လော်ပင်းက ရှုပ်ထွေးနေပြီး သူမ၏ စကားကို ယုံကြည်နေပုံရကြောင်းကို မြင်ချိန်တွင်မှ တုန်လိလိလည်း သက်ပြင်းချနိုင်တော့သည်။
ထို့နောက် လင်းကျန်းဖူအား စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး လော့်ပင်းနှင့်အတူ အမြန်ဆုံး ထွက်ခွာရန် ပြင်ဆင်လိုက်လေသည်။
သူမ ဤနေရာတွင် ဆက်မနေရဲတော့ပါချေ။ သို့မဟုတ်ဘဲ လင်းကျန်းဖူကသာ ဆက်လက် ပြောဆိုနေမည်ဆိုလျှင် သူမ၏ လျှို့ဝှက်ချက်များ အားလုံး ပေါက်ကြားသွားမည်ကို စိုးရိမ်နေရသည်။
“လော်ပင်း... တော်လိုက်တော့၊ လင်းကျန်းဖူဆိုတဲ့ ဒီအရူးမနဲ့ စကားဆက်မပြောနေနဲ့တော့၊ ကျွန်မ ထင်တာတော့ သူမက ကလေးမမွေးနိုင်လို့ ရူးသွားတာဖြစ်ရမယ်၊
ဒါကြောင့် ကျွန်မတို့ရဲ့ ကလေးကို အေးအေးဆေးဆေး မွေးမလာနိုင်အောင် နှောင့်ယှက်နေတာပဲ၊
သူမက တကယ့်ကို စိတ်ထားပုတ်သိုးနေတဲ့ မိန်းမပဲ၊ မြန်မြန် သွားကြရအောင်.. ကျွန်မတို့ရဲ့ ကလေးအတွက် တွေးပြီး သူမနဲ့ ဝေးဝေးမှာ နေကြရအောင်!”
သူမ စကားပြောဆိုပြီးသည့်အချိန်တွင်ပင် တစ်ဖက်ရှိ အမျိုးသမီး ဆရာဝန်မကြီး၏ စားပွဲဆီမှ အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။
“မင်းရဲ့ စစ်ဆေးချက် ရလဒ်တွေက အကုန်လုံး အကောင်းအတိုင်းပါပဲ၊ ရဲဘော်လင်းကျန်းဖူ... မင်းရဲ့ ကလေးမွေးဖွားနိုင်စွမ်းက ဘာပြဿနာမှ မရှိဘူး”
အခန်းထဲတွင်ရှိနေသော လူများအားလုံးက အမျိုးသမီးဆရာဝန်ထံသို့ မသိစိတ်ဖြင့် လှမ်းကြည့်လိုက်ကြလေ၏။
လင်းရန်က မည်သည့်အချိန်ကတည်း လင်းကျန်းဖူ၏ အာထရာဆောင်းစစ်ဆေးချက်ရလဒ်များကို ဆရာဝန်မကြီးထံသို့ သွားရောက်ပေးအပ်၍ စစ်ဆေးခိုင်းထားသည်ကိုမသိပါချေ။
လက်ရှိတွင် ဆရာဝန်မကြီးက ဆေးစစ်ချက်များကို စစ်ဆေးပြီးဖြစ်ကြောင်း သတိပြုမိသွားကြလေသည်။
“ဒေါက်တာ...ကျွန်မတစ်ခုလောက် မေးပါရစေ.. ကျွန်မရဲ့ဒေါ်လေးမှာ ဘာပြဿနာမှ မရှိဘူးဆိုရင် သူတို့ဘာလို့ ဒီလောက်နှစ်အကြာကြီး ကလေးမရခဲ့ကြတာလဲ”
လင်းရန်က မည်သည်ကိုမျှ မသိနားမလည်သကဲ့သို့ ဟန်ဆောင်၍ မေးမြန်းလိုက်သည်။
အမျိုးသမီးဆရာဝန်မကြီးသည်လည်း လင်းရန်၏ မျက်လုံးထဲမှ အပြုံးရိပ်များကို ကြည့်လိုက်လေ၏။ ဤမိန်းကလေးက မည်သည်ကို ကြံစည်နေခြင်းဖြစ်ကြောင်းကို သူမ သေချာပေါက် ရိပ်မိသွားခဲ့သည်။
