စုန့်ရှီးယန်၏ ယခုတစ်ကြိမ် တာဝန်မှာ လင်းရန်ကို ပြောပြခဲ့သကဲ့သို့ လွယ်ကူလှသည် မဟုတ်ပါချေ။
ဆန့်ကျင်ဘက်အနေဖြင့် သူ ရရှိထားသော တာဝန်မှာ အလွန်ပင် အရေးကြီးလွန်းပြီး ကျိုးကျယ်ပင်း၏ အကူအညီ သို့မဟုတ် ပို၍ တိတိကျကျ ဆိုရလျှင် ဆေးရုံ၏ အကူအညီကို လိုအပ်နေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူ့ထံသို့ ပေးအပ်ထားသော တာဝန်မှာ အသစ် တည်ထောင်လိုက်သော ဆေးဝါးစက်ရုံ တစ်ရုံအား စုံစမ်းစစ်ဆေးရန် ဖြစ်နေသောကြောင့်သာဖြစ်လေ၏။
ထိုစက်ရုံမှာ လွန်ခဲ့သော နှစ်လအတွင်း လုပ်ထုံးလုပ်နည်းများအတိုင်း စတင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ဝေးလံခေါင်ဖျားသော တောင်ပေါ်ဒေသ၏ စီးပွားရေးကို မြှင့်တင်ရန်နှင့် ဒေသခံ ပြည်သူများ၏ ဘဝကို မြှင့်တင်ရန်ဟူသော အကြောင်းပြချက်ဖြင့် အစိုးရထံသို့ စက်ရုံတည်ထောင်ရန် တင်ပြခဲ့ခြင်းဖြစ်သည်။
ဆိုရလျှင် ဤကိစ္စမှာ ဒေသခံ တာဝန်ရှိသူတစ်ဦးက ပြည်သူများ၏ ဘဝ မြှင့်တင်ရန်အတွက် တောင်းဆိုခြင်း ဖြစ်သောကြောင့် အမှားအယွင်း မရှိသည့်အပြင် အစိုးရကလည်း အပြည့်အဝ အားပေးထောက်ခံခဲ့သည်။
သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ တခြားသော ဒေသများရှိ ဆေးရုံများက ထိုဆေးဝါးစက်ရုံမှ ထုတ်လုပ်ပေးသော ဆေးဖက်ဝင် ပစ္စည်းများ၏ အရည်အသွေးမှာ ယခင်ကကဲ့သို့ မကောင်းတော့ကြောင်း သတိပြုမိလာကြသည်။
ထိုမျှသာမကဘဲ နိုင်ငံအတွင်း၌ တစ်ခါမျှ မမြင်ဖူးသော အပင်တချို့ကိုလည်း ဆေးဝါးများအတွင်း၌ ရောနှောအသုံးပြုနေကြောင်း တွေ့ရှိခဲ့ကြရလေသည်။
ထိုဆေးဖက်ဝင် ပစ္စည်းမျိုးမှာ ပြည်တွင်းရှိ ပစ္စည်းများနှင့် ပုံစံတူပြီး ဆေးဖက်ဝင် အာနိသင်ချင်းလည်း ဆင်တူသော်လည်း အရည်အသွေးသည်က များစွာ ညံ့ဖျင်းလွန်းသည်။
