"ဂတ်စတာ ဆာနူး မာလီဘီ" မိန်းကလေးက ပြောလိုက်ပြီး လုံချန်း၏ မျက်နှာကို လက်ညှိုးညွှန်ပြကာ သူ့ကို ကြည့်လိုက်သည်။
လုံချန်းသည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီးနောက် သက်ပြင်းရှည်ကြီး ချလိုက်သည်။
"ကြည့်စမ်းပါဦး မမလေးရယ်... ကျွန်တော် တစ်ကြိမ်မက အခါတစ်ရာမက ပြောပြီးပါပြီ။ မင်းပြောတာတွေကို တစ်လုံးမှ နားမလည်ပါဘူးဆိုမှ။ ပြီးတော့ အချိန်တိုအတွင်းမှာလည်း တတ်လာမှာ မဟုတ်ဘူး" လုံချန်းက မျက်မှောင်ကြုတ်ကာ စိတ်ပျက်လက်ပျက် ပြောလိုက်သည်။ သူ ဘာလို့ ရှင်းပြဖို့ ကြိုးစားနေမိသလဲဆိုသည်ကိုပင် သူကိုယ်တိုင် မသိတော့ပေ၊ အကြောင်းမှာ ထိုမိန်းကလေး၏ ခေါင်းထဲသို့ ဘာမှဝင်မည်မဟုတ်သည်ကို သူ သိနေသောကြောင့်ပင်။ အချိန်ဖြုန်းနေသလိုသာ သူ ခံစားနေရသည်။
ယခုတစ်ကြိမ်တွင်မူ မိန်းကလေးက ဘာမှပြန်မပြောပေ။ ထိုအစား သူမသည် လုံချန်းအနားသို့ တိုးကပ်လာပြီး ဘေးတွင်ဝင်ထိုင်ကာ သူ့ကို စိုက်ကြည့်နေသည်။
"မင်း ငါ့ကို တကယ်ပဲ အလိုရှိနေတာတော့ မဟုတ်ပါဘူးနော်" သူမ အနားမှာ လာထိုင်သဖြင့် လုံချန်းက ဇဝေဇဝါဖြင့် မေးလိုက်သည်။ သူမ သူ့ကို အရင်က တစ်ကြိမ် နမ်းခဲ့ဖူးသဖြင့် လုံချန်းမှာ အနည်းငယ် သံသယဝင်နေမိသည်။ ထိုမိန်းကလေးက သူ့ကို တကယ် သဘောကျနေတာလားဟု သူ တွေးနေမိသည်။
အမျိုးသမီးသည် သူမ၏ မျက်နှာကို လုံချန်း၏ မျက်နှာအနားသို့ ထပ်မံတိုးကပ်လာပြီး သူ့ကို နမ်းလိုက်ပြန်သည်။
'ဒီမှာ ဘာတွေ ဖြစ်နေတာလဲ။ သူတို့က မင်းသမီးနဲ့ ငါ့ကို လက်ထပ်ပေးတော့မလို့လား' လုံချန်းက တွေးတောနေမိသော်လည်း မိန်းကလေးကို တွန်းမထုတ်ခဲ့ပေ။ 'ဒါက ဒီနေရာနဲ့ တစ်သားတည်းဖြစ်အောင် လုပ်ဖို့နဲ့ ငါလိုအပ်တာကို ရှာဖို့အတွက် အခွင့်အရေးတစ်ခု ဖြစ်နိုင်တာပဲ'
သူမကို တွန်းထုတ်မည့်အစား လုံချန်းသည် သူမ၏ ကျောပြင်ကို ပွေ့ဖက်ကာ ပြန်လည် နမ်းရှိုက်လိုက်သည်။
ထူးဆန်းသည်မှာ ယခုတစ်ကြိမ်တွင်မူ မိန်းကလေးက သူ့ကို ပြန်လည် တွန်းထုတ်လိုက်ခြင်း ဖြစ်သည်။
"ဟေး... မင်းပဲ ငါ့ကို အရင် စ,နမ်းတာလေ" လုံချန်းက သူမကို ကြည့်ကာ ပြောလိုက်သည်။
"အဲဒါက နားလည်အောင် လုပ်တာပါ" မိန်းကလေးက သူ့ကို မျက်စောင်းထိုးရင်း ပြန်ပြောသည်။
