ လူချောလေး တစ်ယောက် ခေါ်လာတာကိုး။ ဒီစေ့စပ်ပွဲကို ဖျက်ချင်လို့ပေါ့လေ။ နင့်ကို ငါ ပြောလိုက်မယ်... ငါ ရှိနေသရွေ့တော့ အဲဒီအကြောင်း တွေးတောင် မတွေးနဲ့။ တကယ်လို့ နင် ငါ့သားကို ဖြတ်ချင်တယ် ဆိုရင်လည်း ရတယ်။ ယွမ် ၅ သိန်း ပေးခဲ့။ အဲဒီကျရင် နင့်ကို အခုချက်ချင်း မောင်းထုတ်ပေးမယ်”
ယဲ့ပုဖန်က ထပ်မံ ပြောလိုက်သည်။
"ကျုပ် သူ့ကို ပျောက်အောင် ကုပေးပြီးပြီလေ။ ခင်ဗျားတို့ကို ယွမ် ၅ သိန်း ဘာလို့ ပေးရမှာလဲ”
"ပျောက်တယ်... ဟုတ်လား”
တုန်းလီကျူးက ခနဲ့တဲ့တဲ့ ရယ်မောလိုက်ပြီး ဘီးတပ်ကုလားထိုင်ဆီသို့ ခြေလှမ်းကျဲကျဲဖြင့် ပြန်လျှောက်သွားကာ ဗုန်းခနဲ ထိုင်ချလိုက်သည်။ "နည်းနည်းလေးတောင် မပျောက်သေးပါဘူး။ ငါ့ခန္ဓာကိုယ် အောက်ပိုင်း လေဖြတ်နေတုန်းပဲ။ လှုပ်လို့တောင် မရဘူး။ ကြည့်စမ်း... ငါ ဘီးတပ် ကုလားထိုင်ပေါ်မှာ ထိုင်နေရတုန်းပဲ မဟုတ်လား”
ပြောပြီးသည်နှင့် သူက မောက်မာစွာ ရယ်မောလိုက်လေသည်။
နျူယွဲအော်က လျိုကွေဖုန်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"နင့်ကို ငါ ပြောလိုက်မယ်... အဲဒီအတွေးကို အခုချက်ချင်း စွန့်လွှတ်လိုက်တော့။ အရာအားလုံးက အရင်တိုင်းပဲ ဆက်သွားရမယ်။ နင်က နေ့တိုင်း ငါတို့အိမ်ကို လာပြီး အဝတ်လျှော်၊ ထမင်းဟင်းချက်နဲ့ အိမ်ဖော်လို အလုပ်လုပ်ရမယ်။ နင့်ယောက်ျားက နေ့တိုင်း အပြင်ထွက်ပြီး ငါတို့ကို လုပ်ကျွေးဖို့ ပိုက်ဆံရှာရမယ်။ နင့်သမီးကလည်း တစ်သက်လုံး ငါတို့ တုန်းမိသားစုရဲ့ လူ ဖြစ်ဖို့ ကံပါလာပြီးသားပဲ။ နင်တို့များ နည်းနည်းလေး ဖီဆန်ရဲတယ်ဆိုရင် အခုချက်ချင်း ရဲခေါ်ပြီး နင့်ယောက်ျားကို ထောင်ထဲ ပို့ပစ်လိုက်မယ်”
တုန်းလီကျူးကလည်း ဝင်ထောက်သည်။
"ဒီနှစ်တွေ တစ်လျှောက်လုံး ကုသခဲ့တဲ့ ဆေးမှတ်တမ်းတွေ အားလုံး ငါ့ဆီမှာ ရှိတယ်။ ငါသာ ရဲတိုင်လိုက်ရင် ကျူးပေါင်ကော် အခုချက်ချင်း အဖမ်းခံရမှာပဲ။ ငါ ထပ်ပြောလိုက်မယ်... ငါတို့ မိသားစုနဲ့ စေ့စပ်ထားတာကို ဖျက်ချင်ရင် ရတယ်။ ဒါပေမဲ့ ယွမ် ၅ သိန်း ပေးရမယ်။ တစ်ပြားမှ လျော့လို့ မရဘူး”
"ရှင်တို့... ရှင်တို့..." လျိုကွေဖုန်းမှာ ဒေါသထွက်လွန်း၍ တစ်ကိုယ်လုံး တုန်ယင်နေသော်လည်း ဘာမှ မတတ်နိုင်ခဲ့ပေ။ သူမ၏ အရှေ့ရှိ လူဆိုးလူမိုက် လင်မယားကို အလွန်အမင်း မုန်းတီးနေသော်လည်း မိမိ၏ ခင်ပွန်းကိုတော့ ထောင်မကျစေချင်ပေ။
