မာဖေးက အလျှင်အမြန်ပင် အသနားခံလိုက်သည်။ "မစ္စတာယဲ့... ဒီည ကျွန်တော့်ကို ရှန်းယွမ်ဝူက စေခိုင်းလို့ လာခဲ့ရတာပါ။ ကျေးဇူးပြုပြီး ကျွန်တော့်ကိုတော့ အပြစ်မတင်ပါနဲ့ဗျာ"
"ငါက အဲဒါကို မေးနေတာ မဟုတ်ဘူး"
ယဲ့ပုဖန်က နောက်ဘက်ရှိ ကျူးကျားယီကို လက်ညှိုးညွှန်ပြရင်း မေးလိုက်သည်။ "ဒီနေ့ မွန်းလွဲပိုင်းက ဘာဖြစ်ခဲ့တာလဲ... မင်းက ဘာလို့ ငါ့သူငယ်ချင်းကို အနိုင်ကျင့်ရတာလဲ"
"အဲဒါက..." မာဖေး၏ မျက်နှာတွင် တုံ့ဆိုင်းနေသော အမူအရာ ပေါ်လာ၏။
ယဲ့ပုဖန်က အေးစက်စက် လေသံဖြင့် ဟိန်းဟောက်လိုက်သည်။ "သုံးစက္ကန့်ပဲ အချိန်ပေးမယ်။ အမှန်အတိုင်း မပြောရင် မင်းရဲ့ ကျန်တဲ့ လက်တစ်ဖက်ကိုပါ စတေးရလိမ့်မယ်လို့ မှတ်ထားလိုက်"
မာဖေးသည် ကြောက်လန့် တုန်ရီသွားတော့သည်။ သူသည် လက်တစ်ဖက် ဆုံးရှုံးထားရပြီးဖြစ်ရာ ကျန်လက်တစ်ဖက်ပါ ထပ်မံ အချိုးခံရပါက သူ၏ ဘဝမှာ လုံးဝ ပြီးဆုံးသွားပေလိမ့်မည်။
"ဒီလိုပါ မစ္စတာယဲ့..."
ဤလူမှာ ဘာကိုမျှ ထိမ်ချန်မထားဝံ့တော့ဘဲ အကြောင်းစုံကို ထွေးအန် ပြောပြလိုက်လေတော့သည်။ အမှန်စင်စစ် တုန်းချန်သည် မာဖေးထံမှ ငွေယွမ် ၅၀,၀၀၀ ကို အတိုးကြီးကြီးဖြင့် ချေးယူခဲ့ခြင်း ဖြစ်သည်။ ထိုငွေမှာ အတိုးများ တက်လာရင်း နောက်ဆုံးတွင် ယွမ် ၁ သန်းအထိ ဖြစ်သွားခဲ့သည်။
မာဖေးသည် မူလက ကြွေးလာတောင်းခြင်း ဖြစ်သော်လည်း ကျူးကျားယီ၏ နုနယ်ပျိုမြစ်သော အလှအပကို မြင်သောအခါ စိတ်ယုတ်မာ ပေါ်လာခဲ့သည်။
မာဖေးသည် မြေအောက်လောကမှ လူမိုက်ခေါင်းဆောင်လေး တစ်ဦးသာ ဖြစ်သဖြင့် ရှန်းမိသားစု၏ သခင်လေးဖြစ်သူ ရှန်းယွမ်ဝူကို အမြဲတမ်း ဖားယားလိုသူ ဖြစ်သည်။ ရှန်းယွမ်ဝူမှာ ကာမဂုဏ် အလွန် လိုက်စားသူ ဖြစ်ပြီး ဆင်းရဲနွမ်းပါးသည့် မိန်းကလေးများကို အနိုင်ကျင့်ရသည်ကို အထူး ဝါသနာပါသူ ဖြစ်၏။
