နျူယွဲအော်က အလျင်အမြန် ပြောလိုက်သည်။
"မဟုတ်ပါဘူး... မဟုတ်ပါဘူး။ ကျွန်မတို့က နောက်နေတာပါ။ ကျွန်မတို့ အားလုံးက ရွာတစ်ရွာတည်းသားတွေပဲလေ။ ညှိညှိနှိုင်းနှိုင်း ပြောလို့ ရပါတယ်။ ရဲတွေကို ဒုက္ခပေးစရာ မလိုပါဘူး”
တုန်းလီကျူးသည်လည်း မသန်စွမ်း ဟန်ဆောင်မနေနိုင်တော့ဘဲ ဘီးတပ်ကုလားထိုင်ပေါ်မှ ခုန်ထလာကာ အလောတကြီး ပြောလိုက်သည်။
"ဟုတ်ပါတယ်။ လူလေး... ငါတို့ ညှိညှိနှိုင်းနှိုင်း ပြောကြတာပေါ့။ ကျေးဇူးပြုပြီး ရဲတော့ မခေါ်ပါနဲ့ကွာ”
"ကောင်းပြီလေ... ခင်ဗျားတို့ သဘောတူတယ် ဆိုမှတော့ ညှိနှိုင်းကြတာပေါ့”
ယဲ့ပုဖန်က သူတို့ နှစ်ယောက်ကို ကြည့်ကာ မေးလိုက်သည်။
"ကျူးကျားယီနဲ့ ခင်ဗျားတို့ သားရဲ့ လက်ထပ်မယ့် ကိစ္စကရော ဘယ်လိုလုပ်မလဲ”
တုန်းလီကျူးက မဆိုင်းမတွပင် ပြန်ဖြေလိုက်သည်။
"ဒါက မေးနေစရာ လိုသေးလို့လား။ သေချာပေါက် လုံးဝ အဆက်အသွယ် ဖြတ်လိုက်ရမှာပေါ့”
နျူယွဲအော်မှာ သူမ၏ သားဖြစ်သူ၏ စရိုက်ဖြင့် ဤမျှ ကောင်းမွန်သော ဇနီးလောင်းမျိုးကို နောက်ထပ် ဘယ်တော့မှ ရှာတွေ့နိုင်တော့မည် မဟုတ်ကြောင်း သိထားလေသည်။ သို့သော် လက်ရှိတွင် သူမတို့ အနေဖြင့် ဘာမှ မတတ်နိုင်တော့ချေ။
သူမကလည်း လိုက်လျောညီထွေစွာ ထောက်ခံလိုက်ရသည်။
"ဟုတ်တယ်... ဟုတ်တယ်။ အဆက်အသွယ် လုံးဝ ဖြတ်လိုက်ကြတာပေါ့။ ဒီနေ့ကစပြီး ကျားယီက ငါတို့ မိသားစုနဲ့ ဘာမှ မသက်ဆိုင်တော့ဘူး”
သူတို့၏ စကားများကို ကြားလိုက်ရသောအခါ ဖုန်းကို ကိုင်ထားသော ကျူးကျားယီ၏ လက်များ တုန်ယင်သွားပြီး ပါးပြင်ထက်တွင် မျက်ရည်ပေါက်ကြီးများ စီးကျလာလေသည်။ နှစ်ပေါင်းများစွာ သူမကို ဒုက္ခပေးနေခဲ့သော စေ့စပ်ပွဲကြီးမှာ နောက်ဆုံးတော့ ပြီးဆုံးသွားခဲ့ချေပြီ။
ယဲ့ပုဖန်က ဆက်ပြောသည်။
"လက်ထပ်မယ့် ကိစ္စကတော့ ရှင်းသွားပြီ။ အခု ခင်ဗျားတို့ရဲ့ အကြွေးကိစ္စ ပြောရအောင်။ ယွမ် ၅ သိန်း လိုချင်သေးလား”
