ဝမ်တာဖူ စကားပြောပြီးနောက် ဝမ်ကျီယန်းနှင့် ဟောက်ဟုန်မေတို့ပါ တိတ်ဆိတ်သွားကြသည်။ အခြေအနေမှာ တကယ့်ကို အကျပ်ရိုက်နေသည် မဟုတ်ပါလား။
ပင့်ကူနက်မ၏ ဤတစ်ကြိမ် တိုက်ကွက်မှာ အလွန်ပင် ရက်စက်လှသည်။ မိမိတို့ဘက်မှ မမှားကြောင်း သိနေသော်လည်း အများအမြင်တွင် သက်သေပြရန် ခက်ခဲနေပြီး ၎င်းမှာ အလှပြင်ဆေးရည်၏ နာမည်ဂုဏ်သတင်းကို ဆိုးရွားစွာ ထိခိုက်စေမည်မှာ အမှန်ပင်။
ယဲ့ပုဖန်က "ဦးလေးတာဖူ... စိတ်မပူပါနဲ့။ ဒီကိစ္စကို ကျွန်တော့်ကိုပဲ လွှဲထားလိုက်ပါ" ဟု ပြတ်သားစွာ ပြောလိုက်သည်။
ဝမ်တာဖူက အားနာစွာဖြင့် "ရှောင်ဖန်... ဦးလေးတို့ မင်းကို အားနာလိုက်တာ။ မင်း ကျန်းနန်ကို ရောက်ကတည်းက ဦးလေးတို့ မိသားစုက မင်းကို ဒုက္ခတွေ အများကြီး ပေးခဲ့မိတယ်" ဟု ဆိုသည်။
အမှန်စင်စစ်တွင် ယဲ့ပုဖန်၏ အကူအညီသာ မပါလျှင် ဖူခန်းဆေးဝါးလုပ်ငန်းမှာ ပင့်ကူနက်မ၏ လက်ချက်ဖြင့် ဟိုးအရင်ကတည်းက ပြာကျသွားလောက်ချေပြီ။
ယဲ့ပုဖန်က "ဦးလေး... ဒါက ကျွန်တော် လုပ်သင့်တာပါ။ ပြီးတော့ သူတို့ရဲ့ ပစ်မှတ်က ဖူခန်းဆေးဝါးလုပ်ငန်း တစ်ခုတည်းတင် မဟုတ်ဘူး။ နောက်ဆုံးမှာတော့ ကျွန်တော်တို့ လုံထန်း ဆေးဝါးလုပ်ငန်းရဲ့ အလှပြင်ဆေးရည်ကို ဖျက်ဆီးပစ်ချင်နေတာ။ အခြေအနေသာ ပိုဆိုးသွားရင် သက်ဆိုင်ရာဌာနတွေက ဒီပစ္စည်းရဲ့ ထုတ်လုပ်ခွင့်လိုင်စင်ကိုပါ ပိတ်ပစ်နိုင်တာမို့ ဒါက ကျွန်တော့်ရဲ့ ပြဿနာလည်း ဖြစ်နေလို့ပါ"
ထိုစကားကို ကြားသောအခါ ဟောက်ဟုန်မေက အံ့သြတကြီး မေးလိုက်သည်။ "ဘာ... မင်းက ဘာလို့ အဲဒီလို ပြောတာလဲ။ မင်းနဲ့ လုံထန်းဆေးဝါးလုပ်ငန်းက ဘာဆိုင်လို့လဲ"
ဝမ်တာဖူက သက်ပြင်းချရင်း "ရှောင်ဖန်က လုံထန်းဆေးဝါးလုပ်ငန်းရဲ့ ပိုင်ရှင်လေ။ အဲဒါကြောင့်မို့လို့ သူတို့က ငါတို့ကို ဒီအလှပြင်ဆေးရည်ရဲ့ ကိုယ်စားလှယ်ခွင့် ပေးခဲ့တာပေါ့" ဟု ရှင်းပြလိုက်သည်။
ယဲ့ပုဖန် ထွက်သွားစဉ်က ဝမ်တာဖူမှာ ဒေါသထွက်နေသဖြင့် ဟောက်ဟုန်မေနှင့် သမီးဖြစ်သူကို အဖြစ်မှန်အား ပြောပြမထားခဲ့ပေ။
"ဘာ...”
