ကျိယွင်၏စကားများက ဟွာယင်နှင့် ချာလီတို့ကို ချက်ချင်းပူးပေါင်းတိုက်ခိုက်စေသည်။
“အဖိုးကြီး... မင်းက ဘာလို့ ဒီမှာစကားလာများနေတာလဲ”
“အရင်တုန်းကဆို မင်းက ငါ့နောက်မှာတန်းစီနေခဲ့ရတာလေ”
“ဒါကိုသာငါသိခဲ့ရင် မင်းရဲ့ရှေးဟောင်းဧကရာဇ်ဂိုဏ်းကို အရင်ကတည်းကမြေလှန်ပစ်ခဲ့မှာ”
“ဟုတ်တယ်... ငါလည်း ဒီအဖိုးကြီးကို ကြည့်မရတာကြာပြီ”
ဤကဲ့သို့ ပေါ့ပေါ့ပါးပါးပြောဆိုလိုက်သောစကားများမှာ ရှေးဟောင်းဧကရာဇ်ဂိုဏ်းချုပ်နှင့် အကြီးအကဲများကို ချွေးပြန်သွားစေတော့သည်။
မင်းတို့စကားပြောရင် ငါတို့နှလုံးအားနည်းတာကို ထည့်စဉ်းစားပေးလို့မရဘူးလား...
ဘေးမှကြည့်နေကြသောလူများမှာ အမှန်တရားကိုမသိကြသော်လည်း အချို့အချက်များကိုတော့ရိပ်မိ၏။ ဤထိပ်သီးလေးယောက်စလုံးသည် တစ်စုံတစ်ရာသောအကြောင်းပြချက်ကြောင့် ဂိုဏ်းချုပ်ကျန်းကိုရိုသေနေကြသော်လည်း သူတို့အချင်းချင်းမှာ တစ်ဖက်တည်းမဟုတ်ကြ။ အမှန်တကယ်တော့ သူတို့၏ဆက်ဆံရေးမှာ အတော်လေးတင်းမာ၏။
အမှန်တကယ်တော့ သူတို့ခန့်မှန်းသည်မှာ မှန်ကန်ပေသည်။ အောက်လောက နယ်မြေပေါင်းသောင်းခြောက်ထောင်သည် မည်သည့်အခါမှတစ်သားတည်းဖြစ်မနေခဲ့။ ဟင်းလင်းပြင်အင်မော်တယ်နယ်မြေထဲသို့မဝင်ရောက်မီက သူတို့ကြားတွင် မည်သည့်ဆက်ဆံရေးမျှမရှိခဲ့ကြပေ။ သူတို့ အတူတူပေါင်းမိခဲ့ကြရခြင်းမှာ ထိုစဉ်က အထက်အင်မော်တယ်လောကမှ အင်မော်တယ်ဧကရာဇ်များ၏ တိတ်တဆိတ် ပစ်မှတ်ထားဖိနှိပ်မှုများကြောင့်သာ။
ကျန်းချန်ပျောက်ကွယ်သွားပြီးနောက် ထိုလူများမှာလည်း ကိုယ့်လမ်းကိုယ်လျှောက်ခဲ့ကြသည်။ နှစ်ပေါင်းသန်းတစ်ရာခန့်အချိန်အတွင်း အချို့မှာ သေသည်အထိ အဆက်အသွယ်မလုပ်ခဲ့ကြသလို အချို့မှာလည်း ရန်သူများဖြစ်လာခဲ့ကြ၏။ အချင်းချင်းကူညီခြင်း သို့မဟုတ် ညီအစ်ကိုရင်းချာကဲ့သို့ ရင်းနှီးကြခြင်းမျိုး လုံးဝမရှိခဲ့ချေ။
“ဪ... မင်းတို့ပဲကိုး”
“ဟာ... ဟား... ဟား...”
အစ်ကိုကြီးချန် အနည်းငယ်အားနာသွားမိသည်။ သူတို့က ဤသို့တက်ကြွနေကြသော်လည်း သူကတော့ သူတို့ကိုမမှတ်မိဖြစ်နေသည်မှာ ရှက်စရာကောင်း၏။ သူ့မျက်နှာကို အဖတ်ဆယ်ရန်အတွက် သူမှတ်မိနေသည့်ပုံစံဖြင့် ဟန်လုပ်ကာရယ်မောလိုက်တော့သည်။
ကြည့်နေကြသောလူများမှာမူ ဘာမှမပြောနိုင်တော့ချေ။
ခင်ဗျားရဲ့သရုပ်ဆောင်ချက်က တကယ်ကိုသိသာလွန်းပါတယ်...
