"ငါ မယုံဘူး။ ငါ့လက်က ဒီမှာပဲ ရှိတာ။ မင်း ဘယ်လိုမျိုး ချိုးပစ်မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်”
ရှန်းယွမ်ဝူက မောက်မာစွာ အော်ဟစ်လိုက်သည်။
"ဒီနေ့တော့ မင်း ကြိုက်တဲ့သူကို ဖုန်းဆက်ခေါ်စမ်းပါ။ ဘယ်သူကများ ငါ့ကို လက်ဖျားနဲ့ ထိရဲမလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့”
"မကြာခင် သိရမှာပါ။ ခင်ဗျားကို သေချာပေါက် အံ့သြသွားစေရမယ်”
ယဲ့ပုဖန် စကားပြောပြီးသည်နှင့် ဖုန်းကို ထုတ်ကာ ဝမ်ရွှယ်နင်၏ နံပါတ်ကို ခေါ်လိုက်သည်။ "ငါ ရှန်းမိသားစု အရှင်သခင်ရဲ့ ဖုန်းနံပါတ် လိုချင်လို့။ အရေးကြီးလို့ပါ”
ဝမ်ရွှယ်နင်သည် ဘာမေးခွန်းမှ ထပ်မမေးတော့ဘဲ ရှန်းထျန်းချီ၏ ဖုန်းနံပါတ်ကို ချက်ချင်း ပေးလိုက်လေသည်။
ထိုအချိန်၌ ရှန်းမိသားစု စံအိမ်အတွင်းဝယ် ရှန်းထျန်းချီနှင့် ရှန်းချောင်ချူးတို့ သားအဖနှစ်ဦးသည် အေးအေးလူလူ လက်ဖက်ရည်သောက်ရင်း စကားပြောနေကြသည်။
ရှန်းထျန်းချီက ပြောလိုက်သည်။
"ချန်ဆွန်းမိသားစုရဲ့ သခင်လေးတောင်မှ နောက်ဆုံးမှာ ယဲ့ပုဖန်ကို ဘာမှ လုပ်မနိုင်ခဲ့ဘူးဆိုတာ ငါ မယုံနိုင်သေးဘူး”
ရှန်းချောင်ချူးက ပြန်ပြောသည်။
"အဓိက အကြောင်းရင်းက ချန်ဆွန်းရှမ်းက အတုအယောင် အိမ်ရှေ့စံ ဖြစ်နေလို့ပေါ့ အဖေ။ မဟုတ်ရင် ယဲ့ပုဖန်လည်း ဒီလောက် ကြီးမားတဲ့ တာဝန်ယူမှုကို ခံနိုင်မှာ မဟုတ်ဘူး”
"မင်းက ကိစ္စတွေကို သိပ်ပြီး ရိုးရိုးလေး တွက်နေတာပဲ” ရှန်းထျန်းချီက ဆက်ပြောသည်။
"မင်း သတိထားမိလား။ တစ်ဖက်လူက တစ်ကြိမ်ထက် တစ်ကြိမ် ပိုပြီး အစွမ်းထက်တဲ့ နည်းလမ်းတွေကို သုံးလာပေမဲ့ ဒီလူငယ်လေးကို ဘာမှ လုပ်မရသေးဘူး။ ဒါကို ကြည့်ခြင်းအားဖြင့် တစ်ဖက်လူမှာ ထူးခြားတဲ့ ဝှက်ဖဲတွေ ရှိနေတာ သေချာတယ်”
ရှန်းချောင်ချူးက ခေါင်းညိတ် ထောက်ခံသည်။