“ဘယ်လို"
ဟောက်ဟုန်မေနှင့် ဝမ်ကျီယန်းတို့မှာ ဆွံ့အသွားကြသည်။ သူတို့ တောက်လျှောက် နှိမ်ချဆက်ဆံခဲ့သော လူငယ်မှာ လုံထန်းဆေးဝါးလုပ်ငန်း၏ အရှင်သခင်ကြီး ဖြစ်နေလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ကြပေ။ ယွမ် ၁ ဘီလီယံကို တစ်ရက်တည်း သုံးနိုင်ခဲ့သည်မှာလည်း အံ့သြစရာ မရှိတော့ချေ။
ထိုကဲ့သို့သော ပါရမီရှင် လူငယ်တစ်ဦးကို မိမိတို့လက်ဖြင့် တွန်းထုတ်ခဲ့မိသည်ဟူသော အသိက သူတို့၏ ရင်ထဲတွင် ဖော်ပြမတတ်အောင်ပင် ခံစားရစေသည်။ နောင်တတရားများက သူတို့၏ စိတ်နှလုံးကို ပြင်းထန်စွာ ရိုက်ခတ်နေလေတော့သည်။
"ကဲ... အဲဒီကိစ္စတွေ ထားလိုက်ပါတော့။ အခု ပြဿနာကို ဖြေရှင်းဖို့က ပိုအရေးကြီးတယ်"
ယဲ့ပုဖန်က ဝမ်ကျီယန်းကို ကြည့်ကာ "မျက်နှာပျက်စီးသွားတယ်လို့ ပြောနေတဲ့ အမျိုးသမီး သုံးယောက်ရဲ့ နာမည်တွေကို သိလား" ဟု မေးလိုက်သည်။
ဝမ်ကျီယန်းသည် တုန်လှုပ်မှုကို ထိန်းချုပ်ရင်း "လျော်ကြေး လာတောင်းတုန်းက ကျွန်မကိုယ်တိုင် လက်ခံတွေ့ဆုံခဲ့တာမို့ နာမည် သုံးယောက်လုံးကို သိပါတယ်။ ဒါပေမဲ့ အဲဒါက နာမည်အရင်း ဟုတ် ၊ မဟုတ်တော့ မသေချာဘူး" ဟု ပြန်ဖြေသည်။
ယဲ့ပုဖန်က "သူတို့က လျော်ကြေးလာတောင်းတာဆိုတော့ နာမည်အမှား သုံးစရာ အကြောင်းမရှိဘူး။ သေချာပေါက် နာမည်အရင်းတွေပဲ ဖြစ်ရမယ်။ အခုချက်ချင်း အဲဒီနာမည်တွေကို ချရေးပေးပါ" ဟု ဆိုသည်။
လုံထန်းဆေးဝါးလုပ်ငန်း၏ အရှင်သခင်ဖြစ်ကြောင်း သိသွားပြီးနောက် ဝမ်ကျီယန်းသည် ယဲ့ပုဖန်အပေါ် ပိုမို ရိုသေ ကိုင်းညွတ်သွားသည်။ သူမသည် အိတ်ထဲမှ စက္ကူများကို ထုတ်ကာ ယဲ့ပုဖန်ထံသို့ ကမ်းပေးလိုက်သည်။
ယဲ့ပုဖန်က စာရင်းကို ကြည့်လိုက်ပြီး "ကောင်းပြီ... ဒီနေ့ မွန်းလွဲ ၁ နာရီမှာ အရောင်းဌာနကို ပြန်ဖွင့်မယ်" ဟု အမိန့်ပေးလိုက်သည်။
ဝမ်ကျီယန်းက စိုးရိမ်တကြီးဖြင့် "ဒါက အလုပ်ဖြစ်ပါ့မလား... ဆိုင်ဖွင့်တာနဲ့ အဲဒီလူတွေ ချက်ချင်း ပြန်ရောက်လာကြမှာနော်" ဟု ပြောရာ ယဲ့ပုဖန်က "အဲဒါကပဲ ငါတို့ လိုချင်တာလေ။ သူတို့ မလာရင် ဒီကိစ္စကို ဘယ်လို ဖြေရှင်းမလဲ" ဟု ပြန်ပြောလိုက်သည်။
ဝမ်တာဖူကလည်း "ကျီယန်း... ဒီနေ့ကစပြီး အရာရာတိုင်းကို ရှောင်ဖန်ရဲ့ အမိန့်အတိုင်းပဲ လုပ်ပါ" ဟု မှာကြားလိုက်သည်။