သို့သော်လည်း ဆရာဝန်တစ်ဦး၏ တာဝန်ဝတ္တရားအရဖြစ်စေ၊ ကျိုးကျယ်ပင်းနှင့်လည်း ရင်းနှီးသည့် စီနီယာတစ်ဦးအနေဖြင့် ဖြစ်စေ သူမက သဘာဝကျစွာဖြင့် လင်းရန်တို့ဘက်မှ ရပ်တည်ပေးရလိမ့်မည်။
သို့ဖြစ်၍ သူမက လော်ပင်းအား အဓိပ္ပာယ်ရှိစွာဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် ရှင်းပြလိုက်လေသည်။
“ခုနက ဒေါက်တာကျိုး ပြောသွားသလိုပါပဲ ၊ ဇနီးမောင်နှံနှစ်ဦးက သားဆက်ခြားတဲ့ နည်းလမ်းတွေကို တကူးတက အသုံးမပြုဘဲ နှစ်အတော်ကြာအောင် ကလေးမရဘူးဆိုရင် အမျိုးသားမှာရော အမျိုးသမီးမှာပါ ပြဿနာရှိနိုင်တယ်ဆိုတာကို ထည့်သွင်းစဉ်းစားရလိမ့်မယ်”
“အခု မင်းရဲ့ဒေါ်လေးအတွက် အခြေအနေက ရှင်းသွားပြီ၊ သူမမှာ ဘာပြဿနာမှ မရှိသလို ကလေးမွေးဖွားနိုင်စွမ်းကလည်း ပုံမှန်ပါပဲ၊ ဒါကြောင့် ပြဿနာက တစ်ဖက်လူမှာပဲ ရှိနိုင်ပါလိမ့်မယ်”
ထိုတစ်ဖက်လူမှာ မည်သူဖြစ်မည်နည်းဟူသည်ကတော့ မေးစရာမလိုပါချေ။
လော်ပင်းသာလျှင် ဖြစ်ပေ၏။
“မဖြစ်နိုင်တာ! ငါ့မှာ ဘာလို့ ပြဿနာရှိရမှာလဲ ငါက အကောင်းအတိုင်းရှိနေတာလေ!”
လော်ပင်းက ထိုစကားကိုပင် ထပ်ခါတလဲလဲ ပြောဆိုနေပြီး သူတွင် ပြဿနာရှိနေသည်ဟူသောစကားကို ပြတ်ပြတ်သားသား ငြင်းဆိုနေခဲ့သည်။
သို့သော်လည်း အမျိုးသမီးဆရာဝန်၏ စကားများကြောင့် သူ၏စိတ်ထဲတွင် ရူးသွပ်မတတ် စိုးရိမ်ထိတ်လန့်မှုများ စတင်ပေါ်ပေါက်လာခဲ့ရသည်။
အကယ်၍ ဆရာဝန်တစ်ဦးကသာ ဤသို့ပြောလျှင် ကျိုးကျယ်ပင်းမှ သူ့အား တမင်ခြောက်လှန့်နေခြင်းဖြစ်သည်ဟု ဆိုနိုင်သော်လည်း ယခုဆရာဝန်မကြီးမှာ သူနှင့် မည်သည့်ရန်ငြိုးမျှမရှိပါချေ။
ထို့အပြင် လွန်ခဲ့သော နှစ်ဝက်အတွင်း တုန်လိလိအား ကိုယ်ဝန်ဆောင်စစ်ဆေးမှုများ လာရောက်ပြသခဲ့ဖူးသည့်အတွက် ဤဆရာဝန်မကြီးမှာ ဆေးကုသမှု ကျွမ်းကျင်ရုံသာမက ဆရာဝန်ကျင့်ဝတ်နှင့်လည်း ညီညွတ်သူဖြစ်ကြောင်း သူ ကောင်းစွာသိရှိထားခဲ့သည်။
ထို့ကြောင့် သူမက လိမ်ညာပြောဆိုနေရန် အကြောင်းမရှိပါချေ။
သို့ဆိုလျှင် ပြဿနာမှာ လင်းကျန်းဖူကြောင့် မဟုတ်ဘဲ သူကြောင့်သာ အမှန်တကယ် ဖြစ်နေမည်လား။
ဤမျှနှစ်ပေါင်းများစွာ ကြာသည်အထိ သူတို့မိသားစုတစ်ခုလုံး လင်းကျန်းဖူအား အပြစ်တင်ခဲ့ခြင်း၊ သူမအား သရော်သည့်စကားဖြင့် နှိပ်စက်ခဲ့ခြင်းနှင့် ဒေါသပုံချခဲ့ခြင်းများက လုံးဝမှားယွင်းနေခဲ့သည်ဟု ဆိုလိုသည်လား။
လင်းကျန်းဖူအား ကလေးမရအောင် ပြုလုပ်ခဲ့သူက သူကိုယ်တိုင်ဖြစ်နေသည်လား။
မဟုတ်ဘူး... မဖြစ်နိုင်ဘူး!