ထို့ကြောင့် မာဖေးက တုန်းချန်ကို အကျပ်ကိုင်ခဲ့သည်။ ကျူးကျားယီကို ရှန်းယွမ်ဝူထံတွင် တစ်ညတာ အသုံးတော်ခံခိုင်းပါက ကြွေးမြီအားလုံးကို ကျေအေးပေးမည်ဟု ကမ်းလှမ်းခဲ့သည်။ တုန်းချန်သည် အတန်ကြာ တုံ့ဆိုင်းနေသော်လည်း နောက်ဆုံးတွင် သဘောတူလိုက်ကာ ကျူးကျားယီအား ရှန်းယွမ်ဝူရှိရာ အခန်းသို့ ရောက်အောင် လှည့်ဖြား ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ပေသည်။
နူးညံ့သိမ်မွေ့ပုံရသော ကျူးကျားယီမှာ ဤမျှအထိ စိတ်ဓာတ်ခိုင်မာလိမ့်မည်ဟု သူတို့အားလုံး မထင်မှတ်ထားခဲ့ကြပေ။ သူမသည် အရှက်တကွဲ အကျိုးနည်း ဖြစ်မည့်အစား အဆောက်အဦးပေါ်မှ ခုန်ချရန် ရွေးချယ်ခဲ့သဖြင့် ယဲ့ပုဖန်နှင့် ဆုံတွေ့ခဲ့ရခြင်း ဖြစ်သည်။
နောက်ဆုံးတွင် မာဖေးက "မစ္စတာယဲ့... ဒီကိစ္စမှာ ကျွန်တော် မှားသွားပါတယ်။ ဒါပေမဲ့ ကျွန်တော် သူမကို အတင်းအကျပ် မလုပ်ခဲ့ပါဘူး။ အားလုံးက သူမရဲ့ ရည်းစားကိုယ်တိုင် ရွေးချယ်ခဲ့တာပါ" ဟု ဆင်ခြေပေးလိုက်သည်။
ယဲ့ပုဖန်က အေးစက်စွာ ပြောလိုက်သည်။ "လျော်ကြေးအဖြစ် ယွမ် ၁၀ သန်း ထားခဲ့ပြီး အခုချက်ချင်း ငါ့မျက်စိရှေ့က ပျောက်သွားတော့"
"ဒါက..."
မာဖေးတွင် ငွေကြေး ရှိသော်လည်း တစ်ကြိမ်တည်းနှင့် ဤမျှအထိ ထုတ်ပေးရမည်ဆိုတော့ အသည်းခိုက်မတတ် နှမြောသွားရသည်။
ယဲ့ပုဖန်က စူးရှသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်ကာ "ဘာလဲ... မင်းက မပေးချင်ဘူးလား"
"ပေးပါ့မယ်... ပေးပါ့မယ်ဗျာ"
မာဖေးသည် မပေးချင်သော်လည်း ရှန်းမိသားစု အရှင်သခင် ရှန်းထျန်းချီပင် မြေးအလား အမိန့်နာခံကာ ယွမ် ၅၀ သန်းနှင့် ဇိမ်ခံကားကို ပေးအပ်ခဲ့ရုံမက မိမိသားအရင်း၏ လက်ကိုပင် ချိုးပစ်ခဲ့သည်ကို မြင်တွေ့ခဲ့ရသဖြင့် သူကဲ့သို့ လူမိုက်လေးမှာ အာခံဝံ့စရာ အကြောင်းမရှိပေ။ သူသည် ချက်စာအုပ်ကို ထုတ်ကာ ယွမ် ၁၀ သန်းတန် ချက်လက်မှတ်ကို ရေး၍ ရိုသေစွာ ကမ်းပေးလိုက်သည်။
ယဲ့ပုဖန်က ချက်လက်မှတ်ကို ယူကြည့်ပြီးနောက် သတိပေးလိုက်သည်။ "ကျောင်းသားတွေကို အတိုးကြီးကြီးနဲ့ ငွေချေးတဲ့ ယုတ်မာတဲ့ အလုပ်တွေကို နောက်တစ်ခါ မလုပ်နဲ့တော့။ ငါသာ နောက်တစ်ကြိမ် ထပ်သိရင်တော့ ယမမင်းဆီမှာ အစီရင်ခံဖို့သာ အသင့်ပြင်ထားပေတော့"
"နားလည်ပါပြီ မစ္စတာယဲ့..."