"အမှန်ပါပဲ။ ကျန်းပေ့ရဲ့ နံပါတ်တစ် သိုင်းဆရာကြီးလို့ နာမည်ကြီးတဲ့ ရှဟိုအောက်တောင်မှ အခုဆိုရင် အစအန ဖျောက်ပြီး တံခါးပိတ် ကျင့်ကြံနေတယ်။ ယန်မိသားစုဆိုရင်လည်း တစ်ညတည်းနဲ့ အမြစ်ပြတ်သွားသလို ရှီမိသားစုလည်း အခုဆိုရင် ကြောက်ချေးပါနေကြပြီ။ ဒါကို ကြည့်ရင် တစ်ဖက်လူက တကယ်ကို စွမ်းအားကြီးပြီး လုံးဝ သွားမစသင့်တဲ့သူဆိုတာ သိသာနေတာပဲ”
ရှန်းထျန်းချီက ပြုံးလိုက်သည်။
"ကံကောင်းတာက ငါတို့ ရှန်းမိသားစုက ဘေးကနေ ထိုင်ကြည့်နေခဲ့လို့ ဘာဆုံးရှုံးမှုမှ မရှိခဲ့တာ”
ရှန်းချောင်ချူးက ဖားယားလိုက်သည်။
"ဒါကလည်း အဖေက အမြော်အမြင် ရှိပြီး ပါးနပ်လို့ပေါ့။ တခြား မိသားစု အရှင်သခင်တွေမှာ အဖေ့လို ဗျူဟာမြောက်တဲ့ အတွေးမျိုး မရှိကြဘူးလေ”
ရှန်းထျန်းချီ၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သူသည် ဤကိစ္စတွင် မိမိကိုယ်မိမိ အလွန် ကျေနပ်နေပုံရသည်။
ထိုစဉ် သူ၏ ဖုန်းမြည်လာသည်။ သူက ခေါ်ဆိုသူကို ကြည့်လိုက်ရာ မသိသော နံပါတ်တစ်ခု ဖြစ်နေသည်။ ခဏမျှ တုံ့ဆိုင်းနေပြီးနောက် သူ ဖုန်းကို ဖြေလိုက်သည်။
ဖုန်းဆက်သွယ်သွားသည်နှင့် တစ်ပြိုင်နက် တစ်ဖက်မှ အသံထွက်ပေါ်လာသည်။
"ကျုပ်က ယဲ့ပုဖန်ပါ။ ခင်ဗျားသား ရှန်းယွမ်ဝူက ကျုပ်အိမ်ကို လာဖျက်ဆီးသွားတယ်။ ခင်ဗျား ဒီကို ရောက်ဖို့ ၁၀ မိနစ်ပဲ အချိန်ရှိတယ်။ မဟုတ်ရင်တော့ ခင်ဗျားသားရဲ့ အလောင်းကိုပဲ လာကောက်ဖို့ ပြင်ထားလိုက်”
ပြောချင်ရာ ပြောပြီးနောက် တစ်ဖက်လူက ဖုန်းကို ချက်ချင်း ချပစ်လိုက်လေသည်။
ရှန်းထျန်းချီမှာ ဖုန်းကို ကိုင်ထားရင်း မှင်သက်သွားသည်။ သူသည် ခုနလေးတင်မှ မိမိကိုယ်မိမိ ဂုဏ်ယူနေခဲ့သော်လည်း သူ၏ အသုံးမကျသော သားက ယဲ့ပုဖန်ကို ဤမျှ လျင်မြန်စွာ သွားရောက် ရန်စလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ရှန်းချောင်ချူးက မေးလိုက်သည်။ "ဘာဖြစ်လို့လဲ အဖေ”
"မင်းညီ... အဲဒီ ခွေးကောင်က မိစ္ဆာလေးရဲ့ အိမ်မ်ကို သွားပြီး ရိုက်ခွဲပစ်လိုက်သတဲ့”
"ဘယ် မိစ္ဆာလေးလဲ အဖေ”
"ယဲ့ပုဖန်ကလွဲလို့ တခြား ဘယ်သူ ရှိဦးမှာလဲ”
ရှန်းထျန်းချီက ဒေါသတကြီး ပြန်ဖြေလိုက်သည်။ "အခု ချက်ချင်း အဲဒီကို သွားရမယ်။ မင်း..."
