လင်းရန်က ထိုစကားကို ရည်ရွယ်ချက်ရှိရှိ ပြောဆိုလိုက်ခြင်း ဖြစ်ပေသည်။ သူမက လော်ပင်းကို အနှေးနှင့်အမြန် ဤ ‘မျိုးရိုးစစ်ဆေးခြင်း’ ကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိစေချင်ခြင်းသာ ဖြစ်လေ၏။
အကယ်၍ ထိုသို့သာဆိုလျှင် စောစောစီးစီး စစ်ဆေးလိုက်ခြင်းကသာ သူတစ်ပါးကလေးကို နောက်ထပ် တစ်လကြာအောင် အလကား ပြုစုနေရမည့် ဘဝမှ ကယ်တင်နိုင်မည် မဟုတ်ပါလား။
လော်ပင်းမှာ လင်းရန်၏ စကားကို ကြားချိန်တွင် သူ၏ စိတ်ထဲမှ ချိန်ခွင်လျှာမှာ ယခုချက်ချင်းစစ်ဆေးမှု ပြုလုပ်မည့်ဘက်သို့ မသိစိတ်ဖြင့် ယိမ်းယိုင်သွားခဲ့လေသည်။
မည်သို့ပင်ဖြစ်စေ လင်းကျန်းဖူ၏ စကားများနှင့် တုန်လိလိ၏ တုံ့ပြန်မှုများကြောင့် သူသည်က တုန်လိလိ ဝမ်းဗိုက်ထဲမှ ကလေးမှာ သူ၏ကလေး အစစ်အမှန် ဟုတ်၊ မဟုတ်ကို သံသယ ဝင်နေပြီ ဖြစ်ပေသည်။
သို့သော် သူ၏ ယောကျ်ားမာနကြောင့်သာ အတည်မပြုခဲ့ခြင်း ဖြစ်လေ၏။
သို့သော်လည်း အကယ်၍ ဤကလေးမှာ သူ၏ကလေး မဟုတ်ခဲ့ပါက သူ့အနေဖြင့် တုန်လိလိနှင့် သူမ၏နောက်ကွယ်မှ အရိုင်းအစိုင်းကောင်အတွက် နောက်ထပ် တစ်လကြာအောင် အလကား ပြုစုပေးနေရဦးမည် မဟုတ်ပါလား။
အရှက်ရခြင်းထက် သူတစ်ပါး၏ကလေးကို နောက်ထပ် တစ်လကြာအောင် ပြုစုပေးနေရမည်ကို သူ ပို၍ပင် လက်မခံနိုင်ဖြစ်နေခဲ့သည်။
စစ်ဆေးမှုမှာ အနှေးနှင့်အမြန် ပြုလုပ်ရမည်ဖြစ်၍ ယခုချက်ချင်း စစ်ဆေးလိုက်ခြင်းက ပို၍ကောင်းသည်မဟုတ်ပါလား။
လော်ပင်းတစ်ယောက် ဆုံးဖြတ်ချက် ချလိုက်သည့်အချိန်၌ပင် ဘေးနားရှိ တုန်လိလိမှာ ထိုသတင်းစကားကြောင့် လုံးဝ ထိတ်လန့်တုန်လှုပ်သွားရလေတော့သည်။
ဘာလဲ... ကလေးမွေးပြီးတာနဲ့ အရင်းအချာ ဟုတ်၊ မဟုတ်ကို ခွဲခြားလို့ရတယ်ဟုတ်လား။
သူမက သူမ၏ချစ်သူကို အလုပ်အကိုင် အဆင်ပြေသည်အထိ အရင်ဆုံးစောင့်ဆိုင်းပြီးမှ သူအောင်မြင်လာလျှင် လော်ပင်းကို ကွာရှင်းကာ ကလေးကိုခေါ်ပြီး ချစ်သူ၏နောက်သို့ လိုက်ရန် ကြံစည်ထားခြင်း ဖြစ်ပေသည်။
အကယ်၍သာ ကလေးမွေးပြီးသည်နှင့် လော်ပင်းက ထိုအစုတ်အပြတ် စစ်ဆေးမှုမျိုးကို လုပ်ဆောင်လိုက်ပါက အရာအားလုံးမှာ ချက်ချင်း ပေါက်ကြားသွားတော့မည် မဟုတ်ပါလား။
