လင်းချီယဲ့သည် ဝတုတ်တုတ် ကိုယ်တော်ကို သံသယဖြင့် ကြည့်နေသော်လည်း ဆက်မလှုပ်ရှားတော့ပေ။ သူ၏ လက်ရှိ စွမ်းအားဖြင့် ကိုယ်တော်ကို ခုခံနိုင်မည် မဟုတ်ကြောင်း သူ သိသည်။
လင်းချီယဲ့က သူ့ကို စိုက်ကြည့်နေပြီး ထပ်မံ ထွက်ပြေးရန် မကြိုးစားတော့သည်ကို မြင်သောအခါ ဝတုတ်တုတ် ကိုယ်တော်က လက်အုပ်ချီကာ ဆက်ပြောသည်။ “ဒကာလေးငယ်... ဒကာလေးရဲ့ ဖခင်အရင်းရဲ့ အပ်နှံမှုကြောင့် ဒကာလေးရဲ့ ဝိညာဉ်ကို သန့်စင်ပေးဖို့ ရောက်လာတာပါ။ ဒါပေမဲ့ အခုတော့ အဲ့ဒီလို လုပ်ဖို့ မလိုတော့ဘူး ထင်တယ်”
ဖခင်အရင်း ဟုတ်လား။ ထိုစကားကို ကြားလိုက်ရချိန်တွင် လင်းချီယဲ့ မှင်တက်သွားသည်။
သူ့ဘဝတွင် သူ၏ ဖခင် မည်သို့ပုံစံရှိသည်ကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ သို့သော် ယခုအခါ သူ၏ ဖခင်က သူ၏ ဝိညာဉ်ကို သန့်စင်ရန် ဤကိုယ်တော်ကို ငှားရမ်းခဲ့ကြောင်း ကြားလိုက်ရသည်။
ဒါက ရိုးရှင်းသည့် ကိစ္စမဟုတ်သည်မှာ ထင်ရှားလှသည်။
သူ၏ အဖေဆိုသူက သူ သေဆုံးသွားသည်ကို သိနေသည်။
လင်းချီယဲ့သည် သူ့ကို မြစ်ထဲသို့ ပစ်ချခဲ့စဉ်က အမျိုးသမီး၏ စက်ဆုပ်ရွံရှာသော မျက်နှာထားကို သတိရလိုက်ပြီး တိတ်ဆိတ်သွားသည်။
ဘယ်လို မိဘမျိုးကများ မိမိရဲ့ ကလေးကို မြစ်ထဲပစ်ချပြီး သေအောင် လုပ်ရက်ရတာလဲ။
လင်းချီယဲ့ တိတ်ဆိတ်နေသည်ကို မြင်သောအခါ ဝတုတ်တုတ် ကိုယ်တော်က လင်းချီယဲ့၏ ခန္ဓာကိုယ်ပေါ်မှ မှေးမှိန်သော အလင်းလွှာလေးကို ခဏမျှ စိုက်ကြည့်နေသည်။ ထို့နောက် သူက ဖြည်းဖြည်းချင်း မေးလိုက်သည်။ “ဒကာလေးငယ်... နောက်ကွယ်မှာ ဘာတွေ ဖြစ်ခဲ့လဲဆိုတာ သိချင်နေတာလား”
လင်းချီယဲ့က ခေါင်းမော့ကာ ကိုယ်တော်ကို ကြည့်လိုက်သည်။
“ဆရာကြီး သိလို့လား”
ဝတုတ်တုတ် ကိုယ်တော်က ခေါင်းလှည့်ပြီး ကောင်းကင်ကို ကြည့်လိုက်သည်။ သူ၏ မျက်နှာမှာ သနားကရုဏာများဖြင့် ပြည့်နှက်နေသည်။
“အမိတာဘ။ ဒကာလေးငယ်... ဒါက ရှည်လျားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒီတာအိုကိုယ်တော်ရဲ့ ရှင်းပြချက်ကို နားထောင်ကြည့်ပါ”
ဝတုတ်တုတ် ကိုယ်တော်က ခဏမျှ စကားပလ္လင်ခံပြီးနောက် ဤအဖြစ်အပျက်၏ အကြောင်းရင်းကို ရှင်းပြသည်။
