ဝမ်မိသားစု ခေါင်းဆောင်သည် ဝတ်ရုံဝတ်ထားသော ဝတုတ်တုတ် ကိုယ်တော်တစ်ပါးကို ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ဦးညွှတ်လိုက်သည်။
“အမိတာဘ။ ဒကာကြီးဝမ်... ဒီပစ္စည်းတွေ အားလုံးက မကောင်းတဲ့ အကျိုးဆက်တွေ ကပ်ငြိနေတယ်။ အဲ့ဒါတွေကြောင့်ပဲ ဒကာကြီးရဲ့ သားက မကောင်းဆိုးဝါးနဲ့ တွေ့ခဲ့ရတာ။ ဒီပစ္စည်းတွေကို ဒီတာအိုကိုယ်တော်ဆီမှာပဲ ထားခဲ့ပြီး ကိုင်တွယ်ခွင့် ပေးလိုက်ပါ။ မဟုတ်ရင် လူတွေ ပိုပြီး ဒုက္ခရောက်ကုန်လိမ့်မယ်”
ဝတုတ်တုတ် ကိုယ်တော်က အိမ်ဝင်းထဲရှိ ပစ္စည်းပုံကြီးကို လက်ညှိုးထိုးပြရင်း တည်ကြည်သော မျက်နှာဖြင့် ပြောလိုက်သည်။
“ဗျာ... ဟုတ်ကဲ့... ဒါဆိုရင်တော့ ဆရာကြီးကိုပဲ ဒုက္ခပေးရတော့မှာပဲ”
ကိုယ်တော်၏ စကားကို ကြားလိုက်ရသောအခါ ဝမ်မိသားစု ခေါင်းဆောင်မှာ ချက်ချင်းပင် ထိတ်လန့်သွားသည်။
သူသည် အစေခံများကို ပစ္စည်းအားလုံးကို ရထားလုံးပေါ်သို့ တင်ရန် အလျင်အမြန် ခိုင်းစေလိုက်သည်။
တစ်ချိန်တည်းမှာပင် သူက ကိုယ်တော်ကို လှည့်ကြည့်ကာ “ဆရာကြီး... ဒီပစ္စည်းတွေကို ကိုင်တွယ်လိုက်ရင် ကျွန်တော်တို့ ရွာက မစင်ကြယ်တဲ့ အရာတွေ ပျောက်သွားမှာ တကယ်ပဲလား” ဟု မေးမြန်းလိုက်သည်။
“ဟုတ်တာပေါ့။ ဒီတာအိုကိုယ်တော်က ဒီပစ္စည်းတွေကို ယူသွားပြီး ယတြာချေလိုက်ရင် ဒကာကြီးတို့ရဲ့ ဘေးအန္တရာယ်က အလိုလို ပြေပျောက်သွားပါလိမ့်မယ်”
ကိုယ်တော်သည် ဖြောင့်မတ်မှန်ကန်သော မျက်နှာထားဖြင့် ပြန်ပြောသည်။
“ကျေးဇူးတင်ပါတယ် ဆရာကြီး”
ဝမ်မိသားစု ခေါင်းဆောင်မှာ ဝမ်းသာအားရဖြင့် မျက်ရည်များ ဝဲလာကာ သူ့ကို အလျင်အမြန် ဦးညွှတ်လိုက်သည်။
“အမိတာဘ... မြတ်စွာဘုရားက ကရုဏာတော် ကြီးမားလှပါတယ်။ ဒီလောကမှာ ရှိတဲ့ မကောင်းမှုတွေကို သန့်စင်ပေးဖို့က ငါတို့ သာသနာ့ဝန်ထမ်းတွေရဲ့ တာဝန်ပဲ။ ဒကာကြီးဝမ်... အားနာနေဖို့ မလိုပါဘူး” ကိုယ်တော်က လက်အုပ်ချီလိုက်သည်။
ပစ္စည်းအားလုံး ရထားလုံးပေါ် ရောက်သွားသည်ကို မြင်သောအခါ သူက ဝမ်မိသားစု ခေါင်းဆောင်ကို နှုတ်ဆက်ကာ ထွက်ခွာရန် ပြင်လိုက်သည်။