"သူ ဘယ်မှာ နေလဲဆိုတာ သိလား”
"ဘာ... ယဲ့ပုဖန်ရဲ့ အိမ်ကို သွားရိုက်ခွဲလိုက်တယ် ဟုတ်လား”
ရှန်းချောင်ချူး၏ ပါးစပ်မှာ အကျယ်ကြီး ဟသွားသည်။
ယဲ့ပုဖန်က ဘယ်သူလဲ။ ယန်မိသားစုကို တစ်ညတည်းနဲ့ မြေလှန်ပစ်ခဲ့တဲ့သူ မဟုတ်လား။
သူ့ညီက ဘယ်လိုလုပ်ပြီး အဲဒီလူရဲ့ အိမ်ကို သွားပြီး ဖျက်ဆီးရဲတာလဲ။ ဒါက သေတွင်းထဲကို ကိုယ်တိုင် ခုန်ဆင်းတာပဲ မဟုတ်လား။
စွမ်းအားချင်း ယှဉ်လျှင် သူတို့ ရှန်းမိသားစုသည် ယန်မိသားစုထက် ပိုမသာပေ။ ထို့ကြောင့် သူသည် အခြေအနေ၏ စိုးရိမ်ရမှုကို ချက်ချင်း သိရှိလိုက်သည်။
ရှန်းထျန်းချီက အလောတကြီး ထပ်မေးလိုက်သည်။
"ယဲ့ပုဖန်က ငါတို့ကို ၁၀ မိနစ်အတွင်း ရောက်အောင် လာခဲ့လို့ ပြောလိုက်တယ်။ သူ ဘယ်မှာ နေလဲ မြန်မြန်ပြောစမ်း”
"သား သိပါတယ် အဖေ”
ယဲ့ပုဖန်သည် မကြာသေးမီကပင် အလွန် ထင်ရှားကျော်ကြားနေသူ ဖြစ်သဖြင့် ရှန်းချောင်ချူးသည် သူ နေထိုင်ရာ နေရာ အပါအဝင် သက်ဆိုင်ရာ အချက်အလက် အတော်များများကို တိတ်တဆိတ် စုဆောင်းထားခဲ့ခြင်း ဖြစ်သည်။
သားအဖ နှစ်ဦးစလုံး ကားပေါ်သို့ ပြေးတက်လိုက်ကြပြီး ကိုယ်ရံတော်များကို ခေါ်ကာ ကားတစ်ဒါဇင်ကျော်ခန့်ဖြင့် အရှိန်ကုန် မောင်းထွက်လာကြလေတော့သည်။
*
ရှန်းယွမ်ဝူသည် ယဲ့ပုဖန်က သူ၏ ဖခင်ထံသို့ ဖုန်းဆက်နေသည်ကို မြင်သောအခါ အစပိုင်းတွင် အံ့သြသွားသော်လည်း နောက်ပိုင်းတွင် အသံကျယ်ကျယ်ဖြင့် လှောင်ရယ် ရယ်မောလိုက်သည်။
"ဟေ့ကောင်... မင်းက တကယ့်ကို ဟန်ဆောင်ကောင်းတဲ့ ကောင်ပဲ။ ငါ့အဖေကို ဖုန်းဆက်တယ် ဟုတ်လား။ မင်းမှာ အဲဒီလို လုပ်ပိုင်ခွင့်မျိုး ရှိလို့လား”
သူသည် ရှန်းချောင်ချူးနှင့် လုံးဝ ကွဲပြားသည်။ သူက ရှန်းမိသားစု၏ ဩဇာအာဏာကို အလွဲသုံးစား လုပ်ကာ စိတ်ထင်တိုင်း လုပ်တတ်သော လူကြွယ်သားလေး တစ်ဦးသာ ဖြစ်သည်။ ထို့ကြောင့် သူသည် အိမ်တွင် နေခဲလှသဖြင့် ကျန်းပေ့မြို့တွင် မကြာသေးမီက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကြီးများကို မသိရှိသလို ယဲ့ပုဖန် ဆိုသော နာမည်ကိုလည်း တစ်ခါမျှ မကြားဖူးခဲ့ပေ။
ယဲ့ပုဖန်က အနည်းငယ် ပြုံးလိုက်သည်။ "မကြာခင် သိရမှာပါ”
"ဟန်ဆောင်ထားလိုက်ပါဦး... မင်း ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲ ကြည့်ရသေးတာပေါ့”
ရှန်းယွမ်ဝူက ဆက်ပြောသည်။ "၁၀ မိနစ်လို့ မင်း ပြောတယ် မဟုတ်လား။ ငါ စောင့်ပေးမယ်။ မင်း ငါ့အဖေကို ဒီရောက်အောင် မခေါ်နိုင်ရင်တော့ မင်းရဲ့ အရေခွံကို ငါ နွှာပစ်မယ်”
သူက ယုံကြည်မှု အပြည့်ဖြင့် ပြောဆိုနေခြင်း ဖြစ်သည်။ သူ၏ ဖခင်သည် ကျန်းပေ့မြို့၏ ထိပ်သီး လူ့အဖွဲ့အစည်းတွင် ရပ်တည်နေသော ဩဇာကြီးမားသည့် ရှန်းမိသားစု အရှင်သခင် တစ်ဦး ဖြစ်သည်။ သူက ဘယ်လိုလုပ်ပြီး ဤနေရာသို့ သာမန်ကာလျှံကာ ရောက်လာနိုင်မည်နည်း။