သူသည်က ပုံမှန်ယောကျ်ားတစ်ယောက်သာဖြစ်သည်။
ပြည့်စုံသော ယောကျ်ားတစ်ယောက်ဖြစ်၍ ကလေးမရနိုင်စရာ အကြောင်းမရှိပါချေ!
“မဖြစ်နိုင်တာ... ငါ့ဆီမှာ အခုတောင် ကလေးရှိနေပြီလေ၊ ငါ့မှာ ပြဿနာရှိစရာလား ဟုတ်တယ်မလား လိလိ... မင်းရဲ့ဗိုက်ထဲက ကလေးက အရာအားလုံးကို သက်သေပြနိုင်တယ်!”
လော်ပင်းက နောက်ဆုံးကျန်ရှိသော မြက်ပင်တစ်ပင်ကို ဆွဲကိုင်လိုက်သည့်အလား တုန်လိလိ၏လက်ကို အတင်းအဓမ္မ ဆုပ်ကိုင်လိုက်မိသောကြောင့် တုန်လိလိတစ်ယောက် နာကျင်လွန်းသောကြောင့် အော်ဟစ်လိုက်ရလေတော့သည်။
“အား... ရှင် ကျွန်မကို သတ်နေတာလား!”
သို့သော်လည်း လော်ပင်းက မည်သည့်စကားကိုမျှမကြားတော့သကဲ့သို့ တုန်လိလိအား မျက်လုံးအပြူးသားဖြင့်သာ စိုက်ကြည့်နေခဲ့ပေသည်။
“မြန်မြန်ပြောစမ်းပါ .. ငါ အကောင်းကြီးပဲလို့ မြန်မြန်ပြောလိုက်!”
တုန်လိလိအနေဖြင့် လော်ပင်းအား ယခုကဲ့သို့ စိတ်လွတ်ကိုယ်လွတ်ဖြင့် ရူးသွပ်နေသည့်ပုံစံမျိုး တစ်ခါမျှ မမြင်ဖူးခဲ့ပါချေ။
သူမက အလွန်အမင်း ထိတ်လန့်သွားသောကြောင့် လက်မှ နာကျင်မှုများကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ခေါင်းကိုသာ ဆက်တိုက် ညိတ်ပြနေခဲ့ရသည်။
“ဟုတ်တယ်... ဟုတ်တယ်၊ ရှင့်ပြဿနာ မဟုတ်ပါဘူး..ဒါ လင်းကျန်းဖူရဲ့ ပြဿနာပဲ၊ သူတို့တွေ ပေါင်းပြီး ရှင့်ကို လိမ်နေကြတာ ကြည့်လေ.. ကျွန်မရဲ့ ဗိုက်ထဲမှာ ကလေးရှိနေတာပဲ ဒီကလေးက သက်သေပဲလေ!”
တုန်လိလိ၏ စကားကို ကြားရချိန်တွင် လော်ပင်းမှာ စိတ်သက်သာရာ ရသွားသင့်သော်လည်း ဆန့်ကျင်ဘက်အနေဖြင့် ပို၍ပင် ထိတ်လန့်လာကာ စိတ်မရှည်ခြင်းနှင့် မလုံခြုံခြင်းများသာ တိုးပွားလာခဲ့ပေသည်။
အထူးသဖြင့် တုန်လိလိနှင့် အတူရှိခဲ့သည့် ထိုအချိန်က သူ အလွန်အမင်း မူးယစ်နေခဲ့ကြောင်းကို ရုတ်တရက် သတိရမိသွားသည်။
ထိုညက မည်သို့သော အခြေအနေမျိုး ဖြစ်ခဲ့ကြောင်းကို သူ လုံးဝပင် မမှတ်မိပါချေ!
အကယ်၍ ဤကလေးကသာ သူ၏ကလေး အစစ်အမှန် မဟုတ်ခဲ့လျှင် သူက အမှန်တကယ်ပင်...
