လင်းကျန်းအန်း ထပ်မံစုံစမ်းကြည့်ချိန်တွင် ထိုစက်ရုံ၏ ဈေးနှုန်းမှာ သူတို့ထက် များစွာသက်သာပြီး ဆေးဝါးအရည်အသွေးမှာလည်း သူတို့နှင့် မကွာခြားကြောင်းကို သိရှိခဲ့ရသည်။
ဆေးရုံအနေဖြင့် မည်သူနှင့် ပူးပေါင်းဆောင်ရွက်မည်ဆိုသည်မှာ အခြေအနေများစွာအပေါ် မူတည်၍ ဆုံးဖြတ်မည်ကို လင်းကျန်းအန်း နားလည်ထားသည်။
သူတို့၏ ဈေးနှုန်းက သက်သာပြီး အရည်အသွေးမှာလည်း မဆိုးပါက လင်းကျန်းအန်းဘက်မှ စိတ်ပျက်နေလျှင်ပင် ဝင်ပြော၍ မရတော့ပါချေ။
သို့သော် သူ နားမလည်နိုင်သေးပေ။
သူ၏ စက်ရုံမှ ဈေးနှုန်းမှာလည်း အတော်လေး သက်သာနေပြီဟု သူ ယူဆထားခဲ့သည်။
သူသည်က အစောပိုင်းတွင် အမြတ်နည်းနည်းသာ ယူရန်နှင့် ဆေးရုံများနှင့် ရေရှည် ပတ်သက်မှု တည်ဆောက်ရန်၊ စက်ရုံ၏ နာမည်ကို တည်ဆောက်ရန်သာ ရည်ရွယ်ခဲ့ခြင်း ဖြစ်ပေသည်။
ထိုသို့ လုပ်ဆောင်ပြီးမှသာ ပမာဏ များများရောင်းချခြင်းဖြင့် ဈေးနှုန်း အားနည်းချက်ကို ပြန်လည်ကုစားရန် စီစဉ်ထားခဲ့လေ၏။
အရာအားလုံးက သူ၏ အစီအစဉ်အတိုင်း ဖြစ်နေခဲ့သော်လည်း ယခုကဲ့သို့ လမ်းတစ်ဝက်တွင် ကြားဖြတ်နှောင့်ယှက်သူ ပေါ်လာလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပါချေ။
ထိုဈေးနှုန်းမျိုးဖြင့်ဆိုပါက တစ်ဖက်လူအနေဖြင့် အမြတ်ရော ရရှိနိုင်ပါမည်လား။
တပ်မဟာခေါင်းဆောင်၏ အသံကို ကြားချိန်တွင် လင်းကျန်းအန်း သတိပြန်ဝင်လာပြီး ခေါင်းကို အသာခါရမ်းပြလိုက်မိလေသည်။
“တစ်ဖက်လူ ပေးတဲ့ ဈေးနှုန်းက တကယ်ကို သက်သာလွန်းနေတယ်၊ လောလောဆယ်တော့ သူတို့ကို ယှဉ်ဖို့ မလွယ်ဘူး...”
