"ငါ အပြင်ထွက်လာဖို့ အကြောင်း မရှိဘူး" ရွှင်းက ခပ်အေးအေး လေသံဖြင့် ပြန်ဖြေသည်။
"ဒါနဲ့... သူပြောတာတွေကို နင် တကယ်ယုံလို့လား" သူမက လုံချန်းကို မေးလိုက်သည်။
"တစ်ရာရာခိုင်နှုန်းတော့ မဟုတ်ဘူး၊ ဒါပေမဲ့ သူပြောတာ အတော်များများကတော့ ယုံကြည်ရပါတယ်။ ဟင်းလင်းပြင်နဲ့ ပတ်သက်တဲ့ အရာရှိတယ်ဆိုတာကိုတော့ သံသယရှိနေတုန်းပဲ။ သူ တကယ်ပြောတာလား၊ လိမ်တာလားဆိုတာတော့ မကြာခင် သိရမှာပေါ့" လုံချန်းက ခေါင်းခါရင်း ပြန်ပြောသည်။
"ဟုတ်တယ်... သူက နင့်ကို အန္တရာယ်ပြုမယ့် ပုံတော့ မပေါ်ပါဘူး၊ ဒါပေမဲ့ အရာအားလုံးက အရမ်းရိုးရှင်းလွန်းနေသလိုပဲ။ သူတို့က ဘာအကြောင်းပြချက်မှ မရှိဘဲနဲ့ ဒီလို သူစိမ်းတစ်ယောက်ကို ဘာလို့ ကူညီမှာလဲ။ အထူးသဖြင့် တခြားမျိုးနွယ်စုက လူတစ်ယောက်ကိုလေ။ တစ်ခုခုတော့ လွဲနေပြီထင်တယ်" ရွှင်းက သူမဘာသာ တွေးတောနေသကဲ့သို့ ပြောလိုက်သည်။
လုံချန်းသည် မတ်တပ်ရပ်ကာ တံခါးဆီသို့ လျှောက်သွားပြီး ဖွင့်ကြည့်လိုက်ရာ သော့ခတ်ထားကြောင်း တွေ့လိုက်ရသည်။
"ထင်တဲ့အတိုင်းပါပဲ" လုံချန်းက ရေရွတ်လိုက်ပြီး ခုတင်ဆီသို့ ပြန်လျှောက်လာသည်။
"ဘာပဲဖြစ်ဖြစ်... နင့်မေးခွန်းကို ဖြေရရင်တော့၊ သူတို့က အကြောင်းမဲ့သက်သက် သူစိမ်းတစ်ယောက်ကို ကူညီမှာ မဟုတ်ဘူး။ ဘယ်သူမှ အဲဒီလောက်အထိ စိတ်ကောင်းမရှိကြပါဘူး။ အထူးသဖြင့် တခြားမျိုးနွယ်စုက သူစိမ်းတစ်ယောက်ကို နမ်းတဲ့အထိတော့ စိတ်ကောင်းရှိမှာ မဟုတ်ဘူးလေ။ သူတို့လည်း ငါ့ဆီက တစ်ခုခု လိုချင်နေတာ ဖြစ်ရမယ်။ အဲဒါ ငါတွေးမိတဲ့ အချက်ပဲ" လုံချန်းက ဆိုသည်။
"ငါလည်း အဲဒီလိုပဲ ထင်တယ်။ ဒီမှာ မြင်ရသမျှက အရာအားလုံးက လှပပြီး အပြစ်ကင်းစင်နေတာ မဟုတ်နိုင်ဘူး။ ဒီလို နေရာမျိုးရဲ့ နောက်ကွယ်မှာ လောဘဆိုတာ ရှိနေမှာပဲ" ရွှင်းက ရေရွတ်သည်။