ထိုအချိန်မှာပင် လင်းရန်က ဘေးမှနေ၍ အေးဆေးတည်ငြိမ်စွာ စကားဆိုလိုက်လေသည်။
“အာ... တကယ်တော့ ဒီကိစ္စကို အဖြေရှာဖို့က အရမ်းလွယ်ပါတယ်၊ စစ်ဆေးမှုတစ်ခု သွားလုပ်လိုက်ရုံပါပဲ၊ ဒေါက်တာလည်း ဒီလိုပဲ ထင်တယ်မလား”
အမျိုးသမီးဆရာဝန်မကြီးက ခေါင်းညိတ်လိုက်သည်။
“ကျွန်မတို့ ဆေးရုံရဲ့ လက်ရှိ စက်ကိရိယာတွေက အတော်လေး ပြည့်စုံပါတယ်၊ တကယ်လို့ ရှင်တို့ စစ်ဆေးချင်တယ်ဆိုရင် စစ်ဆေးလို့ ရတယ်၊ ကျွန်မရဲ့ အကြံပြုချက်ကလည်း အဲလိုပဲ၊ စိတ်ချရအောင် စစ်ဆေးကြည့်တာက အကောင်းဆုံးပါပဲ ဘာပဲဖြစ်ဖြစ်...”
သူတစ်ပါး၏ ကလေးကို ကျွေးမွေးပြုစုနေရခြင်းမှာ ကြီးမားသော ပြဿနာတစ်ခုပင် မဟုတ်ပါလား။
အထူးသဖြင့် လော်ပင်းသည်က တုန်လိလိ ဗိုက်ထဲက ကလေးကို မည်မျှအထိ တန်ဖိုးထားကြောင်း သူမ ကောင်းစွာ သိရှိထားပေသည်။
သို့သော် ထိုကလေးမှာ သူ၏ကလေး ဖြစ်နေမှသာ ဖြစ်ပေလိမ့်မည်။
ပြန်လည်စဉ်းစားကြည့်လျှင် အကယ်၍ ထိုကလေးကသာ သူ၏ကလေး မဟုတ်ခဲ့ပါက လော်ပင်းမှာ အမှန်တကယ်ပင် သနားစရာ ကောင်းလွန်းပေလိမ့်မည်။
“ဘာစစ်ဆေးမှုလဲ.. စစ်စရာ မလိုပါဘူး လော်ပင်းမှာ ဘာပြဿနာမှ မရှိဘူးဆိုတာ ကျွန်မ သိတယ်၊ ရှင့်တို့ ဆေးရုံကတော့ ပိုက်ဆံရဖို့ဆိုရင် ဘယ်လိုစကားကိုမဆို ပြောနေတော့တာပဲ!”
လူတိုင်းက လော်ပင်းအား စစ်ဆေးမှု လုပ်ရန် တိုက်တွန်းနေကြသည်ကို မြင်ချိန်တွင် တုန်လိလိ၏ စိတ်ထဲတွင် အထိတ်ထိတ်အပြာပြာဖြစ်သွားရသည်။
အကယ်၍သာ လော်ပင်းက မြုံနေသူဖြစ်ကြောင်း အမှန်တကယ် စစ်ဆေးတွေ့ရှိသွားခဲ့လျှင် သူမ၏ ဝမ်းဗိုက်ထဲမှ ကလေးအကြောင်းမှာ အလိုလို ပေါက်ကြားသွားတော့မည် မဟုတ်ပါလား။
မည်သို့ပင်ဖြစ်စေ ကလေးမရနိုင်သော အမျိုးသားတစ်ဦး၏ ဇနီးက ကိုယ်ဝန် ရရှိနိုင်မည်မဟုတ်ပေ။
ထိုသည်မှာ သူမ ဝမ်းဗိုက်ထဲက ကလေးက သူ၏ကလေး မဟုတ်ဘဲ တခြားလူ၏ ကလေးဖြစ်ကြောင်းကို တိုက်ရိုက် သက်သေပြနေခြင်းပင် ဖြစ်ပေလိမ့်မည်။
သို့ဖြစ်၍ သူမက လော်ပင်းအား စစ်ဆေးမှု မလုပ်နိုင်အောင် တားဆီးရမည်ဖြစ်ပြီး အဖြစ်မှန်ကို သိရှိမသွားစေရန် လုံးဝ တားမြစ်ရမည် ဖြစ်ပေသည်။
တုန်လိလိက ပြောနေရင်းဖြင့် လော်ပင်း၏ လက်ကို ဆွဲကာ အပြင်သို့ ထွက်ရန် လုပ်ခဲ့လေတော့သည်။
“လော်ပင်း... သူတို့ရဲ့ စကားတွေကို နားမယောင်နဲ့၊ ယောကျ်ားတွေ ကလေးမရနိုင်ဘူးဆိုတာ ကျွန်မ တစ်ခါမှ မကြားဖူးပါဘူး
သူတို့က ပိုက်ဆံညှစ်ချင်လို့ ပြောနေတာ၊ နောက်ဆို ဒီလို စုတ်ပြတ်သတ်နေတဲ့ ဆေးရုံမျိုးကို ကျွန်မတို့ မလာတော့ဘူး အားလုံးက လိမ်ညာနေကြတာ!”
