"မလိုပါဘူး..."
ယဲ့ပုဖန်က ခေါင်းယမ်းလိုက်ကာ ပြောလိုက်သည်။ "ငါ့ဘက်က ဘယ်သူ့ကိုမှ စေခိုင်းနေစရာ မလိုပါဘူး။ တုန်းချန်က အတိုးကြီးစားဆီမှာ ယွမ် ၁ သန်း ကြွေးတင်နေတဲ့အပြင် အခု မာဖေးကိုပါ ယွမ် ၁၀ သန်း လျော်ကြေး ပေးရအောင် လုပ်ခဲ့တာလေ။ အဲဒီလူတွေက သူ့ကို ဒီအတိုင်း လွှတ်ထားမယ်လို့ မင်း ထင်နေတာလား"
အိုရန်ကျင်းက ချက်ချင်းပင် သဘောပေါက်သွားကာ စိတ်သက်သာရာ ရသွားဟန်ဖြင့် မေးလိုက်သည်။ "အစ်ကို... ဒါဆို အဲဒီလူတွေက သူ့ကို ဘာလုပ်ကြမလဲဟင်"
"ဘယ်သူသိမှာလဲ... ဘာပဲဖြစ်ဖြစ် သူ ကောင်းကောင်းမွန်မွန် နေရမှာတော့ မဟုတ်ဘူး"
ယဲ့ပုဖန်က ထိုသို့ပြောပြီးနောက် ဖျက်ဆီးခံထားရသော အခန်းကို ကြည့်ကာ ဆက်ပြောလိုက်သည်။ "ကဲ... သွားကြစို့။ ဒီညတော့ ဒီမှာ မအိပ်နဲ့တော့။ တခြားတစ်နေရာ သွားကြတာပေါ့"
ထို့နောက် သူသည် မိန်းကလေးနှစ်ဦးကို ခေါ်ကာ ဘန်တလေ ဘန်တေဂါ ကားကြီးကို မောင်းနှင်၍ ဝမ်ရွှယ်နင်၏ အိမ်သို့ ထွက်ခွာလာခဲ့သည်။
တုန်းချန်သည် လမ်းနှစ်လမ်းစာခန့် အပြင်းအထန် ပြေးလာခဲ့ပြီးနောက် သူ၏နောက်တွင် မည်သူမျှ လိုက်မလာကြောင်း သေချာမှ သက်ပြင်းအရှည်ကြီး ချနိုင်တော့သည်။
"ယဲ့ပုဖန်... မင်း စောင့်နေလိုက်ဦး။ ပြီးတော့ ကျူးကျားယီဆိုတဲ့ ကောင်မစုတ်... ငါ့ကို ဒီလို ဒုက္ခရောက်အောင် လုပ်ရဲတယ်ပေါ့။ မင်းတို့အားလုံး ငါ့ကို ပြန်ပေးဆပ်ရလိမ့်မယ်"
တုန်းချန်ကဲ့သို့သော လူစားမျိုးမှာ မိမိ၏ လုပ်ရပ်ကို မည်သည့်အခါမျှ ပြန်လည် မသုံးသပ်ဘဲ သူတစ်ပါးအပေါ်တွင်သာ အပြစ်ပုံချတတ်သူ ဖြစ်သည်။
သို့သော် ထိုစဉ်မှာပင် သူ၏ မြင်ကွင်းတစ်ခုလုံး ရုတ်တရက် မှောင်အတိ ကျသွားတော့သည်။ အိတ်အမည်းကြီး တစ်ခုက သူ၏ ခေါင်းပေါ်သို့ ကျရောက်လာပြီး လူအချို့က သူ့ကို ဗန်ကား တစ်စီးပေါ်သို့ ဆွဲတင်သွားကြသည်။
"လွှတ်ကြစမ်း... မင်းတို့က ဘယ်သူတွေလဲ။ ငါ့ကို အခုချက်ချင်း လွှတ်ပေးကြစမ်း"
တုန်းချန်က အသည်းအသန် ရုန်းကန်နေသော်လည်း တုတ်ဖြင့် အထုခံလိုက်ရသည်။ "ငြိမ်ငြိမ်နေစမ်း... မဟုတ်ရင် မင်းကို အခုချက်ချင်း သေအောင် ရိုက်သတ်ပစ်လိုက်မယ်"