ဝမ်မိသားစု၏ အိမ်တံခါးဝတွင် ဝိုင်းအုံနေသော လူအုပ်ကြီးထဲမှ အချို့က တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြသည်။
“ဒီကိုယ်တော်က လိမ်နေတာလား မသိဘူး။ အဲ့ဒီပစ္စည်းတွေက အများကြီး တန်တာကို။ သူက အလွယ်တကူပဲ ယူသွားတော့မှာလား”
“အေးလေ... ဝမ်မိသားစု ခေါင်းဆောင်က စိတ်ကောင်းရှိလွန်းတော့ အလိမ်ခံရတာ ဖြစ်ရမယ်”
ဝမ်မိသားစု ခေါင်းဆောင်မှာ တာတာရွာတွင် လူသိများသော အလှူဒါန ရက်ရောသူ တစ်ဦး ဖြစ်သည်။ သူ၏ မိသားစုမှာ ငွေကြေးနှင့် ရိက္ခာ အလွန်ချမ်းသာသည်။
သူ၏ ဘိုးဘေးများမှာ ချမ်းသာသော သူဌေးများ ဖြစ်ကြသည်ဟု ဆိုကြသည်။ သို့သော် သူ၏ လက်ထက်တွင်မူ စီးပွားရေးလောကအတွင်း တစ်ဦးနှင့်တစ်ဦး လှည့်ဖြားနေကြသည်ကို စိတ်ကုန်လာခဲ့သည်။
ထို့ကြောင့် သူသည် တာတာရွာသို့ လာရောက်ကာ အေးအေးချမ်းချမ်း နေထိုင်နေခြင်း ဖြစ်သည်။
ရွာသားများမှာ ဝမ်မိသားစု၏ ကျေးဇူးကို အနည်းနှင့်အများ ခံစားဖူးကြသဖြင့် ဝမ်မိသားစု ခေါင်းဆောင်ကို အလွန် လေးစားကြသည်။
ယခုအခါ သူ အလိမ်ခံနေရသည်ဟု သံသယဝင်လာကြသဖြင့် စိတ်မြန်လက်မြန် ရှိသော ရွာသားအချို့မှာ မနေနိုင်တော့ဘဲ ကိုယ်တော်ကို တားဆီးရန် ရှေ့သို့ တက်လာကြသည်။
“ဟိုက ကတုံး... အဲ့ဒီမှာတင် ရပ်လိုက်စမ်း”
လူအုပ်ထဲမှ ထွားကြိုင်းသော လူတစ်ယောက် ထွက်လာသည်။
“ပစ္စည်းတွေ အကုန် ထားခဲ့စမ်း။ ဝမ်မိသားစုကို လိမ်ဖို့ မကြိုးစားနဲ့”
တစ်ယောက်က စတင်လိုက်သည်နှင့် အခြားလူများလည်း ချက်ချင်း လိုက်လာကြတော့သည်။
“ဟုတ်တယ်။ ဝမ်မိသားစု ခေါင်းဆောင်က စိတ်ကောင်းရှိပေမဲ့ ငါတို့ကတော့ မင်းကို အလိမ်မခံနိုင်ဘူး”
လူအုပ်ကြီးက ဝိုင်းဝန်း ပြောဆိုနေကြသော်လည်း ကိုယ်တော်မှာ တုန်လှုပ်မှု မရှိပေ။ သူသည် လူအုပ်ရှေ့သို့ မကြောက်မရွံ့ လျှောက်လာပြီး လက်အုပ်ချီကာ ရှေ့ဆုံးမှ လူကို ပြောလိုက်သည်။ “အမိတာဘ။ တာအိုကိုယ်တော်တို့သည် မုသားမဆိုကြပါ။ ဒီတာအိုကိုယ်တော်က ဝမ်မိသားစု ခေါင်းဆောင်ကို ဘာလို့ လိမ်ရမှာလဲ”