အချိန်သည် တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်ဆုံးသွားသည်။ ဘေးတွင် ရပ်နေသော ချောင်မုန့်သည်လည်း ယဲ့ပုဖန် ဘာလုပ်နေသည်ကို နားမလည်နိုင်ဘဲ ဇဝေဇဝါ ဖြစ်နေသည်။
တုန်းချန်မှာမူ လူအုပ်၏ အနောက်ဆုံးတွင် ရပ်နေရင်း သူ၏ မျက်ဝန်းများအတွင်းဝယ် အမုန်းတရားများ အပြည့်ဖြင့် ရှန်းယွမ်ဝူက ယဲ့ပုဖန်ကို အပိုင်းပိုင်း အစစ ဆွဲဖြဲပစ်မည့် အချိန်ကို စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေလေသည်။
ယဲ့ပုဖန်သည် သူ့အပေါ် ဘာမှ မလုပ်ခဲ့ဖူးသော်လည်း ဤအကောင်ကတော့ သူ့ကို အရိုးထဲစွဲအောင် မုန်းတီးနေသည်။ ယဲ့ပုဖန်သည် သူ့ထက် ပိုထူးချွန်ခြင်း၊ ပိုချမ်းသာခြင်းနှင့် မိန်းကလေးများ၏ စိတ်ဝင်စားမှုကို ပိုမို ရရှိခြင်းတို့ကြောင့် သူ မနာလို ဖြစ်နေခြင်းပင် ဖြစ်သည်။
ခေတ္တအကြာတွင် ရှန်းယွမ်ဝူက သူ၏ ဖုန်းကို အောင်နိုင်သူ တစ်ယောက်အလား ကြည့်လိုက်သည်။ "အခု ၉ မိနစ်နဲ့ ၃၀ စက္ကန့် ရှိသွားပြီ။ နောက်ထပ် စက္ကန့် ၃၀ နေရင် ၁၀ မိနစ် ပြည့်ပြီ။ မင်း ဘယ်လိုများ ထပ်ပြီး ဟန်ဆောင်ဦးမလဲ ကြည့်ရသေးတာပေါ့”
သူ၏ စကားကို ကြားလိုက်ရသောအခါ အိုရန်ကျင်း အပါအဝင် ကောင်မလေးများ အားလုံးမှာ အလွန်အမင်း စိုးရိမ်လာကြသည်။ ယဲ့ပုဖန်အတွက်လည်း ချွေးစေးများ ထွက်လာကြသည်။
ယဲ့ပုဖန်ကတော့ အေးအေးဆေးဆေးပင် ပြောလိုက်သည်။
"မင်းပဲ စိုးရိမ်သင့်တာပါ။ တကယ်လို့ မင်းအဖေသာ ၁၀ မိနစ်အတွင်း မရောက်လာရင် မင်းရဲ့ အလောင်းကိုပဲ သူ ရလိမ့်မယ်”
"ဟေ့ကောင်... မင်းက တကယ့်ကို အကြွားသန်တဲ့ ကောင်..."
ရှန်းယွမ်ဝူ စကားပြောလို့ မဆုံးသေးမီမှာပင် အဝေးဆီမှ ကျယ်လောင်သော အင်ဂျင်သံများ ထွက်ပေါ်လာပြီး ကားတစ်ဒါဇင်ကျော်သည် သူတို့ထံသို့ အရှိန်ကုန် မောင်းနှင်လာကာ ဘရိတ်အုပ်သံ အကျယ်ကြီးနှင့်အတူ သူတို့ရှေ့တွင် ရပ်တန့်သွားလေတော့သည်။
အရှိန် အလွန်ပြင်းထန်လှသဖြင့် ရုတ်တရက် ဘရိတ်အုပ်လိုက်သောအခါ တာယာများ မြေပြင်နှင့် ပွတ်တိုက် လောင်ကျွမ်းသည့် အနံ့များက လေထဲတွင် ပျံ့လွင့်သွားသည်။
ကားရပ်သွားသည်နှင့် တစ်ပြိုင်နက် ရှန်းထျန်းချီသည် တံခါးကို ဖွင့်ကာ ကားပေါ်မှ ပြေးဆင်းလာသည်။ သူတို့သည် လမ်းတစ်လျှောက်တွင် မီးနီ တစ်ဒါဇင်ကျော်ကို ဖြတ်ကျော်ကာ မောင်းနှင်လာခဲ့ခြင်း ဖြစ်ပြီး ၁၀ မိနစ် မပြည့်မီလေးတင် ကပ်ပြီး ရောက်ရှိလာခြင်း ဖြစ်လေသည်။
ရှန်းယွမ်ဝူမှာ အံ့သြသွားသည်။ သူ၏ ဖခင် တကယ် ရောက်လာလိမ့်မည်ဟု မထင်ထားသော်လည်း ယဲ့ပုဖန် ခေါ်လိုက်၍ လာခြင်းဟုတော့ သူ မယူဆပေ။
ယဲ့ပုဖန် ဖုန်းဆက်ချိန်တွင် ဘယ်နေရာမှာ ရှိနေသည်ကိုပင် မပြောလိုက်ရာ သူ၏ ဖခင်က ဤနေရာကို မည်သို့ ရှာတွေ့နိုင်မည်နည်း။
"အဖေ... ရောက်လာပြီလား”
ရှန်းယွမ်ဝူက ဘီးတပ်ကုလားထိုင်ကို လှည့်ကာ ကြိုဆိုလိုက်သည်။ "တကယ်တော့ အဖေ ကိုယ်တိုင် လာစရာ မလိုပါဘူး။ ဒီကောင်လေးကို သားဘာသာ သား ရှင်းနိုင်..."