ထိုအခါမှ တုန်းချန်သည် ငြိမ်ကျသွားကာ ထောင့်တစ်နေရာတွင် ကပ်၍ မလှုပ်ဝံ့တော့ပေ။ ဗန်ကားမှာ မြို့ပြင်သို့ အရှိန်အဟုန်ဖြင့် မောင်းနှင်သွားပြီးနောက် မြစ်ကမ်းနားရှိ ကွင်းပြင်တစ်ခုတွင် ရပ်တန့်သွားတော့သည်။
ဤနေရာမှာ လူသူကင်းမဲ့ကာ အလွန်တိတ်ဆိတ်လှသည်။ ညဉ့်မှောင်မှောင်တွင် မြစ်ရေစီးသံမှတစ်ပါး မည်သည့်အသံမျှ မကြားရပေ။ တုန်းချန်သည် ကားပေါ်မှ ဆွဲချခြင်း ခံလိုက်ရပြီး ခေါင်းပေါ်ရှိ အိတ်မှာလည်း ဆွဲခွာခြင်း ခံလိုက်ရသည်။
မျက်လုံးများ ပြန်လည် မြင်ကွင်းရသောအခါ ကားရှေ့မီးရောင်အောက်တွင် မာဖေး ဦးဆောင်သော လူတစ်စုက သူ့ကို ဝိုင်းရံထားသည်ကို မြင်လိုက်ရသည်။ တုန်းချန်သည် အခြေအနေ မဟန်တော့သည်ကို သိသဖြင့် အမြန်ပင် ဖားယားလိုက်သည်။
"အစ်ကိုကြီးဖေး... ဘာလို့ ဒီကို ရောက်နေတာလဲဗျ"
"မင်း အဖေတွေကို သွားပြောလိုက်လေ..."
မာဖေးက ဘေးရှိလူထံမှ ဘေ့စ်ဘောတုတ်ကို ဆွဲယူကာ တုန်းချန်၏ ခေါင်းကို အားကုန် ရိုက်ချလိုက်သည်။
"မင်းလို ကောင်စုတ်ကြောင့် ငါ့လက်တစ်ဖက် အချိုးခံရတဲ့အပြင် ယွမ် ၁၀ သန်းတောင် လျော်လိုက်ရတယ်။ မင်းကို ငါ အခု ရိုက်သတ်ပစ်မယ်"
မာဖေးမှာ ဒေါသများ ပေါက်ကွဲနေပြီဖြစ်ရာ သူ၏ ရိုက်ချက်မှာ အလွန်ပင် ပြင်းထန်လှသဖြင့် တုန်းချန်၏ ခေါင်းမှ သွေးများ ချက်ချင်း စီးကျလာတော့သည်။
တုန်းချန်သည် မအော်ဝံ့ဘဲ ပြာပြာသလဲ တောင်းပန်ရှာသည်။ "အစ်ကိုကြီးဖေး... ဒါ ကျွန်တော့်အပြစ် မဟုတ်ပါဘူး။ ယဲ့ပုဖန်ဆိုတဲ့ အကောင်က သူတစ်ပါးကိစ္စထဲ ဝင်ပါလိမ့်မယ်လို့ ကျွန်တော်လည်း မသိခဲ့ဘူးလေ။ ပြီးတော့ ရှန်းသခင်လေးက ကျွန်တော်တို့ကို ဒီလို ပစ်ထားခဲ့လိမ့်မယ်လို့လည်း ဘယ်သူက ထင်မှာလဲ"
"မင်းအပြစ်မဟုတ်ရင် ငါ့အပြစ်လား။ မင်းသာ ငါ့ဆီက ငွေချေးပြီး မဆပ်ဘဲ မနေရင် ငါ ဒီလို ကံဆိုးမိုးမှောင်ကျစရာ အကြောင်းမရှိဘူး"
မာဖေးက လက်တစ်ဖက်ဖြင့် တုတ်ကိုကိုင်ကာ အော်ဟစ်လိုက်သည်။ "မင်း ငါ့ကို ယွမ် ၁ သန်း ကြွေးတင်နေတယ်။ အခု ဒီ ၁၀ သန်းနဲ့ပေါင်းရင် စုစုပေါင်း ၁၁သန်း။ မင်း ဘယ်လို ပြန်ဆပ်မလဲ ပြောစမ်း"
"ကျွန်တော်... ကျွန်တော်..."