“ဟွန်း... မင်းရဲ့ ဝဖြိုးနေတဲ့ ပုံစံကို ကြည့်ရုံနဲ့တင် တော်တော်လေး အမြတ်ထုတ်ထားမှန်း သိသာနေတာပဲ”
“မင်း ဝမ်မိသားစု ခေါင်းဆောင်ကို လိမ်လို့ ရချင်ရမယ်။ ဒါပေမဲ့ ဒီမှာ ရှိနေတဲ့ လူအားလုံးကိုတော့ လိမ်လို့ မရဘူး”
“ဟုတ်တယ်။ ငါတို့ ဒီအနီးအနားက ကိုယ်တော်ကျောင်းတွေ အကုန် ရောက်ဖူးတယ်။ မင်းကို တစ်ခါမှ မမြင်ဖူးဘူး”
“အလိမ်အညာပဲ။ သူ့ကို လွှတ်မပေးကြနဲ့”
ရွာသားများမှာ ပို၍ စုရုံးလာကြသည်။ အချို့ဆိုလျှင် အိမ်ပြန်ပြီး ပေါက်ပြားများပင် ယူလာကြသည်။ ယနေ့ ကိုယ်တော်မှာ တန်ဖိုးကြီး ပစ္စည်းများ ယူသွားဖို့ နေနေသာသာ အဝိုင်းခံရပြီး အရိုက်မခံရလျှင်ပင် ကံကောင်းလှပြီ ဖြစ်သည်။
ကိုယ်တော်မှာ ကြောက်ရွံ့သည့် အရိပ်အယောင် မရှိသေးပေ။ အပြန်အလှန်အားဖြင့် ဝမ်မိသားစု ခေါင်းဆောင်မှာမူ သူကိုယ်တိုင် အပြစ်ပေးခံနေရသကဲ့သို့ မျက်နှာ ပျက်နေရှာသည်။
သူသည် သက်ပြင်းတစ်ချက်ကို အရှည်ကြီး ချလိုက်ပြီး စိတ်ကို ထိန်းကာ ရှေ့သို့ ထွက်လာသည်။ “အားလုံးပဲ... ခဏလောက် နားထောင်ပေးကြပါ”
ဝမ်မိသားစု ခေါင်းဆောင် စကားပြောလိုက်သည်နှင့် ရွာသားများ ချက်ချင်း တိတ်ဆိတ်သွားကြသည်။
“အားလုံးပဲ... ဒီဆရာကြီးကို ကျွန်တော် ကိုယ်တိုင် မြို့တော်ကနေ ပင့်ဖိတ်ထားတာပါ။ သူ ကျွန်တော့်ကို မလိမ်ပါဘူးဆိုတာ စိတ်ချပေးကြပါ”
“ဆရာကြီး ကျွန်တော်တို့ ရွာက ဘေးအန္တရာယ်တွေကို ဖယ်ရှားပေးနိုင်ဖို့အတွက် လမ်းဖယ်ပေးကြပါဦး”
ဤစကားများသည် တောင်းပန်တိုးလျှိုးသည့် သဘော ပါဝင်နေသည်။ ထို့ကြောင့် ရွာသားများမှာ ဝမ်မိသားစု ခေါင်းဆောင်အတွက် ပို၍ပင် မခံမရပ်နိုင် ဖြစ်မိကြသည်။
“ဦးကြီးဝမ်... သင်ကတော့...”
“ကျွန်တော် အားလုံးကို တောင်းပန်ပါတယ်။ ကျွန်တော့် သားလိုမျိုး တခြား မိသားစုက ကလေးတွေ ဒုက္ခရောက်မှာကို ကျွန်တော် မမြင်ချင်တော့လို့ပါ”
လူအုပ်ကြီးက သူ့ကို ဖျောင်းဖျတော့မည့် အချိန်မှာပင် ဝမ်မိသားစု ခေါင်းဆောင်သည် ရှေ့တွင် ရပ်ကာ လူအုပ်ကြီးကို အလေးအနက် ဦးညွှတ်လိုက်သည်။
“ဒါကတော့...”