"ထားလိုက်ပါတော့... သူတို့ ဘာလိုချင်ချင် ငါ့အတွက် အရေးမကြီးပါဘူး။ ငါ့ရဲ့ ရည်မှန်းချက် အောင်မြင်ဖို့အတွက် အထောက်အကူ ဖြစ်နေသရွေ့ ငါ အဆင်ပြေပါတယ်။ အဲဒီအတောအတွင်းမှာ သူတို့ရဲ့ အားသာချက်၊ အားနည်းချက်တွေကို လေ့လာထားရမယ်၊ ဒါမှ နောက်ပိုင်း သူတို့ ငါ့ကို ရန်မူလာရင် ပြန်တိုက်ခိုက်လို့ ရမှာပေါ့" လုံချန်းက ခုတင်ပေါ်တွင် လှဲလျောင်းရင်း တိုးတိုးလေး ပြောလိုက်သည်။
"ငါ ဒီကိစ္စတွေကို မြန်မြန်အပြတ်ဖြတ်ပြီး တစ္ဆေကျောင်းတော်ကို ပြန်သွားချင်ပြီ။ အဲဒီမှာ အရေးကြီးတဲ့ အလုပ်တွေ အများကြီး စောင့်နေတာ။ ဒီနေရာအကြောင်း ဗဟုသုတ မရှိဘဲနဲ့ ငါ မအောင်မြင်နိုင်ဘူး။ နင်ကိုယ်တိုင်လည်း ဒီနေရာအကြောင်း မသိဘူးဆိုတော့၊ လောလောဆယ်တော့ သူတို့ကိုပဲ အားကိုးရမှာပေါ့"
လုံချန်းသည် အခန်းထဲတွင် စောင့်ဆိုင်းနေစဉ် အခန်းအပြင်ဘက်မှ ခြေသံများ အသွားအလာ ရှိနေသည်ကို အဆက်မပြတ် ကြားနေရသည်။
ကင်းစောင့်များမှာ အခန်းကို စောင့်ကြည့်ရန်အတွက် အပြင်ဘက်တွင် တန်းစီ လျှောက်လှမ်းနေကြပုံရသည်။
"ငါ့မှာ အကြံတစ်ခု ရှိတယ်၊ ဒါပေမဲ့ သူတို့အပေါ် အလုပ်ဖြစ်မလားတော့ မသိဘူး။ နင့်ရဲ့ အကြံပြုချက် လိုချင်တယ်။ တကယ်လို့ ဒါသာ အလုပ်ဖြစ်ရင် အရာအားလုံးက အများကြီး ပိုလွယ်သွားလိမ့်မယ်" လုံချန်းက ရွှင်းကို ပြောလိုက်သည်။
"ဘာအကြံလဲ" ရွှင်းက လုံချန်းရှေ့တွင် ထပ်မံ ပေါ်လာပြီး မေးလိုက်သည်။
သူမ၏ မျက်နှာပေါ်တွင် ရှက်သွေးဖြန်းနေသည့် အရိပ်အယောင်များက ယခုထက်တိုင် ရှိနေဆဲပင်။
"ပိုးဖလံလေ... ငါ အဲဒီကောင်လေးကို မခေါ်တာ ကြာပြီ။ ဒီအမှောင်နတ်မိမယ်တွေ အပေါ်မှာ သူ့ကို သုံးလို့ရမလား သိချင်တယ်။ ကျင့်ကြံသူတွေနဲ့ လူသားတွေအပေါ်မှာ သက်ရောက်မှုရှိသလိုမျိုး သူတို့အပေါ်မှာရော သက်ရောက်မှု ရှိနိုင်မလား" လုံချန်းက အကြံပြုလိုက်သည်။
"နှလုံးစား ပိုးကောင်လား။ ငါ ထင်တာတော့ သူက ဒီမှာလည်း အစွမ်းပြနိုင်လိမ့်မယ်၊ ဒါပေမဲ့ မအောင်မြင်ခဲ့ရင်တော့ အန္တရာယ် ရှိနိုင်တယ်" ရွှင်းက ပြန်ဖြေသည်။