မာဖေးက ခေါင်းငုံ့ကာ ပြန်ပြောသော်လည်း စိတ်ထဲတွင်မူ သူ၏ စီးပွားရေးလမ်းကြောင်းကို အလွယ်တကူ လက်လွှတ်လိုခြင်း မရှိပေ။ သူသည် ရှန်းမိသားစုက ယဲ့ပုဖန်ကို မည်သို့ ပြန်လည် တုံ့ပြန်မည်ကို အရင်စောင့်ကြည့်ရန် ဆုံးဖြတ်ထားသည်။ အကယ်၍ ရှန်းမိသားစုက ယဲ့ပုဖန်ကို သတ်ပစ်နိုင်လျှင် သူသည်လည်း ယခင်အတိုင်း ဆက်လုပ်မည် ဖြစ်သည်။
ယဲ့ပုဖန်က "မင်းလူတွေကို ခေါ်ပြီး အခုချက်ချင်း ထွက်သွားတော့" ဟု အမိန့်ပေးလိုက်ရာ မာဖေးသည် သက်ပြင်း တစ်ချက် ချလိုက်ပြီး သူ၏ လူမိုက်များကို ခေါ်ကာ ခဏချင်းပင် ပျောက်ကွယ်သွားတော့သည်။
ယခုအခါ ဗီလာရှေ့တွင် လူအနည်းငယ်သာ ကျန်တော့သည်။ မူလက ဗီလာကို ဝိုင်းရံထားသော လူတစ်ရာကျော် အနက် တုန်းချန် တစ်ဦးတည်းသာ မျက်နှာပျက်လျက် ကျန်ရစ်ခဲ့သည်။ အမှန်စင်စစ် သူသည် ရှုပ်ယှက်ခတ်နေစဉ်မှာပင် ခိုးထွက်ရန် ကြိုးစားခဲ့သော်လည်း ချောင်မုန့်၏ လူများက တားဆီးထားခဲ့ခြင်း ဖြစ်သည်။
ယဲ့ပုဖန်က သူ့ကို လှမ်းကြည့်ကာ "ဒီကို လာခဲ့" ဟု ဆိုလိုက်သည်။ တုန်းချန်သည် ကြောက်လန့်နေသဖြင့် အနားသို့ မလာဝံ့သော်လည်း ချောင်မုန့်၏ လူနှစ်ဦးက ဂုတ်ကနေ ဆွဲခေါ်ကာ ယဲ့ပုဖန်၏ ရှေ့သို့ ပစ်ချလိုက်သည်။
"မင်းတို့ မိသားစုက ကျေးဇူးကန်းပြီး ကျူးမိသားစုဆီက ငွေညှစ်ရုံတင်မကဘူး... မင်းက ကျူးကျားယီကို မင်းရဲ့ ရည်းစားဖြစ်ဖို့ အကျပ်ကိုင်ခဲ့သေးတယ်။ အဲဒါတွေကို ငါ ခွင့်လွှတ်ပေးနိုင်ပေမဲ့ မင်းလို ကောင်စုတ်က ကိုယ့်ရည်းစားကို လူမိုက်လက်ထဲ အလွယ်တကူ ရောင်းစားရဲတယ်ဆိုတော့ မင်းမှာ လူစိတ် ရှိသေးရဲ့လား"
အခြေအနေများမှာ ဤအထိ ရောက်လာပြီဖြစ်ရာ တုန်းချန်သည်လည်း ရှောင်လွှဲ၍ မရနိုင်တော့ကြောင်း သိသွားသည်။ သူသည် ဘယ်က ရလာမှန်းမသိသော သတ္တိကို မွေးကာ လည်ပင်းကို ဆန့်၍ အော်ဟစ်လိုက်သည်။
"ဟေ့... ယဲ့ပုဖန်… ငါ ဘာလုပ်လုပ် မင်းနဲ့ ဘာဆိုင်လို့လဲ။ ငါ့ကို အခုချက်ချင်း လွှတ်ပေး... မဟုတ်ရင် ငါ့အဖေက ရဲတိုင်လိုက်တာနဲ့ ကျူးကျားယီရဲ့ အဖေ ထောင်ထဲ ချက်ချင်း ရောက်သွားလိမ့်မယ်"
"တောက်... မင်းက မစ္စတာယဲ့ကို ဒီလို စကားမျိုး ပြောရဲတယ်ပေါ့လေ" ချောင်မုန့်က မဆိုင်းမတွပင် တုန်းချန်၏ ပါးကို ရိုက်ချလိုက်သဖြင့် သူ မြေပြင်ပေါ်သို့ လွင့်ကျသွားသည်။ "မစ္စတာယဲ့... ခင်ဗျား အမိန့်သာ ပေးလိုက်ပါ။ ဒီကောင်စုတ်ကို မြစ်ထဲပစ်ချပြီး ငါးစာကျွေးလိုက်ပါ့မယ်"