“ဒါဆိုရင် ငါတို့လည်း ဈေးလျှော့ပြီး ဆေးရုံနဲ့ ပူးပေါင်းဆောင်ရွက်မှုကို အရင် အရယူလိုက်ရင်ရော ဘယ်လိုလဲ”
တပ်မဟာခေါင်းဆောင်မှာ စိုးရိမ်လွန်းသောကြောင့် တစ်ဖက်လူကဲ့သို့ ဈေးလျှော့ရန် အကြံပြုလာခြင်း ဖြစ်လေ၏။
သို့သော် လင်းကျန်းအန်းက ထိုစကားကို တုံ့ဆိုင်းမှုမရှိ ငြင်းပယ်လိုက်သည်။
“မဖြစ်ဘူး၊ တကယ်လို့ ကျွန်တော်တို့က အခု တစ်ဖက်လူနဲ့အပြိုင် ဈေးလျှော့လိုက်မယ်ဆိုရင် နောက်ပိုင်း ပုံမှန်ဈေးအတိုင်း ပြန်တိုးချင်တဲ့အချိန်မှာ ဆေးရုံက ကျေနပ်တော့မှာ မဟုတ်ဘူး၊
သူတို့က ဈေးတွေ အရမ်းတက်လာတယ်လို့ ခံစားရပြီး ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဖြတ်တောက်သွားနိုင်တယ်”
ထို့အပြင် ပူးပေါင်းဆောင်ရွက်မှု ပျက်ပြားခြင်းထက် ပို၍ ကြောက်စရာကောင်းသည်မှာ တစ်ဖက်လူ၏ အမြင်တွင် သူတို့၏ ဂုဏ်သိက္ခာတို့ ထိခိုက်သွားခြင်းပင် ဖြစ်ပေသည်။
ထိုသို့ဆိုလျှင် နောက်ပိုင်းတွင် ပူးပေါင်းဆောင်ရွက်ရန် ခက်ခဲသွားပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ စီးပွားရေး လုပ်ရာတွင် “ဂုဏ်သိက္ခာ” က အရေးကြီးဆုံးဖြစ်သည် မဟုတ်ပါလား။
သို့ဖြစ်၍ လင်းကျန်းအန်းအနေဖြင့် ထိုဆေးရုံနှစ်ခုမှ ဖောက်သည်များကို ပြန်လည် မရယူနိုင်တော့လျှင်ပင် တစ်ဖက်လူကဲ့သို့ ဈေးလျှော့သည့် အပြုအမူမျိုးကိုမူ လုံးဝ လုပ်ဆောင်မည် မဟုတ်ပါချေ။
ထို့အပြင် အကယ်၍ သူတို့က ဈေးလျှော့လိုက်ပြီး တစ်ဖက်လူက သိသွားပါက သူတို့ကလည်း ထပ်မံ၍ ဈေးလျှော့ကြဦးမည် ဖြစ်၍ ဈေးကွက် စနစ်တစ်ခုလုံးကို ပျက်ပြားသွားစေနိုင်သည်။
ထို့ကြောင့် ဈေးလျှော့ခြင်းမှာ နည်းလမ်းကောင်း မဟုတ်ပါချေ။
“ဒါကလည်း မဖြစ်၊ ဟိုဟာကလည်း မဖြစ်ဆိုမှတော့ .. ငါတို့ရဲ့ လုပ်ငန်းတွေကို အဲဒီ ဆေးဝါးစက်ရုံက လုယူသွားတာကို ဒီအတိုင်းပဲ ကြည့်နေရတော့မှာလား