သို့သော်လည်း ထိုဆေးတို့ကို တူညီသော ဈေးနှုန်းများဖြင့်သာ ရောင်းချနေခဲ့ကြသည်။
သို့ဖြစ်၍ ဤသည်မှာ လိမ်ညာလှည့်စားခြင်းဟုဆိုနိုင်ပေသည်။
ထိုဆေးဖက်ဝင် ပစ္စည်းများကို တခြားသော ပစ္စည်းများအတွင်း ရောနှောထားသောကြောင့် ဂရုတစိုက်ဖွင့်ကာ စစ်ဆေးခြင်း မပြုပါက တွေ့ရှိရန် ခက်ခဲလွန်းသည်။
ဆရာဝန်တစ်ဦးက လူနာတစ်ဦးဆီသို့ ဆေးပေးခဲ့ချိန်တွင် ထိုဆေး၏ အာနိသင်မှာ သူ ညွှန်းဆိုထားသော ပမာဏနှင့် ကိုက်ညီမှု မရှိကြောင်းကို ရက်အတော်ကြာပြီးနောက်မှသာ သတိပြုမိခဲ့သည်။
သူ့အနေဖြင့် တစ်ခုခု မှားယွင်းနေကြောင်းကို ရိပ်မိသွားသောကြောင့် လူနာအား ဆေးကို ပြခိုင်းခဲ့ပြီး အချိန်အတော်ကြာအောင် သေသေချာချာ စစ်ဆေးပြီးမှသာ ထိုဆေးက သူ သိရှိထားသော ဆေးမဟုတ်ကြောင်းကို သိရှိခဲ့လေ၏။
ထို့နောက်တွင် ဆရာဝန်များက စုပေါင်းပြီး လေ့လာစစ်ဆေးခဲ့ကြလေ၏။
ထိုအထဲတွင် အစောပိုင်းနှစ်များက ပြည်ပတွင် ပညာသင်ကြားခဲ့သော ပရော်ဖက်ဆာကြီးတစ်ဦးက ထိုဆေးဖက်ဝင်ပစ္စည်းကို မှတ်မိသွားခဲ့သည်။ ထိုအချိန်မှသာ ဤရှုပ်ထွေးနေသော ကိစ္စကို ဖြေရှင်းနိုင်ခဲ့ခြင်း ဖြစ်သည်။
ပုံမှန်အတိုင်းဆိုပါက သူတို့အနေဖြင့် ထိုဆေးဝါးစက်ရုံကို ခိုးကြောင်ခိုးဝှက်လုပ်ဆောင်ပြီး အရည်အသွေးညံ့သော ပစ္စည်းများကို အကောင်းစားအဖြစ် ဟန်ဆောင်ရောင်းချသည့်အတွက် ဆူပူကြိမ်းမောင်းကာ သူတို့နှင့် ပူးပေါင်းဆောင်ရွက်မှုကိုပါ ရပ်တန့်ပစ်ကြပေလိမ့်မည်။
သို့သော်လည်း ထိုဆေးဖက်ဝင်ပစ္စည်းသည်ကား တရုတ်နိုင်ငံအတွင်း၌ တစ်ခါမျှ မတွေ့ဖူးဘဲ ပြည်ပတွင်သာ ရရှိနိုင်သည့်ပစ္စည်းဖြစ်နေခဲ့သည်။
တစ်စုံတစ်ဦးက ထိုပစ္စည်းကို ပြည်ပမှ လျှို့ဝှက်သယ်ယူလာခြင်းဖြစ်စေ၊ သို့မဟုတ် မျိုးစေ့ကို ပြည်ပမှ ရရှိအောင် လုပ်ဆောင်ပြီး တရုတ်နိုင်ငံတွင် စိုက်ပျိုးခြင်းဖြစ်စေ..