ယဲ့ပုဖန်က ကျူးကျားယီဘက်သို့ လှည့်ကာ မေးလိုက်သည်။ "သူ့ကို ဘာလုပ်ချင်လဲ... မင်း သဘောအတိုင်းပဲ"
တုန်းချန်သည် ယခုမှ တကယ့်ကို ထိတ်လန့်သွားတော့သည်။ ချောင်မုန့်သည် သူပြောသည့်အတိုင်း လုပ်ဝံ့သူ ဖြစ်ကြောင်း သူ ကောင်းစွာ သိသည်။
"ကျူးကျားယီ... မမေ့နဲ့ဦး။ မင်းတို့ မိသားစုက ငါတို့ တုန်းမိသားစုကို ကြွေးတင်နေတာ။ မင်း ငါ့ကို ထိဝံ့ရင် မင်းအဖေ ထောင်ကျမှာ သေချာတယ်" သူသည် မိမိအသက်ကို ကယ်တင်ရန် နောက်ဆုံးလက်ကျန် မျှော်လင့်ချက်ဖြင့် ထပ်မံ ခြိမ်းခြောက်လိုက်ပြန်သည်။
ကျူးကျားယီက ရှေ့သို့ နှစ်လှမ်းတိုးကာ သူ့ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။ "တုန်းချန်... အစ်ကိုယဲ့က နင့်အဖေ တုန်းလီကျူးရဲ့ ဒဏ်ရာတွေကို ကုပေးလိုက်ပြီ။ အခု သူက လူကောင်း တစ်ယောက်လို ဖြစ်နေပြီဆိုတော့ နင် ရဲတိုင်လည်း ဘာမှ ထူးမှာ မဟုတ်ဘူး။ ဒီနေ့ကစပြီး ဒါကိုသုံးပြီး ငါ့ကို ခြိမ်းခြောက်ဖို့ မကြိုးစားနဲ့တော့"
"မဖြစ်နိုင်တာ... လုံးဝ မဖြစ်နိုင်ဘူး"
တုန်းချန်သည် ချက်ချင်းပင် မျက်နှာ ပျက်သွားတော့သည်။ သူသည် ဤကိစ္စကိုသာ အားကိုး၍ ကျူးမိသားစုကို ဖိနှိပ်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ၎င်းမှာ အမှန်ဖြစ်ပါက သူ၏ နောက်ဆုံး ဖဲချပ်မှာ အသုံးမဝင်တော့ပေ။
"ငါက နင့်ကို ဒီလိုကိစ္စမျိုးနဲ့ လိမ်ညာနေစရာ အကြောင်းရှိလို့လား" ဟု ကျူးကျားယီက အေးစက်စွာ မေးလိုက်သည်။
တုန်းချန်သည် ကျူးကျားယီက ထိုသို့ လိမ်ညာဝံ့သူ မဟုတ်ကြောင်း သိသဖြင့် အရာအားလုံးမှာ အမှန်ပင် ဖြစ်ရမည်ဟု နားလည်သွားသည်။
"ကျားယီ... ငါတို့က အရင်က ရည်းစားတွေပဲလေ။ ကျေးဇူးပြုပြီး ဒီတစ်ကြိမ်တော့ ငါ့ကို လွှတ်ပေးပါဦး"
သူသည် မိမိအသက်မှာ ဤမိန်းကလေး၏ လက်ထဲတွင် ရှိနေမှန်း သိသဖြင့် ချက်ချင်းပင် လေသံ ပြောင်းကာ အသနားခံတော့သည်။
ကျူးကျားယီသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားမိသည်။ သူမသည် ယုတ်မာသော အမျိုးသားကို အလွန်ပင် မုန်းတီးလှသည်။ သို့သော်လည်း သူမသည် သဘောထား နူးညံ့သည့် မိန်းကလေး တစ်ဦးသာ ဖြစ်နေသေးသဖြင့် "သွားတော့... ဒီနေ့ကစပြီး ငါ့ကို နောက်ထပ် မနှောင့်ယှက်နဲ့တော့။ နင့်ရဲ့ မျက်နှာကိုလည်း ငါ ထပ်မမြင်ချင်တော့ဘူး" ဟု ပြောလိုက်သည်။