အိုက်ယား.. ဘယ်လိုလုပ်ကြမလဲ၊ ဒီနှစ်မှာ အေးအေးဆေးဆေးနဲ့ နှစ်သစ်ကူးနိုင်ပြီး ကောင်းမွန်တဲ့ ရိတ်သိမ်းချိန်လည်း ဖြစ်တော့မယ်လို့ ထင်ထားတာကို.. ဘာလို့ ဒီလို ကိစ္စဆိုးတွေနဲ့ ကြုံရတာလဲ”
တပ်မဟာခေါင်းဆောင်မှာ အရှေ့တွင် ကြုံတွေ့နေရသော အခက်အခဲများကြောင့် စိတ်ဓာတ်ကျလုနီးပါး ဖြစ်နေရှာသည်။
လင်းကျန်းအန်းသည် ခေတ္တမျှ ရပ်တန့်သွားပြီးမှ ခေါင်းဆောင်အား နှစ်သိမ့်လိုက်လေသည်။
“အဆင်ပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ဆေးရုံတွေ အများကြီး ကျန်သေးတယ်လေ၊
ဒီဆေးရုံနှစ်ခုကိုတော့ လောလောဆယ် လက်လျှော့လိုက်ကြရအောင်.. နှစ်သစ်ကူးဖို့ တစ်လလောက် ကျန်သေးတယ်ဆိုတော့ တခြားနေရာတွေကို သွားပြီး စုံစမ်းကြည့်ပါဦးမယ်
တကယ်လို့ ပူးပေါင်းဆောင်ရွက်မဲ့ ဆေးရုံအသစ် ရလာတာမျိုးလည်း ဖြစ်နိုင်တာပဲ”
“ပြီးတော့ ကျွန်တော်တို့ တပ်မဟာရဲ့ အခြေအနေက အရင်ကထက် အများကြီး ပိုကောင်းနေပါပြီ၊ တပ်မဟာတစ်ခုလုံး လယ်လုပ်နေရတဲ့ အချိန်တုန်းကထက်တော့ ပိုဆိုးမသွားတော့ပါဘူး”
နှစ်ပေါင်းများစွာ လယ်လုပ်ခဲ့ရသည့် နေ့ရက်များ ကုန်ဆုံးသွားပြီး ယခုအချိန်တွင် သူတို့၏ ဘဝမှာ ပိုမို ကောင်းမွန်လာခဲ့ပြီ ဖြစ်ပေသည်။
သို့သော် သူတို့၏ အတိတ်ကို မေ့ပျောက်၍ မဖြစ်ပါချေ။ ဆင်းရဲဒုက္ခကို သတိရပြီး ချိုမြိန်မှုကို ခံစားတတ်ရန်နှင့် ရောင့်ရဲတတ်ရန် သင်ယူခြင်းမှာလည်း သူတို့အတွက် အလွန် အရေးကြီးပေသည်။
တပ်မဟာခေါင်းဆောင်က သူ၏ စကားကို ကြားချိန်တွင် ဒေါသများမှာ ပြေလျော့သွားခဲ့လေသည်။
မှန်ပေ၏။ လင်းကျန်းအန်း ပြောသည်မှာ အဓိပ္ပါယ်ရှိသည်။ သူသည်က ဆေးဝါးစက်ရုံလုပ်ငန်း စတင်အောင်မြင်လာသည်ကို မြင်တွေ့ရသောကြောင့် လောဘတက်လာခြင်းသာ ဖြစ်ပေလိမ့်မည်။
ဤသည်မှာ မကောင်းပါချေ။ သူတို့သည်က ကိုယ့်ကိုယ်ကိုယ် ပြန်လည် ထိန်းကျောင်းနိုင်ရမည် မဟုတ်ပါလား။
ခေါင်းဆောင်က လင်းကျန်းအန်းအား အားနာသောမျက်နှာဖြင့် ကြည့်လိုက်မိသည်။
“ကောင်းပါပြီ.. မင်းပြောသလိုပဲထားရအောင်၊ ငါလည်း စိတ်ရှုပ်သွားလို့ပါ..