မည်သည့်နည်းလမ်းကို သုံးသည်ဖြစ်ပါစေ “ပြည်ပ” ဟူသော စကားလုံး ပါဝင်လာသည်နှင့်တစ်ပြိုင်နက် ကြီးမားသောပြဿနာတစ်ခု ဖြစ်လာခဲ့သည်။
ထို့အပြင် ထိုကိစ္စမှာ ပြည်သူလူထု၏ကျန်းမာရေးနှင့်အသက်ကိုခြိမ်းခြောက်နိုင်သော ဆေးဝါးကိစ္စဖြစ်နေသည်။
ထို့ကြောင့်ပင် စုန့်ရှီးယန်အား ဤတာဝန်ကို ပေးအပ်ခဲ့ခြင်းဖြစ်လေ၏။ အထက်မှ သူ့ကို ဤကိစ္စကို ရှင်းလင်းစွာ စုံစမ်းစစ်ဆေးရန် ညွှန်ကြားခဲ့သည်။
လွန်ခဲ့သော ရက်အနည်းငယ်က ဒေသခံရဲတပ်ဖွဲ့ဘက်မှ ထိုဆေးဝါးစက်ရုံသို့ သွားရောက်စုံစမ်းခဲ့ချိန်တွင် ယေဘုယျ အခြေအနေများကို သိရှိခဲ့ရသည်။
ဆေးဝါးစက်ရုံရှိ တခြားအလုပ်သမားများနှင့် ဒေသခံ အဖွဲ့ဝင်များတွင်တော့ ပြဿနာရှိပုံမရပါချေ။
ထိုသူတို့မှာ ဆေးဝါးများ စုဆောင်းနည်း၊ ဆေးပင်စိုက်ပျိုးနည်းနှင့် ၎င်းတို့ကို စနစ်တကျ ပြင်ဆင်နည်းများကိုသာ ညွှန်ကြားခြင်းခံထားရသည်။
ထိုဆေးဖက်ဝင် အပင်များ၏ ရင်းမြစ်နှင့် ပတ်သက်လျှင်တော့ တောင်ပေါ်မှ ရှာဖွေစုဆောင်းသည့်အပြင် အများစုမှာ သူတို့ကိုယ်တိုင် စိုက်ပျိုးထားခြင်းဖြစ်ပြီး မျိုးစေ့များကို စက်ရုံမှူးက ထောက်ပံ့ပေးခြင်းဖြစ်သည်။
သူတို့က စက်ရုံမှူးကိုလည်း စုံစမ်းစစ်ဆေးခဲ့ကြသည်။ ထိုသူမှာ ထူးခြားသော နောက်ခံမရှိသည့် ဒေသခံတစ်ဦးသာ ဖြစ်ပေသည်။
သူနှင့် ပတ်သက်သည့် ထူးခြားချက်ကို ရှာဖွေချိန်တွင် ဤသည်ကိုတွေ့ခဲ့ရသည်။
ထိုလူမှာ တပ်မဟာအဖွဲ့ဝင်များ၏ ဘဝကို မြှင့်တင်ရန်အတွက် ဆေးဝါးစက်ရုံ တည်ထောင်ရန်ဟူသော အကြံဥာဏ်မျိုးကို နှစ်ပေါင်းများစွာအတွင်း တစ်ခါမျှ မပြောဆိုခဲ့ဖူးပါချေ။ ယခုမှသာ ရုတ်တရက် လုပ်ဆောင်လာခြင်းပင် ဖြစ်၏။
ထို့အပြင် ထိုစက်ရုံမှူးသည်က စက်ရုံတည်ထောင်ရန် အဆိုမပြုမီက လဲ့ပြည်နယ်ရှိ ဆွေမျိုးတချို့နှင့် သွားရောက်တွေ့ဆုံခဲ့ပုံရသည်။ သူ ပြန်ရောက်ပြီး မကြာမီမှာပင် ဒေသခံဌာနသို့ ဤကိစ္စကို တင်ပြခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရှိခဲ့ရသည်။
ယခုအခြေအနေမှာ သိသိသာသာပင် တစ်စုံတစ်ခု မှားယွင်းနေပေသည်။