တုန်းလီကျူး အကြောက်ဆုံးအရာမှာ ထောင်ဒဏ် ၁၀ နှစ်ကျော် ကျခံရနိုင်သည့် ယွမ် ၅ သိန်း ငွေညှစ်မှု ကိစ္စပင် ဖြစ်လေသည်။
သူက အလျင်အမြန် ပြောလိုက်သည်။
"မလိုချင်တော့ပါဘူး... မလိုချင်တော့ပါဘူး။ ငါ့ဒဏ်ရာတွေလည်း ပျောက်သွားပြီပဲ။ ဒီနေ့ကစပြီး ကျူးပေါင်ကော် မိသားစုက ငါ့ကို တစ်ပြားမှ အကြွေးမတင်တော့ဘူး။ ငါတို့ကြားမှာ ဘာအကြွေး ကိစ္စမှ မရှိတော့ဘူး”
နျူယွဲအော်ကလည်း ဝင်ပြောသည်။
"ဟုတ်တယ်။ ယာဉ်တိုက်မှု ကိစ္စကိုလည်း ဒီမှာတင် အဆုံးသတ်လိုက်ကြတာပေါ့။ ဘယ်သူမှ ထပ်မပြောကြေးပဲ”
"မဆိုးဘူး... သဘောထားလေးကတော့ မဆိုးဘူး”
ယဲ့ပုဖန်က ခေါင်းညိတ်လိုက်သည်။
"နောက်ဆုံး တစ်ခု ကျန်သေးတယ်။ မျှမျှတတလေး တွက်ချက်ကြည့်ကြတာပေါ့”
သူက တုန်းလီကျူးကို ကြည့်ကာ မေးလိုက်သည်။
"ရိုးရိုးသားသား ပြောစမ်းပါ။ အဲဒီညက ခင်ဗျား အရက်မူးပြီး လဲနေတုန်း ဦးလေးကျူးနဲ့သာ မတွေ့ခဲ့ရင် ခင်ဗျား ဘာဖြစ်သွားမလဲ”
"ဒါက..."
တုန်းလီကျူးမှာ တစ်ခဏမျှ တုံ့ဆိုင်းသွားသော်လည်း ယဲ့ပုဖန်၏ ထက်ရှသော အကြည့်များနှင့် ရင်ဆိုင်ရသောအခါ အံကို ကြိတ်၍ ဖြေလိုက်ရသည်။
"အစ်ကို ကျူးပေါင်ကော်သာ မကယ်ခဲ့ရင် အဲဒီညက ငါ အပြင်မှာ အအေးပတ်ပြီး သေနေလောက်ပြီ”
ယဲ့ပုဖန်က ပြောလိုက်သည်။
"ခင်ဗျား သိတာ ကောင်းတယ်။ သူတို့က ခင်ဗျား အသက်ကို ကယ်ခဲ့တာ။ ခင်ဗျား ဘာသာခင်ဗျား အရက်မူးပြီး ကားပေါ်က ခုန်ချခဲ့တာလေ။ အခု ပြဿနာလည်း ဖြစ်ရော ခင်ဗျားက သူတို့ဆီကနေ ငွေညှစ်ဖို့ ကြိုးစားတယ်။ ဒီစာရင်းကို ခင်ဗျား ဘယ်လို ရှင်းမလဲ”
အရှက်အကြောက် ကင်းမဲ့လွန်းလှသော တုန်းလီကျူးပင်လျှင် ဤကဲ့သို့ မေးခွန်းထုတ်ခံရသောအခါ မျက်နှာပူသွားပြီး ခေါင်းငုံ့သွားလေသည်။
ထို့နောက် ယဲ့ပုဖန်က နျူယွဲအော်ဘက်သို့ လှည့်လိုက်သည်။