ထိုသို့ဆိုလျှင် လော်ပင်းက သူမတို့ သားအမိကို အဘယ်ကြောင့် ရိုးရိုးသားသား ပြုစုစောင့်ရှောက်ပါဦးမည်နည်း။
ထိုအချိန်ကျလျှင် သူမ၏ မီးနေကာလပင် မပြီးသေးမီမှာ သူမနှင့် ကလေးကို လော်မိသားစုက အိမ်ပေါ်မှ နှင်ထုတ်ပစ်လိမ့်မည်။
တုန်လိလိအနေဖြင့် ခေါင်းငုံ့ပြီး သူမ၏ ဝမ်းဗိုက်ကို ပွတ်သပ်ရင်းဖြင့် နောက်ထပ် တစ်လခန့်ဆိုလျှင် ကလေးမွေးတော့မည်ဟု ဆရာဝန် ပြောခဲ့သည်ကို ပြန်လည် တွေးတောနေမိသည်။
တစ်လပဲလိုတော့တာဆိုတော့ အခုမှ ကလေးကို ဖျက်ချဖို့ ကြိုးစားရင်လည်း မရလောက်တော့ဘူး။
သို့ဖြစ်၍ သူမ၏မိဘများက သဘောမတူသော ထိုအမျိုးသားနှင့် ရရှိထားသည့် ကလေးကို အိမ်သို့ ပြန်ခေါ်သွားလျှင်ပင် သူမ၏မိဘများမှာ မည်မျှ လက်မခံချင်နေလျှင်ပင် နောက်ဆုံးတွင် လက်ခံကြရလိမ့်မည်။
ဘာပဲဖြစ်ဖြစ် မွေးခါနီးဖြစ်နေတဲ့သမီးဖြစ်သူကို အိမ်ပေါ်ကတော့ နှင်မထုတ်ရက်လောက်ပါဘူး။ ဟုတ်တယ်မလား။
သူမက လော်ပင်းနှင့် လက်ထပ်ခဲ့ရခြင်းမှာလည်း တကယ်တမ်းတွင် မိဘများ၏ မျက်စိကို လိမ်ရန်နှင့် ကလေးကို ဘေးကင်းစွာ မွေးဖွားနိုင်ရန်အတွက် လော်ပင်းအား အသုံးချခဲ့ခြင်းသာ ဖြစ်ပေသည်။
ထိုအချိန်က သူမ၏မိဘများမှ ကလေးကို ဖျက်ချရန် အဆက်မပြတ် ပြောဆိုနေခဲ့ကြပြီး ဆေးရုံသို့ပင် အတင်းခေါ်သွားရန် ကြံစည်ခဲ့ကြသောကြောင့် ဖြစ်ပေ၏။ သူမအနေဖြင့် မည်သို့ လက်လျှော့နိုင်ပါမည်နည်း။
ထို့ကြောင့် နောက်ပိုင်းတွင် သူမ၏ရင်သွေးကို ပြုစုပေးမည့် တခြားအမျိုးသားတစ်ဦးကို ရှာဖွေရန်အတွက် အကြံရလာခဲ့ခြင်း ဖြစ်ပေသည်။
သို့သော် ယခုအချိန်တွင် ကလေးက မွေးဖွားတော့မည်ဖြစ်၍ ဖျက်ချရန် နည်းလမ်းမရှိတော့ပါချေ။ အိမ်သို့ပြန်ရောက်လျှင် အဆိုးဆုံးအနေဖြင့် မိဘများ၏ ပြင်းထန်သော ဆုံးမမှုကို ခံရရုံသာ ရှိပေလိမ့်မည်။
ထို့နောက်တွင်တော့ သူမ၏မိဘများက သူမအား ကူညီ၍ ကလေးကိုပြုစုပေးကြမည်ဖြစ်သောကြောင့် ဤသည်မှာလည်း မဆိုးသော ရလဒ်တစ်ခုပင် ဖြစ်ပေသည်။
ထိုသို့ဆိုလျှင် လော်ပင်းရှိနေရန် မလိုအပ်တော့သည့်ပုံရပေ၏။