တစ်စုံတစ်ဦးက သူ၏ နောက်ကွယ်မှနေ၍ လမ်းညွှန်ပေးနေခြင်း ဖြစ်ရမည်။ ထိုသူမှာလည်း လဲ့ပြည်နယ်နှင့် ပတ်သက်မှုရှိသူ သို့မဟုတ် လဲ့ပြည်နယ်တွင်ရှိနေသူ ဖြစ်နိုင်ခြေ များသည်။
သို့သော် ထိုသူက မည်သူဖြစ်ပြီး မည်သည့်ရည်ရွယ်ချက် ရှိနေသည်ဟူသောကိစ္စကိုတော့ ထုတ်ဖော်နိုင်ခြင်း မရှိသေးပါချေ။
သို့သော်လည်း စုန့်ရှီးယန်တို့အနေဖြင့် ထိုဆေးဝါးစက်ရုံမှ လူများက ဤကာလအတွင်း မြို့တော်ဆေးရုံနှင့် ပူးပေါင်းဆောင်ရွက်ရန် လာရောက် ဆွေးနွေးကြမည်ဟူသော သတင်းကို ရရှိထားခဲ့ကြသည်။
စုန့်ရှီးယန် လုပ်ဆောင်ရမည့်ကိစ္စမှာ ထိုလူများကို စောင့်ကြည့်ရန်နှင့် သူတို့ထံတွင် ပုံမှန်မဟုတ်သော အပြုအမူများ ရှိ၊ မရှိ စုံစမ်းရန်သာ ဖြစ်ပေသည်။
ကျိုးကျယ်ပင်းက ထိုစကားကို ကြားချိန်တွင် မျက်မှောင်ကြုတ်သွားရသည်။
ထို့နောက် သူက တွန့်ဆုတ်စွာပြောလိုက်လေသည်။
“အဲဒီဆေးဝါးစက်ရုံရဲ့ လုပ်ရပ်တွေက ငါနဲ့ ဘာလို့ ဒီလောက်တောင် ရင်းနှီးနေရတာလဲ”
အမှန်အတိုင်းပြောရလျှင် စုန့်ရှီးယန်သည်လည်း အဖွဲ့အစည်းထံမှ ဤအကြောင်းကို စတင် ကြားသိရချိန်က ကျိုးကျယ်ပင်းကဲ့သို့ပင် တုံ့ပြန်ခဲ့မိသည်။
သူ့အနေဖြင့် သူ၏ယောက္ခမဖြစ်သူ လင်းကျန်းအန်း၏ အပြစ်ကင်းစင်မှုကို သက်သေပြရန်အတွက် တိုက်ရိုက် ပြောဆိုချင်စိတ်ပင် ဖြစ်လာခဲ့ရသေးသည်။
ဆိုရလျှင် ဤဆေးဝါးစက်ရုံ၏ နောက်ခံ၊ ရည်ရွယ်ချက်နှင့် လက်ရှိ ဖွံ့ဖြိုးတိုးတက်မှုများမှာ လင်းကျန်းအန်း၏ စက်ရုံနှင့် အလွန်ပင် ဆင်တူနေခဲ့သည်ပင်။
သို့သော် ကံကောင်းစွာဖြင့် အဖွဲ့အစည်းက ထိုစက်ရုံမှာ တစ်ဖက်ပြည်နယ်ရှိ ခရိုင်မြို့လေးတစ်ခုတွင် ရှိခြင်းသာဖြစ်ပြီး လဲ့ပြည်နယ်တွင် မဟုတ်ကြောင်း၊ စက်ရုံမှူး၏ မျိုးရိုးအမည်မှာလည်း လင်း မဟုတ်ကြောင်း ပြောခဲ့လေ၏။
ထို့အချိန်မှသာ စုန့်ရှီးယန်လည်း သက်ပြင်းချနိုင်ခဲ့၏။
ကျိုးကျယ်ပင်း၏ သံသယကို တွေ့ရချိန်တွင် စုန့်ရှီးယန်က ခေါင်းခါပြလျက် ပြတ်သားစွာ ပြောလိုက်လေသည်။
“အဲဒါ လင်းရန်ရဲ့ အဖေမဟုတ်ဘူး၊ နောက်တစ်ယောက်ပဲ”
ထိုအချိန်မှသာ ကျိုးကျယ်ပင်းလည်း စိတ်သက်သာရာရသွားရတော့သည်။
