ဝမ်ကျီယန်း ထွက်သွားပြီးနောက် အန်းယီမော့က "ဒီလူတွေကတော့ တကယ့်ကို ဦးနှောက် ခြောက်အောင် ကြံစည်တတ်တာပဲ။ အဲဒီလူသေက တကယ့်ကို အစစ်အတိုင်းပဲနော်... ကျွန်မတောင် တကယ့်လူသေလို့ အထင်မှားသွားသေးတယ်" ဟု ဆိုလိုက်သည်။
ယဲ့ပုဖန်က "မင်း အထင်မမှားပါဘူး... သူက တကယ့်လူသေပါပဲ" ဟု ပြန်ပြောလိုက်သည်။
"ဘာ... လူသေ ဟုတ်လား။ ကျွန်မကို နောက်နေတာလား"
အန်းယီမော့က အံ့သြတကြီး မေးလိုက်သည်။ "စောစောက အဲဒီလူ ပြေးသွားတာကို ကျွန်မ ကိုယ်တိုင် တွေ့လိုက်တာလေ။ ဘယ်လိုလုပ် လူသေ ဖြစ်နိုင်မှာလဲ"
သူမသည် သိုင်းလောက၏ အကြောင်းများကို နားမလည်သော သာမန်မိန်းကလေး တစ်ဦးသာ ဖြစ်သဖြင့် အလောင်းရုပ်သေးဆိုသည်မှာ ဘာလဲဆိုသည်ကို မသိရှိခြင်းမှာ မဆန်းပေ။
ယဲ့ပုဖန်က "လှုပ်ရှားနိုင်တဲ့သူတိုင်းက အသက်ရှင်နေတယ်လို့ မဆိုလိုသလို ငြိမ်နေတဲ့သူတိုင်းကလည်း သေနေတာ မဟုတ်ဘူး" ဟု ဆိုသည်။
အန်းယီမော့က "ရှင်ပြောချင်တာက အဲဒီလူက ဖုတ်ကောင်လိုမျိုးလား။ ဒါပေမဲ့ ဖုတ်ကောင်တွေက တောင့်တောင့်ကြီး မဟုတ်လား... အခုလူက လူကောင်းတစ်ယောက်လိုပဲ လှုပ်ရှားနိုင်တာလေ" ဟု မေးမြန်းလိုက်သည်။
ယဲ့ပုဖန်က ရှင်းပြလိုက်သည်။ "မင်း အလောင်းသန့်စင်ခြင်း အတတ် အကြောင်း ကြားဖူးလား။ အဲဒီအရာက အလောင်းသန့်စင်ခြင်း အတတ်နဲ့ ဖန်တီးထားတဲ့ အလောင်းရုပ်သေး တစ်ခုပဲ။ ဖုတ်ကောင်တွေနဲ့ လုံးဝ မတူဘူး။ သူတို့က ခန္ဓာကိုယ်က တောင့်တင်းခိုင်မာသလို သာမန်လူတွေထက်တောင် ပိုပြီး အစွမ်းထက်သေးတယ်"
"အလောင်းရုပ်သေး ဟုတ်လား..." အန်းယီမော့အတွက် ဤအမည်မှာ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်၏။
"ဒီအရာတွေမှာ အလောင်းအဆိပ်တွေ ရှိတယ်။ နောက်တစ်ခါ တွေ့ရင် သတိထားဦး... မဟုတ်ရင် အဆိပ် ကူးစက်ခံရနိုင်တယ်" ဟု ယဲ့ပုဖန်က သတိပေးလိုက်သည်။
အန်းယီမော့က ကြောက်လန့်တကြားဖြင့် "ဒါပေမဲ့ စောစောက သူ လှုပ်ရှားတာက အရမ်းသွက်ပြီး ပြင်းထန်တာပဲ။ သူက သိုင်းသမား တစ်ယောက်လိုပဲနော်..." ဟု ဆိုသည်။
ယဲ့ပုဖန်က "အလောင်းသန့်စင်ခြင်း အတတ်က ရွှမ်မန် ပညာရပ်တစ်ခု ဖြစ်ပြီး သူ့မှာ ထူးခြားချက်တွေ ရှိတယ်။ အလောင်းရုပ်သေးတွေကို အဆင့် ၅ ဆင့် ခွဲထားတယ်" ဟု ဆက်လက် ရှင်းပြသည်။
"အနိမ့်ဆုံးအဆင့်ကို သံအလောင်း ခေါ်ပြီး အဲဒီနောက်မှာ ကြေးအလောင်း ၊ ငွေအလောင်း ၊ ရွှေအလောင်းနဲ့ အစွမ်းအထက်ဆုံးကတော့ ကောင်းကင်အလောင်းတို့ ရှိတယ်။ စောစောကဟာက သံအလောင်းပဲ ရှိသေးပေမဲ့ မြေအဆင့် သိုင်းပညာရှင် တစ်ယောက်နဲ့ အစွမ်းချင်း တူတယ်"
အန်းယီမော့က အံ့သြတကြီး ရေရွတ်လိုက်သည်။ "အဲဒီလောက်တောင် အစွမ်းထက်တာလား..."
