တန်ဖိုးကြီးလှသော လက်ဆောင်များစွာကိုလက်ခံရရှိပြီးနောက် စုယဲ့နှင့် စုမန်တို့မှာ စိတ်မသက်မသာ ဖြစ်နေကြရသည်။ သူတို့အနေနှင့် ထူးထူးခြားခြားလုပ်ပေးထားသည်လည်းမရှိဘဲ ယခင်ကဆိုလျှင် အပြင်စည်းမှအဆင့်နိမ့်တပည့်များအဖြစ် ကျင့်ကြံခြင်းအရင်းအမြစ်အနည်းငယ်အတွက် တစ်နေကုန် ပင်ပန်းဆင်းရဲစွာလုပ်ကိုင်ခဲ့ကြရ၏။ ယခုကဲ့သို့အခြေအနေမျိုးကို ကိုင်တွယ်ဖြေရှင်းရန် သူတို့တွင် အတွေ့အကြုံလုံးဝမရှိချေ။
“ကျွန်မတို့စိုးရိမ်တာက ဘိုးဘေးကြီးက နားမထောင်မှာကိုပဲ...”
မိစ္ဆာဘုရင်ရှောင်ခွန်းက ရယ်မောလိုက်ပြီး...
“မစိုးရိမ်ပါနဲ့... မစိုးရိမ်ပါနဲ့၊ စကားကောင်းလေး အနည်းငယ်လောက် ပြောပေးရုံပါပဲ။ အကယ်၍ မအောင်မြင်ရင်တောင်မှ ဒီလက်ဆောင်တွေက မင်းတို့ဟာတွေပါပဲ”
“အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ မင်းတို့ကိုအပြစ်မတင်ပါဘူး။ မြန်မြန်သွားကြတော့”
ထိပ်သီးလေးယောက်မှာ အပြစ်ကင်းစင်သော မိန်းကလေးငယ်များကို လှည့်ဖျားနေသည့် ထူးဆန်းသောအဖိုးကြီးများအသွင် ပြောင်းလဲသွားကြပြီး ချော့မော့ကာ ထိုနှစ်ဦးကို တတိယထပ်ရှိ နားနေဆောင်သို့ ပို့ဆောင်လိုက်ကြသည်။
ထိုအချိန်တွင် အစ်ကိုကြီးချန်မှာ ယခုအတောအတွင်း သူရရှိထားသော ကုသိုလ်မှတ်များကိုရေတွက်နေပြီး ၁၅,၀၀၀ ကျော်နေလေပြီ။ သူသည် စနစ်ကို အဆင့်မြှင့်တင်ရမလား သို့မဟုတ် ဆေးလုံးများနှင့် စည်းမျဉ်းအပိုင်းအစများကိုလဲလှယ်ပြီး သူ၏နယ်ပယ်ကို မြှင့်တင်ရမလားဆိုသည်ကို စဉ်းစားနေ၏။ နောက်ဆုံးတွင်တော့ ကိုယ်ပိုင်နယ်ပယ်ကို အရင်မြှင့်တင်ရန် ဆုံးဖြတ်လိုက်သည်။
ယခင်က အားပေးအဖွဲ့ထဲရှိလူတွေပင် အဆင့် ၉ မိစ္ဆာအရှင်မြတ်များနှင့် အင်မော်တယ်ဘုရင်များဖြစ်နေကြပြီး သူကတော့ ယခုအထိ အဆင့် ၁ ရွှေအင်မော်တယ် ဖြစ်နေသေးသည့်အတွက် အရှက်ရဖို့ကောင်းသည်။
