ယဲ့ပုဖန်က အေးဆေးစွာပင် ပြောလိုက်သည်။ "မင်းရဲ့ တစ်လဝင်ငွေက ယွမ် ၁,၈၀၀ ပဲ ရှိတာ။ အလှပြင်ဆေးရည် တစ်ဗူး ဝယ်ဖို့ဆိုရင် မင်း အနည်းဆုံး ခြောက်လလောက် စုရလိမ့်မယ်"
"ဒါ့အပြင် မင်းမှာ ပြုစုစောင့်ရှောက်ရမယ့် မိဘအိုကြီးတွေနဲ့ ကလေးတွေလည်း ရှိသေးတယ်။ ခင်ပွန်း ဖြစ်သူရဲ့ ဝင်ငွေကလည်း သိပ်မများလှဘူး။ ဒီလောက် ဈေးကြီးတဲ့ ပစ္စည်းကို ဝယ်ရတဲ့ ခိုင်လုံတဲ့ အကြောင်းပြချက် တစ်ခုခု ငါ့ကို ပေးစမ်းပါ"
ယဲ့ပုဖန်၏ စကားကို ကြားလိုက်ရသောအခါ ပတ်ဝန်းကျင်ရှိ လူအားလုံး၏ မျက်နှာများမှာ ပြောင်းလဲသွားကြ၏။ ဤလူငယ်သည် နူးနူးညံ့ညံ့နှင့် ဖော်ဖော်ရွေရွေ ပြောဆိုနေသည်ဟု ထင်ရသော်လည်း သူ၏ စကားလုံးတိုင်းမှာ ရန်သူ၏ အားနည်းချက်ကို တိကျစွာ ထိုးနှက်နေခြင်း ဖြစ်နေလေသည်။
တစ်လလျှင် ယွမ် ၂,၀၀၀ ပင် မပြည့်သော ဝင်ငွေရှိသည့် အမျိုးသမီး တစ်ဦးက ယွမ် ၁၀,၀၀၀ တန် အလှကုန်ပစ္စည်းကို ဝယ်ယူ သုံးစွဲသည် ဆိုသည်မှာ ယုတ္တိမရှိလှပေ။ ဤအမျိုးသမီးသည်လည်း တစ်စုံတစ်ဦး၏ စေခိုင်းမှုကြောင့် ဖူခန်းဆေးဝါးလုပ်ငန်းကို လာရောက် သိက္ခာချနေခြင်းသာ ဖြစ်ကြောင်း သိသာလွန်းလှသည်။
မာလီဟွာ၏ မျက်နှာတွင် ထိတ်လန့်ရိပ်တစ်ခု ဖြတ်ပြေးသွားသော်လည်း သူမက အတင်းပင် ပြန်ပြောလိုက်သည်။ "ဒါက ရှင့်အလုပ် မဟုတ်ပါဘူး။ ဘယ်မိန်းကလေးမဆို လှချင်ပချင် ရှိတာပဲလေ။ ကျွန်မ ဝင်ငွေ ဘယ်လောက်ရှိတာနဲ့ ဘာဆိုင်လို့လဲ”
သူမက သက်သေပြသည့်အနေဖြင့် အိတ်ထဲမှ အလှပြင်ဆေးရည် တစ်ဗူးကို ထုတ်ယူကာ "တာဝန်ရှောင်ဖို့ မကြိုးစားနဲ့။ ဒါက ကျွန်မ ဝယ်ထားတဲ့ ဆေးဗူးပဲ" ဟု ဆိုသည်။
ယဲ့ပုဖန်က "ငါ တစ်ချက်လောက် ကြည့်လို့ ရမလား" ဟု မေးလိုက်သည်။
"ကြည့်လေ... ကြည့်လို့ ရတယ်"
မာလီဟွာမှာ နောက်ဆုတ်ရန် လမ်းမရှိတော့သဖြင့် ဆေးဗူးနှင့် ဆေးဘူးတို့ကို ကမ်းပေးလိုက်ရ၏။ ယဲ့ပုဖန်က ၎င်းကို သေချာ စစ်ဆေးကြည့်ပြီးနောက် မေးလိုက်သည်။
"ဒါကို ငါတို့ဆီက ဝယ်တာ သေချာရဲ့လား"
မာလီဟွာက "သေချာတာပေါ့... တစ်မြို့လုံးမှာ ဒီဆိုင်ကပဲ ရောင်းတာလေ" ဟု ပြန်ဖြေသည်။