ယဲ့ပုဖန်က တုန်းလီကျူးနှင့် နျူယွဲအော်တို့ကို ကြည့်ကာ ပြောလိုက်သည်။
"ခင်ဗျားတို့ အရမ်း မလွန်လွန်းဘူးလား”
"လွန်တယ်... ဟုတ်လား။ ငါတို့ကို ဘာလုပ်နိုင်မှာမို့လို့လဲ”
တုန်းလီကျူးက မောက်မာစွာ ပြောလိုက်သည်။ "မင်းကို ငါ ပြောလိုက်မယ်... ငါက အခု မသန်စွမ်း တစ်ယောက် ဖြစ်နေပြီ။ မင်း ငါ့ကို လက်ဖျားနဲ့တောင် ထိရဲရင် မင်း တစ်သက်လုံး နောင်တရသွားမယ်”
ယဲ့ပုဖန်က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
"ဒါပေမဲ့ ကျုပ်က ခင်ဗျားရဲ့ ရောဂါကို လုံးဝ ပျောက်ကင်းအောင် ကုပေးလိုက်ပြီလေ”
တုန်းလီကျူးက မျက်နှာပြောင်တိုက်ကာ ဆိုလေသည်။
"ပျောက်ပြီ... ဟုတ်လား။ ဘယ်မှာ ပျောက်လို့လဲ။ ငါ ဘီးတပ်ကုလားထိုင်ပေါ်မှာ ထိုင်နေရတုန်းပဲလေ”
လျိုကွေဖုန်းက ဒေါသတကြီးဖြင့် ပြောလိုက်သည်။
"ရှင်တို့ ဘယ်လိုလုပ် ဒီလို နေနိုင်ရတာလဲ။ ခုနလေးတင် ကလေးလေး တစ်ယောက်လို ခုန်ပေါက်နေပြီးတော့ အခုကျမှ လူရမ်းကားလို လာလုပ်နေတယ်”
နျူယွဲအော်က ဝင်ငြင်းသည်။
"ဘယ်သူ ပြောလဲ။ ငါ့ယောက်ျားက အမြဲတမ်း ဘီးတပ်ကုလားထိုင်ပေါ်မှာပဲ နေနေရတာ။ သူ ဘယ်တုန်းက သွက်သွက်လက်လက်နဲ့ ခုန်ပေါက်နေဖူးလို့လဲ”
"အပိုတွေ မပြောနဲ့။ ခုနက လူတိုင်း မြင်လိုက်တယ်လေ” ဟု လျိုကွေဖုန်းက အော်ပြောလိုက်သည်။
"လူတိုင်းဆိုတာ... ဒီမှာ ဘယ်သူရှိလို့လဲ။ ပြောစမ်းပါ”
နျူယွဲအော်က မာကျောက် ကစားနေသော အခြားလူနှစ်ယောက်ကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
"သူတို့က ငါ့ရဲ့ တတိယအဒေါ်နဲ့ ငါ့ဦးလေး ဆိုတာ နင် မသိဘူး မဟုတ်လား။ သူတို့က နင့်အတွက် သက်သေ ထွက်ဆိုပေးမယ်လို့ ထင်နေလား။ နင်တို့ သုံးယောက်တည်းက သက်သေပြနေရုံနဲ့ ရဲတွေက ယုံမယ် ထင်နေတာလား။ ငါ ပြောမယ်... နင် အဲဒီအတွေးကို အခုပဲ စွန့်လွှတ်လိုက်တာ အကောင်းဆုံးပဲ။ ပြီးရင် တစ်သက်လုံး ငါတို့ မိသားစုကို ကျွန်တွေလို ရိုရိုကျိုးကျိုး လုပ်ကျွေးဖို့သာ ပြင်ထားလိုက်”
ပြောပြီးသည်နှင့် သူမက အောင်နိုင်သူ တစ်ယောက်အလား မောက်မာစွာ ရယ်မောလိုက်ပြန်ရာ အခြားလူနှစ်ယောက်ကလည်း အသံထွက်၍ ရယ်မောကြလေသည်။ နျူယွဲအော် ပြောသကဲ့သို့ပင် သူတို့သည် လျိုကွေဖုန်းဘက်မှ ရပ်တည်ပေးမည် မဟုတ်ကြောင်း သိသာလှသည်။
ယဲ့ပုဖန်က မေးလိုက်သည်။