မင်း ပြောတာ မှန်တယ်၊ ငါတို့ရဲ့ ဘဝက အရင်ကထက် အများကြီး ပိုကောင်းနေပြီ၊ ရောင့်ရဲတတ်အောင် သင်ယူရမယ်”
ခေါင်းဆောင် စိတ်သက်သာရာရသွားသည်ကို မြင်ရမှသာ လင်းကျန်းအန်းလည်း သက်ပြင်းချနိုင်တော့သည်။
သို့သော် သူ ခေါင်းဆောင်အား နှုတ်ဆက်ကာ အိမ်သို့ ပြန်ရောက်သည်နှင့် ပစ္စည်းများကို အလျှင်အမြန် ထုပ်ပိုးလိုက်ပြီး ဈေးကွက်သစ် ရှာဖွေရန်အတွက် ချက်ချင်း ထွက်ခွာရန် ဆုံးဖြတ်လိုက်လေတော့သည်။
အဘွားလင်းက သူ ပြန်ရောက်လာသည်မှာ နှစ်ရက်မျှသာ ရှိသေးသော်လည်း ပစ္စည်းများ ထပ်မံ ထုပ်ပိုးနေသည်ကို မြင်ချိန်တွင် အံ့ဩသွားရသည်။
“ဒုတိယသား.. ဘာလို့ ပစ္စည်းတွေ ပြန်ထုပ်နေတာလဲ၊ ခရီးဝေးကိုထပ်သွားဦးမလို့လား”
လင်းကျန်းအန်းက ခေါင်းညိတ်ပြလိုက်လေသည်။ သူ စဉ်းစားကြည့်ပြီးနောက် ဆေးဝါးစက်ရုံတွင် ကြုံတွေ့နေရသော အခက်အခဲများကို အဘွားအိုအား မပြောပြရန် ဆုံးဖြတ်လိုက်၏။
အဘွားအို သိသွားပါက စိုးရိမ်နေရုံသာရှိမည် မဟုတ်ပါလား။
သို့ဖြစ်၍ သူက ဆင်ခြေပေး၍ပြောလိုက်သည်။
“ဒီရက်ပိုင်း နှစ်သစ်ကူးလည်း နီးနေပြီဆိုတော့ လုပ်စရာတွေ အများကြီး ရှိနေလို့ပါ.. ခဏလောက်တော့ အလုပ်များဦးမယ် ထင်တယ်”
လင်းကျန်းအန်း၏ ပုံစံက ထူးထူးခြားခြားမရှိသည်ကို မြင်လျှင် အဘွားအိုလည်း စိတ်အေးသွားခဲ့လေ၏။
“ကောင်းပြီ၊ ဒီတစ်ခါကျရင် ဘယ်ကိုသွားမှာလဲ၊ ဘယ်တော့လောက်ကိုပြန်လာမလဲ၊ အချိန်ရရင် ရန်ရန်ဆီလည်း ဝင်ကြည့်လိုက်ဦးနော်”
“ရန်ရန်တို့ နှစ်သစ်ကူးကာလအတွင်း ဘယ်ရက်လောက်မှာ ခွင့်ရမလဲမသိဘူး၊ သူမ ပြန်လာမှပဲ မိသားစု ပြန်ဆုံကြတာပေါ့”
သို့သော် အဘွားအိုက ထိုသို့ ပြောနေသော်လည်း လင်းရန်အနေဖြင့် နှစ်သစ်ကူးတွင် ပြန်လာနိုင်မည်ဟု သိပ်ပြီး မမျှော်လင့်ရဲပါချေ။
မည်သို့ပင်ဖြစ်စေ သူတို့၏ စားသောက်ဆိုင်က နှစ်သစ်ကူးတွင် ပိတ်လေ့မရှိကြောင်းကို သူမ ကြားဖူးထားသည် မဟုတ်ပါလား။
ဤနှစ်က သူမ အိမ်ပြန်ရောက်သည့် ပထမဆုံးနှစ် ဖြစ်သော်လည်း မိသားစု စုံစုံလင်လင်ဖြင့် ဆုံစည်းပြီး အတူ စားသောက်နိုင်ရန်အတွက် မျော်လင့်ချက်နည်းပါးနေခဲ့သည်။
ဤအကြောင်းကို တွေးမိချိန်တွင် အဘွားလင်းတစ်ယောက် စိတ်မကောင်း ဖြစ်သွားရလေသည်။
လင်းကျန်းအန်းလည်း သူမအား မည်သို့ နှစ်သိမ့်ရမည်ကို မသိသောကြောင့် အသာပြောလိုက်လေ၏။