“မင်းတို့ကလည်း ဒီဓားအတွက်လာတာလို့ ငါထင်နေတာ”
သူ့လက်ထဲရှိ ဟုန်ကျွယ်ဓားကိုမြှောက်ပြလိုက်၏။ ရှောင်ခွန်း၊ ဟွာယင်နှင့် ချာလီတို့၏ တုံပြန်မှုမှာ အစောပိုင်းက အင်မော်တယ်ဘုရင်ကျိယွင်၏တုံ့ပြန်မှုနှင့်ထပ်တူပင်။
“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
“ကျွန်တော်တို့ ဆယ်ဆလောက်ပိုပြီးသတ္တိပိုကောင်းနေရင်တောင် အရှင့်ရဲ့ပစ္စည်းကို လုယူဖို့မဝံ့ရဲပါဘူး”
“ဟုတ်ပါတယ်... ကျွန်တော်တို့က အရှင့်ကိုလာပြီးထောက်ခံပေးတာပါ”
“အပြင်ကလူတွေက အရှင့်ကိုလုဖို့လာကြတာလား”
“မိစ္ဆာတိမ်တိုက်နန်းတော်၊ မင်ဟိုင်ရှေးဟောင်းမျိုးနွယ်စု၊ ဖယောင်းတိုင်တောင်မိစ္ဆာတွေ... တကယ်ကို ကောင်းမွန်တဲ့ရိတ်သိမ်းမှုပဲ”
မိစ္ဆာဘုရင်ချာလီပြုံးလိုက်ပြီး သူ၏နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်ရာ သတ်ဖြတ်လိုစိတ်များ လျှံထွက်နေတော့သည်။ သူ့အကြောင်းမသိသူဆိုလျှင် သူသည် လူသားများကို အစားအစာအဖြစ်ကြည့်နေသည်ဟုပင် ထင်မှတ်ကြပေလိမ့်မည်။ ထို့နောက် သူစကားပြောနေဆဲမှာပင် ထိုနေရာမှ ရုတ်တရက်ပျောက်ကွယ်သွား၏။
ချက်ချင်းဆိုသလိုပင် မိစ္ဆာတိမ်တိုက်နန်းတော်ရှိရာဘက်၌ ပေါက်ကွဲမှုတစ်ခုဖြစ်ပေါ်လာ၏။ ကျန်သုံးယောက်၏မျက်နှာများမှာ ချက်ချင်းပြောင်းလဲသွားသည်။
ကျိယွင်က အရင်ဆုံးတုံ့ပြန်လိုက်၏။
“မကောင်းတော့ဘူး... သူ မျက်နှာသာရဖို့ ကြိုးစားနေတာပဲ”
ရှောင်ခွန်းသည်လည်း မိစ္ဆာနယ်မြေကပင်ဖြစ်သော်လည်း သူအလွန်စိတ်တိုသွားကာ...
“ချာလီ... မင်းက တကယ်ကိုသတ္တိရှိတာပဲ။ ဂိုဏ်းချုပ်ကျန်းရဲ့ရှေ့မှာ မင်းက အရင်ဦးဆောင်တိုက်ခိုက်ရဲတာလား”
“ဖယ်စမ်း... ငါတိုက်ခိုက်မယ်”
ဟွာယင်သည်လည်း နောက်မှထပ်ကြပ်မကွာလိုက်ပါသွားချေပြီ။
သူတို့သုံးဦးလုံးသည် တစ်ဦးကိုတစ်ဦး ကျိန်ဆဲနေကြရင်းဖြင့် မင်ဟိုင်ရှေးဟောင်းမျိုးနွယ်စု၊ ဖယောင်းတိုင်တောင်မိစ္ဆာများနှင့် အခြားအဖွဲ့အစည်းများထဲသို့ ထိုးဖောက်ဝင်ရောက်သွားကြ၏။ ထိုလူများမှာ အင်မော်တယ်ဓားကိုရယူရန် လာခဲ့ကြသူများဖြစ်ပြီး မကောင်းသောရည်ရွယ်ချက် ထားရှိခဲ့ကြသူများဖြစ်သည်။ အစ်ကိုကြီးချန်ကတော့ သူတို့တိုက်ခိုက်နေသည်ကို တားဆီးရန် အစီအစဉ်မရှိပေ။
ထိုလေးယောက် စတင်လှုပ်ရှားလိုက်သည်နှင့် ပတ်ဝန်းကျင်ရှိအဖွဲ့အစည်းများမှာ ကပ်ဘေးကြီးနှင့် ရင်ဆိုင်လိုက်ကြရတော့သည်။ ထိုအဖွဲ့များတွင် အင်မော်တယ်ဘုရင် သို့မဟုတ် မိစ္ဆာဘုရင်များ ပါမလာခဲ့ကြချေ။ သူတို့သည် ရှုပ်ထွေးနေသော အခြေအနေကို အခွင့်ကောင်းယူပြီး အမြတ်ထုတ်ရန်သာ ရည်ရွယ်ခဲ့ကြသော်လည်း ယခုကဲ့သို့ သူတို့ကိုယ်တိုင် ပစ်မှတ်ထားခံရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြ။
“ငါတို့ အခုပဲထွက်သွားပါ့မယ်”
“အသက်ချမ်းသာပေးပါ...”
