ကျန်းချန်သည် အနည်းငယ် စိတ်သက်သာရာရသွားသလို ခံစားလိုက်ရသည်။ သူသည် မိန်းကလေးနှစ်ဦး၏ခေါင်းကိုပွတ်သပ်ပေးလိုက်ပြီး...
“မင်းတို့နှစ်ယောက်က အလိုက်သိဆုံးပဲ”
“လူတိုင်းသာ မင်းတို့လိုအလိုက်သိတတ်ရင် ဘယ်လောက်ကောင်းမလဲ”
“ငါသွားနားတော့မယ်။ အဲဒီ အင်မော်တယ်ကံကြမ္မာတိုကင် သုံးထောင်လုံးရောက်လာပြီဆိုမှ ငါ့ကိုလာခေါ်ကြတော့”
ထိုသို့ပြောပြီးနောက် သူသည် အားလုံးကိုထားရစ်ခဲ့ကာ သူမရလိုက်သည့် ရသင့်ရထိုက်သောပစ္စည်းများအတွက် ဝမ်းနည်းပူဆွေးရန် သူ့အခန်းထဲပြန်ဝင်သွားတော့သည်။
လင်ဟန်ဟန်နှင့် ယွမ်ကျဲတို့မှာ စိတ်ဓာတ်များပြိုလဲသွားသကဲ့သို့ ဖြစ်နေကြရသည်။
ဘိုးဘေးကြီးရယ်... ကျေးဇူးပြုပြီး မနောက်ပါနဲ့တော့။ အရှင်သာ ဒီလိုဆက်လုပ်နေမယ်ဆိုရင် ဒါက တကယ်ကိုပေါက်ကွဲထွက်သွားတော့မှာ။ တို့တွေ အခုမှ ထိပ်တန်းအကူအညီတွေရထားတာ...
သူတို့ကို မဆင်မခြင်စကားတွေနဲ့ သွားပြီးရန်မစပါနဲ့ဦး။ ပြီးတော့ အရှင်ထွက်သွားရင် ဒီမိစ္ဆာကြီးတွေနဲ့ ငါတို့ပဲကျန်ခဲ့မှာလေ... ငါတို့က ကြောက်လည်း ကြောက်တယ်၊ ဘာလုပ်ရမှန်းလည်း မသိဘူး...
အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြသော မြောင်ယွီနှင့် အင်မော်တယ်ဘုရင်ရဲ့ရန်တို့သည်လည်း ဆွံ့အနေကြရသည်။
“ဒါ နောက်နေတာလား”
“သူတို့က မင်းအတွက် ရန်သူတွေကိုသုတ်သင်ပေးလိုက်တာလေ၊ ဒါကို ကျေးဇူးတင်မယ့်အစား မပျော်မရွှင်ဖြစ်နေတယ်ပေါ့”
“ရူးသွားတာလား”
“အလယ်အင်မော်တယ်လောကရဲ့ အင်မော်တယ်ဘုရင်တစ်ပါးဆိုတာ ထိပ်တန်းအင်အားစုကြီးပဲ၊ ဘယ်နှစ်ယောက်ကများ သူတို့ကိုလှုပ်ရှားအောင်လုပ်နိုင်လို့လဲ”
“ငါသာဆိုရင် ဒီလိုအမူအရာမျိုးက ငါ့နှလုံးသားကိုအေးစက်သွားစေမှာ အသေအချာပဲ”
အင်မော်တယ်ဘုရင်ရဲ့ရန်က သက်ပြင်းအရှည်ကြီးချလိုက်ပြီး လေးလံသောလေသံဖြင့် ဆိုလိုက်သည်။
“သူတို့ရဲ့အဆင့်အတန်းမှာ ဒီလိုအရှက်ခွဲခံရတာကို လက်ခံမှာမဟုတ်ဘူး။ မြင့်မြတ်လှတဲ့ အင်မော်တယ်ဘုရင်တစ်ပါးကို မျက်နှာသာမပေးဘဲ ထားခဲ့ဖို့ဆိုတာ ဘယ်သူ့မှာမှ အရည်အချင်းမရှိဘူး”
“အရင်က ဘယ်လိုခင်မင်မှုမျိုးပဲရှိခဲ့ရှိခဲ့၊ အခုတော့ အဓိပ္ပာယ်မရှိတော့ဘူး။ သူတို့တွေ ကျန်းချန်နဲ့ လမ်းခွဲကြတော့မှာပဲ”