"ဘာကို နားလည်အောင်လဲ။ မင်းက ဘယ်သူ့ကိုမဆို ဒီလောက် လွယ်လွယ်နဲ့... နေဦး၊ နေဦး၊ မင်း အခု ငါ့ဘာသာစကားနဲ့ ပြောလိုက်တာလား" လုံချန်းက မှင်သက်သွားသော မျက်နှာထားဖြင့် မေးလိုက်သည်။
"ဟုတ်တယ်။ နင့်ရဲ့ ဘာသာစကားနဲ့ ပြောလိုက်တာ။ အဲဒါကြောင့်လည်း ငါ နင့်ကို နှစ်ကြိမ် နမ်းခဲ့တာပေါ့" မိန်းကလေးက ဆိုသည်။
"နမ်းတာက တခြားသူတွေရဲ့ ဘာသာစကားကို နားလည်အောင် ကူညီပေးနိုင်တာလား" လုံချန်းက မေးလိုက်သည်။
"မဟုတ်ရင် ရုပ်ဆိုးတဲ့ ယောကျ်ားတစ်ယောက်ကို ငါက ဘာလို့ နမ်းမယ်လို့ နင် ထင်နေတာလဲ။ ငါ့အမေဆီကနေ ခွင့်ပြုချက်ရအောင် ငါ ဘယ်လောက် ကြိုးစားခဲ့ရလဲ သိလား၊ ဘာလို့လဲဆိုတော့ ငါနဲ့ ငါ့အမေမှာပဲ ဒီစွမ်းအား ရှိတာလေ။ ဒါတွေ အကုန်လုံးက နင့်ရဲ့ ဘာသာစကားကို သင်ယူဖို့အတွက်ပဲ" မိန်းကလေးက မျက်လုံးလေး ကလည်ကလည် လုပ်ရင်း ပြောလိုက်သည်။
'ဩော်... အခု သူ ပြောပြမှပဲ ငါ သတိရတော့တယ်။ ဟင်းလင်းပြင်တွေကြားမှာ ရှိတဲ့ နယ်ပယ်အသီးသီးထဲမှာ ထူးဆန်းတဲ့ စွမ်းအားတွေ ရှိကြတဲ့ မျိုးနွယ်စုတွေ နေထိုင်ကြတယ်လို့ ငါ တစ်ခါ ကြားဖူးတယ်။ ငါ ကြားဖူးတဲ့ စွမ်းအားတွေထဲက တစ်ခုကတော့ အနမ်းကတစ်ဆင့် တခြားမျိုးနွယ်စုတွေရဲ့ ဘာသာစကားကို သင်ယူနိုင်တာပဲ' ရွှင်းက လုံချန်းကို ရုတ်တရက် ပြောလိုက်သည်။
'တော်လိုက်တာ ရွှင်းရယ်... သိပ်မြန်တာပဲ' လုံချန်းက နောက်ပြောင်ကာ ပြန်ပြောလိုက်သည်။
"ကဲ... ပြောပြရဦးမယ်၊ ငါ့တို့ဆီမှာဆို ငါ့ကို လူချောလို့ ခေါ်ကြတာ။ မင်းရဲ့ ချောတာနဲ့ ရုပ်ဆိုးတာ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေက လွဲနေပြီထင်တယ်" လုံချန်းက မိန်းကလေးကို ခေါင်းခါရင်း ပြန်ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ်၊ အခု မင်း နားလည်သွားတာ ကောင်းပါတယ်။ ငါ ဘယ်ရောက်နေတာလဲ ပြောပြဦး။ နောက်ပြီး မင်းနာမည်က ဘယ်သူလဲ" လုံချန်းက မေးလိုက်သည်။
"နင် ငါတို့ရဲ့ နယ်မြေထဲ ရောက်နေတာ။ ငါ့မေးခွန်းတွေကို နင် အရင်ဖြေရမယ်။ နင်က ဘယ်သူလဲ။ နင်က သူတို့နဲ့ တူသလိုလို ရှိပေမဲ့ တောင်ပံတွေရော နားရွက်တွေရော မပါဘူး" မိန်းကလေးက ပြန်မေးသည်။