အဆင့် ၄ စည်းမျဉ်းအပိုင်းအစတစ်ခုသည် ပင်မစည်းမျဉ်းဆယ်ခုကို မဟာအောင်မြင်မှုအဆင့်သို့ မြှင့်တင်ပေးနိုင်၏။ အင်မော်တယ်အရှင်မြတ်အဆင့်သို့ တက်လှမ်းရန်အတွက် ပင်မစည်းမျဉ်းများအားလုံးမှာ မဟာအောင်မြင်မှုအဆင့်ရောက်ရှိနေရန် လိုအပ်သည်။
စနစ်အရောင်းဆိုင်ရှိ လဲလှယ်နှုန်းကိုကြည့်လိုက်ရာ အဆင့် ၄ အပိုင်းအစတစ်ခုလျှင် ကုသိုလ်မှတ် ၂၀ ဖြစ်ရာ အခု ၄၀ ချက်ချင်းလဲလှယ်လိုက်ပြီး ပင်မစည်းမျဉ်း ၄၀၀ ကို မဟာအောင်မြင်မှုအဆင့်သို့ အရင်ဆုံးမြှင့်တင်လိုက်တော့သည်။
သူ၏ကျင့်စဉ်အဆင့်မှာ အဆင့် ၁ ရွှေအင်မော်တယ်ဖြစ်နေသေးသော်လည်း ပင်မစည်းမျဉ်းများ အလျင်အမြန်တိုးတက်သွားမှုကြောင့် လက်ရှိအစွမ်းမှာ အရင်ကထက် အနည်းဆုံး အဆပေါင်းများစွာ ပိုမိုသန်မာလာခဲ့လေပြီ။ အင်မော်တယ်စွမ်းအင် ကျင့်ကြံခြင်းအတွက်မူ၊ ပစ္စည်းများထဲတွင် အင်မော်တယ်ဆေးလုံးများစွာရှိသော်လည်း သူ၏အုတ်မြစ်မှာ အလွန်နက်ရှိုင်း၏။ ကိုယ်ခံပညာကိုးမျိုးစလုံးမှာ အင်မော်တယ်ဘုရင်အဆင့်တွင်ရှိနေသဖြင့် ဆေးလုံးအားလုံးကိုသုံးလိုက်လျှင်ပင် နောက်ဆုံးနယ်ပယ်မှာ အဆင့် ၂ ရွှေအင်မော်တယ်အထိသာ ရောက်ရှိပေလိမ့်မည်။
မတတ်နိုင်သည့်အဆုံး သူသည် ကုသိုလ်မှတ်များကိုအသုံးပြုကာ အင်မော်တယ်စွမ်းအင်နှင့် အင်မော်တယ်ဝိညာဉ်ကိုမြှင့်တင်ပေးသည့် အဆင့် ၇ အင်မော်တယ်ဆေးလုံး ၁,၀၀၀ စီ လဲလှယ်ပြီးသုံးစွဲလိုက်ရာ သူ နယ်ပယ်မှာ နောက်ဆုံးတွင် အဆင့် ၆ ရွှေအင်မော်တယ်သို့ ရောက်ရှိသွား၏။ သူ၏ကုသိုလ်မှတ်မှာလည်း ၁,၀၀၀ သာ ကျန်တော့သည်။
“ဟူး...”
“ဒီအဆင့်မြှင့်တာက အရမ်းနှေးလွန်းတယ်။ ကုသိုလ်မှတ်တွေ ပိုရအောင်လုပ်ဖို့ နည်းလမ်းရှာရဦးမယ်”
မိနစ်အနည်းငယ်အတွင်းမှာတင် အဆင့် ၁ ရွှေအင်မော်တယ်မှ အဆင့် ၆ ရွှေအင်မော်တယ်အဖြစ် ရောက်သွားသည်ကို တခြားသူများကြားလျှင် ဒေါသထွက်လွန်း၍ သွေးအန်သွားပေလိမ့်မည်။
ပါရမီဘယ်လောက်ကောင်းကောင်း၊ ရွှေအင်မော်တယ်အဆင့် တစ်ဆင့်တက်ဖို့ဆိုတာ နှစ်ပေါင်းသောင်းနဲ့ချီပြီးကြာမြင့်တတ်သည် မဟုတ်ပါလား...