"နင် အဲဒီလို အန္တရာယ်မျိုးကို စွန့်စားနိုင်ပါ့မလား" ရွှင်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"အဲဒါလည်း ဟုတ်တာပဲ။ မအောင်မြင်ရင်တော့ ငါက ဒီနတ်မိမယ်တွေနဲ့ ရန်သူဖြစ်သွားပြီလို့ သတ်မှတ်လို့ရတယ်၊ ဒါပေမဲ့ အောင်မြင်ခဲ့ရင်တော့ ငါတို့အတွက် သတင်းပေးတစ်ယောက် ရလိုက်သလို ဖြစ်သွားမှာ" လုံချန်းက တွေးတောရင်း ဆိုသည်။
"ငါ စမ်းကြည့်မယ်ဆိုရင် အောင်မြင်နိုင်ခြေ ဘယ်လောက်ရှိမလဲ?ဒ"
"နင်က အဲဒီပိုးကောင်ကို သူတို့ရဲ့ နှလုံးသားထဲ ရောက်အောင် ကူညီပေးနိုင်မယ်ဆိုရင်တော့ အောင်မြင်နိုင်ခြေက ၉၀ ရာခိုင်နှုန်းထက် ပိုလိမ့်မယ်" ရွှင်းက ဖြေသည်။
"အဲဒီအရေအတွက်ကတော့ မဆိုးပါဘူး။ ကောင်းပြီလေ... ငါ လုပ်မယ်" လုံချန်းက ခေါင်းညိတ်ကာ ဆိုသည်။
သူသည် တံခါးဆီသို့ လျှောက်သွားပြီး ခေါက်လိုက်သည်။
သူ ဆက်တိုက် ခေါက်နေသော်လည်း တံခါးက ပွင့်မလာပေ။
"ငါ့ကို လျစ်လျူရှုထားဖို့ သူတို့ကို အမိန့်ပေးထားပုံရတယ်။ ငါ အထဲမှာပဲ စောင့်နေရတော့မှာပေါ့။ မင်လန် ပြန်လာတဲ့အထိ စောင့်ရလိမ့်မယ်။ သူ တစ်ယောက်တည်းပဲ ငါ့စကားကို နားလည်တာဆိုတော့ ဒီအစီအစဉ်က သူနဲ့မှ အလုပ်ဖြစ်မှာ" လုံချန်းက ခုတင်ပေါ်တွင် ပြန်ထိုင်ရင်း ရေရွတ်လိုက်သည်။
"ဒီအတွက် ငါ့မှာ နောက်ထပ် တစ်ယောက်ယောက် လိုသေးတယ်၊ ဒါပေမဲ့ သူ့ကိုတော့ မခေါ်ထုတ်ချင်ဘူး။ သူ အပြင်ရောက်တာနဲ့ ငါ့ကို ဆဲတော့မှာ သေချာတယ်" လုံချန်းက လက်စွပ်ကိုကြည့်ကာ ခါးသက်သက် အပြုံးဖြင့် ပြောလိုက်သည်။
သူသည် ရှေးဟောင်းလက်စွပ်ထဲမှ သားရဲနယ်မြေ အတွင်းသို့ သူ၏ စိတ်အာရုံကို ပို့လွှတ်ကာ ဝေ့ဝဲကြည့်ရှုလိုက်သည်။
'သယံဇာတတွေ အများကြီးပဲ၊ ဒါပေမဲ့ ငါကိုယ်တိုင် ဒီထဲကို ဝင်လို့မရဘူး။ ဒီက ပစ္စည်းတွေကိုလည်း အပြင်ကို ယူထုတ်လို့ မရဘူး။ ဒီက ရှားပါးဆေးသစ်သီးတွေကို မြည်းစမ်းကြည့်လို့ရရင် ဒါမှမဟုတ် ဒီထဲမှာ ကျင့်ကြံလို့ရရင် သိပ်ကောင်းမှာပဲ' လုံချန်းက တွေးတောနေမိသည်။