တုန်းချန်မှာ ဆွံ့အသွားရသည်။ သူသည် ကျူးကျားယီ၏ ငွေများအပါအဝင် ရှိသမျှ အားလုံးကို ရှယ်ယာဈေးကွက်တွင် ရှုံးနိမ့်ထားပြီးသား ဖြစ်သည်။ သူသာမက သူ၏ မိဘများမှာလည်း ပြာပုံဘဝ ရောက်နေကြပြီ ဖြစ်သည်။ ထို့ကြောင့် သူ့အနေဖြင့် ယွမ် ၁၁ သန်း မပြောနှင့် ယွမ် ၁သိန်း ၁သောင်းပင် ပြန်ဆပ်နိုင်မည် မဟုတ်ချေ။
"အစ်ကိုကြီးဖေး... အဲဒီ ၁၀ သန်းကို ယဲ့ပုဖန်ဆီမှာပဲ ပြန်တောင်းပါဗျာ။ ကျွန်တော်နဲ့ တကယ် မဆိုင်လို့ပါ"
"မဆပ်နိုင်ဘူးပေါ့လေ... ဒါဆိုရင်တော့ မင်း သေဖို့သာ ပြင်ထားတော့"
ပြောပြောဆိုဆိုဖြင့် မာဖေးက တုန်းချန်၏ ခေါင်းကို ထပ်မံ ရိုက်နှက်လိုက်ရာ တုန်းချန်မှာ မူးဝေသွားပြီး သတိလစ်သွားတော့သည်။
"သူ့ကို ကျောက်တုံးနဲ့ ချည်ပြီး မြစ်ထဲကိုသာ နှစ်ပစ်လိုက်ကြ။ အစအန မကျန်စေနဲ့"
မာဖေးက အမိန့်ပေးပြီးနောက် လှည့်ထွက်သွားတော့သည်။ လူမိုက်နှစ်ဦးက တုန်းချန်ကို အိတ်ထဲသို့ ပြန်ထည့်ကာ ကျောက်တုံးကြီး နှစ်တုံးဖြင့် ချည်နှောင်ပြီး မြစ်ထဲသို့ ပစ်ချလိုက်လေတော့သည်။
ရေစီးသန်လှသော မြစ်ပြင်ကျယ်ကြီးထဲတွင် တုန်းချန်၏ ခန္ဓာကိုယ်မှာ လှိုင်းတစ်ချက်ပင် မထဘဲ ခဏချင်းပင် ပျောက်ကွယ်သွားလေတော့သည်။
……………..
တစ်ဖက်တွင် ရှန်းမိသားစုဝင်များ ကားပေါ်သို့ ရောက်သောအခါ ရှန်းယွမ်ဝူက သူ၏ ဒဏ်ရာရထားသော လက်ကိုကိုင်ကာ အော်ဟစ်လိုက်သည်။ "အဖေ... ဘာလို့ အဲဒီကောင်ပြောတာကို အကုန် လိုက်လုပ်နေရတာလဲ"
"မင်းလို လူမိုက်က ငါတို့ တစ်မိသားစုလုံးကို ဒုက္ခပေးတော့မလို့ပဲ"
ရှန်းထျန်းချီက ဒေါသတကြီးဖြင့် ရှန်းယွမ်ဝူ၏ ပါးကို ဖြောင်းခနဲ ထပ်မံ ရိုက်ချလိုက်သည်။ သူလည်း လက်ရှိအချိန်တွင် အလွန် ထိတ်လန့်နေမိသည်။ ကံကောင်းထောက်မစွာဖြင့် ယဲ့ပုဖန်က ဤကိစ္စကို အကြီးအကျယ် မလုပ်ခဲ့သဖြင့်သာ တော်တော့သည်။
ရှန်းထျန်းချီက ရှန်းချောင်ချူးကို ကြည့်ကာ "ဒီတိရစ္ဆာန်ကို ဘာတွေ ဖြစ်ခဲ့တာလဲဆိုတာ ရှင်းပြလိုက်စမ်း" ဟု အမိန့်ပေးလိုက်သည်။