“မင်းတို့က ငါတို့ဖယောင်းတိုင်တောင်မိစ္ဆာတွေကို တိုက်ခိုက်ရဲတာလား။ ငါတို့ နောက်ကွယ်မှာ မူလမိစ္ဆာဂိုဏ်းရှိတာကို မင်းတို့မသိဘူးလား”
“ဒါက အထင်လွဲတာပါ... ဒါက အထင်လွဲတာပါ”
“အထင်လွဲတာ ဟုတ်လား။ မင်းတို့က ဂိုဏ်းချုပ်ကျန်းကို ဝိုင်းဝန်းပိတ်ဆို့ခဲ့ကြတာလေ၊ မင်းတို့ကို အကြိမ်ပေါင်းတစ်သောင်းသတ်ရင်တောင် မလုံလောက်သေးဘူး”
ထိပ်သီးလေးယောက် တိုက်ပွဲဝင်နေစဉ်မှာပင် ကျန်ရှိနေသော ယူမဟာမိတ်အဖွဲ့မှ မိစ္ဆာအရှင်မြတ်များနှင့် ရှေးဟောင်းဧကရာဇ်ဂိုဏ်းမှ အင်မော်တယ်အရှင်မြတ်များသည်လည်း သူတို့၏ ဘိုးဘေးကြီးများနောက်သို့ လိုက်ပါသွားကြ၏။ သူတို့သည် သိုးအုပ်ထဲရောက်သွားသော ကျားများကဲ့သို့ပင် စိတ်ကြိုက်သတ်ဖြတ်နေကြတော့သည်။ အလောင်းများမှာ တစ်လောင်းပြီးတစ်လောင်း ကျဆင်းလာခဲ့ရာ ၎င်းမှာ လုံးဝအမြစ်ပြတ်သုတ်သင်သည့်မြင်ကွင်းမျိုးပင်။
ထျန်းရှူးဂိုဏ်းအတွင်းမှ အဖွဲ့ခွဲခေါင်းဆောင်ယန်ဝေမှာ ကြောက်လန့်လွန်းသဖြင့် ချွေးပြန်နေ၏။ ထျန်းရှူးဂိုဏ်း၏ ရွှေရောင်ဂုဏ်သတင်းသည်ပင်လျှင် ဤမျှလောက်မလုံခြုံဟု သူပထမဆုံးအကြိမ် ခံစားလိုက်ရခြင်းပင်။ ဂိုဏ်းအတွင်းရှိ အခြားဧည့်သည်များမှာလည်း ထိုလူများရူးသွပ်သွားပြီး သူတို့ကိုတိုက်ခိုက်လာမည်ကိုစိုးရိမ်ကာ တုန်လှုပ်နေကြသည်။
တိုက်ပွဲမှာ ထျန်းရှူးဂိုဏ်း၏အပေါ်တည့်တည့်တွင်ဖြစ်ပွားနေသော်လည်း မြောင်ယွီနှင့် အင်မော်တယ်ဘုရင်ရဲ့ရန်တို့မှာ တိတ်တဆိတ်သာကြည့်နေနိုင်ကြ၏။ သူတို့သည် ကြားနေဝါဒကို တင်းတင်းကျပ်ကျပ်လိုက်နာခဲ့မိသဖြင့် ဝမ်းသာနေကြတော့သည်။
သူတို့သည် အင်မော်တယ်ဓားကိုလိုချင်ခဲ့သော်လည်း ၎င်းကိုလုယူရန်ထက် ဝယ်ယူရန်သာ ကြိုးစားခဲ့ကြသည် မဟုတ်ပါလား။ မဟုတ်ပါက ယခုတိုက်ခိုက်ခံနေရသူများထဲတွင် သူတို့လည်း ပါဝင်နေပေလိမ့်မည်။ ချမ်လန်ကောင်းကင်နယ်မြေ၏ အခြေအနေမှာ ထာဝရပြောင်းလဲသွားပြီဖြစ်ကြောင်း သူတို့နှစ်ဦးလုံးကောင်းကောင်းသိလိုက်ကြ၏။