"ပြီးတော့ ခင်ဗျား... ကျူးပေါင်ကော်က ခင်ဗျား ယောက်ျား အသက်ကို ကယ်ခဲ့တာ သိသာနေရက်နဲ့ ကျေးဇူးကို အပြစ်နဲ့ ဆပ်ပြီး ကျူးကျားယီကို ခင်ဗျားတို့ရဲ့ ချွေးမ ဖြစ်လာအောင် အတင်းအကျပ် ဖိအားပေးခဲ့တယ်။ ခင်ဗျားတို့ လင်မယားက ဘာမဆို လုပ်နိုင်စွမ်း ရှိနေရက်နဲ့ လူတွေကို လိမ်လည် လှည့်ဖြားပြီး အန်တီလျိုကို ခင်ဗျားတို့အတွက် ကျွန်တစ်ယောက်လို အလုပ်လုပ်ခိုင်းတယ်။ ရေခပ်၊ ထမင်းဟင်း ချက်ခိုင်းတယ်။ ခင်ဗျားတို့မှာ ကိုယ်ချင်းစာတရားဆိုတာ နည်းနည်းလေးတောင် မရှိဘူးလား”
နျူယွဲအော်က ခေါင်းငုံ့ကာ အနေခက်စွာဖြင့် ပြောလိုက်သည်။
"လူလေး... အန်တီ တောင်းပန်ပါတယ်။ အန်တီတို့ မှားသွားပါတယ်”
တုန်းလီကျူးကလည်း အလျင်အမြန် ဝင်ထောက်သည်။ "ဟုတ်ပါတယ်... ဟုတ်ပါတယ်။ ငါတို့ မှားသွားပါတယ်။ ငါတို့ တောင်းပန်ပါတယ်။ နောက်ဆိုရင် လုံးဝ ဒီလို မဖြစ်စေရပါဘူး”
ယဲ့ပုဖန်က အေးစက်စွာ ပြောလိုက်သည်။
"ခင်ဗျားတို့ တောင်းပန်ရမှာပေါ့။ ဒါပေမဲ့ ကျုပ်ကို မဟုတ်ဘူး။ ဘယ်သူ့ကို တောင်းပန်ရမလဲဆိုတာ ခင်ဗျားတို့ သိတယ် မဟုတ်လား”
"သိပါတယ်... သိပါတယ်”
တုန်းလီကျူး လင်မယား နှစ်ယောက်စလုံး နောက်သို့ လှည့်ကာ လျိုကွေဖုန်းနှင့် ကျူးကျားယီတို့ကို ကြည့်ပြီး ပြောလိုက်သည်။
"အစ်မကြီးလျို... ကျားယီ... ငါတို့ တောင်းပန်ပါတယ်။ ဒီနှစ်တွေ တစ်လျှောက်လုံး ငါတို့ မှားခဲ့ပါတယ်”
"ခင်ဗျားတို့က လူတွေကို ဒီလောက် နှစ်တွေ အများကြီး လိမ်လည်လှည့်ဖြားပြီး သူတို့ မိသားစုကို ပျက်စီးလုနီးပါး ဖြစ်အောင် လုပ်ခဲ့တာ။ တောင်းပန်တဲ့ နေရာမှာ အနည်းဆုံးတော့ စေတနာလေး ဘာလေး ပါသင့်တာပေါ့။ ကျုပ် ရှေ့မှာ ဒူးထောက်စမ်း”
ကျူးကျားယီသည် ခုနလေးတင် ကိုယ့်ကိုယ်ကိုယ် သတ်သေလုနီးပါး ဖြစ်ခဲ့ရသည်။ ယင်းမှာ ဤမိသားစု၏ ငွေညှစ်မှုများကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့် ဤလူနှစ်ယောက်အပေါ် သူ အနည်းငယ်မျှ သနားညှာတာမှု မထားနိုင်ပေ။
"ငါ..."