"ခင်ဗျား ဆိုလိုတာက ၅ သိန်း မရ ရအောင် တောင်းမယ်ဆိုတဲ့ သဘောပေါ့”
တုန်းလီကျူးက အော်ပြောသည်။
"ဟုတ်တယ်။ ၅ သိန်း။ တစ်ပြားမှ လျော့လို့ မရဘူး”
ယဲ့ပုဖန်က ပြုံးလျက် ရှင်းပြလိုက်သည်။
"ခင်ဗျား ဒဏ်ရာ မပျောက်ခင်က လျော်ကြေးအနေနဲ့ ၅ သိန်း တောင်းတာက နည်းနည်း လွန်ကဲပေမဲ့ ပြဿနာ သိပ်မကြီးပါဘူး။ ဒါပေမဲ့ အခုက အခြေအနေ မတူတော့ဘူးလေ။ ခင်ဗျား ဒဏ်ရာက ပျောက်သွားပြီ။ အဲဒီလို ပျောက်သွားတာကို ၅ သိန်း ထပ်တောင်းပြီး ခြိမ်းခြောက်မယ်ဆိုရင် အဲဒါက ငွေညှစ်တာ ဖြစ်သွားပြီ။ ၅ သိန်း ငွေညှစ်ရင် ထောင်ဒဏ် ဘယ်နှစ်နှစ် ကျနိုင်လဲဆိုတာ ခင်ဗျား သိရဲ့လား”
တုန်းလီကျူးက လှောင်ပြုံး ပြုံးလိုက်သည်။
"ငါ့ကို လာခြောက်နေတာလား။ မင်းကို ငါ ပြောမယ်... ငါ လူမိုက်လောကထဲ ဝင်လာတုန်းက မင်း မမွေးသေးဘူးကွ။ ငါ့ရဲ့ ကောက်ကျစ်တဲ့ အကြံအစည်တွေကို မင်း ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူး”
နျူယွဲအော်ကလည်း ဝင်ထောက်သည်။
"လူချောလေး... ဥပဒေအကြောင်း နှစ်ရက်လောက် သင်ဖူးရုံနဲ့ ကိုယ့်ကိုယ်ကိုယ် သိပ်အထင်မကြီးနဲ့။ ဥပဒေဆိုတာ သက်သေအထောက်အထားပေါ်မှာ အခြေခံတာ။ ဘာပဲ တရားစွဲစွဲ သက်သေ လိုတယ်။ မင်းက ငါတို့ရောဂါ ပျောက်သွားပြီလို့ ပြောပေမဲ့ သက်သေ ဘယ်မှာလဲ။ သက်သေ မရှိရင် အားလုံးက လေထဲက စကားတွေချည်းပဲ”
ယဲ့ပုဖန်က ရယ်မောလိုက်ပြီး ပြောလိုက်သည်။
"ကျုပ်က သက်သေ မရှာနိုင်ဘူးလို့ ခင်ဗျားတို့ တကယ် ထင်နေတာလား”
နျူယွဲအော်က နှာခေါင်းရှုံ့ကာ ဆိုလေသည်။ "ဟေ့ကောင်... အိပ်မက် မက်မနေနဲ့။ ဘယ်သူကမှ မင့်အတွက် သက်သေ ထွက်ဆိုပေးမှာ မဟုတ်ဘူး”
"သက်သေ ရှိရုံတင် မကဘူး။ အများကြီးတောင် ရှိသေးတယ်”
ယဲ့ပုဖန်က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ "တုန်းလီကျူးရဲ့ ရောဂါ ပျောက်သွားပြီဆိုတာကို သက်သေ ပြပေးနိုင်မယ့် သက်သေ တစ်သိန်းတောင် ကျုပ်ဆီမှာ ရှိတယ်”
တုန်းလီကျူးက လှောင်ရယ် ရယ်လိုက်သည်။
"သက်သေ တစ်သိန်း... ဟုတ်လား။ မင်း ရူးနေလား။ လူဒီလောက် အများကြီး မြင်သွားဖို့ဆိုတာ မဖြစ်နိုင်သလို အဲဒီလောက် လူအများကြီးက မင့်အတွက် သက်သေ လာထွက်ဆိုပေးဖို့ ဆိုတာက ပိုလို့တောင် မဖြစ်နိုင်သေးတယ်”