ခဏအကြာတွင် တိုက်ပွဲပြီးဆုံးသွားသည်။ အစောပိုင်းက ဝိုင်းဝန်းပိတ်ဆို့ထားခဲ့သောအဖွဲ့များထဲမှ တစ်ဦးတစ်ယောက်မျှ လွတ်မြောက်ခြင်းမရှိဘဲ အားလုံးအသတ်ခံလိုက်ရ၏။
အပေါ်မှ သတ်ဖြတ်လိုစိတ်များပြည့်နှက်နေသော ထိပ်သီးလေးယောက်ကိုကြည့်ကာ လင်ဟန်ဟန်၊ ယွမ်ကျဲ၊ ယွမ်ဝူနှင့် အခြားသူများမှာ ထိတ်လန့်နေကြရသည်။ ရက်စက်လွန်း၏။
ကံကောင်းတာက သူတို့က ငါတို့ဘက်ကဖြစ်နေလို့ပဲ၊ သူတို့သာ ရန်သူဖြစ်မယ်ဆိုရင် ဖေးရှန်ဂိုဏ်းကတော့ သူတို့ရှေ့မှာခဏလေးတောင်ခံမှာမဟုတ်ဘူး...
ကျန်းချန်ကို ပြန်ကြည့်လိုက်သောအခါ သူတို့လုံးဝအရှုံးပေးသွား၏။
ဒါကြောင့်လည်း ဂိုဏ်းချုပ်ယွမ်ကျိနဲ့ အကြီးအကဲချုပ်ယွမ်ရှန့်တို့က ဘိုးဘေးကြီးကို အစကတည်းက ဒီလောက်အထိရိုသေနေခဲ့ကြတာကိုး...
သူတို့ပြောခဲ့တာတွေက တကယ်ဖြစ်နေတာပဲ...
ဘိုးဘေးကြီးက တကယ့်ကိုကျယ်ပြန့်တဲ့ဆက်ဆံရေးရှိတာပဲ၊ အပြင်ထွက်လိုက်တာနဲ့ သူငယ်ချင်းတွေ ချက်ချင်းတွေ့တာ...
သူ့ရဲ့ဝါစဉ်က ဘယ်လောက်တောင်မြင့်လို့ အင်မော်တယ်ဘုရင်တွေနဲ့ မိစ္ဆာဘုရင်တွေကတောင် သူ့စကားကိုနားထောင်နေရတာလဲ...
သူတို့ထဲမှ အချို့မှာ မိမိကိုယ်ကို ပြန်လည် ဆင်ခြင်မိကြသည်။ သူတို့သည် ဤခရီးတစ်လျှောက်လုံးတွင် ဘိုးဘေးကြီးကဲ့သို့ပင် ခေါင်းမော့ရင်ကော့ လျှောက်လှမ်းနိုင်ခဲ့ကြသည် မဟုတ်ပါလား။ ဘာလို့များ ဒီလောက်တောင် စိုးရိမ်ထိတ်လန့်နေခဲ့ကြပါလိမ့်။
တစ်ချိန်တည်းမှာပင် သူတို့ တိတ်တဆိတ်နောင်တရမိကြသည်။ သူတို့သည်လည်း စုယဲ့နှင့် စုမန်တို့ကဲ့သို့ ဘိုးဘေးကြီးကိုမြှောက်ပင့်ခဲ့မည်ဆိုလျှင်...