ထိုအခါ ရှန်းချောင်ချူးက ယဲ့ပုဖန်၏ အကြောင်းကို အကျဉ်းချုပ် ရှင်းပြလိုက်ပြီး "ယဲ့ပုဖန်ရဲ့ ညီမကို ပြန်ပေးဆွဲခဲ့မိတဲ့အတွက် ကျန်းပေ့ရဲ့ ထိပ်သီးမိသားစုဝင် ယန်မိသားစု တစ်ခုလုံး အမြစ်ပြတ် သုတ်သင်ခံလိုက်ရတယ်။ အခု မင်းက သူ့ညီမ အိုရန်ကျင်းကို ပါးရိုက်ခဲ့တာတောင် လက်တစ်ဖက်ပဲ ဆုံးရှုံးရတာက မင်းအတွက် အလွန် ကံကောင်းတယ်လို့ မှတ်လိုက်ပါ" ဟု နိဂုံးချုပ်လိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ ရှန်းယွမ်ဝူသည် ဆွံ့အသွားကာ သူ၏ လက်မောင်မှ နာကျင်မှုကိုပင် မေ့လျော့သွားတော့သည်။
"အစ်ကို... အဲဒါ တကယ်ပဲလား။ အဲဒီကောင်က တကယ်ပဲ အဲဒီလောက် အစွမ်းထက်တာလား"
ရှန်းထျန်းချီက ကျိန်ဆဲလိုက်သည်။ "တခြားလူတွေက မင်းလိုပဲ မျက်စိကန်းနေကြတယ်လို့ မင်း ထင်နေတာလား။ ရှဟိုမိသားစုတောင် မလှုပ်ရဲတာကို ကြည့်ရင် ရန်သူက ဘယ်လောက် အစွမ်းထက်လဲဆိုတာ မင်း မသိဘူးလား"
ရှန်းယွမ်ဝူက ထိတ်လန့်နေသော်လည်း "ဒါပေမဲ့... ကျွန်တော်တို့ ရှန်းမိသားစုက ဒီအတိုင်းပဲ ငြိမ်ခံနေရမှာလား" ဟု မေးလိုက်သည်။
"အခု ငြိမ်ခံနေရတာက ခေတ္တခဏပဲ။ မင်းအစ်ကို ကောင်းကင်စစ်သည်တော် အဖြစ် ရွေးချယ်ခံရပြီးရင် ငါတို့ ရှန်းမိသားစုက ရွှမ်ယွမ်စံအိမ်ကို အားကိုးပြီး လက်စားချေနိုင်လိမ့်မယ်"
ရှန်းထျန်းချီက တည်ငြိမ်စွာ ပြောလိုက်သည်။ "ဒါပေမဲ့ လောလောဆယ်တော့ မင်း ဘာမှ ထပ်မလုပ်နဲ့ဦး။ အဲဒီကောင်ကို ထပ်သွားရန်စရင်တော့ မင်းကို ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်ဘူး"
ယဲ့ပုဖန်သည် အိုရန်ကျင်းနှင့် ကျူးကျားယီတို့ကို ဝမ်ရွှယ်နင်၏ အိမ်သို့ ခေါ်ဆောင်လာခဲ့သည်။ ဝမ်ရွှယ်နင်သည် ယဲ့ပုဖန်က အလှပဂေးနှစ်ဦးကို ခေါ်လာသည်ကို မြင်သောအခါ အစပိုင်းတွင် အနည်းငယ် မျက်မှောင်ကြုတ်သွားသော်လည်း သူမတို့မှာ ယဲ့ပုဖန်၏ ညီမနှင့် သူငယ်ချင်းဖြစ်ကြောင်း သိသွားသောအခါ ချက်ချင်းပင် ဖော်ဖော်ရွေရွေဖြင့် ဧည့်ခန်းများကို စီစဉ်ပေးလိုက်လေသည်။
တံခါးပိတ်သွားပြီးနောက် ကျူးကျားယီက "ဒါ ဝမ်မိသားစုက သခင်မလေး ဝမ်ရွှယ်နင် မဟုတ်လား။ အစ်ကိုယဲ့က သူ့အိမ်မှာ နေနေတာကိုး" ဟု ဆိုလိုက်သည်။