ယဲ့ပုဖန်က ဆက်၍ "ကျန်းပေ့မြို့မှာရှိတဲ့ သတင်းမီဒီယာတွေနဲ့ကော အဆက်အသွယ် ရှိလား" ဟု မေးရာ ဝမ်ကျီယန်းက "ရှိပါတယ်... ကျွန်မတို့ ဆေးဝါးလုပ်ငန်းက ကြော်ငြာတွေ ခဏခဏ လုပ်ရတာဆိုတော့ သတင်းထောက်တွေနဲ့ ရင်းနှီးပါတယ်" ဟု ဆိုသည်။
"ကောင်းပြီ... ဒီနေ့ မွန်းလွဲပိုင်းမှာ သူတို့အားလုံးကို ဒီကို ဖိတ်လိုက်ပါ။ လူများလေ ပိုကောင်းလေပဲ။ ပွဲက စည်စည်ကားကား ဖြစ်ရမယ်" ဟု ယဲ့ပုဖန်က ပြတ်သားစွာ ပြောလိုက်သည်။
ယဲ့ပုဖန်သည် ဆေးရုံမှ ထွက်လာပြီးနောက် ကားပေါ်သို့ ရောက်သည်နှင့် စီမာဝေထံသို့ ဖုန်းဆက်လိုက်၏။ ဖုန်းဆက်လိုက်သည်နှင့် စီမာဝေ၏ ချိုသာသော အသံက ထွက်ပေါ်လာသည်။
"အချစ်လေး... နင်က ပြိုင်ဘက်ကိုပဲ နှင်ထုတ်ပြီးပြီဆိုတော့ ဝမ်သခင်မလေးနဲ့ နှစ်ယောက်တည်း အချိန်ဖြုန်းနေရမှာ မဟုတ်လား။ ဘာလို့ ငါ့ကို သတိရနေတာလဲ"
ယဲ့ပုဖန်က "ငါ ပေးမယ့် နာမည် သုံးယောက်ရဲ့ အကြောင်းကို စုံစမ်းပေးပါ။ အသေးစိတ်လေ ပိုကောင်းလေပဲ" ဟု ဆိုလိုက်သည်။
"အို... ဘယ်မိန်းကလေးကိုများ မျက်စိကျနေပြန်ပြီလဲ။ သူတို့ရဲ့ ကိုယ်တိုင်းတွေကိုပါ သိချင်လို့လား" စီမာဝေက ရယ်မောကာ စနောက်လိုက်သည်။
"နောက်နေစရာ မဟုတ်ဘူး။ တစ်ယောက်ယောက်က ဖူခန်းဆေးဝါးလုပ်ငန်းနဲ့ အလှပြင်ဆေးရည်ကို တိုက်ခိုက်နေလို့ ငါ အဖြစ်မှန်ကို သိဖို့ လိုတယ်"
"ဟုတ်ပါပြီ... အရေးကြီးတဲ့ ကိစ္စဆိုရင်တော့ ငါ ကူညီပေးပါ့မယ်။ စာရင်းကိုသာ ပို့လိုက်။ နာရီဝက်အတွင်း နင် သိချင်တာတွေ အကုန်လုံး အီးမေးလ်ထဲ ရောက်လာစေရမယ်"
ရွှမ်ယွမ်စံအိမ်၏ စွမ်းဆောင်ရည်မှာ အံ့မခန်း ကြောက်မက်ဖွယ်ကောင်းလှသည်။ မိနစ် ၂၀ ခန့် အကြာတွင်ပင် အမျိုးသမီး သုံးဦးနှင့် ပတ်သတ်သော အသေးစိတ် အချက်အလက်များ ယဲ့ပုဖန်၏ လက်ထဲသို့ ရောက်ရှိလာတော့သည်။
မွန်းလွဲ ၁ နာရီ တိတိတွင် ယဲ့ပုဖန် ဖူခန်းဆေးဝါးလုပ်ငန်း၏ အရောင်းဌာနသို့ ရောက်ရှိလာခဲ့သည်။ အရောင်းဌာနရှေ့တွင် လူတစ်ထောင်နီးပါး ဝိုင်းအုံနေကြပြီး ကင်မရာများနှင့် မိုက်ခရိုဖုန်းများ ကိုင်ဆောင်ထားသော သတင်းထောက်များစွာကိုလည်း တွေ့ရသည်။
လူအုပ်ကြီး၏ ရှေ့ဆုံးတွင် အသက် ၃၀ ကျော် ၄၀ ခန့်ရှိသော အမျိုးသမီး သုံးဦး ရပ်နေကြသည်။ သူတို့၏ နောက်တွင်လည်း အမျိုးမျိုးသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားသော မိသားစုဝင်များ ရှိနေကြ၏။