တုန်းလီကျူး လင်မယား နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသော်လည်း မည်သူမျှ မလှုပ်ရှားကြပေ။
သူတို့နှစ်ဦးသည် ရွာထဲတွင် နာမည်ကြီး လူဆိုးလူမိုက်များ ဖြစ်ကြပြီး အမြဲတမ်း သူတစ်ပါးကို အနိုင်ကျင့်လာခဲ့သူများ ဖြစ်သည်။ သူတို့ ဘယ်တုန်းက တစ်စုံတစ်ယောက်ကို ဒူးထောက် တောင်းပန်ဖူးလို့လဲ။
"ခင်ဗျားတို့က မလုပ်ချင်ဘူးပေါ့။ ကောင်းပြီလေ... ကျုပ်လည်း အတင်းအကျပ် မတိုက်တွန်းပါဘူး”
ယဲ့ပုဖန်သည် စကားပြောပြီးသည်နှင့် သူ၏ ဖုန်းကို ထုတ်ကာ ရဲဆီသို့ ဖုန်းဆက်ဟန် ပြုလုပ်လိုက်သည်။
"ငါ မှားသွားပါတယ်... ငါတို့ မှားသွားပါတယ်။ လူလေး... ကျေးဇူးပြုပြီး ရဲတော့ မခေါ်ပါနဲ့”
သူတို့နှစ်ဦးလုံး လုံးဝ ထိတ်လန့်သွားကြပြီး မျက်နှာပျက်မည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ 'ဒုတ်' ဟူသော အသံနှင့်အတူ ဒူးထောက်ချလိုက်ကာ လျိုကွေဖုန်းနှင့် ကျူးကျားယီတို့ကို အဆက်မပြတ် တောင်းပန်ကြလေတော့သည်။
ခုနလေးတင်မှ ရပ်တန့်သွားသော လျိုကွေဖုန်း သားအမိ၏ မျက်ရည်များမှာ တစ်ဖန် ပြန်လည် စီးကျလာပြန်သည်။ တုန်းလီကျူး လင်မယားမှာ မူလကတည်းက သဘောကောင်းသူများ မဟုတ်ကြပေ။
ဤနှစ်များအတွင်း သူတို့သည် ကျူးပေါင်ကော်၏ အားနည်းချက်ကို ကိုင်ထားပြီး သူ့ကို ထောင်ချမည် ဟု အမြဲတမ်း ခြိမ်းခြောက်ကာ သူတို့ မိသားစုကို အလွန်အမင်း အနိုင်ကျင့်ခဲ့ကြသည်။
သူတို့သည် တစ်ဖက်လူကို အရိုးထဲစွဲသည်အထိ မုန်းတီးခဲ့ကြသော်လည်း တစ်နေ့တွင် ဤလူယုတ်မာ နှစ်ယောက်က သူတို့ရှေ့၌ ဒူးထောက် တောင်းပန်လိမ့်မည်ဟု တစ်ခါမျှ မထင်မှတ်ထားခဲ့ကြပေ။
ယဲ့ပုဖန်က အမျိုးသမီး နှစ်ဦးကို ကြည့်ကာ ပြောလိုက်သည်။
"အန်တီလျို... ဒီကောင် နှစ်ကောင်က အန်တီတို့ကို အများကြီး အနိုင်ကျင့်ခဲ့တယ် မဟုတ်လား။ အခု အန်တီတို့ စိတ်ကြိုက် ရိုက်ချင်ရိုက်၊ ဆဲချင်ဆဲလို့ ရပါပြီ”
လျိုကွေဖုန်းသည် လက်ကို မြှောက်လိုက်ပြီး ထိုလူနှစ်ယောက်၏ ပါးကို အားရပါးရ ရိုက်ချလိုက်ချင်သော်လည်း သူမ၏ သဘောကောင်းလွန်းသော စိတ်ထားက တားဆီးထားလေသည်။ သူမက သက်ပြင်းချကာ ပြောလိုက်သည်။ "သွားကြစို့”