သို့သော် လက်ရှိတွင် အစ်ကိုကြီးချန်၏စိတ်အခြေအနေမှာ သိပ်ပြီးမသာယာလှသည်ကို သူတို့မသိကြ။
လူတစ်စုမှာ ပစ္စည်းများကို ပျော်ရွှင်စွာသိမ်းဆည်းနေကြသည်ကိုကြည့်ကာ သူ့မျက်လုံးများလှုပ်ခတ်နေပြီး သူ၏နှလုံးသားမှာ သွေးထွက်နေတော့သည်။ တစ်ချိန်တည်းမှာပင် ထိုထိပ်သီးလေးယောက်မှာ အခြေအနေကို လုံးဝနားမလည်ကြသဖြင့် သူစိတ်တိုနေ၏။
ထိုအချိန်တွင် ထိုလေးယောက်မှာ တာဝန်ပြီးဆုံးကြောင်းသတင်းပို့ရန်အတွက် စိတ်လှုပ်ရှားစွာဆင်းလာကြသည်။
“ဂိုဏ်းချုပ်ကျန်း... ကံကောင်းထောက်မစွာနဲ့ ကျွန်တော်တို့တာဝန်ကျေခဲ့ပါတယ်”
“ရန်သူတွေကို လုံးဝသုတ်သင်ပစ်လိုက်ပါပြီ”
“သူတို့တွေက ဂိုဏ်းချုပ်ကျန်းကို ရန်ပြုရဲကြတယ်ဆိုတော့ နောက်ကျရင် သူတို့ရဲ့ဌာနချုပ်တွေကိုပါ သွားပြီးအမြစ်ပြတ်သုတ်သင်လိုက်ပါ့မယ်”
အစ်ကိုကြီးချန်မှာ စိတ်ထဲကကျိတ်၍ကျိန်ဆဲနေသည်။
ကံကောင်းထောက်မစွာနဲ့ တာဝန်ကျေခဲ့တယ်ဟုတ်လား...
ငါကိုယ်တိုင် သူတို့ကို မသတ်နိုင်တာလည်းမဟုတ်ဘဲနဲ့၊ အလွန်ဆုံးမှတစ်ကြိမ်သေရုံပဲရှိတာ...
အဲဒီပစ္စည်းတွေအားလုံးက ငါ့ဟာဖြစ်သင့်တာလေ...
မင်းတို့က ငါ့ပစ္စည်းတွေကိုလုယူသွားပြီးတော့မှ ငါ့ဆီမှာလာပြီး ပဏာလာယူနေသေးတယ်ပေါ့...
သူသည် နှုတ်ခမ်းကိုတွန့်လိုက်ပြီး အေးစက်စက်ဆိုလိုက်သည်။
“ဪ... အဲဒီလိုလား။ မင်းတို့က တကယ်အစွမ်းထက်ကြတာပဲ”
ကျိယွင်၊ ရှောင်ခွန်းနှင့် အခြားသူများမှာ ကြောင်အသွား၏။ ၎င်းသည် သူတို့မျှော်လင့်ထားသော ချီးကျူးစကားမျိုးမဟုတ်။ သူတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ ဖြစ်နိုင်တာက သူတို့က ခွင့်ပြုချက်မရဘဲတိုက်ခိုက်မိလို့ သူ၏အစွမ်းပြသခွင့်ကို လုယူလိုက်သလိုဖြစ်သွားပြီး မပျော်မရွှင်ဖြစ်သွားတာလား။
“ဂိုဏ်းချုပ်ကျန်း... ကျေးဇူးပြုပြီးခွင့်လွှတ်ပေးပါ။ ကျွန်တော်တို့ အရှင့်ဆီကခွင့်ပြုချက်မယူဘဲ လုပ်ဆောင်ခဲ့မိပါတယ်...”
“ဟုတ်ကဲ့... ဟုတ်ကဲ့... နောက်ခါဆိုရင် အရှင့်ခွင့်ပြုချက်မရဘဲ ကိုယ့်သဘောနဲ့ကိုယ် ဘာမှမလုပ်တော့ပါဘူး”
ဘေးမှလူများမှာ ၎င်းကိုကြားလိုက်ရသည့်အခါ သူတို့၏ဘဝကို နောက်တစ်ကြိမ်သံသယဝင်သွားကြပြန်သည်။
မင်းတို့ အင်မော်တယ်ဘုရင်တွေနဲ့ မိစ္ဆာဘုရင်တွေက ဒီလောက်အထိနှိမ့်ချနေရတာလား...
အင်မော်တယ်ဧကရာဇ်တစ်ပါးနဲ့တွေ့ရင်တောင်မှ ဒီလောက်အထိဖြစ်မှာမဟုတ်ဘူး...