"ကောင်းပြီလေ။ မင်းက အိမ်ရှင်ဆိုတော့ မင်းရဲ့ မေးခွန်းကို ငါ အရင်ဖြေမယ်၊ ပြီးမှ ငါ့ကို ပြန်ဖြေပေါ့" လုံချန်းက ပြောလိုက်ပြီးနောက် ရှင်းပြချက်အချို့ကို စတင်ပြောဆိုတော့သည်။
"ငါ့နာမည်က လုံချန်း။ ငါက တခြားကမ္ဘာတစ်ခုက လာတာ။ တခြားကမ္ဘာတစ်ခုကို ခရီးသွားနေရင်း မတော်တဆ ဒီနေရာကို ရောက်လာတာပဲ။ ဒီနေရာက ဘယ်နေရာလဲ ငါ အတိအကျ မသိပေမဲ့ ဟင်းလင်းပြင်တွေရဲ့ ကြားထဲက တစ်နေရာ ဖြစ်ပုံရတယ်" သူ ရှင်းပြသည်။
"ကဲ... အခု ငါ့မေးခွန်းကို ဖြေဦး။ မင်းက ဘယ်သူလဲ၊ ငါက ဘယ်ရောက်နေတာလဲ"
"တခြားကမ္ဘာက လာတဲ့သူ ဟုတ်လား။ မယုံနိုင်စရာပဲ" မိန်းကလေးက သံသယမျက်လုံးများဖြင့် ပြန်ပြောသည်။
"ဒီနေရာမှာ ငါနဲ့တူတဲ့သူ တစ်ခါမှ မမြင်ဖူးဘူးလို့ မင်းပဲ ပြောခဲ့တာလေ။ အနည်းဆုံးတော့ ငါက ဒီက မဟုတ်ဘူးဆိုတာကို မင်း သံသယ မရှိသင့်ပါဘူး။ ကဲ... မေးခွန်းကို ဖြေပါဦး မိန်းကလေးရယ်" လုံချန်းက သူမကို ကြည့်ကာ ပြောလိုက်သည်။
"ငါ့နာမည်က မင်လန်။ နင် အခု ရောက်နေတာက အမှောင်နတ်မိမယ်များရဲ့ နယ်မြေပဲ" မိန်းကလေးက ဖြေသည်။
"မမှောင်နတ်မိမယ်တွေရဲ့ နယ်မြေ ဟုတ်လား။ မင်းတို့ဆီမှာ ငါ့ကို အိမ်ပြန်နိုင်အောင် ကူညီပေးမယ့် ဟင်းလင်းပြင်နဲ့ ပတ်သက်တဲ့ အရာတစ်ခုခု ရှိလား။ ငါ ကြိုးစားကြည့်ပေမဲ့ ဒီမှာ ပိတ်မိနေတယ်။ ဟင်းလင်းပြင်နဲ့ ပတ်သက်တဲ့ အရာတစ်ခုခု လိုအပ်မယ် ထင်တယ်။ အပင်ပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ်ပေါ့။ အဲဒီလိုမျိုး တစ်ခုခုအကြောင်း မင်း သိသလား" လုံချန်းက မေးသည်။
"ဟင်းလင်းပြင်လား။ အဲဒါနဲ့ ပတ်သက်တာ တစ်ခုတော့ ငါ သိတယ်။ ဒါပေမဲ့ ငါက နင့်ကို ဘာလို့ ကူညီရမှာလဲ" မိန်းကလေးက သူ့ကို ကြည့်ကာ မေးသည်။
"အင်း... ကောင်းမှုတစ်ခု လုပ်တယ်လို့ပဲ သဘောထားလိုက်ပါကွာ။ မင်းက လူဆိုးတစ်ယောက် မဟုတ်ပုံရပါဘူး။ ငါ မပြန်ခင် မင်းကို လက်ဆောင် ကောင်းကောင်းတစ်ခု ပေးခဲ့ပါ့မယ်" လုံချန်းက ဆိုသည်။
"ဒါဆို နင်က ဒီနယ်မြေအကြောင်း တကယ်ပဲ ဘာမှမသိဘူးပေါ့" မိန်းကလေးက သူ့ကို ထပ်မံ မေးမြန်းသည်။
"ငါ သိတာက ဒါ အမှောင်နတ်မိမယ်တွေရဲ့ နယ်မြေဆိုတာပဲ၊ အဲဒါတောင် မင်း ပြောပြလို့ သိရတာ" လုံချန်းက ပြန်ဖြေသည်။