"သွားပါ့မယ်... အခုချက်ချင်း သွားပါ့မယ်။ ငါ မင်းကို နောက်ထပ် ဘယ်တော့မှ မနှောင့်ယှက်တော့ဘူးလို့ ကတိပေးပါတယ်"
တုန်းချန်သည် အလှပဂေးလေးကို လက်လွှတ်ရမည် ဖြစ်သော်လည်း မိမိအသက်ကိုသာ ပို၍ တန်ဖိုးထားသဖြင့် ချက်ချင်းပင် ထရပ်ကာ ထွက်ပြေးရန် ပြင်သည်။
ချောင်မုန့်က သူ့ဂုတ်ကို လှမ်းဆွဲထားပြီး ယဲ့ပုဖန်ကို ကြည့်လိုက်ရာ ယဲ့ပုဖန်က "သူ့ကို သွားခိုင်းလိုက်ပါ" ဟု လက်ယမ်းပြလိုက်သည်။
"မင်း ကံကောင်းသွားတယ် ကောင်စုတ်... သွားတော့"
ချောင်မုန့်က တုန်းချန်၏ တင်ပါးကို ခြေထောက်ဖြင့် ကန်လွှတ်လိုက်ရာ သူသည် မြေပြင်ပေါ်တွင် မှောက်လျက်လဲသွားပြီးနောက် ယုန်တစ်ကောင်အလား အမြန်ဆုံး ထွက်ပြေးသွားတော့သည်။
ကိစ္စများ ပြီးဆုံးသွားသဖြင့် ချောင်မုန့်နှင့် သူ၏လူများလည်း ထွက်ခွာသွားကြသည်။ ယဲ့ပုဖန်က ယွမ် ၁၀ သန်းတန် ချက်လက်မှတ်ကို ကျူးကျားယီထံ ကမ်းပေးလိုက်သည်။ "ဒီငွေကို ယူထားပါ။ မင်းရဲ့ မိဘတွေကို မြို့ပေါ် ခေါ်လာပြီး စီးပွားရေး အသေးစားလေးတစ်ခု စတင်လိုက်ပါ"
"ဒါကို ကျွန်မ လက်မခံနိုင်ပါဘူး"
ကျူးကျားယီက ချက်လက်မှတ်ကို အမြန်ပင် ပြန်တွန်းထုတ်လိုက်သည်။ "အစ်ကိုယဲ့... အစ်ကိုယဲ့ ကျွန်မကို ကူညီခဲ့တာတွေကတင် များနေပါပြီ။ အစ်ကိုယဲ့ဆီကနေ ငွေကို ထပ်ယူဖို့ဆိုတာ မဖြစ်နိုင်ပါဘူး"
ယဲ့ပုဖန်က ပြောလိုက်သည်။ "ယူထားလိုက်စမ်းပါ။ ဒါက မာဖေးက မင်းကို ပေးတဲ့ လျော်ကြေးပဲ။ ပြီးတော့ မင်းမြင်တဲ့အတိုင်း ငါ့အတွက် ဒီငွေတွေကို မလိုအပ်ပါဘူး"
အိုရန်ကျင်းကလည်း ဝင်ပြောလိုက်သည်။ "ဟုတ်တယ် ကျားယီ... ဒီငွေရှိရင် အန်တီတို့ ဦးလေးတို့ကို မြို့ပေါ်ခေါ်လာလို့ ရပြီလေ။ သူတို့ ဒုက္ခခံနေရတာကို မကြည့်ချင်တော့ဘူး မဟုတ်လား"
"အစ်ကိုယဲ့... ကျေးဇူးတင်ပါတယ်"
ကျူးကျားယီသည် အတန်ကြာ တုံ့ဆိုင်းနေသော်လည်း နောက်ဆုံးတွင် ချက်လက်မှတ်ကို လက်ခံလိုက်လေသည်။
အိုရန်ကျင်းက ဆက်ပြောသည်။ "တုန်းချန်လို ကောင်မျိုးက ဒီလိုလုပ်ရဲလိမ့်မယ်လို့ ကျွန်မ မထင်ထားဘူး။ ဒီတစ်ခါတော့ သူ တကယ်ပဲ အေးဆေး လွတ်သွားတာပဲ"
ယဲ့ပုဖန်က အေးဆေးစွာပင် ပြောလိုက်သည်။ "မကောင်းမှု လုပ်တဲ့သူကတော့ ဝဋ်လည်ရမှာပဲ။ သူ့အတွက် ကောင်းတဲ့ အဆုံးသတ် ရှိလာမှာ မဟုတ်ဘူး"
အိုရန်ကျင်းက အံ့သြစွာဖြင့် မေးလိုက်သည်။ "အစ်ကို... သူ့ကို ရှင်းပစ်ဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်တာလား"
***