"ဟုတ်တယ်။ အလောင်းသန့်စင်တဲ့ အတတ်က အရမ်း ခက်ခဲပေမဲ့ အောင်မြင်သွားရင်တော့ အစွမ်းက အံ့မခန်းပဲ။ သံအလောင်းက မြေအဆင့်နဲ့ တူတယ်ဆိုပေမဲ့ တကယ့် တိုက်ပွဲမှာဆိုရင် မြေအဆင့် သိုင်းသမားတွေတောင် သူ့ကို မယှဉ်နိုင်တာ များတယ်။ ဘာလို့လဲဆိုတော့ သူတို့က စိတ်ပိုင်းဆိုင်ရာ ဖိအား မရှိတဲ့အပြင် ခန္ဓာကိုယ်ကလည်း အရမ်း မာကျောပြီး ဒဏ်ရာရတာကိုလည်း မကြောက်လို့ပဲ"
အန်းယီမော့က "ဒါက တကယ်ကို ကြောက်စရာကောင်းလိုက်တာ... ဒါပေမဲ့ သူတို့က မြေအဆင့်လောက်ပဲ ရှိတာဆိုရင် ရှင့်ကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး။ ဘာလို့ စောစောက သူတို့ကို လွှတ်ပေးလိုက်တာလဲ" ဟု မေးလိုက်သည်။
ယဲ့ပုဖန်က ပြုံးလိုက်ရင်း "အဲဒါက လွှတ်ပေးလိုက်တာ မဟုတ်ဘူး... သဲလွန်စ ချန်ထားခဲ့တာ။ ဒီနေ့ ဖြစ်သွားတာတွေကို ကြည့်ရင် တစ်ယောက်ယောက်က ငါတို့ကို တမင် ပစ်မှတ်ထားနေတာ သိသာတယ်။ ဒါကို အမြစ်ပြတ် သုတ်သင်ရမယ်... မဟုတ်ရင် ငါမရှိတဲ့အချိန်မှာ ဘာတွေ ထပ်ဖြစ်လာမလဲ မသိနိုင်ဘူး" ဟု ဆိုသည်။
"ငါ အဲဒီ သံအလောင်းပေါ်မှာ အမှတ်အသား တစ်ခု လုပ်ထားခဲ့တယ်။ ညမှောင်လာရင် အဲဒီအမှတ်အသားနောက်ကို လိုက်ပြီး နောက်ကွယ်က ကြိုးကိုင်သူကို ရှာပြီး အပြတ်ရှင်းပစ်မယ်"
အန်းယီမော့က "ဒါဆို ကျွန်မလည်း ရှင့်နဲ့အတူ လိုက်ခဲ့မယ်" ဟု ဆိုလိုက်သည်။
ယဲ့ပုဖန်က သူမကို ကြည့်ကာ ရယ်မောလိုက်ရင်း "မင်းက အဲဒီအရာတွေကို မကြောက်တော့ဘူးလား။ သူတို့ရဲ့ အသိုက်ကို ရောက်သွားရင် အဲဒီလိုမျိုးတွေ အများကြီး ရှိနေနိုင်တာနော်" ဟု ပြောလိုက်သည်။
အန်းယီမော့၏ မျက်နှာမှာ အနည်းငယ် ပျက်သွားသော်လည်း "ကြောက်တော့ ကြောက်တာပေါ့... ဒါပေမဲ့ ရှင့်တစ်ယောက်တည်းကိုတော့ အန္တရာယ်ထဲ မလွှတ်နိုင်ဘူး။ ရှင့်ဘေးမှာပဲ ရှိနေချင်တယ်" ဟု ဇွတ်ပြောတော့သည်။