ယဲ့ပုဖန်က အလှပြင်ဆေးရည်၏ ထုပ်ပိုးမှုကို ဖွင့်ကြည့်ကာ သေချာ စစ်ဆေးပြီးနောက် ပြောလိုက်၏။
"လက်ရာကတော့ မဆိုးပါဘူး။ အစစ်နဲ့ တစ်ပုံစံတည်း တူအောင် လုပ်ထားတာပဲ။ ဒါပေမဲ့ အတုကတော့ အတုပဲလေ... အစစ်နဲ့ ကွာခြားချက်တွေကတော့ ရှိနေမှာပဲ”
"ဘာ... ဒါဆို ဒီအမျိုးသမီးက အလှပြင်ဆေးရည် အတုကို သုံးခဲ့တာပေါ့လေ။ အဲဒါကြောင့် သူ့မျက်နှာမှာ အမည်းစက်တွေ ဖြစ်ကုန်တာပဲ"
"တကယ်လား... ဒီဆေးက ဒီဆိုင်မှာပဲ ရောင်းတာလေ။ တခြား ဘယ်နေရာမှာမှ ရောင်းတယ်လို့ မကြားမိပါဘူး"
ယဲ့ပုဖန်က ထိုဆေးဗူးမှာ အတုဖြစ်ကြောင်း ပြောလိုက်သောအခါ လူအုပ်ကြီးမှာ တစ်ယောက် တစ်ပေါက်နှင့် ဆွေးနွေးလာကြတော့သည်။ မာလီဟွာ၏ မျက်နှာမှာ ချက်ချင်းပင် ဖြူလျော့သွားတော့သည်။
"မဖြစ်နိုင်တာ... ဒါကို ရှင့်ဆီကပဲ ဝယ်ခဲ့တာပါ။ ဘယ်လိုလုပ် အတု ဖြစ်မှာလဲ"
ယဲ့ပုဖန်က ထပ်မံ ရှင်းမပြတော့ဘဲ "ငါ့ကို အလှပြင်ဆေးရည် အစစ် တစ်ဗူးလောက် ပေးပါဦး" ဟု လှမ်းပြောလိုက်သည်။ ဘေးတွင် ရပ်နေသော ဝမ်ကျီယန်းက ချက်ချင်းပင် ဆေးဗူးအစစ် တစ်ဗူးကို ယူလာပေးသည်။
ယဲ့ပုဖန်က ထိုဆေးဗူးကို ယူကာ အပြင်ဘက် ထုပ်ပိုးမှုကို ဆွဲခွဲလိုက်ပြီး အတွင်းမှ လှပသော သေတ္တာလေးကို ထုတ်ယူလိုက်သည်။ ယွမ် ၉,၉၉၉ တန်သော အဆင့်မြင့် အလှကုန်ပစ္စည်း ဖြစ်သည့်အတွက် အလှပြင်ဆေးရည်၏ ထုပ်ပိုးမှုမှာ အလွန်ပင် လက်ရာမြောက်လှသည်။
ဆေးဗူးမှာ လှပရုံမက အပြင်ဘက်မှ သစ်သားသေတ္တာလေးမှာလည်း ရှေးဟောင်းဟန်ဖြင့် သေသပ်လှ၏။
သူသည် သေတ္တာနှစ်ခုကို ယှဉ်ထားလိုက်ပြီး မာလီဟွာကို မေးလိုက်သည်။ "ပြဿနာက ဘယ်မှာလဲ ဆိုတာ မင်း မြင်လား"
လူတိုင်းက သူ၏ လက်ထဲသို့ စိုက်ကြည့်လိုက်ကြသော်လည်း သေတ္တာနှစ်ခုမှာ တစ်ပုံစံတည်းဖြစ်နေပြီး မည်သည့် ကွာခြားချက်မျှ မတွေ့ရပေ။ မာလီဟွာကလည်း "ကျွန်မဟာက အစစ်ပါ... ဘာပြဿနာမှ မရှိဘူး" ဟု အော်ပြောလိုက်သည်။