တံခါးအပြင်ဘက်မှ ခြေသံများက သူ့အတွေးများကို ဖြတ်တောက်လိုက်သည်။
“ဘိုးဘေးကြီး... ကျွန်မတို့ ဝင်လာလို့ရမလားရှင့်”
ထိုနှစ်ဦးကို အခန်းထဲသို့ပေးဝင်လိုက်ပြီး သူက ပြုံးလျက်ဆိုလိုက်သည်။
“ဘာလို့ အောက်မှာမနေဘဲ အပေါ်ကိုပြေးတက်လာကြတာလဲ”
“ခဏလေးခွဲလိုက်ရတာကိုပဲ ငါ့ကိုသတိရနေလို့လား”
ဤစကားများက မိန်းကလေးနှစ်ဦး၏ နှလုံးသားကို တကယ်ပင်ထိမှန်သွားစေသည်။ ကြောက်မက်ဖွယ်ကောင်းသော ထိပ်သီးလေးယောက်နှင့် ယူမဟာမိတ်အဖွဲ့မှမိစ္ဆာများကို ရင်ဆိုင်ရသည်ကိုအသာထား၍ လင်ဟန်ဟန်နှင့် ယွမ်ကျဲတို့ကို ရင်ဆိုင်ရလျှင်ပင် သူတို့စိတ်ထဲတွင် မသက်မသာဖြစ်နေကြရသည်။ သူတို့သည် ဖေးရှန်ဂိုဏ်းမှ အဆင့်မြင့်ပုဂ္ဂိုလ်များဖြစ်ကြပြီး သူတို့၏ဂုဏ်ဒြပ်မှာ နှစ်ပေါင်းများစွာကတည်းက စွဲထင်နေခဲ့သည်။ စကားတစ်ခွန်းမှားပြောမိလျှင် အဆူခံရမည်ကို သူတို့ကြောက်ရွံ့ကြ၏။
ထိုနှစ်ဦးမှာ ဤဘိုးဘေးကြီးကျန်း၏ရှေ့တွင်သာ စိတ်အေးလက်အေးနေနိုင်ကြခြင်းဖြစ်သည်။ အစ်ကိုကြီးချန်က သူတို့အပေါ်တွင် မည်သည့်ဂုဏ်ဒြပ်မျှမပြဘဲ ရင်းနှီးသောအစ်ကိုကြီးတစ်ယောက်ကဲ့သို့ သူတို့နှင့်စကားပြောသည်။
“ဟုတ်ကဲ့... ဘိုးဘေးကြီးဘေးမှာမရှိရင် ကျွန်မတို့စိတ်ထဲမှာ လုံးဝမလုံခြုံသလိုခံစားရလို့ပါ”
မိန်းကလေးနှစ်ဦးမှာ သူ၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ထိုင်လိုက်ကြသည်။
“ဘိုးဘေးကြီး ဘေးမှာရှိနေမှပဲ ကျွန်မတို့မှာ အသက်ဝင်သလိုခံစားရတာပါ”
“ဘိုးဘေးကြီးရဲ့ဆွဲဆောင်မှုက အရမ်းကြီးလွန်းတယ်၊ မှောင်မိုက်တဲ့ညထဲက မီးအိမ်လေးလိုပဲ... ကျွန်မတို့ပိုးဖလံလေးတွေက မတွန်းလှန်နိုင်ဘူးဖြစ်နေတာ...”
ကျန်းချန်၏ မျက်နှာပြောင်လှသော အသားအရေနှင့်ပင် ဤစကားများမှာ အလွန်အမင်း ချိုသာလွန်းနေသည်ဟု သူခံစားလိုက်ရသည်။ သို့သော်လည်း... သူကတော့ ဒါကို တကယ်ပဲ သဘောကျနေမိသည်။
“ပြောပါဦး... အောက်ထပ်မှာ ဘာတွေဖြစ်ခဲ့လဲ”
မိန်းကလေးနှစ်ဦးမှာ သူတို့ရရှိထားသော လက်ဆောင်များအားလုံးကို အလျင်အမြန် ထုတ်ပြလိုက်ကြတော့သည်။
“ဟိုစီနီယာလေးယောက်က ကျွန်မတို့ကို ရတနာတွေအများကြီးပေးလိုက်တယ်၊ ပြီးတော့ စကားကောင်းလေးတွေပြောပေးဖို့ ဆိုပြီးတော့...”