လော်ပင်း၏ စိတ်နှလုံးမှာ တုန်လိလိ၏ စကားများကြောင့် ယိုင်နဲ့လာခဲ့ရသည်။
အကယ်၍ သူသာ အမှန်တကယ် စစ်ဆေးမှု လုပ်ပြီးနောက် ဤကဲ့သို့ ရလဒ်မျိုး ထွက်လာခဲ့လျှင် သူ မည်သို့ လုပ်ဆောင်မည်နည်း။
သူ၏ ယောကျ်ားတစ်ဦးအနေဖြင့် သိက္ခာနှင့် မာန်မာနများ အားလုံး ပျက်စီးသွားရရုံသာမက လအတော်ကြာ မျှော်လင့်စောင့်စားခဲ့ရသော ကလေးမှာလည်း သူ၏ကလေး မဟုတ်ကြောင်း သိရှိသွားရမည် မဟုတ်ပါလား။
ဒါပေမဲ့ သူ မစစ်ဆေးခဲ့ရင်ရော...
တကယ်လို့ တုန်လိလိက သူ့အပေါ် ဖောက်ပြန်နေခဲ့မယ်ဆိုရင်...
လော်ပင်း ဝေခွဲမရ ဖြစ်နေချိန်မှာပင် လင်းရန်၏ စကားများက သူ၏ ဆုံးဖြတ်ချက်ကို ခိုင်မာသွားစေခဲ့လေတော့သည်။
“ဒေါက်တာ...ကျွန်မ ကြားဖူးတာတစ်ခု ရှိတယ် ၊ ကလေးမွေးပြီးရင် အဲဒီကလေးက မိဘတွေရဲ့ ကလေးအစစ် ဟုတ်၊ မဟုတ်ကို အရင်ခေတ်တုန်းက သွေးစစ်သလိုမျိုး ခွဲခြားလို့ ရတယ်ဆိုတာ ဟုတ်လား၊ အဲဒါက သိပ္ပံနည်းကျ ဖြစ်နိုင်လောက်လား”
ဆရာဝန်မကြီးက ခေါင်းညိတ်ပြလိုက်၏။
“အမှန်ပဲ၊ မြို့တော်က ကျွန်မရဲ့ သူငယ်ချင်းတွေဆီက ကြားရတာတော့ ‘မျိုးဗီဇ စစ်ဆေးခြင်း’ လို့ ခေါ်တဲ့ နည်းပညာတစ်ခုကို အခု စမ်းသပ်နေကြပြီတဲ့ နောက်ပိုင်းကျရင် ဒီနည်းပညာကို သုံးပြီး လူနှစ်ယောက်ကြားက သွေးသားတော်စပ်မှုကို ခွဲခြားနိုင်လိမ့်မယ်လို့ ဆိုကြတယ်”
လင်းရန်က ရုတ်တရက် သဘောပေါက်သွားဟန်ဖြင့် ပြောလာသည်။
“ဒါဆိုရင် ကလေးမွေးပြီးတဲ့အချိန် ကလေးကို ခေါ်လာပြီး မျိုးဗီဇ စစ်ဆေးလိုက်ရုံပဲပေါ့၊ အဲဒီကျရင် ကိုယ့်ရဲ့ကလေး ဟုတ်၊ မဟုတ်ဆိုတာ သိရမှာပေါ့နော်”
“ရဲဘော် လော်ပင်း... ရှင်က အခု စစ်ဆေးမှု မလုပ်ချင်ဘူးဆိုရင်တော့ စောင့်နေလို့ရတာပဲလေ၊ ကလေးမွေးပြီးတဲ့အချိန်မှပဲ သေသေချာချာ သွားစစ်လိုက်ပေါ့၊ ဒါပေမဲ့ နောက်ထပ် တစ်လကျော်လောက်တော့ စောင့်ရဦးမဲ့ပုံပဲနော်”
***