ယဲ့ပုဖန် ပြောသမျှကို သူ တစ်ခွန်းမှ မယုံကြည်ပေ။ ဤလူငယ်လေးသာ သူ၏ လေဖြတ်ရောဂါကို မကုသပေးခဲ့လျှင် စိတ်ရောဂါကု ဆေးရုံမှ ထွက်ပြေးလာသော အရူးတစ်ယောက်ဟုပင် သူ ထင်မှတ်မိမည် ဖြစ်သည်။
"သိပ်အသိဉာဏ် ခေါင်းပါးတာပဲ”
ယဲ့ပုဖန်က ဒေါသထွက်သည့် အရိပ်အယောင် အနည်းငယ်မျှ မပြဘဲ ပြုံးလျက် ပြောလိုက်သည်။
"အွန်လိုင်းကနေ Live လွှင့်တယ် ဆိုတာကို ခင်ဗျားတို့ ကြားဖူးလား”
"ကြားဖူးတာပေါ့။ ကြားဖူးတော့ ဘာဖြစ်လဲ”
ယခုခေတ်သည် သတင်းအချက်အလက် နည်းပညာများ လွှမ်းမိုးနေသော ခေတ်ဖြစ်ပြီး လူတိုင်းတွင် မိုဘိုင်းဖုန်း ကိုယ်စီ ရှိကြသည်။ တုန်းလီကျူးတွင်လည်း ရှိလေသည်။ သူသည် အချိန်အတော်များများကို ဗီဒီယိုအတိုလေးများ ကြည့်ရှုရာတွင် ကုန်ဆုံးလေ့ရှိပြီး နျူယွဲအော် ကွယ်ရာတွင် Live လွှင့်သော မိန်းကလေးများကိုပင် လျှို့ဝှက်စွာ ငွေကြေး ထောက်ပံ့လေ့ ရှိသေးသည်။
"တတ်နိုင်ဘူးလေ။ ကျူးကျားယီက ခင်ဗျားတို့ရဲ့ အသုံးမကျတဲ့ သားကို အွန်လိုင်းကနေ Live လွှင့်ပြီး ပိုက်ဆံရှာ ကျွေးနေရတာကိုး”
ယဲ့ပုဖန်က ဆက်ပြောသည်။
"ကျုပ်တို့ ဒီကိုလာတုန်းက ခင်ဗျားတို့က လူယုတ်မာတွေဆိုတော့ ရှုပ်ရှုပ်ယှက်ယှက် ပြဿနာတွေ ရှာလာနိုင်တယ်လို့ ကြိုခန့်မှန်းထားပြီးသား။ အဲဒါကြောင့် အထဲကို မဝင်ခင်လေးတင် သူ့ကို ဖုန်းဖွင့်ပြီး Live လွှင့်ခိုင်းထားတာ။ ဒါကြောင့် ခင်ဗျား ရောဂါ ပျောက်သွားတာကို မျက်မြင်သက်သေ ရှိရုံတင် မကဘူး၊ ခိုင်လုံတဲ့ သက်သေ အထောက်အထားပါ ရှိနေပြီ။ အားလုံး သူ့ဖုန်းထဲမှာ မှတ်တမ်း တင်ထားပြီးသားပဲ”
"ခွေးကောင်... မင်းက ငါ့ကို အကြံအစည်နဲ့ လာလုပ်တာပေါ့လေ”
ထိုအခါမှ နျူယွဲအော်သည် ကျူးကျားယီ၏ လက်ထဲရှိ ဖုန်းကို သတိထားမိသွားပြီး ချက်ချင်း အော်ဟစ်လိုက်သည်။
"ခွေးမလေး... နင့်ဖုန်းကို အခုချက်ချင်း ပေးစမ်း”
ပြောပြောဆိုဆိုဖြင့် သူမက ဖုန်းကို လုယူရန် ကြိုးစားလိုက်သော်လည်း ယဲ့ပုဖန်က သူမကို နောက်သို့ တွန်းထုတ်လိုက်သည်။
"လုဖို့ မကြိုးစားပါနဲ့။ ဘာပဲဖြစ်ဖြစ် အလကားပါပဲ။ ကျုပ် ခုနကတည်းက ပြောပြီးသားလေ... ဒါက Live လွှင့်နေတာမို့လို့ လူအများကြီး ကြည့်နေကြတယ်လို့”
ယဲ့ပုဖန်က သူတို့ နှစ်ယောက်ကို ကြည့်ကာ လှောင်ပြုံး ပြုံးလိုက်သည်။
"ကျူးကျားယီမှာ ပရိသတ် သိပ်မများပါဘူး။ တစ်သိန်းလောက်ပဲ ရှိတာပါ။ အဲဒီလောက် သက်သေ အရေအတွက်က လုံလောက်ရဲ့လား မသိဘူးနော်”
"မင်း... မင်း..."