မြောင်ယွီက ခေါင်းငြိမ့်လိုက်၏။
“အထက်အင်မော်တယ်လောကရဲ့ အင်မော်တယ်ဧကရာဇ်တစ်ပါးတောင်မှ အင်မော်တယ်ဘုရင်တစ်ပါးကို ဒီလိုဆက်ဆံမှာမဟုတ်ဘူး”
သို့သော်လည်း လူတိုင်းမျှော်လင့်ထားသလို ထိပ်သီးလေးယောက်မှာ ဒေါသတကြီး ထွက်ခွာသွားမည့် အခြေအနေမျိုး ပေါ်မလာခဲ့ပေ။
ဟာသပဲ။ သူတို့ရဲ့ နှလုံးသားထဲမှာ ဂိုဏ်းချုပ်ကျန်းရဲ့အဆင့်အတန်းက သူတို့ကျင့်ကြံစက ပထမဆုံးဂိုဏ်းအကြီးအကဲတွေထက်တောင် အများကြီးပိုမြင့်နေတာလေ...
“ဘာ... ဘာတွေဖြစ်ကုန်တာလဲ”
“ဂိုဏ်းချုပ်ကျန်းပြောသွားတဲ့ စည်းမျဉ်းတွေဆိုတာက ဘာကိုဆိုလိုတာလဲ”
“ငါတို့တွေ တစ်ခုခုလုပ်မိလို့ အရှင်မကျေမနပ်ဖြစ်သွားတာ သေချာတယ်”
“ငါနဲ့မဆိုင်ဘူး... ဒါက မင်းတို့သုံးယောက်ကြောင့်ဖြစ်မှာ”
“အဓိပ္ပာယ်မရှိတာ၊ ခုနက မင်းပဲ အရင်စတိုက်တာလေ...”
သူတို့လေးယောက်မှာ အချင်းချင်းငြင်းခုံနေကြသည်။ အခြားသော အင်မော်တယ်အရှင်မြတ်များနှင့် မိစ္ဆာအရှင်မြတ်များမှာမူ ကြားဖြတ်ပြောဆိုရန်မဝံ့ရဲကြသလို မေးခွန်းထုတ်ရန်လည်းမဝံ့ရဲကြပေ။ အဖြေမရဘဲ ငြင်းခုံနေကြပြီးနောက် မိစ္ဆာဘုရင်ရှောင်ခွန်းသည် ရုတ်တရက်အကြံတစ်ခုရသွားသည်။
မိစ္ဆာအိုကြီးသည် သူ၏အမူအရာကိုပြင်ဆင်လိုက်ပြီး အပြုံးတုတစ်ခုဖြင့် စုယဲ့နှင့် စုမန်တို့ရှိရာသို့ လျှောက်လာခဲ့သည်။
“ဟဲဟဲ... ခုနက ဂိုဏ်းချုပ်ကျန်းက မင်းတို့နတ်သမီးလေးနှစ်ယောက်နဲ့ စကားပြောနေတာ မြင်လိုက်တယ်... မင်းတို့က အရှင်နဲ့ရင်းနှီးတာလား”
နှစ်ပေါင်းများစွာ တစ်ခါမှမပြုံးခဲ့သော ထိုသူ၏သဘာဝမကျသောအပြုံးကို မြင်သောအခါ စုယဲ့နှင့် စုမန်တို့မှာ ကြောက်လန့်တကြားဖြင့် နှစ်လှမ်းခန့်နောက်ဆုတ်လိုက်ကြသည်။ သူတို့ကျင့်ကြံခါစ ပထမဆုံးနေ့ကတည်းက ယူမဟာမိတ်အဖွဲ့အကြောင်း ကြားဖူး၏။ ပတ်ဝန်းကျင်နယ်မြေများကို တိတ်တဆိတ်စိုးမိုးထားသော ထိုအင်အားစုမှာ ညဘက်ငိုနေသောကလေးများကိုပင် အသံတိတ်သွားစေနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသည်။
ဒါက ယူမဟာမိတ်အဖွဲ့ရဲ့ မဟာမိတ်ခေါင်းဆောင်ကြီး၊ တကယ့်ကို မိစ္ဆာဘုရင်ကြီးတစ်ပါးလေ...