ဤသည်ကို တွေးမိချိန်တွင် တုန်လိလိက စိတ်ကို တင်းလိုက်ပြီး လော်ပင်းနှင့် တရားဝင် ထိပ်တိုက်ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်လေတော့သည်။
သူမက ခေါင်းကိုမော့ကာ စစ်ဆေးမှုပြုလုပ်ရန် ဆုံးဖြတ်ချက်ချထားသော လော်ပင်းအား ကြည့်လျက် တိုက်ရိုက်ပင် ပြောဆိုလိုက်လေသည်။
“လော်ပင်း... ကျွန်မတို့ ကွာရှင်းကြရအောင်”
“အခြေအနေတွေက ဒီလိုဖြစ်လာပြီဆိုတော့ ကျွန်မ ရှင့်ကို အမှန်အတိုင်း ပြောပြဖို့ မကြောက်တော့ပါဘူး၊ ကျွန်မရဲ့ဗိုက်ထဲက ကလေးက တကယ်ပဲ ရှင့်ကလေး မဟုတ်ဘူး
ကျွန်မ ရှင့်အပေါ် မှားခဲ့တယ်ဆိုတာ သိပေမဲ့ ကျွန်မမှာလည်း ကိုယ်ပိုင် အကြောင်းပြချက်တွေ ရှိတယ်၊ ဒါကြောင့် ရှင် ဒေါသထွက်တာကို ကျွန်မ နားလည်ပေးနိုင်တယ်
ဒါပေမဲ့ ရှင် ကျွန်မကို လက်ထပ်ခဲ့တုန်းကလည်း ကျွန်မရဲ့မိသားစုက အခြေအနေတွေ ကောင်းလို့ လက်ထပ်ခဲ့တာ မဟုတ်ဘူးလား
နောက်ပိုင်းမှာလည်း ကျွန်မတို့မိသားစုရဲ့ အဆက်အသွယ်တွေကြောင့်ပဲ ရှင် အလုပ်ကောင်းကောင်း ရခဲ့တာလေ၊ ဒါကြောင့် ကျွန်မတို့က တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် အသုံးချခဲ့ကြတာပဲ
ဘယ်သူကမှ ဘယ်သူ့ကို အကြွေးမတင်ပါဘူး၊ အခုတော့ ပြီးပြတ်လိုက်ကြတာပေါ့”
“ဒီနေ့ပဲ ပြန်ပြီး ကွာရှင်းကြရအောင်၊ နောက်ဆိုရင် ကိုယ့်ဘဝနဲ့ကိုယ် အေးအေးဆေးဆေး နေကြတာပေါ့”
တုန်လိလိ၏ စကားလုံးအနည်းငယ်မှာ လေးလံလွန်းသော တူကြီးတစ်လက်နှင့် ထုနှက်လိုက်သကဲ့သို့ လော်ပင်းအား ပြင်းထန်စွာ ထိမှန်သွားခဲ့လေသည်။
သူ၏ မျက်စိများက ပြာဝေသွားရကာ သတိမေ့လဲလုနီးပါးပင် ဖြစ်သွားခဲ့ရသည်။
တုန်လိလိ ဘာပြောလိုက်တာလဲ!
သူမရဲ့ ဗိုက်ထဲက ကလေးက သူနဲ့ မဆိုင်ဘူးတဲ့လား...
သူ့ကလေး မဟုတ်ဘူး!
ဒါဆို သူမက သူ့ကွယ်ရာမှာ တကယ်ကြီး ဖောက်ပြန်နေခဲ့တာပေါ့!
မဟုတ်သေးဘူး!
သူမက အစကတည်းက သူနဲ့ ကောင်းကောင်းနေထိုင် ပေါင်းသင်းဖို့ စိတ်ကူးမရှိခဲ့တာပဲ။ သူမက အဲဒီအရိုင်းအစိုင်းကောင်နဲ့ အမြဲတမ်း အဆက်အသွယ် ရှိနေခဲ့တာပဲ။
ဒီကလေးကတောင် ထိုအဲဒီအရိုင်းအစိုင်းကောင်နဲ့ ရလာပြီးမှ သူ့ဆီကို ရောက်လာခဲ့တာ!
သူက ဦးထုပ်စိမ်းအဆောင်းခံလိုက်ရရုံတင် မကဘူး။
တစ်ဖက်သတ် အသုံးချခံလိုက်ရတာပဲ!