"ဩော်... နှင်းခဲလေးပါလား။ ဒီကောင်မလေးကတော့ ငါ့ကိုတောင် သတိရပုံမရတော့ဘူး။ သူ အလိုရှိရင် အပြင်ကို ထွက်လာလို့ ရရဲ့သားနဲ့ ဒီရက်ပိုင်း အထဲမှာပဲ နေနေတာ။ သူနဲ့ အရင် စကားပြောကြည့်ဦးမယ်" လုံချန်းသည် သားရဲနယ်မြေထဲတွင် အိပ်ပျော်နေသော နှင်းခဲလေးကို တွေ့ရှိသဖြင့် ရေရွတ်လိုက်သည်။
သူသည် သူမကို လက်စွပ်ထဲမှ ခေါ်ထုတ်လိုက်သည်။
ရှောင်ရွှယ်သည် လက်စွပ်ထဲမှ ထွက်လာပြီး လုံချန်း၏ ပေါင်ပေါ်သို့ ဆင်းသက်လိုက်သည်။
"အုဝူး..." သူမက လုံချန်း၏ မျက်နှာကို ကြည့်ကာ အသံလေး ပြုလိုက်သည်။
"နင်ကတော့ ငါ့ကို မေ့နေပြီလား။ ဘာလို့ အပြင်ကို ထွက်ပြီး ငါနဲ့ မတွေ့တာလဲ" လုံချန်းက သူ၏လက်ထဲမှ အမွေးပွပွ သတ္တဝါလေးကို စိုက်ကြည့်ရင်း မေးလိုက်သည်။
"အင်း..." နှင်းခဲလေးသည် လုံချန်းက သူမ၏ခေါင်းကို ပွတ်ပေးသည်ကို သဘောကျကာ သူ၏ ပေါင်ပေါ်တွင် ငြိမ်သက်စွာ လှဲနေသည်။
"အချိန်တွေသာ ကုန်သွားတယ်၊ နင်ကတော့ အရင်အတိုင်းပဲနော်။ နင် ကြီးလာရင်လည်း ဒီပုံစံအတိုင်းပဲ ဖြစ်နေမှာလား" လုံချန်းက နှင်းခဲလေးကို မေးလိုက်သော်လည်း သူမ ပြန်ဖြေမည် မဟုတ်သည်အား သူ သိသည်။
နှင်းခဲလေးက သူ့ကို ဇဝေဇဝါဖြင့် ကြည့်သည်။
"ဥပမာတစ်ခု ပြရရင်... မုဆိုးကြယ်ကို ကြည့်လိုက်။ သူ ငယ်ငယ်တုန်းက နင့်လိုပဲ သေးသေးလေး ဖြစ်မှာ သေချာတယ်၊ အခုတော့ သူက အကြီးကြီး ဖြစ်နေပြီလေ။ နင်ကရော သူ့လို အကြီးကြီး ဖြစ်လာမှာလား" လုံချန်းက မေးလိုက်သည်။
နှင်းခဲလေးသည် သူပြောသည်ကို ကြားလိုက်ရပုံပေါ်သည်။ သူမ၏ မျက်လုံးများမှာ နီရဲသော အရောင်များဖြင့် တောက်ပလာပြီးနောက် တဖြည်းဖြည်း ကြီးမားလာတော့သည်။
သူမ၏ အမွေးများမှာလည်း ဆီးနှင်းကဲ့သို့ ဖြူဖွေးနေရာမှ တဖြည်းဖြည်း အရောင်ရင့်လာကာ မည်းနက်လာသည်။
"ဟေ... ဒါ ဘာကြီးလဲ" လုံချန်းသည် ထိတ်လန့်သွားကာ ရုတ်တရက် မတ်တပ်ရပ်လိုက်မိသည်။