“ဟာ... သူတို့က မင်းတို့ကို လက်ဆောင်တွေပေးကြတယ်ပေါ့”
ဒါကိုကြားလိုက်ရသောအခါ ကျန်းချန်သည်လည်း အနည်းငယ်အံ့အားသင့်သွားမိသည်။ ဒီလိုလုပ်ဆောင်ချက်က တကယ်ကို ထူးခြားလှပေသည်။ ထိုလူတွေက တကယ်ကို ပေါ့ပေါ့ပါးပါး လုပ်တတ်ကြတာပဲ။
“ဘာတွေဖြစ်ခဲ့တာလဲ”
မိန်းကလေးနှစ်ဦးမှာ အလျင်အမြန်ထရပ်လိုက်ကြပြီး ထိုမြင်ကွင်းကို ပြန်သရုပ်ဆောင်ပြကြတော့သည်။ တစ်ယောက်က လက်ဆောင်လက်ခံသူအဖြစ်သရုပ်ဆောင်ပြီး ကျန်တစ်ယောက်က ထိပ်သီးလေးယောက်လုံးနေရာတွင် လူစားလဲကာ ထိုစဉ်ကအခြေအနေကို ဖန်တီးပြ၏။ စကားလုံးတစ်လုံးမှမကျန်အောင်ပြောပြသည့်အပြင် ထိုစဉ်ကအမူအရာများကိုပါ ကွက်ကွက်ကွင်းကွင်းပေါ်လွင်အောင် တုပပြကြသည်။
ကျန်းချန်မှင်သက်သွား၏။
မင်းတို့နှစ်ယောက်ကတော့ တကယ်ကိုရိုးသားကြတာပဲ။ ငါက စကားနဲ့ပဲပြောပြခိုင်းတာလေ၊ မင်းတို့ကတော့ ပြဇာတ်ပါကပြနေကြတာပဲ...
“ကောင်းပြီ... ကောင်းပြီ... ငါနားလည်ပါပြီ”
စုယဲ့သည် သူ၏ဘယ်ဘက်တွင်ပြန်ထိုင်လိုက်ပြီး အနည်းငယ်စိုးရိမ်စွာဖြင့်ဆိုသည်။
“ဘိုးဘေးကြီး... ကျွန်မတို့ တစ်ခုခုမှားသွားတာလားဟင်”
“သူတို့ရဲ့လက်ဆောင်တွေကို ခွင့်ပြုချက်မရဘဲယူလိုက်မိတာ... အကယ်၍ အရှင့်ရဲ့အစီအစဉ်တွေကို နှောင့်နှေးသွားစေမယ်ဆိုရင် ကျွန်မတို့ကိုအပြစ်ပေးပါ ဘိုးဘေးကြီး...”
စုမန်သည်လည်း လက်ဆောင်များအားလုံးကို စားပွဲပေါ်တင်လိုက်ပြီး အမှားဝန်ခံလိုက်၏။
“အဲဒီတုန်းက ကျွန်မတို့မယူရဲဘူးဖြစ်နေတာ၊ ဒါပေမဲ့ သူတို့ကိုငြင်းလိုက်ရင် ဒေါသထွက်ပြီး ကျွန်မတို့ကိုသတ်ပစ်မှာကြောက်လို့”
“ဒါကြောင့် ဒါတွေကို ဘိုးဘေးကြီးကိုယ်စား ကျွန်မတို့လက်ခံထားခဲ့တာပါ၊ အခု အရှင့်လက်ထဲကိုပြန်အပ်ပါတယ်”
ကျန်းချန်ခေါင်းခါလိုက်ပြီး ပြုံးလျက်ဆိုလိုက်သည်။
“ရပါတယ်... ယူထားလိုက်ကြပါ”
“တကယ်ပဲလားရှင့်”
“ကျေးဇူးတင်ပါတယ် ဘိုးဘေးကြီး”
မိန်းကလေးနှစ်ဦးမှာ ဝမ်းသာအားရအော်ဟစ်လိုက်ကြတော့သည်။
သူ၏စကားကိုကြားရတော့မှသာ ထိုရတနာများကို သူတို့ကိုယ်ပိုင်အဖြစ် အမှန်တကယ် လက်ခံဝံ့ကြလေသည်။ ကျန်းချန်က တိတ်တဆိတ်ခေါင်းငြိမ့်လိုက်၏။
မဆိုးဘူး၊ အခြေအနေကိုသိတတ်ကြသားပဲ...