“အချိန်ကျရင် ရန်ရန်ကို မေးကြည့်လိုက်ပါ့မယ်”
ထို့နောက် လင်းကျန်းအန်းက ပစ္စည်းများကို ယူဆောင်ကာ အိမ်မှ ထွက်ခွာလာလေခဲ့သည်။
သူက တပ်မဟာခေါင်းဆောင်ထံတွင် ထောက်ခံစာ သွားယူပြီးနောက် မြို့ပေါ်သို့ ထွက်ခွာလာခဲ့လေ၏။
သူ့အနေဖြင့် တခြားသော နေရာများသို့ သွားလိုလျှင် မြို့ပေါ်သို့ သွား၍ ရထားစီးရမည်ဖြစ်သောကြောင့် မြို့သို့ သေချာပေါက် သွားရလိမ့်မည်။
သူ မြို့သို့ ရောက်ရှိချိန်တွင် လုံးဝမှောင်လုနီးပါး ဖြစ်နေခဲ့ပေပြီ။
သူ ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် မြို့ပေါ်၌ တစ်ည အိပ်စက်ပြီးမှ မနက်ဖြန် မနက်တွင်မှ ဘူတာရုံသို့ သွားရန် ဆုံးဖြတ်လိုက်လေ၏။
သူက လင်းရန်၏ အိမ်နှင့် အနီးဆုံးရှိ တည်းခိုခန်းတွင် အခန်းငှားရမ်းလိုက်ပြီးနောက် လင်းရန်၏ အိမ်သို့ တိုက်ရိုက်သွားခဲ့သည်။
သူ သမီးဖြစ်သူ၏အိမ်သို့ရောက်ရှိသွားချိန်တွင် စုန့်ရှီးယန်လည်း အိမ်တွင် ရှိနေသည်ကို တွေ့လိုက်ရလေ၏။
“အဖေ... ဘာလို့ ရောက်လာတာလဲ”
စုန့်ရှီးယန်မှာ ခေတ္တမျှ ကြောင်အမ်းသွားပြီးမှ လင်းကျန်းအန်းကို အထဲသို့ အမြန်ခေါ်လိုက်ပြီး ဟင်းချက်နေသော လင်းရန်ဆီသို့ လှမ်းအော်လိုက်လေသည်။
“ရန်ရန်... အဖေ ရောက်နေတယ်”
အဖေ ရောက်နေတာလား။
လင်းရန်က ထိုအသံကို ကြားသည်နှင့် မီးဖိုချောင်ထဲမှ ပြေးထွက်လာခဲ့လေ၏။
လင်းကျန်းအန်းကို မြင်တွေ့လိုက်ရချိန်တွင် ပျော်ရွှင်စွာ ရယ်မောလိုက်လေ၏။
“အဖေ... ရောက်လာပြီလား၊ မြန်မြန် ဝင်ထိုင်ပါဦး၊ ထမင်းက အခုပဲ ကျက်တော့မှာ”
လင်းကျန်းအန်းသာ အလုပ်များနေသည် မဟုတ်ပါချေ။ လင်းရန်သည်လည်း အလွန်ပင် အလုပ်များနေသောကြောင့် သူတို့သားအဖ မတွေ့ရသည်မှာ ကြာနေခဲ့ပေပြီ။
လင်းကျန်းအန်း ယခုကဲ့သို့ ရောက်ရှိလာခြင်းမှာ အလုပ်ကိစ္စကြောင့်သာ ဖြစ်ရပေမည်။ သို့သော်လည်း လင်းရန်၏ ထင်မြင်ချက်အရ လင်းကျန်းအန်းက အမြဲတစေတည်ငြိမ်လေးနက်ပြီး စိတ်ဓာတ်ခိုင်မာသောသူ ဖြစ်ပေ၏။
ထို့ကြောင့် သူ၏ လုပ်ငန်းတွင် ပြဿနာများ ရှိနေပြီး တခြားသော ဆေးရုံများနှင့် ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းနေရလိမ့်မည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့ပါချေ။