သူတို့က ဘိုးဘေးကြီးကျန်းကို ရိုသေကြသော်လည်း သူတို့နှစ်ယောက်ကိုသတ်ဖို့ဆိုလျှင်တော့ တစ်ချက်ကြည့်ရုံဖြင့်ပင်လုံလောက်သည်။
“ကျွန်မ... ကျွန်မတို့က ဘိုးဘေးကြီးနဲ့သိတာ မကြာသေးပါဘူး။ ဒီရက်ပိုင်း သူ့ဘေးမှာ နေ့တိုင်းရှိနေခဲ့တာပါ...”
တုန်တုန်ယင်ယင်ဖြင့်ပင် ထိုမိန်းကလေးနှစ်ဦးမှာ သူတို့သိသမျှအကုန်လုံးကို ပြောပြလိုက်ကြတော့သည်။
“အော်... နေ့တိုင်းအတူတူရှိနေတာလား”
အင်မော်တယ်ဘုရင်ဟွာယင်၏ မျက်လုံးများတောက်ပသွားပြီး သူသည်လည်း ပြုံးပြုံးရွှင်ရွှင်ဖြင့် လျှောက်လာခဲ့ပြန်သည်။
“ဒါဆို မင်းတို့က ဒီရက်ပိုင်း ဂိုဏ်းချုပ်ကျန်းရဲ့ဘေးမှာ နေ့ရောညပါရှိနေခဲ့တာပေါ့”
စုယဲ့က ခေါင်းလေးငြိမ့်ပြလိုက်ပြီး...
“ဟုတ်ကဲ့... ဘိုးဘေးကြီးက ကျွန်မတို့အပေါ်မှာ တကယ့်ကိုကောင်းပါတယ်၊ လုံးဝ ကြောက်ဖို့မကောင်းပါဘူး”
“သူက ကျွန်မတို့ကို အဆင့် ၆ အင်မော်တယ်လက်နက်တွေတောင် ပေးခဲ့ပါသေးတယ်”
စုမန်ကလည်း အားကျမခံဘဲ သူ၏ အဆင့် ၆ အင်မော်တယ်လက်နက်ကို တရိုတသေ ထုတ်ပြလိုက်သည်။ ဘိုးဘေးကြီးက သူတို့ကို ဘယ်လောက်အထိ ချစ်ခင်တယ်ဆိုတာသိသွားရင် ဒီမိစ္ဆာဘုရင်ကြီးတွေက သူတို့ကိုသတ်မှာမဟုတ်ဘူးလို့ သူမမျှော်လင့်နေမိသည်။
“နတ်သမီးလေးတို့... မကြောက်ကြပါနဲ့... ငါတို့မှာ မကောင်းတဲ့ရည်ရွယ်ချက်မရှိပါဘူး”
အင်မော်တယ်ဘုရင်ကျိယွင်ကလည်း တုံ့ပြန်လိုက်သည်။
သိကျွမ်းသည်မှာ ရက်အနည်းငယ်သာရှိသေးသော်လည်း အချိန်တိုင်းအတူရှိနေပြီး လက်ဆောင်များပါ ရထားသည့်အခါ...