“နောက်ကျရင်လည်း သူတို့က တခြားလက်ဆောင်တွေပေးချင်တယ်ဆိုရင် အကုန်လုံးယူထားလိုက်...”
“မဟုတ်သေးဘူး... မင်းတို့ တစ်ခုခုကိုသဘောကျတယ်ဆိုရင် သူတို့ဆီကနေတောင်းယူလို့ရတယ်”
“သူတို့ကမပေးဘူးဆိုရင် ငါတောင်းခိုင်းတာလို့သာပြောလိုက်”
“ရှင်...”
စုယဲ့နှင့် စုမန်တို့မှာ မယုံနိုင်သောအမူအရာများဖြင့် ကြောင်အသွား၏။
“ဒါ... ဒါက သိပ်ပြီးမကောင်းဘူးမဟုတ်လားရှင့်”
အင်မော်တယ်ဘုရင်တွေနဲ့ မိစ္ဆာဘုရင်တွေဆီကနေ ကိုယ့်ဘာသာကိုယ် ပစ္စည်းသွားတောင်းဖို့ဆိုတာ ရူးချင်စရာပဲ။ ပြီးတော့ ဒါက အတော်လေး ယဉ်ကျေးမှုမရှိရာ မရောက်ဘူးလား။
“ဘာဖြစ်လို့လဲ။ အဲဒါတွေက သူတို့ငါ့ကိုပေးဖို့ အကြွေးတင်နေတဲ့အရာတွေပဲလေ”
“သူတို့က ဘိုးဘေးကြီးကို ပိုက်ဆံတွေအကြွေးတင်နေတာလားဟင်”
မိန်းကလေးနှစ်ဦး၏မျက်လုံးအစုံမှာ ခန့်မှန်းချက်များဖြင့် ပြည့်နှက်နေတော့သည်။
ဒါဆို ဘိုးဘေးကြီးက သူတို့ရဲ့ကြွေးရှင်ကြီးပေါ့။ ဒါကြောင့်လည်း သူတို့က ဘိုးဘေးကြီးကို ဒီလောက်အထိရိုသေနေကြတာကိုး...
သူ့ဟာဖြစ်သင့်သောပစ္စည်းများအကြောင်းတွေးတောရင်း ကျန်းချန်က အံကြိတ်ကာပြောလိုက်သည်။
“ဒါပေါ့”
“သူတို့ ငါ့ကို အကြွေးတွေအများကြီးတင်နေတာ၊ မင်းတို့နှစ်ယောက် နောက်ကျရင် အားနာနေဖို့မလိုဘူး။ တခြားသူတွေပေးတာမှန်သမျှအကုန်ယူ၊ မပေးရင်လည်းတောင်းလိုက်”
ကောင်းပြီ... မင်းတို့ ငါ့ကို အကြွေးတင်နေတဲ့အရာတွေကို ဒီမိန်းကလေးနှစ်ယောက်ကနေတစ်ဆင့် အတိုးပြန်ယူခိုင်းရမယ်...