သူတို့ကဲ့သို့ နောက်ခံမျိုးဖြင့် ကြီးပြင်းလာသူများအနေဖြင့် လွန်ခဲ့သော နှစ်များအတွင်း၌ “ပြည်ပ”နောက်ခံ ရှိနေခြင်းက မည်မျှအထိ ပြင်းထန်သော ကိစ္စဖြစ်ကြောင်းကို ကောင်းစွာ နားလည်ထားကြသည် မဟုတ်ပါလား။
“ကောင်းပြီ၊ ငါ အချိန်မရွေး စောင့်ကြည့်ပေးမယ်.. ဆေးဝါးလုပ်ငန်း ဒါမှမဟုတ် ပူးပေါင်းဆောင်ရွက်ဖို့ တစ်ယောက်ယောက် ဆေးရုံကို လာတာနဲ့ မင်းကို ချက်ချင်း အကြောင်းကြားပေးမယ်”
စုန့်ရှီးယန်က ခေါင်းညိတ်ပြလိုက်ပြီး ကျိုးကျယ်ပင်းအား ကျေးဇူးတင်စကား ဆိုလိုက်လေသည်။
ထို့နောက် ဆေးရုံမှ ထွက်သွားရန် ပြင်ဆင်လိုက်၏။ အချိန်စောနေသေးသောကြောင့် သူ့အနေဖြင့် ဘူတာရုံသို့ အရင်သွားရန် တွေးတောလိုက်လေသည်။ ထိုနေရာတွင် ထူးဆန်းသော သူစိမ်းများကို တွေ့နိုင်လောက်ပေ၏။
သို့မဟုတ်ပါကလည်း သူခိုးနှစ်ယောက်ခန့် ဖမ်းဆီး၍ အချိန်ဖြုန်းနိုင်သည် မဟုတ်ပါလား။
သို့သော် သူ ဆေးရုံတံခါးဝမှ ထွက်လိုက်သည့်အချိန်မှာပင် ပစ္စည်းများကို သယ်ဆောင်လာသော လူငယ်နှစ်ဦးမှာ သူ၏ဘေးမှဖြတ်ကာ ဆေးရုံသို့ ဝင်သွားကြလေသည်။
စုန့်ရှီးယန် ခေတ္တမျှ ရပ်တန့်သွားပြီးနောက် ဖြည်းညင်းစွာ ပြန်လှည့်ကြည့်လိုက်လေ၏။ သူ၏ မျက်နှာမှာလည်း တည်ငြိမ်လေးနက်သွားရသည်။
ထိုလူနှစ်ဦး သယ်ဆောင်လာသော အိတ်များထဲမှ ဆေးဖက်ဝင်ပစ္စည်းများ၏ ထူးခြားသောအနံ့ကို သူ ရှင်းလင်းစွာ ရရှိလိုက်ပေသည်။
စုန့်ရှီးယန်သည် မျက်လုံးများကို မှေး၍ ကြည့်လိုက်ပြီးနောက် ဆေးရုံထဲသို့ ပြန်လည်ဝင်သွားခဲ့လေသည်။
*
ထိုအချိန်တွင် တုန်ဖန်းတပ်ဖွဲ့၌ ရှိနေသော လင်းကျန်းအန်းသည်လည်း မျက်မှောင်ကြုတ်လျက် ရှိနေခဲ့၏။
“ကျန်းအန်း.. ဒီတစ်ခေါက် ပူးပေါင်းဆောင်ရွက်မှုက အဆင်မပြေဘူးလား၊ ဘာလို့ ဒီလို ဖြစ်သွားရတာလဲ. အရင်တုန်းက အရာအားလုံး အဆင်ပြေနေတာကို ဘာလို့ ဆေးရုံနှစ်ခုက ငါတို့နဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရုတ်တရက် ရပ်တန့်လိုက်ရတာလဲ
ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် ငါတို့ စိုက်ထားတဲ့ ဆေးပင်တွေကို ရောင်းလို့ ရပါဦးမလား၊ ဆေးခင်းထဲမှာတင် အသေခံလိုက်လို့မဖြစ်ဘူးနော်”