"ဒီအလှပြင်ဆေးရည်က အန္တရာယ်ရှိတယ်။ ငါတို့ကို တရားမျှတမှု ပေးကြ"
"ယုတ်မာတဲ့ ဖူခန်းဆေးဝါးလုပ်ငန်းကို အရေးယူပေး"
"ဒီဆေးကြောင့် ငါ့မျက်နှာ ပျက်စီးသွားပြီ"
ယဲ့ပုဖန်၏ နှုတ်ခမ်းထက်တွင် အေးစက်စက် အပြုံးတစ်ခု ပေါ်လာသည်။ ဆိုင်ဖွင့်ရန် ပြင်ဆင်သည်နှင့် ချက်ချင်း ရောက်လာကြသည်မှာ ကြိုတင် စီစဉ်ထားသည့် ပူးပေါင်းကြံစည်မှု တစ်ခုဖြစ်ကြောင်း ထင်ရှားလှပေသည်။
သူသည် နောက်ဖေးတံခါးမှတစ်ဆင့် ဆိုင်ထဲသို့ ဝင်လာခဲ့ရာ ဝမ်ကျီယန်းက စိုးရိမ်တကြီး စောင့်ဆိုင်းနေသည်ကို တွေ့ရသည်။ "ရှောင်ဖန်... ရှင် ရောက်လာပြီပဲ။ ဘာဆက်လုပ်ကြမလဲ"
"စိတ်မပူပါနဲ့... မင်းက ပုံမှန်အတိုင်းပဲ အရောင်းအလုပ်ကို အာရုံစိုက်ပါ။ ကျန်တာအားလုံးကို ငါပဲ ကိုင်တွယ်မယ်" ဟု ယဲ့ပုဖန်က အားပေးလိုက်သည်။
ဆိုင်တံခါး ဖွင့်လိုက်သည်နှင့် အပြင်မှ စောင့်ဆိုင်းနေသော လူအုပ်ကြီးမှာ ဝုန်းဝုန်းဒိုင်းဒိုင်းနှင့် တိုးဝင်လာကြပြီး တံခါးဝကို ဝိုင်းထားလိုက်ကြတော့သည်။ ဆူညံသံများကြောင့် အခြေအနေမှာ အလွန်ပင် ကယောက်ကယက် ဖြစ်နေ၏။
ယဲ့ပုဖန်သည် တံခါးဝတွင် ရပ်ကာ ပြုံးလျက် ကြည့်နေပြီးနောက် အတွင်းအားကို အသုံးပြုကာ ဟိန်းဟောက်လိုက်သည်။ "အားလုံးပဲ တိတ်တိတ်နေကြစမ်း။ ပြောစရာ ရှိတာကို တစ်ယောက်ချင်းစီ ပြောကြ"
သူ၏ အသံမှာ ကျယ်လောင်လှသည် မဟုတ်သော်လည်း အတွင်းအား ပါဝင်နေသဖြင့် လူတိုင်း၏ နားထဲသို့ တိကျစွာ ရောက်ရှိသွားကာ ဆူညံသံများ ချက်ချင်း ငြိမ်ကျသွားတော့သည်။ ရှေ့ဆုံးမှ အမျိုးသမီး တစ်ဦးက အော်ဟစ်လိုက်သည်။ "နင်က ဘယ်သူလဲ... နင်က တာဝန်ယူနိုင်လို့လား"
သူမ၏ အမည်မှာ နျူဟိုင်လီ ဖြစ်ပြီး မျက်နှာ ပျက်စီးသွားသည်ဟု ဆိုသော အမျိုးသမီး သုံးဦးအနက် တစ်ဦးဖြစ်သည်။ လက်ရှိတွင် သူမ၏ ပါးပြင်နှစ်ဖက်မှာ နီရဲရောင်ကိုင်းနေပြီး အလွန်ပင် ကြောက်စရာကောင်းလှသည်။
"သူက လုံထန်းဆေးဝါးလုပ်ငန်းရဲ့ ပိုင်ရှင်ဖြစ်သလို အလှပြင်ဆေးရည်ကို ဖော်စပ်ခဲ့တဲ့သူလည်း ဖြစ်တယ်။ ဒါကြောင့် သူက သေချာပေါက် တာဝန်ယူနိုင်တယ်"
သာယာနာပျော်ဖွယ်ကောင်းသော အသံတစ်ခုနှင့်အတူ အန်းယီမော့သည် လူအချို့နှင့်အတူ ဘေးဘက်မှ လျှောက်လှမ်းလာလေတော့သည်။
***