ဝမ်မိသားစု ခေါင်းဆောင်၏ ပြတ်သားသော သဘောထားကို မြင်လိုက်ရသောအခါ လူတိုင်းမှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ ဘာမှ ဆက်မပြောနိုင်တော့ပေ။
သူ အလိမ်ခံရနိုင်သည်ကို သိနေကြသော်လည်း ထိုငွေများသည် သူ၏ ငွေများသာ ဖြစ်ပြီး သူတို့နှင့် မဆိုင်ပေ။
သူတို့မှာ အလွန်အကျွံ ဝင်ရောက် စွက်ဖက်ပိုင်ခွင့် မရှိပေ။
“ဟူး... လမ်းဖယ်ပေးလိုက်ကြပါ” လူကြီးတစ်ယောက် ထွက်လာပြီး လူအုပ်ကို လူစုခွဲလိုက်သည်။
လူတိုင်းမှာ မတတ်သာတော့ပေ။ ဝတုတ်တုတ် ကိုယ်တော်က ငွေများ အပြည့်တင်ထားသော ရထားလုံးကို မောင်းနှင်သွားသည်ကို ကြည့်နေရုံသာ ရှိတော့သည်။
သို့သော် လူအုပ်ထဲတွင် ဖြူဖျော့ဖျော့နှင့် စိုရွှဲနေသော ပိန်ပိန်ပါးပါး လူငယ်လေးတစ်ယောက်က ထိုကိုယ်တော် ထွက်ခွာသွားသည်ကို စောင့်ကြည့်နေသည်ကိုမူ မည်သူမှ သတိမထားမိကြပေ။
“ဝိညာဉ်စွမ်းအင် လှိုင်းတွေလား။ အဲ့ဒီကိုယ်တော်က ပညာရှိမယ်လို့ မထင်ထားဘူး”
ပိန်ပိန်ပါးပါး လူငယ်လေးက တိုးတိုးလေး ရေရွတ်လိုက်ပြီး မျက်လုံးများ လန်တက်ကာ မြေပြင်ပေါ်သို့ ဘုန်းခနဲ လဲကျသွားသည်။
“ဟေ... လီလေး... မင်း ဘာဖြစ်တာလဲ”
“တစ်ယောက်ယောက် မြန်မြန် လာကြဦး။ လီလေး တစ်ခုခု ဖြစ်သွားပြီ ထင်တယ်”
အော်ဟစ်သံနှင့်အတူ လူတိုင်း၏ အာရုံမှာ မြေပြင်ပေါ် လဲနေသော ပိန်ပိန်ပါးပါး လူငယ်လေးထံသို့ ရောက်ရှိသွားသည်။
သူ၏ ခန္ဓာကိုယ်မှ ရေကွက်တစ်ခုမှာ စီးကျလာပြီး လူအုပ်ထဲမှ တဖြည်းဖြည်း ထွက်ခွာသွားသည်။
မှောင်ရိပ်ကျနေသော ထောင့်တစ်ခုသို့ ရောက်သောအခါ ထိုရေကွက်မှာ ရုတ်တရက် ပျံတက်လာပြီး ကလေးငယ်တစ်ဦး၏ အသွင်သို့ ပြောင်းလဲသွားသည်။
ကလေးငယ်၏ ခန္ဓာကိုယ်မှာ ကြည်လင်နေပြီး သူ၏ ခန္ဓာကိုယ် မျက်နှာပြင်ပေါ်တွင် မှေးမှိန်သော အလင်းတန်းလေးများ ရှိနေသည်။
သူကား လင်းချီယဲ့ ပင် ဖြစ်သည်။
“တောက်... လူနဲ့ သရဲက တကယ်ကို လမ်းကြောင်းချင်း မတူပါလား။ နာရီဝက်ပဲ ရှိသေးတာကို သူ မခံနိုင်တော့ဘူးပဲ”
လင်းချီယဲ့သည် လူအုပ်ကြီးက အလျင်အမြန် သယ်ဆောင်သွားသော ပိန်ပိန်ပါးပါး လူငယ်လေးကို ကြည့်ကာ စက္ကန့်ပိုင်းမျှ အားနာစိတ် ဖြစ်သွားမိသည်။
မနေ့ညက ရွာသားများက ဝမ်မိသားစု သခင်လေးကို ခေါ်ဆောင်ပြီး ထွက်ခွာသွားပြီးနောက်…
***