လင်းချီယဲ့၏ မွေးဖွားမှုမှာ တာတာရွာမှ ဝမ်မိသားစု ခေါင်းဆောင် ပြုလုပ်ခဲ့မိသော မှားယွင်းမှုတစ်ခု ဖြစ်နေကြောင်း သိလိုက်ရသည်။
လွန်ခဲ့သော ခြောက်လခန့်က တာတာရွာသို့ မကောင်းဆိုးဝါးများ ကျူးကျော်ဝင်ရောက်လာမှုကြောင့် အမှောင်စွမ်းအင်များကို ဖယ်ရှားရန် ဆရာတစ်ယောက်ကို ပင့်ဖိတ်ခဲ့သည်။
မကောင်းဆိုးဝါးများကို ရှင်းလင်းပြီးနောက် ဝမ်မိသားစု ခေါင်းဆောင်က ဂုဏ်ပြုသည့်အနေဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
ထိုနေ့က သူ အရက် အလွန်အကျွံ သောက်မိ၍လား မသိသော်လည်း ဝမ်မိသားစု ခေါင်းဆောင်မှာ မူးယစ်ဝေဒနာဖြင့် ရွာထဲမှ တစ်ကိုယ်တည်းနေ အမျိုးသမီးတစ်ဦးနှင့် အတူရှိခဲ့မိသည်။
အဖြစ်အပျက်ပြီးနောက် ထိုကိစ္စ ပေါက်ကြားသွားမည်ကို စိုးရိမ်သဖြင့် သူက ထိုအမျိုးသမီးကို ကူညီပေးပြီး ဘယ်သူ့ကိုမှ မပြောရန် မှာကြားခဲ့သည်။
ထိုအမျိုးသမီးမှာ ဝမ်မိသားစု ခေါင်းဆောင်၏ စောင့်ရှောက်မှုကို အမြဲ ခံယူနေရသူ ဖြစ်သဖြင့် ကျေးဇူးတင်ရှိကာ ထိုကိစ္စကို လျှို့ဝှက်ချက်အဖြစ် ထားရှိခဲ့သည်။
သို့သော် ကံမကောင်းစွာဖြင့် ထိုအမျိုးသမီးတွင် ကိုယ်ဝန်ရရှိသွားသည်။ သူမ၏ ဗိုက်မှာ တစ်နေ့ထက်တစ်နေ့ ကြီးထွားလာသည်ကို မြင်သောအခါ အိမ်နီးနားချင်းများက သူမ၏ ပုံမှန်မဟုတ်မှုကို သတိထားမိလာကြသည်။
ရွာထဲတွင် ကောလာဟလ အမျိုးမျိုး ပြန့်နှံ့လာတော့သည်။
သူမ၏ ကိုယ်ဝန်ကို ဖုံးကွယ်ထား၍ မရတော့ဘဲ ကလေး၏ ဖခင်မှာလည်း ရွာသားများကြားတွင် အဓိက ပြောစရာ ဖြစ်လာသည်။
လူအများအပြားကို သံသယဝင်ခဲ့ကြသော်လည်း မည်သူကမျှ ဝမ်မိသားစု ခေါင်းဆောင်ကိုမူ သံသယ မဝင်ခဲ့ကြပေ။
မည်သို့ပင်ဖြစ်စေ သူ၏ ကြင်နာမှုမှာ အနီးနားရှိ ရွာများအားလုံးတွင် ကျော်ကြားလှသဖြင့် ရွာသားများက သူ့ကို ဘယ်တော့မှ သံသယဝင်မည် မဟုတ်ပေ။
သို့သော် ဤနည်းဖြင့် ကိုယ်ဝန်ဆောင် အမျိုးသမီးမှာ ရွာသားများ၏ ပါးစပ်ထဲတွင် အကျင့်ပျက်သူတစ်ဦး ဖြစ်လာခဲ့သည်။ တစ်ညတည်းနှင့်ပင် သူမသည် လူတိုင်း၏ စက်ဆုပ်ရွံရှာမှုကို ခံရသည့် ပစ်မှတ် ဖြစ်သွားခဲ့သည်။