နျူယွဲအော်နှင့် အခြားအမျိုးသမီး တစ်ဦးမှာ ဒေါသထွက်လွန်း၍ သေမတတ် ဖြစ်နေသော်လည်း ဘာမှ မလုပ်နိုင်ကြပေ။ ယဲ့ပုဖန်သည် အခန်းထဲသို့ မဝင်ခင်ကတည်းက ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ထားပြီး ထွက်ပေါက် တစ်ခု ဖန်တီးထားလိမ့်မည်ဟု သူတို့ နှစ်ဦးစလုံး မထင်မှတ်ထားခဲ့ကြပေ။
တုန်းလီကျူး ရောဂါပျောက်ပြီးပြီးချင်း ခုန်ပေါက် ကခုန်နေသည့် မြင်ကွင်းကို နိုင်ငံတစ်ဝန်းလုံးမှ လူများ မြင်တွေ့သွားကြပြီ ဖြစ်ရာ ငြင်းဆိုရန် လုံးဝ မဖြစ်နိုင်တော့ချေ။
ယဲ့ပုဖန်က သူ၏ ဖုန်းကို ထုတ်လိုက်ပြီး ပြောလိုက်သည်။
"ခင်ဗျားတို့ ရဲခေါ်မယ် ဆိုတာ မဟုတ်ဘူးလား။ ကျုပ်ပဲ ခေါ်ပေးလိုက်ပါ့မယ်။ အော်... ဟုတ်သားပဲ။ ခုနက ခင်ဗျားတို့က ၅ သိန်း တောင်းတယ်နော်။ ယွမ် ၅ သိန်းကို ငွေညှစ်တာဆိုတော့ ခင်ဗျားတို့ တစ်သက်လုံး ထောင်ထဲမှာ နေဖို့ လုံလောက်သွားပါပြီ”
တကယ်ကြီး ဖုန်းခေါ်တော့မည်ကို သိလိုက်ရသောအခါ တုန်းလီကျူး လင်မယားမှာ ချက်ချင်း ကြောက်လန့်သွားကြသည်။ ခုနက သူတို့ လုပ်ခဲ့သမျှ အရာအားလုံးသည် ခိုင်လုံသော သက်သေ အထောက်အထားများ ဖြစ်နေပြီး ရဲသာ တိုင်လိုက်ပါက သူတို့ တစ်သက်လုံး ထောင်ထဲတွင် နေရဖို့ သေချာသလောက် ရှိနေပေသည်။
နျူယွဲအော်က အလျင်အမြန် ပြေးလာပြီး ယဲ့ပုဖန်၏ လက်မောင်းကို ဆွဲကာ တောင်းပန်လိုက်သည်။ "လူလေး... လူလေး... ဒီကိစ္စကို ညှိညှိနှိုင်းနှိုင်း လုပ်ကြတာပေါ့။ ကျေးဇူးပြုပြီး ရဲတော့ မခေါ်ပါနဲ့”
ယဲ့ပုဖန်က လှောင်ပြောင်သော အမူအရာဖြင့် ပြန်မေးလိုက်သည်။
"ခုနကပဲ ခင်ဗျားတို့က ရဲခေါ်မယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား”
***