အဓိကအချက်က သူ့အနေဖြင့် ဤမျှကြာမြင့်သော အချိန်တစ်ခုလုံး မည်သည်ကိုမျှမသိဘဲ အရူးလုပ်ခံနေရခြင်းပင်။
တုန်လိလိနှင့် သူမ၏ ချစ်သူတို့က သူ့၏ကွယ်ရာတွင် မည်မျှကြာအောင် လှောင်ပြောင်နေခဲ့ကြသည်ကို မည်သူ သိပါမည်နည်း။
တုန်လိလိက သူ့အပေါ် ဘာလို့ ဒီလိုမျိုး လုပ်ရဲတာလဲ!
လော်ပင်းတစ်ယောက် မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားရကာ တုန်လိလိအား တစ်စစီ ဆွဲဖြဲပစ်တော့မည့်အလား ဒေါသတကြီး စိုက်ကြည့်လိုက်လေသည်။
“တုန်! လိ! လိ!!! မင်း... မင်း... မိန်းမယုတ်! ငါ မင်းကို သတ်ပစ်မယ်၊ ငါ မင်းကို အခုချက်ချင်း သတ်ပစ်မယ်!”
လော်ပင်းတစ်ယောက် ပြောနေရင်းဖြင့် စိတ်ထဲမှ ဒေါသများကို မထိန်းချုပ်နိုင်တော့ဘဲ တုန်လိလိထံသို့ ဒေါသတကြီး ခုန်အုပ်လိုက်လေတော့သည်။
သူသည်က ယခုအချိန်တွင် ဒေါသကြောင့် လုံးဝ စိတ်လွတ်နေပြီဖြစ်ကာ သူကိုယ်သူ မထိန်းချုပ်နိုင်တော့ပါချေ။
သူ၏စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိနေသည်။
သူ့အား အရူးတစ်ယောက်ကဲ့သို့ ဆက်ဆံခဲ့သော တုန်လိလိကို သတ်ပစ်ရန်နှင့် ထိုလူယုတ်မာကိုပါ သတ်ပစ်ရန်သာ ဖြစ်ပေသည်။
လော်ပင်း၏ လှုပ်ရှားမှုမှာ အလွန်ပင် မြန်ဆန်လွန်းသောကြောင့် ဘေးနားရှိ ကျိုးကျယ်ပင်းပင် အချိန်မီ မတုံ့ပြန်နိုင်ခဲ့ပါချေ။
ကိုယ်ဝန်ဗိုက်ကြီးဖြင့် တုန်လိလိသည်ကား ပြောစရာပင်မလိုတော့ချေ။
“လော့... လော်ပင်း... ရှင် ဘာလုပ်တာလဲ ! တော်တော့... ရပ်လိုက်တော့!”
တုန်လိလိမှာ ထိတ်လန့်တကြားဖြင့် မျက်လုံးများ ပြူးသွားရကာ လော်ပင်း သူမထံသို့ ပြေးဝင်လာသည်ကို ငေးကြည့်နေခဲ့ရသည်။
ထို့နောက် လော်ပင်းက သူမ၏ ဝမ်းဗိုက်ကို အားအပြည့်ဖြင့် ထိုးနှက်လိုက်လေသည်။ တုန်လိလိက မသိစိတ်ဖြင့် ဝမ်းဗိုက်ကို ကာကွယ်လိုက်သော်လည်း လော်ပင်း၏ အားကို မခုခံနိုင်ခဲ့ပါချေ။
နောက်ဆုံးတွင် သူမက လော်ပင်း၏ လက်သီးကြောင့် နောက်သို့ အရှိန်ဖြင့် လန်သွားကာ မြေပြင်ပေါ်သို့ ဘန်းခနဲ လဲကျသွားခဲ့ရလေသည်။
သို့သော် သူမအား မြေပြင်ပေါ်သို့ ထိုင်ရက်လဲကျရသည့် နာကျင်မှုထက် ပို၍ ထိတ်လန့်စေသည်မှာ သူမ၏ ဝမ်းဗိုက်အတွင်းမှ ပြင်းထန်လွန်းသော နာကျင်မှုပင် ဖြစ်ပေသည်။
“ဗိုက်... ဗိုက်ထဲက... အား... ဗိုက်ထဲက အရမ်းနာတယ်၊ ကယ်ကြပါဦး... ကယ်ကြပါဦး!”