လင်းကျန်းအန်း အိမ်ထဲသို့ ဝင်လာချိန်တွင် အားနာနေခြင်းမရှိဘဲ ထမင်းစားပွဲတွင် တိုက်ရိုက် ဝင်ထိုင်လိုက်လေသည်။
ဘေးနားရှိ စုန့်ရှီးယန်ကတော့ လုံးဝ ဝင်မထိုင်ရဲပါချေ။ သူက လင်းကျန်းအန်းကို အသင့်အနေအထားဖြင့် ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။
အကယ်၍ ယောက္ခမဖြစ်သူက တစ်ခုခု လုပ်ဆောင်လိုလျှင် သို့မဟုတ် တစ်ခုခု လိုအပ်လျှင် မျက်နှာသာရအောင် ကူညီပေးရမည် မဟုတ်ပါလား။
ယောက္ခမ၏ ရှေ့တွင်တော့ သူသည်က “စုန့်ရှီးယန်” မဟုတ်ပါချေ။ နှိမ့်ချတတာသော သမက်တစ်ဦးသာဖြစ်နေခဲ့သည်။
“အမ်.. အဖေ လက်ဖက်ရည် သောက်မလား”
လင်းကျန်းအန်းနှင့် နှစ်ဦးတည်း ရှိနေရသည်က အတော်လေး အနေခက်သောကြောင့် စုန့်ရှီးယန်က တိတ်ဆိတ်မှုကို ဖြိုခွဲရန် စကားစလိုက်လေ၏။
ထိုစကားကို ကြားချိန်တွင် လင်းကျန်းအန်းက သူ့ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး ပြောလာခဲ့သည်။
“ခဏနေရင် ထမင်းစားတော့မှာကို ငါ့ကို လက်ဖက်ရည် တိုက်နေတာလား၊ မင်းက ငါ့ကို ထမင်း နှစ်လုပ်လောက် လျှော့စားစေချင်လို့လား”
စုန့်ရှီးယန်: “...”
ကောင်းကင်နဲ့ မြေကြီးကို သက်သေပြုပါတယ်။
သူ့မှာ အဲဒီလို အတွေးမျိုး လုံးဝမရှိပါဘူး။
သူ့ကို “ဦးလေးလင်း” လို့ ခေါ်ခဲ့တဲ့အချိန်တုန်းက သူ့အပေါ်မှာ အရမ်း ကြင်နာခဲ့တာ မဟုတ်ဘူ့လား။
အခု သမက်ဖြစ်သွားမှ ဘာလို့ ဒီလိုမျိုး ဖြစ်သွားရတာလဲ။
စုန့်ရှီးယန်တစ်ယောက် အကြောင်းရင်းမရှိဘဲ ဝမ်းနည်းသကဲ့သို့ ခံစားလိုက်ရသည်။
ထိုအချိန်တွင် လင်းရန်က သူ့အား ဟင်းများ ကူသယ်ပေးရန် လှမ်းခေါ်လိုက်လေ၏။ ထိုအချိန်မှ စုန့်ရှီးယန်လည်း အမြန်ပင် ပြေးထွက်လာခဲ့တော့သည်။
“အဖေ...ကျွန်တော် သွားကူလိုက်ဦးမယ်နော်၊ အဖေ အရင် နားနေပါဦး”
ထို့နောက် မီးဖိုချောင်ဘက်သို့ အလျင်စလိုပြေးသွားခဲ့လေ၏။
စုန့်ရှီးယန်တစ်ယောက် ထိတ်လန့်တကြား ထွက်ပြေးလာသည်ကို မြင်လျှင် လင်းကျန်းအန်း မထိန်းနိုင်တော့ဘဲ ရယ်မောလိုက်မိပြီး ဂုဏ်ယူစွာဖြင့် နှာခေါင်းရှုံ့လိုက်လေ၏။
ဒီကောင်လေးကတော့...
ဘယ်လောက်ပဲ အရည်အချင်း ရှိရှိ၊ သူ့ရှေ့မှာတော့ ရိုးရိုးသားသား နေရမှာပဲ။
ဟမ့်! သူ့သမီး ရန်ရန်ကို ဘာလို့ အစောကြီး လာပြီးလက်ထပ်ရတာလဲ။
သူ့ကို အဲဒီလောက်မြန်မြန် မျက်နှာသာပေးဦးမှာ မဟုတ်ဘူး!
***