ယဲ့ပုဖန်က အသာအယာ ပြုံးလိုက်သည်။ "ငါတို့ရဲ့ ထိပ်တန်းထုတ်ကုန်က ဒီလောက် အလွယ်တကူ ကော်ပီ ကူးလို့ ရလိမ့်မယ်လို့ မင်း ထင်နေတာလား"
ပြောပြောဆိုဆိုဖြင့် သူသည် ဆေးဗူးအစစ်၏ သေတ္တာကို ယူကာ အင်အား အနည်းငယ် အသုံးပြုလိုက်ရာ ဂျွတ်ခနဲ အသံနှင့်အတူ သေတ္တာလေးမှာ အလယ်တည့်တည့်မှ အညီအညာ ကွဲအက်သွားတော့သည်။
သူသည် ကွဲအက်သွားသော သေတ္တာကို လူအုပ်ကြီးအား မြှင့်ပြလိုက်သည်။ "အားလုံးပဲ ကြည့်ကြပါ။ ဒါက ငါတို့ရဲ့ အစစ်အမှန် အလှပြင်ဆေးရည်ရဲ့ ဆေးဗူးအစစ်ပဲ"
လူတိုင်း စူးစိုက်ကြည့်လိုက်ကြသောအခါ ကွဲအက်သွားသော သစ်သား မျက်နှာပြင်ပေါ်တွင် "လုံထန်းဆေးဝါးလုပ်ငန်း" ဟူသော စာလုံးလေးလုံးကို တိကျစွာ ရိုက်နှိပ်ထားသည်ကို တွေ့လိုက်ရသည်။
ထိုအခါမှသာ အလှပြင်ဆေးရည်၏ ဆေးဗူးကို တစ်ခါတည်း လုပ်ထားခြင်း မဟုတ်ဘဲ အတုအပ ကာကွယ်ရန် အတွက် ဒုတိယအဆင့် အနေဖြင့် စာလုံးရိုက်နှိပ်ပြီးမှ ကပ်ထားခြင်းဖြစ်ကြောင်း လူတိုင်း သဘောပေါက်သွားကြတော့သည်။
ဝမ်ကျီယန်းပင် မှင်တက်သွားရသည်။ သူမက အလှပြင်ဆေးရည်ကို ရောင်းချနေသည်မှာ ကြာပြီ ဖြစ်သော်လည်း အလှပြင် ဆေးရည်တွင် ဤကဲ့သို့ လျှို့ဝှက်သော အတုအပ ကာကွယ်ရေးစနစ် ရှိနေသည်ကို သူမ မသိခဲ့ပေ။
ယဲ့ပုဖန်က အတုကို မာလီဟွာထံသို့ ပြန်ပစ်ပေးလိုက်ပြီး "မင်းဟာကလည်း အစစ်ပဲဆိုရင် ခွဲပြလိုက်လေ" ဟု ခနဲ့လိုက်သည်။
မာလီဟွာ၏ မျက်နှာမှာ ပြာနှမ်းသွားတော့သည်။ သူမသည် သေတ္တာကို ယူကာ အံကြိတ်၍ ခွဲရန် ကြိုးစားနေတော့သည်။ သူမထံသို့ ပေးလိုက်သော သေတ္တာမှာလည်း အစစ် ဖြစ်နေပါစေဟု ဆုတောင်းနေသော်လည်း အမှန်တကယ်တွင်မူ သူမ အလွန်အကျွံ တွေးတောနေခြင်းသာ ဖြစ်သည်။ ယဲ့ပုဖန်သည် စိတ်ဝိညာဉ်အာရုံဖြင့် ထိုသေတ္တာမှာ အတုဖြစ်ကြောင်း ကြိုတင် သိမြင်ထားပြီး ဖြစ်သည်။
သူမသည် အားကုန်သုံး၍ ခွဲသော်လည်း သေတ္တာမှာ လုံးဝ ကွဲမသွားပေ။
ယဲ့ပုဖန်က ပြောလိုက်သည်။
"ကဲ... ဒီပစ္စည်းက အတုဆိုတာ သေချာသွားပြီ။ ဒါပေမဲ့ မင်းမျက်နှာက အမည်းစက်တွေကတော့ အစစ်ပဲ။ ငါ့အထင် မမှားဘူးဆိုရင် ဒီအမည်းစက်တွေ ရှိနေတာ ဆယ်နှစ်ကျော်နေပြီ... အလှပြင် ဆေးရည်နဲ့ ဘာမှ မဆိုင်ဘူး"