အမျိုးသမီးဆရာဝန်မှာ ထိုသည်ကို မြင်ချိန်တွင် တုန်လိလိအား ရွံမုန်းနေလျှင်ပင် ဝမ်းဗိုက်ထဲမှ ကလေးတွင် ပြဿနာ ဖြစ်ပွားနေသည်ကို ကြည့်မနေနိုင်တော့ပါချေ။
ယခု အခြေအနေမှာ အလွန်ပင် အန္တရာယ်ကြီးလှပေသည်။
အကယ်၍သာ သတိမထားပါက မိခင်ကိုရောကလေးကိုပါ အသက်ဆုံးရှုံးနိုင်ချေ ရှိနေခဲ့သည်။
သို့ဖြစ်၍ သူမက အလျှင်အမြန်ပင် ထရပ်လိုက်ပြီး ကျိုးကျယ်ပင်းအား တည်ငြိမ်သော မျက်နှာဖြင့် လော်ပင်းအား ချုပ်ထားရန် ခိုင်းစေလိုက်လေသည်။
တစ်ချိန်တည်းမှာပင် တုန်လိလိ၏ လက်ရှိ အခြေအနေကို စိုးရိမ်တကြီး စစ်ဆေးလိုက်လေသည်။
“ဒေါက်တာကျိုး... ဒီလူကို အရင်ဆုံး ဖယ်လိုက်ဦး၊ သူ နောက်ထပ် ဘာကိုမှ မလုပ်မိပါစေနဲ့၊ မဟုတ်ရင် လူသေမှု ဖြစ်သွားလိမ့်မယ်! ရဲဘော်လင်းတို့ နှစ်ယောက်... မြန်မြန်သွားပြီး ကျွန်မတို့ရဲ့ သူနာပြုတွေကို အထဲကိုဝင်လာဖို့ ခေါ်ပေးကြပါဦး!”
ကျိုးကျယ်ပင်း၊ လင်းရန်နှင့် လင်းကျန်းဖူတို့မှာလည်း ကိစ္စရပ်၏ ပြင်းထန်မှုကို ရိပ်မိသွားကြသောကြောင့် ချက်ချင်းပင် လှုပ်ရှားခဲ့ကြလေသည်။
လင်းရန်နှင့် လင်းကျန်းဖူတို့မှာ သူနာပြုများကို အကူအညီတောင်းရန် အပြင်သို့ ပြေးထွက်သွားကြပြီး ကျိုးကျယ်ပင်းကတော့ လော်ပင်း၏ လက်များကို မလှုပ်နိုင်အောင် တင်းကျပ်စွာ ချုပ်ကိုင်ထားခဲ့လေသည်။
လော်ပင်းမှာ တုန်လိလိအား ထပ်မံ၍ မတိုက်ခိုက်နိုင်တော့သော်လည်း ဒေါသမလျှော့နိုင်စွာ ဆက်လက် အော်ဟစ်နေဆဲပင်။
“ငါ့ကို မတားနဲ့၊ ငါ့ရှေ့က ဖယ်ကြစမ်း! ငါ တုန်လိလိနဲ့ ဗိုက်ထဲက အဲဒီလူယုတ်မာရဲ့ကလေးကို သတ်ပစ်မယ်၊ ဖယ်ကြစမ်း!”
နောက်ဆုံးတွင် သူနာပြုများနှင့် အပြင်မှ လူများ ရောက်ရှိလာကြပြီး ရှုပ်ထွေးနေသော အခြေအနေကို ဝိုင်းဝန်း ဖြေရှင်းပေးခဲ့ကြလေသည်။
လော်ပင်းအား လူအများက ဝိုင်းဝန်းချုပ်နှောင်ထားသောကြောင့် သူ၏ လှုပ်ရှားမှုများကို ခေတ္တမျှ ထိန်းချုပ်နိုင်ခဲ့ပြီး တုန်လိလိကိုတော့ ခွဲစိတ်ခန်းသို့ အမြန် ပို့ဆောင်လိုက်ရလေတော့သည်။
ဆရာဝန်မကြီးက သူမအား စစ်ဆေးပြီးနောက် လက်ရှိ အခြေအနေမှာ အလွန်ပင် စိုးရိမ်ရပြီး ကလေးမှာ လမစေ့ဘဲ မွေးဖွားရတော့မည်ကို သိရှိလိုက်သည်။
ထို့ကြောင့် မွေးဖွားရန် တစ်လခန့် လိုသေးသော်လည်း အခြေအနေအရ ကလေးကို အရင် မွေးထုတ်ရန်သာ ဆုံးဖြတ်လိုက်ရတော့သည်။
***