ယဲ့ပုဖန်က သူမ၏ နဖူးကို အသာအယာ နမ်းလိုက်ကာ "မလိုပါဘူး... ငါ တစ်ယောက်တည်းနဲ့တင် လုံလောက်ပါတယ်" ဟု ဆိုသော်လည်း အန်းယီမော့ကမူ "မရဘူး... ကျွန်မ လိုက်မှာပဲ။ ကျွန်မက ရှင့်ကို ကူညီနိုင်မှာပါ" ဟု ဇွတ်တိုးနေလေတော့သည်။
"စိတ်မပူပါနဲ့... ငါ မင်းကို ပြောဖို့ မေ့သွားလို့။ ငါက အခု မြေကမ္ဘာအဆင့်ကို ရောက်နေပြီ။ ငါ မနိုင်ရင်တောင် လွတ်အောင်တော့ ထွက်ပြေးနိုင်စွမ်း ရှိတယ်"
"မြေကမ္ဘာအဆင့် ဟုတ်လား... ဘယ်တုန်းက တက်သွားတာလဲ"
ယဲ့ပုဖန်က "ယွီချွမ်တောင်မှာတုန်းက ဝိညာဉ်စမ်းရေကို စုပ်ယူပြီး အဆင့်တက်သွားတာလေ။ ကဲ... သွားကြစို့" ဟု ဆိုကာ အန်းယီမော့ကို ခေါ်၍ အပြင်သို့ ထွက်လာခဲ့သည်။
"ဘယ်ကို သွားမှာလဲ"
အန်းယီမော့က "ကျင့်စဉ်ကျင့်ဖို့ပေါ့" ဟု မျက်စိတစ်ချက် မှိတ်ပြကာ ဆိုသည်။
နာရီဝက်ခန့်အကြာတွင် သူတို့နှစ်ဦးမှာ ဘေးနားရှိ ကြယ်ငါးပွင့်အဆင့် ဟိုတယ်တစ်ခုသို့ ရောက်ရှိနေကြချေပြီ။ အခန်းထဲသို့ ရောက်သည်နှင့် အန်းယီမော့က "မြန်မြန်လုပ်... မိုးမချုပ်ခင် ကျွန်မကို မြေကမ္ဘာအဆင့် ရောက်အောင် ကူညီပေးဦး" ဟု ဆိုကာ ယဲ့ပုဖန်အပေါ်သို့ ခုန်အုပ်လိုက်လေတော့သည်။
---
အချိန်များမှာ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သည်။ တိမ်များရပ်ကာ မိုးများတိတ်သွားချိန်တွင် အန်းယီမော့မှာ အိပ်ရာပေါ်တွင် အမောတကော လဲလျောင်းနေခဲ့သည်။ သူမ၏ ဖြူဝင်းသော အသားအရေပေါ်တွင် ချွေးစက်လေးများ စိုရွှဲနေ၏။
သူမက ဇဝေဇဝါဖြင့် မေးလိုက်သည်။ "ဘာဖြစ်လို့လဲ... ကျွန်မရဲ့ ကျင့်ကြံမှုက ဘာလို့ အဆင့် မတက်တာလဲ"
ယဲ့ပုဖန်က ရယ်မောလိုက်ရင်း "မြေကမ္ဘာအဆင့်ဆိုတာက ဒီလောက် အလွယ်တကူ တက်လို့ရတာ မဟုတ်ဘူးလေ" ဟု ဆိုသည်။
အန်းယီမော့က စိတ်ကောက်ဟန်ဖြင့် "ဒါက တူနှစ်ကိုယ် ကျင့်ကြံခြင်း မဟုတ်ဘူးလား။ ရှင့်ကြောင့် အဆင့်တက်နိုင်ရမှာလေ။ ရှင် တစ်ခုခုကို ဖုံးကွယ်ထားပြီး ကျွန်မကို အဆင့်မတက်အောင် လုပ်နေတာ မဟုတ်လား" ဟု မေးလိုက်သည်။