မာလီဟွာ၏ မျက်နှာတွင် တုံ့ဆိုင်းရိပ်တစ်ခု ဖြတ်ပြေးသွားသော်လည်း သူမက အံကြိတ်၍ ဆက်လိမ်ပြန်သည်။ "မဟုတ်ဘူး... ငါ့မှာ အရင်က ဘာအမည်းစက်မှ မရှိဘူး။ နင်တို့ဆေးကို သုံးပြီးမှ ဒီလို ဖြစ်သွားတာ"
"တကယ့်ကို သင်္ချိုင်းမြင်မှ မျက်ရည်ကျချင်ကြတာပဲ"
ယဲ့ပုဖန်က ရှေ့သို့ လှမ်းလာပြီး မာလီဟွာ၏ လက်မောင်ကို ဆွဲကာ သူ့ရှေ့သို့ ဆွဲခေါ်လိုက်သည်။
"ရှင် ဘာလုပ်တာလဲ... ကျွန်မကို လွှတ်ပေး။ ကျွန်မကို ရိုက်မလို့လား" မာလီဟွာက ရုန်းကန်သော်လည်း သူမတွင် မည်သည့် ခွန်အားမျှ မရှိတော့ကြောင်း သိလိုက်ရသည်။
ယဲ့ပုဖန်က သူမကို ဂရုမစိုက်ဘဲ လက်ထဲရှိ အလှပြင်ဆေးရည်ကို ဖွင့်ကာ ဆေးရည်အချို့ကို မာလီဟွာ၏ မျက်နှာပေါ်သို့ သုတ်လိမ်းပေးလိုက်သည်။
ချီစွမ်းအင်၏ လှုံ့ဆော်မှုကြောင့် အလှပြင်ဆေးရည်မှာ ချက်ချင်းပင် အာနိသင် ပြလာတော့သည်။ မျက်နှာပေါ်ရှိ အမည်းစက်များမှာ မျက်မြင်ကိုယ်တွေ့ပင် လျင်မြန်စွာ မှိန်ဖျော့သွားလေတော့သည်။ မိနစ်အနည်းငယ်အတွင်းမှာပင် မာလီဟွာ၏ မျက်နှာပေါ်ရှိ အမည်းစက်များမှာ လုံးဝ ပျောက်ကွယ်သွားပြီး အသားအရေမှာ ချောမွတ်ကာ ဝင်းလက်လာတော့သည်။ သူမသည် ယခင်ကထက် အဆပေါင်း ရာချီ၍ ပိုမို လှပသွားချေပြီ။
ပတ်ဝန်းကျင်ရှိ လူအားလုံးမှာ အံ့ဖွယ် မြင်ကွင်းကို ငေးကြည့်နေကြပြီး သတင်းထောက်များလည်း ဤအခိုက်အတန့်ကို ကင်မရာများဖြင့် အမိအရ မှတ်တမ်းတင်နေကြတော့သည်။
"ဘုရားရေ... ဒါက တကယ့်ကို အလှပြင်ဆေးရည်ရဲ့ အစွမ်းပဲလား။ အံ့သြဖို့ ကောင်းလိုက်တာ..."
"အရုပ်ဆိုးတဲ့ ဘဲငန်းလေးကနေ ဟင်္သာမလေး ဖြစ်သွားတာပဲ။ ဒီမိန်းမက ပြဿနာရှာဖို့ လာတာမှန်း မသိရင် ဖူခန်းဆေးဝါးလုပ်ငန်းက ငှားထားတဲ့ ကြော်ငြာသမားလို့တောင် ထင်မိမှာပဲ..."
"အရင်က အလှပြင်ဆေးရည် တစ်ဗူး ယွမ် ၁၀,၀၀၀ ဆိုတာ ဈေးကြီးတယ် ထင်ခဲ့တာ။ အခုကြည့်ရတာ တကယ်ကို တန်လွန်းလို့ ရှိသမျှ ပိုင်ဆိုင်မှုတွေ ရောင်းပြီး ဝယ်သုံးချင်လာပြီ..."