မတတ်နိုင်ပေ၊ သူတို့သည် အစ်ကိုကြီးချန်က တက်လှမ်းလာသူများအားလုံးကို ကိုယ်တိုင်ဦးဆောင်ခဲ့ပြီး ထိုလူများကို နယ်ရုပ်များကဲ့သို့အသုံးချခဲ့သည့် ခေတ်ကာလကို မကြုံတွေ့ခဲ့ကြရသောကြောင့် မသိကြခြင်းဖြစ်သည်။
“ကောင်းပြီ... ကောင်းပြီ... ငါမင်းတို့ကိုမထိန်းချုပ်နိုင်ပါဘူး”
အစ်ကိုကြီးချန်လှည့်ထွက်လိုက်ကာ လက်ဝှေ့ယမ်းပြပြီး ဆိုင်အတွင်းပြန်ဝင်သွားတော့သည်။
“မင်းတို့ရဲ့အတောင်အပံတွေက သန်မာနေပြီပဲ၊ အလုပ်လုပ်တဲ့အခါမှာလည်း စည်းမျဉ်းတွေကို လိုက်နာဖို့မလိုတော့ဘူးပေါ့။ ဒါက တကယ်ကောင်းတာပဲမဟုတ်လား”
ထိပ်သီးလေးယောက်၏မျက်နှာများမှာ ချက်ချင်းဖြူဖျော့သွားပြီး သူ့နောက်သို့ အလျင်အမြန် လိုက်ဝင်သွားကြတော့သည်။ ဂိုဏ်းချုပ်ကျန်း အမှန်တကယ်ဒေါသထွက်နေချေပြီ။ သူ၏စကားအရ သူတို့ကို သူနှင့်အတူခေါ်မသွားတော့မည့်ပုံပင်။
သူတို့အတွက်တော့ အစ်ကိုကြီးချန်မှာ သူတို့ရိုသေလေးစားရမည့် တစ်ဦးတည်းသောအကြီးအကဲဖြစ်သည်။ သူတို့၏အသက်ကို အကြိမ်ကြိမ်ကယ်တင်ပေးခဲ့ပြီး သူတို့ကိုမြှင့်တင်ပေးခဲ့သည်မှာ ပြောနေရန်ပင်မလိုတော့ချေ။ နောက်ဆုံးတွင် ပြန်လည်ဆုံတွေ့ခဲ့ကြရပြီဖြစ်ရာ သူ၏စွန့်ပစ်ခြင်းကိုမခံလိုကြ။
“ဂိုဏ်းချုပ်ကျန်း... ကျွန်တော်တို့မှားသွားပါတယ်”
“ဟုတ်ပါတယ်... ကျွန်တော်တို့ ဘယ်နေရာမှာမှားသွားမှန်းမသိပေမဲ့ အရှင်သာပြောလိုက်ရင် ကျွန်တော်တို့ချက်ချင်းပြင်ပါ့မယ်”
အစ်ကိုကြီးချန်က စိတ်ပျက်လက်ပျက်အမူအရာဖြင့် ခေါင်းခါလိုက်ပြီး...
“မဟုတ်ပါဘူး... မင်းတို့ တကယ်ပဲကောင်းကောင်းလုပ်ခဲ့တာပါ။ ငါကပဲအိုသွားတာပါ...”
စုယဲ့နှင့် စုမန်တို့က အလျင်အမြန် ရှေ့ထွက်လာကြသည်။
“ဘိုးဘေးကြီးက ငယ်ပါသေးတယ်၊ ဘယ်လိုလုပ်ပြီးအိုမှာလဲ”
“ဟုတ်ပါတယ်... ကျွန်မတော့ ဘိုးဘေးကြီးထက်ပိုချောတဲ့ အင်မော်တယ်တစ်ယောက်မှမတွေ့ဖူးသေးဘူး...”
“ပြီးတော့ ဘိုးဘေးကြီးက လက်တစ်ချောင်းတောင်မလှုပ်ရဘဲ ဒီလိုကပ်ဘေးကြီးကို ဖြေရှင်းနိုင်ခဲ့တာလေ။ အရှင်က တကယ့်ကိုမြေပြင်ပေါ် ဆင်းသက်လာတဲ့ ကောင်းကင်ဘုံသားတစ်ယောက်ပါပဲ”
ထိုအမျိုးသမီးနှစ်ဦးမှာ အချိန်အတော်ကြာအောင်အောင့်ထားခဲ့ရပြီး ယခုမှပင် သူ့ကို မြှောက်ပင့်ရန်အခွင့်အရေး ရရှိသွားကြတော့သည်။
***