နှင်းခဲလေးမှာ ကြမ်းပြင်ပေါ်သို့ ဆင်းသက်သွားသော်လည်း ဆက်လက် ကြီးထွားနေဆဲပင်။ အတန်ကြာသော် ပြောင်းလဲမှုများ ရပ်တန့်သွားသည်။ သူမ၏ အမွေးများမှာ ညဉ့်နက်သန်းခေါင်ထက်ပင် ပိုမိုနက်မှောင်သော အမည်းရောင် ဖြစ်သွားသည်။ သူမ၏ လက်သည်းများမှာ မုဆိုးကြယ်၏ လက်သည်းများထက်ပင် ပိုမို ထက်မြက်ပုံရသည်။ သူမ၏ အရွယ်အစားမှာမူ မုဆိုးကြယ်နှင့် အတူတူပင် ဖြစ်သွားသည်။
ယခုအခါ သူမသည် မုဆိုးကြယ်နှင့် တစ်ပုံစံတည်း တူသွားပြီး ပိုမို ကြောက်မက်ဖွယ်ကောင်းသော အသွင် ရှိသည်။ လုံချန်းမှာ သူ၏ မျက်စိရှေ့တွင် ဖြစ်ပျက်သွားသော အရာကို မယုံနိုင်အောင် ဖြစ်နေရသည်။
"ဒါ... ဒါ ဘာတွေလဲ။ သူက မုဆိုးကြယ်နဲ့ နေရာချင်း လဲလိုက်တာလား" လုံချန်းက မယုံကြည်နိုင်သော မျက်နှာထားဖြင့် သားရဲနယ်မြေထဲသို့ စိတ်အာရုံပို့ကာ စစ်ဆေးကြည့်လိုက်သည်။
သူမသည် သားရဲနယ်မြေထဲသို့ နေရာပြောင်းကာ မုဆိုးကြယ်ကို အပြင်သို့ လွှတ်လိုက်ခြင်းဖြစ်ပြီး သူကသာ သူမ ပုံစံပြောင်းသွားသည်ဟု စိတ်ကူးယဉ်နေခြင်း ဖြစ်နိုင်သည်ဟု သူ ထင်မိသည်။
သို့မဟုတ် သူမက ပုံရိပ်ယောင်ဟုလည်း သူ ယူဆမိသည်။
သို့သော် သားရဲနယ်မြေထဲတွင် မုဆိုးကြယ်က အမှန်တကယ် အိပ်ပျော်နေသည်ကို တွေ့လိုက်ရသောအခါ လုံချန်းမှာ ပို၍ပင် အံ့အားသင့်သွားရသည်။
လုံချန်းသည် မုဆိုးကြယ်နှင့် တူနေသော နှင်းခဲလေးကို ပြန်ကြည့်လိုက်သည်။
"ဒါ ပုံရိပ်ယောင် ဖြစ်ရမယ်။ နင့်မှာ ပုံရိပ်ယောင် အစွမ်းလည်း ရှိတယ်လား" လုံချန်းက ဆင်ခြေတစ်ခု ပေးသကဲ့သို့ ရေရွတ်လိုက်ပြီး လက်ကို ဆန့်ထုတ်လိုက်သည်။
သူ့တွင် ပုံရိပ်ယောင် နိယာမ ရှိသဖြင့် ထိုအရာ၏ အားနည်းချက်ကို သူ သိသည်။ ပုံရိပ်ယောင်ဆိုသည်မှာ တကယ်မရှိသော အရာကို ရှိသယောင် မြင်အောင် ပြုလုပ်ခြင်းသာ ဖြစ်သဖြင့် ထိတွေ့ကြည့်လိုက်လျှင် အမှန်တရားမှာ ပေါ်လာမည် ဖြစ်သည်။ ပုံရိပ်ယောင်ကို ထိတွေ့၍ မရနိုင်ပေ။
သူ နှင်းခဲလေးကို ထိကြည့်လိုက်လျှင် သူမသည် နဂိုပုံစံအတိုင်း ရှိနေပြီး မုဆိုးကြယ် ပုံစံမှာ ပုံရိပ်ယောင် သက်သက်သာ ဖြစ်ကြောင်း သိရမည်ဟု လုံချန်း ယုံကြည်နေသည်။
***