အလှပြင်ဆေးရည်၏ အံ့ဖွယ် အစွမ်းကို မြင်လိုက်ရသောအခါ လူအုပ်ကြီးမှာ ဝမ်းသာအားရ အော်ဟစ် အားပေးကြတော့သည်။ ဝမ်ကျီယန်းသည် ယဲ့ပုဖန်ကို လေးစား အံ့သြစွာဖြင့် ကြည့်နေမိသည်။
မူလက ဖူခန်းဆေးဝါးလုပ်ငန်းအတွက် ကပ်ဘေးတစ်ခု ဖြစ်ခဲ့ရသော ဤဖြစ်ရပ်ကို ယဲ့ပုဖန်က အကောင်းဆုံး အခွင့်အရေးအဖြစ် ပြောင်းလဲပစ်လိုက်ပြီ မဟုတ်ပါလား။
ဤကဲ့သို့သော မြင်ကွင်းမှာ အလှပြင်ဆေးရည်အတွက် အခမဲ့ ကြော်ငြာပေးလိုက်သကဲ့သို့ပင်။
သတင်းမီဒီယာများစွာ၏ ဖော်ပြမှုကြောင့် အကျိုးသက်ရောက်မှုမှာ အလွန်ပင် ကြီးမားလာတော့မည် ဖြစ်သည်။
မာလီဟွာသည်လည်း တစ်စုံတစ်ခုကို သတိထားမိသွားကာ အိတ်ထဲမှ မှန်လေးကို ထုတ်၍ ကြည့်လိုက်သည်။
"အို... ဘုရားသခင်"
မှန်ထဲမှ လူမှာ မိမိကိုယ်တိုင် ဖြစ်သည်ဟု သူမ မယုံကြည်နိုင်အောင် ဖြစ်သွားရသည်။ သူမကို နှစ်ပေါင်း များစွာ ခြောက်လှန့်နေခဲ့သည့် အမည်းစက်များမှာ ယခုအခါ လုံးဝ ပျောက်ကွယ်သွားချေပြီ။ ချက်ချင်း သူမ၏ ပါးပြင်ပေါ်တွင် ဝမ်းသာမျက်ရည်များ စီးကျလာတော့သည်။
"မောင်လေးရယ်... ကျေးဇူးတင်ပါတယ်။ ကျွန်မရဲ့ အမည်းစက်တွေကို ကုပေးလို့ ကျေးဇူးတင်ပါတယ်"
မည်သည့် အမျိုးသမီးမဆို လှချင်ကြသည်သာ။ ယခုအခါ မာလီဟွာမှာ အလွန်ပင် စိတ်လှုပ်ရှားနေပြီး သူမ၏ မျက်လုံးများထဲတွင် ကျေးဇူးတင်မှုများဖြင့် ပြည့်နှက်နေသည်။ သူမသည် အိတ်ထဲမှ ယွမ်ငွေ နှစ်ထုပ်ကို ထုတ်ယူကာ "မောင်လေး... အမှန်အတိုင်း ပြောရရင် ကျွန်မ တစ်လဝင်ငွေက ယွမ် ၂,၀၀၀ တောင် မရှိတာမို့ ဒါကို မဝယ်နိုင်ပါဘူး" ဟု ဝန်ခံလိုက်သည်။
"ဒီငွေ ယွမ် ၂ သောင်းနဲ့ အလှပြင်ဆေးရည် အတုကို နှာခေါင်းစည်း တပ်ထားတဲ့ လူတစ်ယောက်က ပေးခဲ့တာပါ။ ဒီကိုလာပြီး ဖူခန်းဆေးဝါးလုပ်ငန်းကို သိက္ခာချဖို့ သူ ခိုင်းခဲ့တာပါ။ ကျွန်မက မိုက်မဲပြီး ငွေမက်ခဲ့လို့ ဒါကို လက်ခံခဲ့မိတာပါ။ တကယ် တောင်းပန်ပါတယ်... ဒီငွေတွေကို လျော်ကြေးအဖြစ် ပြန်ယူလိုက်ပါ"
ယဲ့ပုဖန်က အသာအယာ ပြုံးကာ ပြောလိုက်သည်။ "ရပါပြီ... အမှန်အတိုင်း ပြောပြတာနဲ့တင် လုံလောက်ပါပြီ။ သွားလို့ ရပါပြီ"
ဤအမျိုးသမီးမှာ အောက်ခြေဝန်ထမ်း တစ်ဦး ဖြစ်သလို ယနေ့တွင်လည်း သူမက အခမဲ့ ကြော်ငြာပေးလိုက်သကဲ့သို့ ဖြစ်သွားသဖြင့် ယဲ့ပုဖန်က သူမကို အပြစ်မယူတော့ပေ။
***