"တူနှစ်ကိုယ် ကျင့်ကြံခြင်းက ကျင့်ကြံမှုကို မြန်မြန်တက်စေတာ မှန်ပေမဲ့ အရာအားလုံးကိုတော့ ဖြေရှင်းမပေးနိုင်ဘူး"
ယဲ့ပုဖန်က ဆက်ပြောသည်။ "အရင်တစ်ခါ မင်းကို သာမန်လူကနေ ကောင်းကင်အဆင့် ရောက်အောင် လုပ်ပေးနိုင်ခဲ့တာက ငါ မျက်လုံးသုံးလုံး မိုးကြိုးမြွေရဲ့ အတွင်းအမြုတေကို မှားယွင်း စုပ်ယူမိခဲ့လို့လေ။ အခုတော့ မတူတော့ဘူး။ မင်းရဲ့ ကျင့်ကြံမှု တိုးတက်လာပေမဲ့ အဆင့်တက်ဖို့ကတော့ လိုသေးတယ်"
အန်းယီမော့သည် စမ်းသပ်ကြည့်လိုက်သောအခါ သူမ၏ ကျင့်ကြံမှုမှာ တိုးတက်လာပြီး ကောင်းကင်အဆင့်၏ ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေကြောင်း သိလိုက်ရသည်။ မြေကမ္ဘာအဆင့်သို့ ရောက်ရန် ဆံခြည်တစ်မျှင်သာ လိုတော့သော်လည်း ထိုအတားအဆီးကို ကျော်ဖြတ်နိုင်ခြင်း မရှိသေးပေ။
ယဲ့ပုဖန်က အားပေးလိုက်သည်။ "ကျင့်ကြံခြင်းဆိုတာ တကယ်တော့ ခက်ခဲပါတယ်။ မင်းက အရင်က အဆင့်တွေ အမြန်တက်ခဲ့လို့ အခြေခံက မခိုင်မာသေးဘူး။ အခုလို အခြေခံကို ပြန်ညှိယူတာက မင်းအတွက် ပိုကောင်းပါတယ်"
ညမှောင်လာသောအခါ ယဲ့ပုဖန်သည် အန်းယီမော့ကို ဟိုတယ်တွင်သာ အနားယူခိုင်းခဲ့ပြီးနောက် တစ်ဦးတည်း ထွက်လာခဲ့သည်။
ကျန်းပေ့မြို့၏ မြောက်ဘက် ဆင်ခြေဖုံးအရပ်တွင် ရှေးဟောင်းဟန်နှင့် ခေတ်မီ ဇိမ်ခံဟန်တို့ ပေါင်းစပ်ထားသော ကြီးကျယ်ခမ်းနားသည့် စံအိမ်ကြီးတစ်ခု ရှိသည်။ ထိုစံအိမ်ကြီး၏ မြက်ခင်းပြင် အလယ်တွင် စားပွဲတစ်ခု ရှိနေပြီး အမျိုးသမီးတစ်ဦးမှာ ဝိုင်ခွက်ကို ကိုင်ကာ အေးအေးဆေးဆေး ထိုင်နေလေသည်။ သူမမှာ ပင့်ကူနက်မပင် ဖြစ်၏။
"စီအီးအိုလင်းကတော့ တကယ့်ကို စိတ်အေးလက်အေး ရှိလှချည်လား"
အမှောင်ရိပ်ထဲမှ ယဲ့ပုဖန်၏ ပုံရိပ် ထွက်ပေါ်လာသည်။ ပင့်ကူနက်မက အသာအယာ ပြုံးလိုက်ရင်း "မင်း ရောက်လာပြီပဲ... ငါ့ကို စိတ်မပျက်စေခဲ့ဘူး" ဟု ဆိုလေတော့သည်။
***