ဒီနှစ်ယောက်ကတော့ ဂိုဏ်းချုပ်ကျန်းဘေးက အရေးအပါဆုံးလူတွေပဲဖြစ်ရမယ်...
အင်မော်တယ်ဘုရင်အိုကြီး၏မျက်နှာမှာ ပြုံးလိုက်သဖြင့် အရေးအကြောင်းများမှာ ဂန္ဓမာပန်းပွင့်ကြီးတစ်ခုကဲ့သို့ဖြစ်သွားပြီး သူသည် အဆင့် ၆ အင်မော်တယ်ဝတ်စုံနှစ်စုံကို ထုတ်ယူကာ ပေးအပ်လိုက်သည်။
“ဒီအဖိုးကြီးမှာ အသေးအဖွဲပစ္စည်းလေးနှစ်ခုရှိတယ်၊ မင်းတို့နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်”
“ပြီးတော့ ဂိုဏ်းချုပ်ကျန်းနဲ့တွေ့ရင်လည်း ဒီအဖိုးကြီးအတွက် စကားကောင်းလေးပါးပေးပါဦး။ ဒီတစ်ခါမှာ ငါဘာတွေမှားသွားတာလဲဆိုတာကိုလည်း မေးပေးပါဦး”
လင်ဟန်ဟန်၏မျက်လုံးများမှာ မျက်လုံးအိမ်ထဲမှထွက်ကျလာမတတ် အံ့အားသင့်နေရသည်။
ဒါကို ဒီလိုလုပ်လို့လည်းရတာလား။ အင်မော်တယ်ဘုရင်တစ်ပါးက အစစ်အမှန်အင်မော်တယ်နှစ်ယောက်ကို လက်ဆောင်တွေပေးပြီး မြှောက်ပင့်နေတာလား။ ဒါက အတုကြီးဖြစ်ရမယ်။
မနီးမဝေးမှ မြောင်ယွီနှင့် အင်မော်တယ်ဘုရင်ရဲ့ရန်တို့သည်လည်း သူတို့၏ကမ္ဘာကြီးမှာ အမှုန့်ဖြစ်သွားသကဲ့သို့ ခံစားနေကြရသည်။
မင်းတို့တွေက အရှက်ခွဲခံရတယ်လို့ခံစားရပြီး ကျန်းချန်နဲ့ လမ်းခွဲရမှာမဟုတ်ဘူးလား။ ဒါကြီးကဘာကြီးလဲ...
“ကျွန်မ... ကျွန်မတို့...”
စုယဲ့နှင့် စုမန်တို့သည်လည်း ကြောင်နေကြ၏။ ဤလက်ဆောင်များမှာ သူတို့အတွက် တကယ့်ကို တန်ဖိုးမဖြတ်နိုင်သောအရာများဖြစ်ပြီး အင်မော်တယ်ဘုရင်တစ်ပါးထံမှရရှိခြင်းမှာ အဓိပ္ပာယ်ရှိလှသည်။ ထိုမိန်းကလေးနှစ်ဦးမှာ နောက်ကွယ်တွင် တစ်ခုခုရှိနေမည်ကို စိုးရိမ်သဖြင့် မယူဝံ့ကြချေ။
“ယူထားလိုက်ကြစမ်းပါ။ အဆင့် ၆ အင်မော်တယ်ဓားဆိုတာ အဆင့် ၆ အင်မော်တယ်ဝတ်စုံနဲ့ တွဲဖက်ထားမှ သင့်တော်တာပေါ့”
အင်မော်တယ်ဘုရင်ကျိယွင်က ငြင်းခွင့်မပေးဘဲ ဝတ်စုံနှစ်စုံကို ထိုမိန်းကလေးများလက်ထဲသို့ ထည့်ပေးလိုက်တော့သည်။