တပ်မဟာခေါင်းဆောင်က အလွန်ပင် ပူပန်နေပုံရသည်။ သူက အလွန်အမင်း အေးစက်လွန်းသော ရာသီဥတုတွင်ပင် ဆေးခင်းထဲ၌ အလုပ်လုပ်နေကြသော အလုပ်သမားများကို ကြည့်ကာ စိတ်မကောင်း ဖြစ်နေလေ၏။
သူတို့အားလုံးမှာ ဆေးဖက်ဝင် ပစ္စည်းများကို ဈေးကောင်းရရန်နှင့် နှစ်သစ်ကူးတွင် ကောင်းမွန်စွာ နေထိုင်နိုင်ရန်အတွက် စိတ်ကိုတင်း၍ လုပ်ကိုင်နေကြခြင်းဖြစ်ပေ၏။
မည်သူက သိနိုင်ပါမည်နည်း။
သူတို့၏ ဆေးဝါးစက်ရုံမှာ ယခင်က အရာအားလုံး ချောမွေ့နေခဲ့သည်။ လင်းကျန်းအန်း သွားရောက်ခဲ့သော တခြားပြည်နယ်ရှိ ဆေးရုံတချို့ကလည်း သူတို့၏ ဆေးဝါးများကို သဘောကျကြောင်း ပြောဆိုခဲ့ကြပြီး ဆေးဝါးများကို လက်ခံရန် စောင့်ဆိုင်းနေခဲ့ကြသည်။
ထို့နောက်တွင် လင်းကျန်းအန်းက နောက်ထပ်ဆေးဝါးများကို မည်သည့်အချိန်တွင် ပေးပို့ရမည်ကို မေးမြန်းရန် သူတို့ထံသို့ ဆက်သွယ်ခဲ့လေသည်။
သို့သော်လည်း သူတို့က လက်တလောတွင် ဆေးဝါးများကို မလိုအပ်သေးကြောင်း အားနာစွာဖြင့် ရုတ်တရက် အကြောင်းပြန်လာခဲ့ကြသည်။
လင်းကျန်းအန်း၏ မသိစိတ်က တစ်စုံတစ်ခု မှားယွင်းနေပြီဟု ပြောနေခဲ့သည်။ သူ့အနေဖြင့် ထိုဆေးရုံများသို့ ကိုယ်တိုင်သွားရောက်ကြည့်ရှုဖူးသောကြောင့် ထိုဆေးရုံများ၌ နေ့စဉ် လိုအပ်သော ဆေးဝါးပမာဏက မနည်းကြောင်းကို ကောင်းစွာ သိရှိထားပေသည်။
ဒါဆို ဘာလို့များ ဆေးဝါးတွေကို မလိုတော့ဘူးလို့ ပြောလာကြတာလဲ။
လင်းကျန်းအန်း အကြောင်းပြချက်ကို ချက်ချင်းပင် စဉ်းစားမိလိုက်သည်။
သူတို့ထံတွင် လုံလောက်သော ဆေးဝါးများ ရှိနေခြင်းသာဖြစ်ရမည်။ ထိုဆေးဝါးများမှာ သူတို့ဆီမှ ပေးပို့ခြင်းမဟုတ်ဘဲ တခြားသော ဆေးဝါးစက်ရုံများထံမှ ဝယ်ယူထားခြင်းသာဖြစ်ပေလိမ့်မည်။
တိုက်ဆိုင်စွာဖြင့် တခြားသော ဆေးရုံတစ်ခုကလည်း ထိုကဲ့သို့ပင် အကြောင်းပြန်ခဲ့လေသည်။
ယခုအချိန်တွင် လင်းကျန်းအန်းအနေဖြင့် ဤကိစ္စကို တိုက်ဆိုင်မှုဟု မယူဆရဲတော့ပါချေ။
သူ့အနေဖြင့် ဆေးရုံရှိ လူများထံသို့ အတတ်နိုင်ဆုံး စုံစမ်းမေးမြန်းခဲ့ပြီးနောက် တခြားသော ပြိုင်ဘက်တစ်ခု ရှိနေကြောင်း သိရှိခဲ့ရလေသည်။
ထို့အပြင် ထိုဆေးရုံနှစ်ခုလုံးအား အသစ်တည်ထောင်ထားသော ဆေးဝါးစက်ရုံတစ်ခုက လက်ဝါးကြီးအုပ်ထားခြင်း ဖြစ်နေခဲ့သည်။
***