"မင်း... ခွေးမသား..."
ဒေါသတကြီး ဖြစ်နေသော ရှန်းထျန်းချီသည် ရှန်းယွမ်ဝူ စကားပြောလို့ မဆုံးသေးခင်မှာပင် သူ့ကို ခြေထောက်ဖြင့် တစ်ချက် အားကုန် ကန်လိုက်ရာ သူနှင့် သူ၏ ဘီးတပ်ကုလားထိုင်မှာ မြေပြင်ပေါ်သို့ ဘုန်းခနဲ လဲကျသွားလေတော့သည်။
သူသည် ဤအသုံးမကျသော သားဖြစ်သူကို အသက်ရှူကျပ်အောင် သတ်ပစ်ချင်လောက်အောင်ပင် ဒေါသထွက်နေမိသည်။ သာမန်နေ့များတွင် လူချမ်းသာသားလေးလို မောက်မာနေသည်မှာ ထားပါဦး။ နောက်ခံမရှိသော လူများကို အနိုင်ကျင့်သည်မှာလည်း ထားပါဦး။ အခုတော့ ယဲ့ပုဖန်လို ရက်စက်တဲ့ မိစ္ဆာလေးကိုမှ သွားပြီး ရန်စရတယ်လို့။
ဒီလူက ဘယ်သူလဲ။ တစ်ညတည်းနဲ့ ယန်မိသားစုကို အမြစ်ပြတ်အောင် လုပ်ခဲ့တဲ့ ရက်စက်တဲ့သူလေ။
ဒါက ကိုယ့်အဖေကို ဒုက္ခပေးတာတင် မဟုတ်ဘူး၊ မိသားစု တစ်ခုလုံးကို ပျက်စီးအောင် လုပ်တာ။
ထို့အပြင် ယဲ့ပုဖန်က သူ့ကို ခြိမ်းခြောက်နေသည်ဟုလည်း သူ မယူဆပေ။ ယန်မိသားစု၏ အဓိက အဖွဲ့ဝင် ခုနစ်ဦးကို နာရီအနည်းငယ်အတွင်း သတ်ပစ်နိုင်သောသူအတွက် သူ၏ အသုံးမကျသော သားကို သတ်ပစ်ရန်မှာ အလွန် လွယ်ကူသော ကိစ္စပင် ဖြစ်ပေသည်။
သို့သော် ရှန်းယွမ်ဝူကမူ ဤအရာများကို ဘာမှ မသိရှိပေ။ သူသည် အကြောင်းပြချက်မရှိ အရိုက်ခံလိုက်ရသဖြင့် မြေပြင်ပေါ်မှ ကုန်းရုန်းထကာ အော်ဟစ်လိုက်သည်။
"အဖေ... သားကို ဘာလို့ ရိုက်တာလဲ”
"ငါ ရိုက်မှာပေါ့... မင်းကို အသေ ရိုက်သတ်ပစ်မယ်”
လူအများ၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် ရှန်းထျန်းချီသည် ရှန်းယွမ်ဝူ၏ ပါးကို အားရပါးရ ရိုက်လိုက်ပြန်ရာ သူသည် မြေပြင်ပေါ်သို့ ထပ်မံ လဲကျသွားပြန်သည်။ ထို့နောက် ရှန်းထျန်းချီက သူ့ကို ခြေထောက်ဖြင့် တရစပ် ကန်ကျောက်တော့သည်။
ချောင်မုန့် အပါအဝင် ပတ်ဝန်းကျင်မှ လူတိုင်း မှင်သက် အံ့သြသွားကြသည်။ အစပိုင်းတွင် ရှန်းမိသားစုသည် ရှန်းယွမ်ဝူကို ကူညီရန် လာခြင်းဖြစ်သည်ဟု သူ ထင်မှတ်ထားခဲ့သော်လည်း အခုတော့ ထိုသို့ လုံးဝ မဟုတ်ပါချေ။
***