ထိုအချိန်မှာပင် မိစ္ဆာဘုရင်ရှောင်ခွန်းသည်လည်း ဝင်ပါလာပြန်သည်။
“အင်မော်တယ်ဝတ်စုံနဲ့ ဓားတွေရှိပြီဆိုတော့ မင်းတို့နတ်သမီးလေးတွေမှာ အဆင်ပြေပြေသုံးလို့ရမယ့် မှော်ရတနာတွေတော့ မရှိသေးဘူးမဟုတ်လား”
“ငါ့ဆီမှာ မင်းတို့နဲ့သင့်တော်မယ့် ပစ္စည်းလေးနှစ်ခုရှိနေတာနဲ့ အတော်ပဲ”
ခေါင်းလောင်းပုံစံ မှော်ရတနာနှစ်ခု ထွက်ပေါ်လာသည်။
“ဒါကို အမြွှာသက်စောင့်ခေါင်းလောင်းလို့ခေါ်တယ်။ နှစ်ယောက်လုံး အလယ်အင်မော်တယ်လောကထဲမှာ ရှိနေသမျှကာလပတ်လုံး ဘယ်လောက်ဝေးဝေး၊ တစ်ချက်လှုပ်လိုက်ရုံနဲ့ တစ်ဖက်လူရဲ့ဘေးနားကို ချက်ချင်းရောက်သွားနိုင်တယ်”
လူတိုင်းမှာ အံ့ဩတုန်လှုပ်စွာဖြင့် အသက်ရှူမှားသွားကြ၏။ တိုက်စစ် သို့မဟုတ် ခံစစ် မဟုတ်သော်လည်း ဤအရာမှာ ထိပ်တန်းမှော်ရတနာတစ်ခုဖြစ်သည်။
ဒါကို ဒီအတိုင်းပေးလိုက်တာလား။ အစစ်အမှန်အင်မော်တယ် နှစ်ယောက်ကိုလေ...
စုယဲ့နှင့် စုမန်တို့ ခေါင်းလောင်းများကိုယူလိုက်ရုံရှိသေး အင်မော်တယ်ဘုရင်ဟွာယင်က ကြွေပုလင်းငယ်နှစ်လုံး ထုတ်ယူလာပြန်သည်။
“ဟဲဟဲ... အင်မော်တယ်လက်နက်တွေနဲ့ မှော်ရတနာတွေရှိပြီဆိုတော့ ဒီအဖိုးကြီးကလည်း ဆေးလုံးလေးတွေပေးရမှာပေါ့”
“ဒီပုလင်းထဲမှာ မဟာဟင်းလင်းပြင်မူလဆေးလုံးဆယ်လုံးစီ ပါဝင်တယ်။ မင်းတို့ အင်မော်တယ်အရှင်မြတ်အဆင့်ကို တက်လှမ်းပြီးတဲ့အခါ ဒါတွေက အသုံးဝင်လိမ့်မယ်”
ဤနေရာတွင်တော့ ယွမ်ကျဲ၊ ယွမ်ဝူနှင့် အခြားသော အင်မော်တယ်အရှင်မြတ်များမှာ မျက်နှာများနီရဲလာကြတော့သည်။ ထိုဆေးလုံးများမှာ အဆင့် ၇ အင်မော်တယ်ဆေးလုံးများဖြစ်သည်။ သူတို့ အိပ်မက်ပင်မမက်ဝံ့သောအရာများဖြစ်သည်မဟုတ်ပါလား။
မိစ္ဆာဘုရင်ချာလီက ကျန်သုံးဦးကို စိုက်ကြည့်လိုက်ကာ...