ပြောပြီးသည်နှင့် သူမက ကျူးကျားယီကို ခေါ်ကာ တုန်းမိသားစု၏ ခြံဝင်းထဲမှ ထွက်လာခဲ့သည်။
"အန်တီလျိုက သိပ်သဘောကောင်းတာပဲ။ ခင်ဗျားတို့တော့ တကယ် ကံကောင်းသွားတာပဲ”
ယဲ့ပုဖန်က ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး တုန်းလီကျူး လင်မယားကို ကြည့်ကာ ပြောလိုက်သည်။
"အော်... ဟုတ်သားပဲ။ ခင်ဗျားတို့ကို ပြောဖို့ မေ့နေတဲ့ ကိစ္စတစ်ခု ရှိသေးတယ်။ ခုနက ကျုပ်ပြောတဲ့ Live လွှင့်တယ် ဆိုတာက ကျုပ် တွေးမိလို့ ပြောလိုက်တာပါ။ တကယ် Live လွှင့်တာ မဟုတ်ပါဘူး”
"ဘာ... ခွေးကောင်... မင်းက ငါ့ကို အရူးလုပ်ရဲတယ်ပေါ့လေ”
ထိုစကားကို ကြားလိုက်ရသောအခါ တုန်းလီကျူးသည် မြေပြင်ပေါ်မှ ခုန်ထလာပြီး တိုက်ခိုက်တော့မည့် အနေအထားဖြင့် လက်သီးကို မြှောက်လိုက်သည်။
သူက မူလကတည်းက လူဆိုးလူမိုက် တစ်ယောက် ဖြစ်ပြီး အမြဲတမ်း သူတစ်ပါးကို လှောင်ပြောင် အနိုင်ကျင့်ခဲ့သူ ဖြစ်သည်။ ဤကဲ့သို့ အလှောင်ပြောင် ခံရသည်ကို တစ်ခါမျှ မကြုံဖူးခဲ့ပေ။
"မလောပါနဲ့။ ရိုးရိုးသားသား နေဖို့ ကျုပ် အကြံပေးချင်တယ်”
ယဲ့ပုဖန်က လှောင်ပြောင်သော အမူအရာဖြင့် သူ၏ ဖုန်းကို ဝှေ့ယမ်းပြလိုက်သည်။
"Live လွှင့်တာက အတုဆိုပေမဲ့ ခုနက ခင်ဗျားတို့ ဝန်ခံထားတဲ့ စကားတွေကိုတော့ ကျုပ် အသံ ဖမ်းထားလိုက်တယ်။ ရဲကို တိုင်လိုက်ရင် ခင်ဗျားတို့ကို ထောင်ထဲ ပို့ဖို့ လုံလောက်ပါတယ်”
"မင်း... မင်း..."
သူတို့၏ အားနည်းချက်ကို နောက်တစ်ကြိမ် ဖမ်းမိသွားပြန်ပြီ ဖြစ်ကြောင်း သိလိုက်ရသောအခါ တုန်းလီကျူးနှင့် နျူယွဲအော်တို့ နှစ်ဦးစလုံး သွေးအန်မတတ် ခံစားလိုက်ရသည်။
"ကောင်းပြီ... ဒီနေ့ကစပြီး ရိုးရိုးသားသား နေကြ။ ကောက်ကျစ်တဲ့ နည်းလမ်းတွေကို ထပ်မတွေးနဲ့တော့။ မဟုတ်ရင် ကျုပ်က ခင်ဗျားတို့ကို နောက်တစ်ကြိမ် ဒူးထောက်ခိုင်းရလိမ့်မယ်”
ယဲ့ပုဖန်က နောက်ပြောင်သော အမူအရာဖြင့် တုန်းလီကျူး၏ မျက်နှာကို ပုတ်လိုက်ပြီးနောက် လှည့်ထွက်လာခဲ့သည်။
"ခွေးမသား..."