အိုရန်ကျင်းက "ငါလည်း မသိဘူး။ အစ်ကို့မှာ ရည်းစားရှိတယ်လို့ပဲ သိထားတာ။ အဲဒါ ဝမ်ရွှယ်နင် ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး" ဟု ပြန်ပြောသည်။
ကျူးကျားယီက ပြုံးကာ "အစ်ကိုယဲ့လို လူမျိုးနဲ့ဆိုရင် ဝမ်သခင်မလေးလို လူမျိုးမှ တန်တာပေါ့" ဟု မှတ်ချက်ပေးလိုက်သည်။
နောက်တစ်နေ့ နံနက်တွင် သူတို့ လေးဦးအတူ နံနက်စာ စားကြပြီးနောက် အိုရန်ကျင်းနှင့် ကျူးကျားယီတို့ ကျောင်းသွားကြသည်။ ယဲ့ပုဖန်နှင့် ဝမ်ရွှယ်နင်တို့လည်း ကုမ္ပဏီသို့ ရောက်ရှိလာခဲ့သည်။
သူတို့နှစ်ဦး ရုံးခန်းထဲတွင် အခြေမကျသေးမီမှာပင် ယဲ့ပုဖန်၏ ဖုန်း မြည်လာခဲ့သည်။ သူသည် ဖုန်းကို ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သွားသည်။ ဝမ်ရွှယ်နင်က "ဘာဖြစ်လို့လဲ... ဘယ်သူ ဆက်တာလဲ" ဟု မေးလိုက်သည်။
"ဝမ်ကျီယန်းပါ..."
ယဲ့ပုဖန်သည် ထိုအမျိုးသမီးနှင့် ပတ်သက်မှုအားလုံးကို ဖြတ်တောက်ထားပြီး ဖြစ်သဖြင့် ဖုန်းကို ပြန်ချထားလိုက်သည်။ သို့သော် ဖုန်းမှာ မရပ်မနား ထပ်မံ မြည်လာပြန်သည်။
ဝမ်ရွှယ်နင်က "ကိုင်လိုက်ပါ... တစ်ခုခု အရေးကြီးလို့ ဖြစ်မှာပါ" ဟု တိုက်တွန်းသဖြင့် ယဲ့ပုဖန်သည် စိတ်မပါသော်လည်း ဖုန်းကို ကိုင်လိုက်ရသည်။
ဖုန်းဆက်ဆက်ချင်းပင် ဝမ်ကျီယန်း၏ အသည်းအသန် အော်ဟစ်သံက ထွက်ပေါ်လာသည်။ "ကျွန်မအဖေ အပြင်းအထန် အရိုက်ခံထားရလို့။ ရှင် လာကြည့်ပေးလို့ ရမလား"
ဦးလေးတာဖူ ဒဏ်ရာရထားသည်ဟူသော သတင်းကို ကြားလိုက်ရသောအခါ ယဲ့ပုဖန်သည် ချက်ချင်းပင် ထိုင်ရာမှ ထရပ်လိုက်သည်။ ဝမ်မိသားစုဝင်များထဲတွင် သူ အလေးထားရဆုံးသူမှာ ဦးလေးတာဖူပင် မဟုတ်ပါလား။
"ဘာဖြစ်တာလဲ... ဘယ်သူ လုပ်တာလဲ"
ဝမ်ကျီယန်းက "အကြောင်းအရာက ရှုပ်ထွေးတယ်။ ဒီကို လာမှပဲ ပြောကြတာပေါ့။ ကျွန်မအဖေ ဒဏ်ရာက တကယ် ပြင်းထန်တယ်" ဟု အော်ဟစ်ကာ ပြောလိုက်သည်။
"ကောင်းပြီ... ငါ အခုချက်ချင်း လာခဲ့မယ်။ မင်းတို့ ဘယ်မှာလဲ"
"ကျန်းပေ့ ဗဟိုဆေးရုံမှာ..."
ယဲ့ပုဖန်သည် ဖုန်းကို ချလိုက်ပြီးနောက် ရုံးခန်းထဲမှ အလောတကြီးပင် ပြေးထွက်သွားလေတော့သည်။
***