“မင်းတို့ အကုန်ပေးပြီးပြီဆိုတော့ ငါကဘာပေးရမှာလဲ”
သူသည် နှစ်စက္ကန့်လောက် စဉ်းစားလိုက်ပြီးနောက် ပြုံးပြုံးရွှင်ရွှင်ဖြင့် ကျောက်စိမ်းဆွဲပြားနှစ်ခုကို ထုတ်ယူလိုက်သည်။
“နတ်သမီးလေးတို့... ဒီကောင်းကင်ရိပ်ကျောက်စိမ်းထဲမှာ ငါ့ရဲ့တာအိုစည်းမျဉ်းနှစ်ခုကို ထည့်သွင်းထားတယ်။ အရေးကြုံလာရင် ဒါက မင်းတို့အတွက် ကပ်ဘေးသုံးခုကို တားဆီးပေးနိုင်လိမ့်မယ်”
“ယူထားကြပါ။ ဒါက ယူမဟာမိတ်အဖွဲ့ရဲ့ အထိမ်းအမှတ်လည်းဖြစ်တယ်... ဒါကိုမြင်တဲ့သူတိုင်းက မဟာမိတ်ခေါင်းဆောင်ကိုမြင်ရသလိုပဲ ဂါရဝပြုရလိမ့်မယ်”
စုယဲ့နှင့် စုမန်တို့မှာ မူးနောက်နေကြပြီး ထိုဆွဲပြားများကို ကြောက်လန့်တကြား လွှတ်ချမိလုနီးပါးဖြစ်သွား၏။ ပတ်ဝန်းကျင်ရှိ အခြားသူများမှာလည်း ရူးသွပ်မတတ်ဖြစ်နေကြရသည်။
“ဘာ...”
ယူမဟာမိတ်အဖွဲ့ရဲ့ဒဏ္ဍာရီလာ ကောင်းကင်အရိပ်ကျောက်စိမ်းလား။
သူတို့က အစစ်အမှန်အင်မော်တယ်လေးတွေပဲလေ... ဒီလက်ဆောင်က အလွန်အကျွံဖြစ်မနေဘူးလား...
အနာဂတ်မှာ ယူမဟာမိတ်အဖွဲ့က တခြားမိစ္ဆာအရှင်မြတ်တွေနဲ့ အင်မော်တယ်အရှင်မြတ်တွေက သူတို့ကိုတွေ့ရင် အရိုအသေပေးပြီး အမိန့်ကိုနားထောင်ရတော့မှာ မဟုတ်ဘူးလား...
မြောင်ယွီပါ မနာလိုဖြစ်လာတော့သည်။
တခြားရတနာတွေက သူမအတွက်သိပ်အရေးမကြီး... သူမတွင် အဆင့် ၇ အင်မော်တယ်လက်နက်များနှင့် အင်မော်တယ်ရတနာများရှိပြီးဖြစ်သည်။ သို့သော်လည်း ယူမဟာမိတ်အဖွဲ့မှမိစ္ဆာများကို အမိန့်ပေးနိုင်သည့် ထိုကျောက်စိမ်းနှစ်ခုမှာမူ သူမအလိုရှိသည့်အချိန်တိုင်းအသုံးပြုနိုင်သော အင်အားကြီးလှသည့် မြေအောက်အဖွဲ့အစည်းတစ်ခုကို ရရှိလိုက်ခြင်းပင်။ ပို၍အရေးကြီးသည်မှာ ထိုလက်ဆောင်များမှာ ထိပ်သီးလေးယောက်၏စေတနာကို ကိုယ်စားပြုနေ၏။ ၎င်းမှာ တန်ဖိုးဖြတ်မရနိုင်သောအရာဖြစ်သည်။
လင်ဟန်ဟန်မှာမူ သူ၏နှလုံးသားကို မြင်းပေါင်းတစ်သောင်းက နင်းခြေသွားသကဲ့သို့ခံစားရပြီး ခါးသီးစွာပြုံးလိုက်မိပြီး ဖေးရှန်ဂိုဏ်းမှ ကုချင်းယွဲ့ကိုသတိရလိုက်မိသည်။ အကယ်၍ အပြင်စည်းက အစေခံမလေးနှစ်ယောက်ရရှိနေသည့် ဤဆက်ဆံမှုကိုသာ သူမသိသွားခဲ့လျှင် မည်သို့တွေးမည်ကို မခန့်မှန်းနိုင်တော့ချေ။
***