တုန်းလီကျူးမှာ ဒေါသထွက်လွန်းသဖြင့် ဘေးရှိ ရေနွေးကြမ်းပန်းကန်ကို ယူ၍ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားအောင် ပေါက်ခွဲပစ်လိုက်သော်လည်း ယဲ့ပုဖန်ကိုတော့ ပြဿနာ မရှာရဲချေ။
ယဲ့ပုဖန်က အနည်းငယ် ပြုံးလိုက်ပြီး သူ့ကို လျစ်လျူရှုကာ ထွက်လာခဲ့သည်။
လျိုကွေဖုန်းနှင့် ကျူးကျားယီတို့ သားအမိသည် တံခါးအပြင်ဘက်တွင် စောင့်နေကြသည်။ ယဲ့ပုဖန် ထွက်လာသည်ကို မြင်သောအခါ သူတို့က ဒူးထောက်ချရန် ပြင်လိုက်သော်လည်း ယဲ့ပုဖန်က အလျင်အမြန် ဆွဲထူလိုက်သည်။
"အန်တီလျို... ဘာလုပ်တာလဲ”
"လူလေး... ကျေးဇူးတင်ပါတယ်။ အန်တီတို့ မိသားစုကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
လျိုကွေဖုန်းမှာ ရှိုက်ကြီးတငင် ငိုကြွေးရင်း ပြောလိုက်သည်။
"ဒီနေ့ လူလေးသာ ဒီကိစ္စကို မဖြေရှင်းပေးခဲ့ရင် အန်တီတို့ရဲ့ လက်ကျန် ဘဝသက်တမ်းကို ဘယ်လို ဖြတ်သန်းရမလဲ ဆိုတာကိုတောင် မသိတော့ပါဘူး။ အန်တီနဲ့ သူ့အဖေ ဒုက္ခရောက်တာက ကိစ္စမရှိပါဘူး။ ကျားယီလေး အတွက် သနားလို့ပါ”
တုန်းချန်သည် မည်သို့သော လူစားမျိုးဖြစ်ကြောင်း သူမ ကောင်းကောင်း သိထားပြီး သမီးဖြစ်သူ၏ အနာဂတ် ပျက်စီးသွားမည်ကို တွေးမိတိုင်း သူမ အလွန်အမင်း နာကျင်ရသော်လည်း ဘာမှ မတတ်နိုင်ခဲ့ပေ။
ယခုမူ သူတို့သည် နောက်ဆုံးတွင် လွတ်မြောက်သွားပြီ ဖြစ်ရာ ယဲ့ပုဖန်အပေါ် အလွန်အမင်း ကျေးဇူးတင်နေကြသည်မှာ သဘာဝပင် ဖြစ်ပေသည်။
ယဲ့ပုဖန်က နှစ်သိမ့်လိုက်သည်။ "ရပါပြီ အန်တီလျို... အားလုံးက အတိတ်မှာ ကျန်ခဲ့ပါပြီ။ ဒီနေ့ကစပြီး ကျူးကျားယီက တုန်းချန်နဲ့ ဘာမှ မပတ်သက်တော့ပါဘူး”
လျိုကွေဖုန်းက ပြောလိုက်သည်။
"အဲဒါကြောင့် အန်တီက ကျေးဇူးတင်တာပါ။ လူလေးက အန်တီတို့ မိသားစုရဲ့ အသက်သခင် ကျေးဇူးရှင်ပါပဲ”
ထို့နောက် သူမက ကျူးကျားယီဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"သမီး... ကြားတယ် မဟုတ်လား။ နောင်ကျရင် ဒီလူလေးရဲ့ ကျေးဇူးကို သေချာပေါက် ဆပ်ရမယ်နော်”
ယဲ့ပုဖန်နှင့် သူမ၏ သမီးကြားတွင် မည်သို့သော ဆက်ဆံရေး ရှိသည်ကို သူမ မသိသဖြင့် စကားကို အများကြီး မပြောရဲပေ။
ကျူးကျားယီက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
"စိတ်ချပါ အမေ။ အစ်ကိုယဲ့က သမီးရဲ့ အသက်သခင် ကျေးဇူးရှင်ပါ။ ဘာလုပ်ရမလဲ ဆိုတာကို သမီး သိပါတယ်”
***