"ငါက ရန်သူလည်း မဟုတ်ဘူး၊ လူဆိုးလည်း မဟုတ်ဘူးဆိုတာ ငါ ကတိပေးပါတယ်။ ငါ အလိုရှိတာက ဒီနေရာကနေ ထွက်သွားပြီး အိမ်ပြန်ဖို့ပဲ။ ငါ့ကို ကူညီပါ" လုံချန်းက သူမ၏လက်ကို ကိုင်ကာ အပြစ်ကင်းစင်သော မျက်လုံးများဖြင့် ကြည့်ရင်း ပြောလိုက်သည်။
"ငါ့အမေနဲ့ အရင် တိုင်ပင်လိုက်ဦးမယ်။ အဲဒီအချိန်အတွင်းမှာ ဒီမှာပဲ နေပြီး ပြဿနာ မရှာနဲ့ဦး" မိန်းကလေးက ထွက်သွားရန် ပြင်လိုက်သည်။
သူမ ထွက်သွားခါနီးတွင် နောက်သို့ ပြန်လှည့်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
"နင် လက်တွေကို ဘယ်လို ဖြည်လိုက်တာလဲ" သူမက မေးသည်။
"ကြိုးကြောင့် ငါ့လက် နာလို့ ငါ ဖြည်လိုက်တာပါ။ ငါ ဘာမှ မလုပ်ပါဘူး။ လူလိမ္မာလေးလိုပဲ ဒီမှာ ထိုင်နေပါ့မယ်" လုံချန်းက ကလေးလေးတစ်ယောက်ကဲ့သို့ လက်ကလေးကို ဒူးပေါ်တင်ကာ ခုတင်ပေါ်တွင် ထိုင်ရင်း ပြောလိုက်သည်။
မိန်းကလေးသည် သူ့ကို ခေတ္တမျှ စိုက်ကြည့်ပြီးနောက် အခန်းထဲမှ ထွက်သွားကာ တံခါးပိတ်လိုက်တော့သည်။
"သူသာ ငါ့ကို ကူညီရင်တော့ သိပ်ကောင်းမှာပဲ။ ဒါဆိုရင် အရာအားလုံးက ပိုလွယ်သွားလိမ့်မယ်" လုံချန်းက ခုတင်ပေါ်တွင် လှဲလျောင်းရင်း ရေရွတ်လိုက်သည်။
"ရွှင်း... နင် အမှောင်နတ်မိမယ်တွေအကြောင်း သိလား" လုံချန်းက မေးလိုက်သည်။
"ဟင့်အင်း၊ ဟင်းလင်းပြင်တွေကြားက နယ်ပယ်တွေနဲ့ အဲဒီမှာ နေထိုင်တဲ့ မျိုးနွယ်စုတွေအကြောင်း ဝေဝေဝါးဝါးလောက်ပဲ ကြားဖူးတာ။ အင်အားကြီးတဲ့ မျိုးနွယ်စု အချို့ရဲ့ နာမည်နဲ့ ဝိသေသတွေကိုပဲ သိတာ၊ ဒီအမှောင်နတ်မိမယ်တွေကတော့ အဲဒီထဲမှာ မပါဘူးထင်တယ်၊ ငါ မသိဘူးလေ" ရွှင်းက ပြန်ဖြေသည်။
"သူတို့က လူကောင်းတွေ ဖြစ်ပုံရပါတယ်။ ငါ့ကို သတိလစ်အောင် လုပ်တာကလွဲရင် တကယ်တမ်း အန္တရာယ်ပြုဖို့ မကြိုးစားကြဘူး" လုံချန်းက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
"အိုး... ဒါနဲ့ နင် ဘာလို့ အပြင်ကို မထွက်လာတာလဲ။ ငါ့ကို ကြောက်သွားပြီလို့တော့ မပြောနဲ့နော်" လုံချန်းက ရွှင်းသည် စကားသာ ပြန်ပြောနေပြီး သူ့ရှေ့တွင် ပေါ်မလာသည်ကို သတိပြုမိသဖြင့် ပြောလိုက်လေတော့သည်။
***