ထိုအမျိုးသမီးမှာ အရှက်ရမှုကို မခံစားနိုင်သဖြင့် ကလေးကို ဖျက်ချရန် ကြံစည်ခဲ့သော်လည်း သူမ၏ ခန္ဓာကိုယ်မှာ အလွန် အားနည်းနေသဖြင့် ကိုယ်ဝန်ဖျက်ဆေး မသောက်ရန် တားမြစ်ခံခဲ့ရသည်။ မဟုတ်လျှင် သူမ၏ အသက်ပါ ဆုံးရှုံးသွားနိုင်သည်။
ဝမ်မိသားစု ခေါင်းဆောင်မှာ သူမ ဒုက္ခရောက်နေသည်ကို မကြည့်ရက်သဖြင့် သူမကို ရှာဖွေကာ ခန္ဓာကိုယ်ကို အရင် ဂရုစိုက်ရန် ပြောခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် လအနည်းငယ် ကုန်ဆုံးသွားသည်။
ကလေး၏ ဖွံ့ဖြိုးမှုနှုန်းမှာ ပုံမှန်ထက် များစွာ ပိုမိုမြန်ဆန်လိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။ ခြောက်လအတွင်းမှာပင် ၎င်းမှာ ပြည့်စုံသွားပြီး မွေးဖွားတော့မည့် အခြေအနေသို့ ရောက်ရှိလာသည်။
ထိုအမျိုးသမီးမှာ ပြင်ဆင်မှု မရှိဘဲ သူမ၏ အိမ်ဝင်းအတွင်းမှာပင် သားလေးတစ်ယောက်ကို မွေးဖွားခဲ့သည်။ ဤကိစ္စမှာ ရွာတစ်ရွာလုံးသို့ လျင်မြန်စွာ ပြန့်နှံ့သွားသည်။
လူအများ၏ ဝေဖန်မှုကို ခံနေရပြီးသား ဖြစ်သော ထိုအမျိုးသမီးမှာ သက်ကြီးရွယ်အို အမျိုးသမီးအုပ်စု၏ ကဲ့ရဲ့ရှုံ့ချမှုကို ခံရပြန်သည်။
သူတို့က သူမကို မြူဆွယ်တတ်သူ၊ အရှက်မရှိသူ၊ အညတရ စသည်ဖြင့် ရုန့်ရင်းကြမ်းတမ်းသော စကားလုံးများဖြင့် တိုက်ခိုက်ခဲ့ကြသည်။
ထိုအမျိုးသမီးမှာ မခံစားနိုင်တော့ဘဲ နောက်ဆုံးတွင် စိတ်ဓာတ်ကျဆင်းသွားကာ ကလေးကို မြစ်ထဲသို့ ပစ်ချပြီး သေအောင် လုပ်ခဲ့သည်။
ထို့နောက်တွင် ထိုအမျိုးသမီးမှာ ပျောက်ကွယ်သွားခဲ့သည်။ မြစ်ထဲတွင် သေဆုံးသွားခဲ့သော ကလေးမှာ နောက်ဆုံးတွင် သရဲအဖြစ် ပြောင်းလဲသွားသည့် လင်းချီယဲ့ ပင် ဖြစ်သည်။
“ဒါပါပဲ။ ဝမ်မိသားစု ခေါင်းဆောင်က ဒီအကြောင်းကို သိသွားပြီးနောက် ဒကာလေးက အာဃာတတွေ သိုအောင်းပြီး မကောင်းဆိုးဝါးအဖြစ် ပြောင်းလဲသွားမှာကို စိုးရိမ်ခဲ့တယ်။ ဒါကြောင့် ဒီတာအိုကိုယ်တော်ဆီကို အရေးပေါ် သတင်းပို့ပြီး ဒကာလေးရဲ့ ဝိညာဉ်ကို သန့်စင်ပေးဖို့ တောင်းဆိုခဲ့တာပါ”
“...” ဝတုတ်တုတ် ကိုယ်တော်၏ စကားကို ကြားရပြီးနောက် လင်းချီယဲ့မှာ ဆွံ့အသွားသည်။