ဘယ်လိုပဲဖြစ်ဖြစ် သူတို့နှစ်ယောက်က စနစ်ကအသိအမှတ်ပြုထားတဲ့ သူ့လူတွေပဲမဟုတ်ပါလား။
မိန်းကလေးနှစ်ဦးမှာ စဉ်းစားဟန်ဖြင့် ခေါင်းငြိမ့်လိုက်ကြသည်။ ရုတ်တရက်ဆိုသလို သူတို့ အနည်းငယ် မျှော်လင့်မိ၏။ ဘိုးဘေးကြီး၏စကားအရဆိုလျှင် ထိုလူများမှာ အကြွေးတွေအများကြီးတင်နေပုံရသည်။
“ဒါနဲ့ သူတို့က ကျွန်မတို့ကို စကားကောင်းလေးတွေပြောပေးဖို့ဆိုပြီးတော့...”
ကျန်းချန်က လက်ဝှေ့ယမ်းပြလိုက်ပြီး...
“ရတယ်လို့သာပြောလိုက်၊ နောက်ကျရင်လည်း အခြေအနေကို ပိုပြီးသိတတ်အောင်လုပ်ဖို့ ပြောလိုက်ဦး”
“ဟုတ်ကဲ့ပါရှင့်”
မိန်းကလေးနှစ်ဦး အောက်ထပ်ဆင်းသွားသောအခါ ထိပ်သီးလေးယောက်နှင့် အဆင့် ၉ မိစ္ဆာအရှင်မြတ်များ၊ အင်မော်တယ်အရှင်မြတ်များအုပ်စုမှာ သူတို့ကို ချက်ချင်းဝိုင်းလိုက်ကြတော့သည်။
“ဘယ်လိုလဲ”
“ဂိုဏ်းချုပ်ကျန်းက အခုထိဒေါသထွက်နေတုန်းပဲလား”
စုယဲ့က ပြန်လည်ဖြေကြားလိုက်သည်။
“ဘိုးဘေးကြီးက ရပါတယ်တဲ့၊ ပြီးတော့ နောက်ကျရင် အခြေအနေကို ပိုပြီးသိတတ်အောင်လုပ်ဖို့ ပြောလိုက်ပါတယ်”
“ဟင်...”
မိစ္ဆာဘုရင်ရှောင်ခွန်းမှာ ကြောင်သွားပြီး အလျင်အမြန် မေးလိုက်သည်။
“ဒါဆို ဘာတွေမှားသွားတယ်လို့ ပြောသေးလဲ”
“ဒါက...”
စုမန်က ကျန်းချန်၏မူရင်းစကားများကို တိုက်ရိုက်ကိုးကားလိုက်သည်။
“ဘိုးဘေးကြီးပြောတာကတော့ ခင်ဗျားတို့က သူ့ကို အကြွေးတွေအများကြီးတင်နေတာတဲ့၊ ဒါကြောင့် ဒါတွေကို သူ့ကိုယ်စားသိမ်းထားပေးသလိုမျိုး စိတ်အေးလက်အေးယူထားလိုက်လို့ ပြောပါတယ်”
အာ... ဒါက...
လင်ဟန်ဟန်၊ ယွမ်ကျဲနှင့် အခြားသူများမှာမူ ချက်ချင်းပင် အဆင့်မြင့်နားလည်မှုတစ်ခုကို ရရှိသွားကြတော့သည်။ ဘိုးဘေးကြီးက အဆင့် ၁ ရွှေအင်မော်တယ်လေး ဖြစ်နေတာတောင် အင်မော်တယ်ဘုရင်တွေနဲ့ မိစ္ဆာဘုရင်တွေက သူ့ကို ဒီလောက်မျက်နှာသာပေးနေရတာ အံ့ဩစရာမရှိတော့ဘူး။ တကယ်တော့ သူတို့က အရင်ကတည်းက အကြွေးတွေတင်နေခဲ့ကြတာကိုး။
ဒါပေမဲ့ ယေဘုယျအားဖြင့်ဆိုရင် အကြွေးတင်နေတဲ့လူတွေက ဆရာကြီးတွေမဟုတ်ဘူးလား။
***