သူသည် ရွာထဲမှ ‘မဟာ အလှူရှင်ကြီး’ ၏ ကလေး ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့မိသလို သူ၏ ကံကြမ္မာမှာလည်း ဤမျှ ဒရာမာဆန်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
“ဒါဆို... အခု ဘာလို့ ကျွန်တော့်ကို တမလွန်ကို မပို့တော့တာလဲ”
လင်းချီယဲ့က ဝတုတ်တုတ် ကိုယ်တော်ကို ဇဝေဇဝါဖြင့် မေးလိုက်သည်။
“အမိတာဘ” ဝတုတ်တုတ် ကိုယ်တော်က ကြင်နာသော မျက်နှာထားဖြင့် ပြောသည်။
“ဒကာလေးရဲ့ ခန္ဓာကိုယ်ကို ကာကွယ်ပေးထားတဲ့ မွေးရာပါ အားအင် တွေကို ဒီတာအိုကိုယ်တော် မြင်နိုင်ပါတယ်။ ဒကာလေးက မကောင်းတဲ့ အတွေးအခေါ်တွေရဲ့ တိုက်စားမှုကို ထိန်းချုပ်ထားနိုင်ပြီး မကောင်းဆိုးဝါးအဖြစ် ထပ်ပြီး ပျက်စီးသွားမှာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်”
လင်းချီယဲ့ တိတ်ဆိတ်နေမိသည်။ အမှန်တကယ်ပင် သူသည် အာဃာတတရားများ၏ ကျူးကျော်မှုကို ခုခံရန်အတွက် ‘မသေမျိုး သိစိတ်ဝိညာဉ်’ ကို ကျင့်ကြံနေခဲ့သည်။
သူ၏ စိတ်စွမ်းအားများ ပိုမို အားကောင်းလာသောကြောင့် ‘တာအို သိုလှောင်ခြင်း နည်းစနစ်’ မှာ အလိုအလျောက် လည်ပတ်နေနိုင်ခဲ့သည်။ သူ အလေးအနက် မကျင့်ကြံလျှင်ပင် မွေးရာပါ အားအင်များကို အလွယ်တကူ စုဆောင်းနိုင်သည်။
ထိုသို့ စဉ်းစားမိသောအခါ လင်းချီယဲ့မှာ ဝမ်းသာမဆုံး ဖြစ်သွားသည်။
သူ စောစောစီးစီး ကျင့်ကြံခဲ့မိခြင်းမှာ ကောင်းသော ကိစ္စဖြစ်သည်။ မဟုတ်လျှင် ရက်အနည်းငယ်အကြာတွင် ဝတုတ်တုတ် ကိုယ်တော်၏ တမလွန်သို့ သန့်စင်ပို့ဆောင်ခြင်းကို ခံရပေလိမ့်မည်။
“ဒကာလေးရဲ့ နောက်ထပ် အစီအစဉ်က ဘာလဲဆိုတာ သိပါရစေ” ဝတုတ်တုတ် ကိုယ်တော်က ရုတ်တရက် မေးလိုက်သည်။
လင်းချီယဲ့မှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။ ဤကိုယ်တော်က သူ့အပေါ် အလွန်အကျွံ အာရုံစိုက်နေပုံရသည်။
ဤလောကတွင် မကောင်းဆိုးဝါး ပေါင်းသောင်းခြောက်ထောင် ရှိနေသည်ဖြစ်ရာ ကိုယ်တော်က သူ့အပေါ်၌ ဤမျှ အချိန်ဖြုန်းနေခြင်းမှာ ထူးဆန်းလှသည်။
သူက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။ “ဘာလုပ်စရာ ရှိဦးမှာလဲ။ ကောင်းမှုတွေ များများလုပ်ပြီး ကုသိုလ်တွေ စုဆောင်းမယ်။ အမြန်ဆုံး ကောင်းမွန်တဲ့ ရလဒ်တစ်ခု ရအောင် ကြိုးစားမှာပေါ့”
***